News @ M-Media

Tag: Iran

  • အီရန်မှ အာကာသတွင်း ဒုတိယအကြိမ် မျောက်ငယ်တစ်ကောင် စေလွှတ်ရန်ရှိ

    အောက်တိုဘာ၊ ၁၄
    M-Media

    329067_Monkey astronaut
    ဇန္န၀ါရီလ ၂၈ ရက်က ပစ်ရှ်ဂမ် (စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ ပထမဆုံး တင်လွှတ်ခဲ့သည့် မျောက်ငယ်တစ်ကောင်

    အီရန်နိုင်ငံမှ သက်ရှိမျောက်ငယ် တစ်ကောင်ကို ပြည်တွင်းထုတ် ဇီဝလှောင်အိမ်ယာဉ်ဖြင့် နောက်လအကုန်၌ အာကာသတွင်းသို့ လွှတ်တင်ရန် စီစဉ်ပြင်ဆင်နေကြောင်း အီရန်အာကာသအေဂျင်စီ ISA ၏ လက်ထောက်ဦးစီးမှူး ဟာမစ် ဖဇာလီမှ စနေနေ့တွင် ပြောဆိုသည်။

    လူသားများလိုက်ပါမှု၏ အကြိုခရီးစဉ်အဖြစ် ဇန္န၀ါရီ ၂၈ ရက်က ပစ်ရှ်ဂမ်(စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ မျောက်ငယ်တစ်ကောင်ကိုထည့်၍ ပထမဆုံးတင်လွှတ်ခဲ့သည်။ စီမံကိန်း၏ ရှေ့ဆက်အဆင့်များတွင် အခြားသောသက်ရှိများကိုလည်း အာကာသတွင်း ပို့လွှတ်ရန် စီစဉ်ထားသေးသည်ဟု အာဏာပိုင်များက ဆိုသည်။

    ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် Tadbir (Prudence) ၊ Sharifsat နှင့် Nahid အမည်ရှိ ဂြိုလ်တုများကို ပတ်လမ်းကြောင်းအတွင်း လွှတ်တင်မည်ဟု ဖဇာလီက စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

    အီရန်အနေနှင့် ၄င်း၏ ပထမဆုံးပြည်တွင်းထုတ်ဂြိုလ်တု Omid (Hope) အား ၂၀၀၉ ခုနှစ်က စတင် လွှတ်တင်ခဲ့သည်။ သက်ရှိမျိုးစိတ်များပါဝင်သည့် ဇီဝလှောင်အိမ်ယာဉ် Kavoshgar-3 (Explorer-3) ကို အာကာသအတွင်းသို့ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမဆုံး ပို့ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာဂြိုလ်နှင့်မြေပြင်ဆိုင်ရာ ဓာတ်ပုံအချက်အလက်များရယူရန် Rasad (Observation) ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် အီရန်နိုင်ငံသည် ၁၉၅၉ ခုနှစ်တွင်တည်ထောင်ခဲ့သော UN Committee on the Peaceful Uses of Outer Space ၏ ၂၄ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်သည်။

    MYA/HGH

  •ှဆီးရီးယားအား တပ်ပေါင်းစုဖြင့် တိုက်ရန် အမေရိကန် ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးပြော

    စက်တင်ဘာ – ၂ ရက်၊ ၂၀၁၃
    M-Media

    Iranian Foreign Minister Mohammad Javad Zarif

    ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။

    “ အထူးအရေးကြီးအနေအထားဖြစ်လာယင် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်ခုတည်းကသာ တပ်ပေါင်းစုနဲ့အရေးယူဖို့ အခွင့်အာဏာပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီက လက်ခံအတည်ပြုဖို့လည်း လိုအပ်ပါတယ် ” ဟု ဇာရိဖ်က တနင်္ဂနွေနေ့တွင် ဆိုလိုက်သည်။

