News @ M-Media

Tag: Iran

  • အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    iran 4

    – အစ္စလာမ့်သမ္မတနိုင်ငံ တည်ထောင်ခြင်းအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ဖျက်ဆီးဖို့ လွန်ခဲ့တဲ့ ၃၇ နှစ်လုံးလုံး ကြိုးစားခဲ့တဲ့ ရန်သူတွေရဲ့ အကြံအစည်ဟာ မအောင်မြင်ခဲ့ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    “(အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ကတည်းက) ၃၇ နှစ်လုံးလုံး အမျိုးမျိုးသောဖိအားတွေ၊ အင်မတန်ရက်စက်တဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ၀ါဒဖြန့်သွေးထိုးမှုတွေ စသဖြင့် ဆောင်ရွက်ပြီး အစ္စလာမ့်သမ္မတနိုင်ငံအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ရပ်တန့်ဖို့ ရန်သူတွေက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီရန်ရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ကြီးကျယ်ခမ်းနားမှုကိုသာ သူတို့ နားလည်သဘောပေါက်လာကြပါတယ်” လို့ နိုင်ငံအလယ်ပိုင်း နာဂျာဖာဘဒ်မြို့မှာ ဗုဒ္ဓဟူးနေ့က ထောင်ပေါင်းများစွာသော ပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ခါမေနီက အခုလို ပြောကြားခဲ့ပါတယ်။

    ဒါအပြင် အယာတိုလာခါမေနီက တိုင်းပြည်ထဲကို သူလျှိုအဖြစ် ၀င်ရောက်လာမယ့် ရန်သူတွေရဲ့ အစီအစဉ်နဲ့ တိုင်းပြည်ထဲမှာ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးမယ့် ရန်သူတွေရဲ့ အကြံအစည်ကိုလည် အမြဲမပြတ် သတိရှိရှိစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ခါမေနီက ရန်သူတွေဟာ အစိုးရထောက်ခံတဲ့ ပါလီမန်နဲ့ အစိုးရဆန့် ကျင်တဲ့ပါလီမန် စသဖြင့် အစွန်းနှစ်ဖက်ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ အီရန်ပြည်သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခြင်းဖြင့် ရန်သူတွေရဲ့ အကြံအစည်ကို ရင်ဆိုင်ကြဖို့လည်း အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။

    အီရန်ပါလီမန် (မဂ်ျလီစ်) ရဲ့ ၁၀ ကြိမ်မြောက်ရွေးကောက်ပွဲနဲ့ ကျွမ်းကျင်ပညာရှင်များလွှတ်တော် ရွေးကောက်တင်မြှောက်မှုကို ဖေဖော်ဝါရီ ၂၆ မှာ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

    “အီရန်နိုင်ငံဟာ ဘာသာရေးကိုင်းရှိုင်းပြီး၊ ရည်မှန်းချက်ကြီးတဲ့၊ ရဲရင့်တဲ့ပါလီမန်၊ ရန်သူတွေရဲ့ လှည့်စားမှုဒဏ်ကို မခံရဘဲ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးမယ့် ပါလီမန်၊ အီရန်နိုင်ငံကို အကျိုးယုတ်စေမယ့် အာဏာမက်မောသူတွေရဲ့ရန်ကို ကာကွယ်ပေးမယ့် ပါလီမန်တစ်ခုကို လိုချင်ပါတယ်” လို့ အဓိပတိ အယာတိုလာ အလီခါမေနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • အီရန်စစ်တပ်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု မကြာမီပြုလုပ်မည်

    အီရန်စစ်တပ်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု မကြာမီပြုလုပ်မည်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    iran 3

    – အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်မတော် (IRGC) အနေနဲ့ သိပ်မကြာမီကာလအတွင်းမှာ ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အီရန် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် ဟာဆန် ဖီရူဇာဘာဒီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီလေ့ကျင့်မှုဟာ ပစ်မှတ်တိကျဖို့၊ အီရန်လုပ်ဒုံးကျည်တွေရဲ့ စွမ်းအားကို စမ်းသပ်တဲ့အနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး တစ်လအတွင်း လေ့ကျင့်မှု ဖြစ်လာလိမ့်မယ်လို့ ဗိုလ်ချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီစီစဉ်ထားတဲ့ လေ့ကျင့်မှုတွေဟာ အီရန်စစ်တပ်ရဲ့ အဆင်သင့်ဖြစ်နေမှုကို ထိန်းသိမ်းဖို့နဲ့ အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်အောင်လည်း ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်းမှာ အီရန်ဟာ ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်ပြီးနောက်ပိုင်းမှာ ဒီလို ကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ကတော့ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေကို ရည်ရွယ်ပြီး ပိတ်ဆို့ အရေးယူမှုအသစ်တွေ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံသား ၅ ဦး၊ ယူအေအီးနဲ့ တရုတ်အခြေစိုက်ကုမ္ပဏီများကွန်ရက်တစ်ခုကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့ပါသေးတယ်။

    အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ရဲ့ နျူအရေး သဘောညီချက် အကောင်အထည်ဖော်ဖို့ စတင်ပြီး ၁ ရက်အကြာမှာပဲ ဒီလိုပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အီရန်သမ္မတ ဟာဆန် ရူဟာနီကတော့ ဒုံးကျည်လက်နက်တွေဟာ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲရေးနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက်လို့ ပြောဆိုထားပြီး အင်အားကြီး ၆ နိုင်ငံနဲ့ နျူးအရေးဆွေးနွေးမှုအတွင်း အပါအ၀င် ဒီဒုံးကျည်ကိစ္စအတွက် ဘယ်တော့မှ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    iran 1

    – အီရန်နိုင်ငံရဲ့ အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ အစ္စလာမ်မစ်တော်လှန်ရေးစတင်ကတည်းက အီရန်နိုင်ငံကို ဆန့်ကျင်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်မှု မရှိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

    “တော်လှန်ရေးစလုပ်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကတည်းက အခုချိန်ထိ ကမ္ဘာ့နံပါတ်တစ် ရုပ်ဝတ္ထုဝါဒီ အင်အားကြီးနိုင်ငံတွေဟာ အီရန်နိုင်ငံတည်ဆောက်မှုကို အတိုက်အခံလုပ်နေပေမယ့်လည်း တကယ်တမ်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြပါဘူး” လို့ အီရန်ခေါင်းဆောင်က လေတပ်ခေါင်းဆောင်တွေ၊ တပ်သားတွေနဲ့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

    မိမိတို့တိုင်းပြည်ကို ပစ်မှတ်ထားတဲ့ ကြံစည်မှုကို တစ်ချိန်လုံးစောင့်ကြည့်ဖို့ အဓိပတိကြီးက စစ်တပ်ကိုတိုက်တွန်းခဲ့ပြီး “ရန်သူရဲ့အပြုံးနောက်ကွယ်က လိမ်ညာမှုကို သတိထားပါ” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အယာတိုလာ ခါမေနီက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေတယ်လို့ အမေရိကန်က တဖွဖွပြောနေတာကိုလည်း ပြက်ရယ်ပြုလိုက်ပြီး ကလေးငယ်တွေကအစ မတရားသတ်ဖြတ်နေတဲ့ အစ္စရေးနဲ့ ရွေးကောက်ပွဲဆိုတာ ယောင်လို့တောင် မလုပ်တဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထောက်ပြပြီး အပြောအနဲ့အလုပ် မညီကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အီရန်နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ခါမေနီက ဆော်သြခဲ့ပါတယ်။ နောက်ပြီး အီရန်နိုင်ငံရဲ့ အဓိကရည်မှန်းချက်ဟာ သိပ္ပံနည်းပညာတိုးတက်မှု၊ တရားမျှတမှု၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာနဲ့ တက်လမ်းရှိတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးပဲ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရန်သူတွေအားလုံးက အီရန်နိုင်ငံ ဂုဏ်သိက္ခာမြင့်မားလာပြီး အင်အားကြီးလာမှာ၊ နိုင်ငံတ၀ှမ်း နိုင်ငံခြားသားလွှမ်းမိုးမှု လျှော့ချပစ်လိုက်မှာ စတာတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ခါမေနီက ဆိုပါတယ်။

    “ရန်သူတွေအနေနဲ့ တိုက်ရိုက်ရန်မူတာမျိုး မလုပ်နိုင်တော့ရင် မိတ်ဆွေယောင်ဆောင်ပြီး ရောက်လာပါလိမ့်မယ်”

    Ref: PressTV

  • ရေနံထုတ်လုပ်မှုတိုးမြှင့်၍ ကမ္ဘာ့ဈေးကွက်ထဲဝင်ရန် အီရန်ပြင်ဆင်

    ရေနံထုတ်လုပ်မှုတိုးမြှင့်၍ ကမ္ဘာ့ဈေးကွက်ထဲဝင်ရန် အီရန်ပြင်ဆင်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    oil

    – စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက်ပိုင်းမှာ ရေနံအထွက်နှုန်း တိုးစေဖို့အတွက် နိုင်ငံ အနောက်တောင်ဘက်က အဓိကရေနံကွင်းနှစ်ခုမှာ တစ်နေ့ ရေနံစည် ၁၆၀၀၀၀ စတင်ထုတ်လုပ်ဖို့ အီရန်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ပါတယ်။

    မြောက်ပိုင်း အဇာဒီဂန်နဲ့ ယာဒါဗာရန် ရေနံတွင်းတွေမှာ ဖေဖော်ဝါရီလမှစတင်ကာ ရေနံထုတ်လုပ်မှုကို လည်ပတ်တော့မှာ ဖြစ်တယ်လို့ ရေနံနည်းပညာနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီ (PEDEC) ရဲ့ ဥက္ကဌဖြစ်သူ အဗ္ဗဒွလ်ရေဇါ ဟာဂျီဟူစိန်နီဂျဒ်က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