    ဓာတုလက်နက်များအသုံးပြုသည်ဟုဆို၍ ဆီးရီးယားအား စစ်ရေးအရအရေးယူရန် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက စနေနေ့တွင် ပြောကြားသည်သာမက ကွန်ကရက်၏လက်ခံမှုရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် စက်တင်ဘာ ၉ ရက်တွင် အမေရိကန်ဥပဒေပြုအမတ်များသည် ဤအရေးနှင့်စပ်လျဉ်း၍ အလွတ်သဘော အချေအတင်ဆွေးနွေးကြမည်ဖြစ်သည်။

    “ မစ္စတာအိုဘားမားဟာ မိမိဆန္ဒအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်းလဲဖို့ နဲ့ ဖွင့်ဆိုဖို့ အခွင့်မရှိပါဘူး။  ဒီအရေးနဲ့ပတ်သက်လို့ အိုဘားမားဟာ ရက်များစွာအချိန်ယူပြီး နှစ်ခါပြန်စဉ်းစားဖို့ အမြင်ကျယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ စစ်လိုလားသူလို့ အမြင်ခံနိုင်ကြမှာ မဟုတ်လို့ပါဘဲ ” ဟု ဇာရိဖ်က ထပ်မံ ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးမွှေးရေးကိစ္စ၌ အများမှပါဝင်အောင်ကြိုးစားနေမှုမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ကြောင်း ၄င်းမှ ဆိုလိုက်သည်။

    သြဂုတ်လ ၂၁ ရက်နေ့တွင် ဒမတ်စကတ်မြို့စွန်ဖက်ရှိ အတိုက်အခံတို့၏အမာခံစခန်းများကို ဓာတုလက်နက်များဖြင့် သမ္မတ ဘရှားရ် အလ် အဆဒ်မှ တိုက်ခိုက်ခဲ့သည်ဟု ပြည်ပကျောထောက်နောက်ခံပြုအတိုက်အခံအင်အားစုများမှ စွပ်စွဲပြောဆိုလိုက်ပြီးနောက် စစ်ရေးအရအရေးယူရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။

    ယင်းသို့ဆိုပြီးနောက် အမေရိကန်နှင့်အပေါင်းအပါမဟာမိတ်တစ်စုမှ စစ်ရေးအရအရေးယူရန် အဆောတလျင် စီစဉ်ခဲ့ကြသည်။ အီရန်နှင့်အခြားနိုင်ငံများအုပ်စုကလည်း ဆီးရီးယားကို စစ်ဆင်စွက်ဖက်မည်ဆိုပါက ဒေသတစ်ခုလုံး စစ်မက်ဖုံးလွှမ်းသွားလိမ့်မည်ဟု သတိပေးထားကြသည်။

    MKA/AS

  • ဆီးရီးယားကို နွယ်ပြီး အီရန် ကို ဘယ်ပြ၊ ညာကစ် ချေမှုန်း တော့မည်လော

    သြဂုတ်လ ၂၈၊ ၂၀၁၃။
    M-Media
    Robert Elhose

    1291410_153652081500399_917128240_n

    မကြာမီပင် ဘရှရ်အယ်လ် အာဆတ် အုပ်ချူပ်နေသော ဆီးရီးယား နိုင်ငံ ကို အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ် နိုင်ငံများက စစ်ဝင်တိုက် ရန် သေချာ သလောက်ဖြစ်နေပြီ။ ဘရှရ် အယ်လ် အာဆတ် ၏ ဆီးရီးယား အစိုးရ တပ်များဖက် မှ အခိုင်မာဆုံး မဟာမိတ်နိုင်ငံ မှာ အီရန် နိုင်ငံဖြစ်သည်။

    အဆုံးတစ်နေ့ ဆီးရီးယားကို အနောက်နိုင်ငံများ က တိုက်ခိုက်လာသော အခါ အီရန် သည် ဆီးရီးယား ဖက်မှ မီးကုန်ယမ်းကုန် ၀င်ရောက် ပံ့ပိုးကူညီ ပေးမည် ဆိုသည်ကို သံသယ ဖြစ်စရာ မလိုလောက်အောင်ကျိန်းသေနေသည်။ အီရန် တို့တွင် တိုက်ချင်း ပစ် ဒုံးပျံစနစ် (Ballastic Missile System) များကိုလည်း ပိုင်ဆိုင် ထားသည့်အပြင် အနုမြူလက်နက် စီမံကိန်း မှာလည်း အတော်လေး ခရီးပေါက်နေပြီ ဖြစ်ကြောင်း အမေရိကန် အပါအ၀င် အားလုံးက လက်ခံထားသည်။

    တစ်ဖက်ကလည်း အမြင်နောက်တစ်မျိုး နှင့် ကြည့်မည် ဆိုပါက အီရန်တို့ အနုမြူ လက်နက် စီမံကိန်းကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တွန်းလုပ်နေသည် အတွက် အမေရိ ကန်၊ အစ္စရေး၊ ဥရောပ နိုင်ငံများ၊ ဆော်ဒီ အပါအ၀င် ပင်လယ်ကွေ့ ဆွန်နီအာရပ် နိုင်ငံများ ကလည်း လုံးဝ ကို စိတ်အနှောက်အယှက် ဖြစ်နေသည် မှာ သိပ်ကျိန်းသေ သည်။ နှုတ်က ထုတ်မပြောသော်လည်း အကယ်၍ အီရန်တို့အား စစ်ရေးအရ ၀င် ရောက် တိုက်ခိုက်လိုက်ပြီး ၎င်း တို့၏ အနုမြူစီမံကိန်း ကို ရပ်တန့်လိုက် နိုင်သည်ဆို က အထက်ပါ နိုင်ငံအားလုံး သည် စိတ်သက်သာ ရာ ရသွားကြပေမည်။

    အီရန်တို့ ညူးကလီးယားအစီအမံ မျာကို စွန့်လွှတ်ရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် စသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါး နိုင်ငံနှင့် ဂျာမနီ တို့် ပါဝင်သည့် (G5+1) အုပ်စု ၏ ၂၀၀၆ ခုနှစ်မှ စပြီး သံတမန်ရေးရာ လမ်း ကြောင်းဖြင့် ကြိုးပမ်းနေမှု များ မှာ လည်း ဘာအရာမှ မထင်လှ။

    သို့သော်ပြဿနာ က အီရန် ကို အသားလွတ်ကြီး စစ်ငင် ပြီး ၀င်တိုက်ဖို့ရာ က နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် တွင် မဖြစ်နိုင်သလောက်နီးပါး ကိစ္စ ဖြစ်သည်။ ခက်ခဲသည် ထက် ပိုနေသည်။ ယခု ဆီးရီးယား နှင့် နွှယ်သည့် ကိစ္စ မှအပ အသား လွတ် ရန်စ နိုင်စရာ အကွက်ကား ရှာမတွေ့။

    သို့ဖြစ်ပေရာ ယခု ဆီးရီးယား ပဋိပက္ခ ကို အကြောင်းပြုပြီး ၀င်ပါလာမည့် အီရန် ကို အပြုတ်နှံတော့မည် လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ ထိုသို့ အလုံးစုံ စစ်ကြီး ဖြစ်လာမည် ကို အမေရိကန် မှ စစ်ဆန့်ကျင်ရေး အုပ်စုများ ကလည်း ခါးခါး သီးသီး ကန့်ကွက် နေကြသည်။

    အကယ်၍ ထိုဒေသ တွင် အလုံးစုံ စစ်ပွဲကြီး ဖြစ်လာပါ က နကိုယ်ကမှ ချိနဲ့ နေသည့် အမေရိကန် စီးပွားရေး ကိုလည်း ကြီးမား သော သက်ရောက်မှု ရှိလာ စေမည် ဖြစ် သည်။ ယခု တစ်ဂါလံကို ပျမ်းမျှ ၃ ဒေါ်လာ နှင့် လေး ဒေါ်လာ အကြားတွင် သာ ရှိနေ သည့် အရပ်သုံး ဓါတ်ဆီဈေး မှာ ထိုသို့ဖြစ် လာသည် ဆိုသည် နှင့် ၈ ဒေါ်လာ ၉ ဒေါ် လာ ခန့် တက်သွားနိုင်ချေ ရှိနေရာ သာမန်ပြည်သူ အများစု မှာလည်း လက်ခံ နိုင်ကြ လိမ့်မည် မဟုတ်ချေ။