    တရုတ် CNPC ကုမ္ပဏီက စီမံထုတ်လုပ်မယ့် မြောက်အဇာဒီဂန် မှာ ရေနံစည် ၇၅၀၀၀ လောက် ထုတ်နိုင်မယ်လို့ ခန့်မှန်းထားပြီး Sinopec ကုမ္ပဏီက ဦးဆောင်ထုတ်လုပ်မယ့် ယာဒါဗာရန်မှာတော့ နောက်ထပ် စည်ပေါင်း ၈၅၀၀၀ လောက် ထုတ်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။

    အဇာဒီဂန်ရေနံလုပ်ကွက်ဟာ ကမ္ဘာ့တတိယအကြီးဆုံး ရေနံလုပ်ကွက်ဖြစ်ပြီး ရေနံစည်ပေါင်း ၃၃.၂ ဘီလီယံလောက်ရှိနေကာ၊ နောက်ထပ် စည်ပေါင်း ၆ ဘီလီယံလောက်ကိုလည်း ထုတ်ယူနိုင်မယ့်အလားအလာ ရှိနေပါတယ်။

    နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ကမ္ဘာ့ဈေးကွက်တွေကို ၀င်ရောက်ဖို့ အီရန်နိုင်ငံက အင်တိုက်အားတိုက် ကြိုးစားနေပြီး အီရန်ရဲ့ရေနံတွေ ဈေးကွက်ထဲဝင်လာရင်တော့ ရေနံဈေးနှုန်းဟာ ထပ်ကျဖို့ ရှိနေပါတယ်။

    Ref: Press TV

  • အီရန်၏ ရေတပ်စစ်ရေးလေကျင့်မှု နောက်ဆုံးအဆင့် ယနေ့တွင်စမည်

    အီရန်၏ ရေတပ်စစ်ရေးလေကျင့်မှု နောက်ဆုံးအဆင့် ယနေ့တွင်စမည်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    iran navy

    – Velayat 94 လို့ အမည်ပေးထားတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆုံးအဆင့်ကို ဆောင်ရွက်သွားတော့မယ်လို့ အီရန်နိုင်ငံက ကြေငြာလိုက်ပါတယ်။

    အဆိုပါ အင်အားပြည့်စစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆုံးအဆင့်ကို ဟော်မုဇ်ရေလက်ကြားအရှေ့ဘက်၊ အိုမန်ပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ပိုင်း စုစုပေါင်း စတုရန်းကီလိုမီတာ သုံးသန်းကျယ်ပြန့်နဲ့ နေရာမှာ ပြုလုပ်သွားမယ်လို့ အီရန်ရေတပ်ဗိုလ်ချုပ် ဟာဘီဘွလ္လာဟ် ဆေယာရီက ယမန်နေ့က ပြောခဲ့ပါတယ်။

    “စစ်ရေးလေ့ကျင့်မှုကို ဇန်န၀ါရီလ ၂၁ ရက်နေ့ကတည်းက ပြင်ဆင်ဆောင်ရွက်နေပါပြီ။ တပ်ဖွဲ့တွေကိုလည်း သူတို့ နယ်မြေအသီးသီးကို ဖြန့်ကြက်ထားပြီးပါပြီ” ဟု ဆေယာရီက ဆိုပြီး ဗျူဟာမြောက်အဆင့်ကိုတော့ ဗုဒ္ဓဟူးနေ့မှာ စတင်သွားမယ်လို ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဆေယာရီက ဒီလို ရေတပ်လေ့ကျင့်မှုတွေဟာ ပင်လယ်ပြင်လုံခြုံရေးအတွက် အီရန်ရေတပ်အင်အားကို ပြသဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    “ယခုစစ်ရေးလေ့ကျင့်မှုထဲမှာ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း လုံခြုံရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို လေ့ကျင့်သွားမှာ ဖြစ်ပါတယ်”

    ၎င်းက ဆက်လက်ပြီး ယခုစစ်ရေးလေ့ကျင့်မှုထဲမှာ ရေငုပ်သင်္ဘောအမျိုးမျိုး၊ ဖျက်သင်္ဘောတွေ၊ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ တိုက်ရေယာဉ်တွေ၊ ထောက်ပံ့ရေးအမြန်ယာဉ်တွေ ပါဝင်မှာဖြစ်ပြီး ရေတပ်အဆင့်မြင့်အရာရှိတွေကိုယ်တိုင် ပါဝင်ကွပ်ကဲမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အီရန်ဟာ သူတို့ရဲ့ ကာကွယ်ရေးကဏ္ဍမှာ အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ၊ စနစ်တွေကိုလည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်း ရှိလာခဲ့ပါတယ်။ အီရန်နိုင်ငံက သူတို့ရဲ့ စစ်ရေးအင်အားဟာ နိုင်ငံကို ကာကွယ်ရန်သက်သက်သာဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်သွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    Ref : Presstv