    မည်သို့ပင် ဖြစ်စေ အီရန် တို့ အနုမြူလက်နက် ထုတ်လုပ် ရန် ကြံစည်နေသည့် စီမံ ကိန်း ကိုလည်း ကာလရှည် လျစ်လျူရှု ထား၍ကား မရနိုင်ပေ။ သမ္မတ အိုဘားမား အတွက် ဆုံးဖြတ် ချက် တစ်ခုခု ချရန် လွန်စွာပင် ခက်ခဲ သည့် အနေအထားပင် ဖြစ်သည်။ မဖြစ်မနေ စစ်တိုက်ရတော့မည် ဆိုက စစ်ပွဲကို ရေရှည် အထိ ဆွဲမသွားဘဲ တိုတိုတုတ်တုတ် လက်စသိမ်း နိုင်ဖို့က အသက်တမျှ အရေးပါနေသည်။

    ထိုသို့ဆိုလျှင် စစ်ဇုန် ဖြစ်လာမည့် ဆီးရီးယား နှင့် အီရန် ပတ်ဝန်းကျင် တွင် အခြေ ဆိုက်ထားနိုင်သည့် အမေရိကန် စစ်အခြေစိုက်စခန်း များ က အဆုံးအဖြတ် ပြုမည့် အနေအထား တွင် ပါဝင်ပတ်သက်နေသည်။

    အောက်ပါပုံတွင် အစိမ်းရောင် အီရန် နိုင်ငံ ၏ ပတ်ပတ်လည်တွင် ပုလဲကုံး သဖွယ် ၀န်းရံ ထားသည့် အမေရိကန် စစ်အခြေစိုက် စခန်းများကို တွေ့ရမည် ဖြစ်သည်။ စုစု ပေါင်း စစ်အခြေအစိုက် စခန်းပေါင်း ၄၅ ခုတိတိရှိနေသည်။

    စစ်ဖြစ် လာပြီး ဆိုသည်နှင့် လူသူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ စသည့် စစ်ပွဲအတွက် မရှိမဖြစ် အ ရေးပါ သည့် အင်အားစုများအား အချိန်တိုတို အတွင်း စစ်ဇုန်ထဲ သို့ သွန်အောချ နိုင် ရန် ထိုကဲ့ သို့ စစ်အခြေစိုက် စခန်းကြီး များ ၏ အရေးပါမှု က သိပ်ကို အရေးကြီး သည်။

    အချက်အလက် အလုံးစုံကို ထောက်ချင့်ကြည့်ပါက သည်တစ်ချီတွှုင် အမေရိကန် နှင့် အ နောက်နိုင်ငံ များသည် အီရန် လက်နက်စွမ်းပကား စနစ် ကို အပြုတ်နှံ တော့မည် လား ဆိုသည်မှာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ စောင့်ကြည့်ရမည်ပင်။

    photo credit : Occupy Wall Street

    Robert Elhose  မှ M-Media ကို ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါတယ်။

  • မွတ်စ်လင်မ်နိုင်ငံများရှိ ပဋိပက္ခမီးများမှာ အမေရိကန် နှင့် အစ္စရေးတို့၏ လက်ချက်ဟုဆို

    သြဂုတ်လ- ၁၉ ရက်၊ ၂၀၁၃
    M-Media

    fathi20130818150429460

    အီဂျစ်နှင့်ဆီးရီးယားအပါအ၀င် မွတ်စ်လင်မ်နိုင်ငံများ၌ ရာဇ၀တ်မှုလုပ်ရပ်များ ဖြစ်ပွားလာအောင် သပ်လျှိုနေသူများမှာ အမေရိကန်နှင့် အစ္စရေးတို့ဖြစ်ကြောင်း အီရန် အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် အကြီးအမှူး အယာတိုလာ စိုင်ယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။

    “ အမေရိကန်ခေါင်းဆောင်တွေနဲ့ အစ္စရေးက ဇီယွန်ဝါဒီတွေက အီဂျစ်နဲ့ဆီးရီးယားက ပဋိပက္ခမီးကို မွှေးနေသူတွေ ဖြစ်ကြတယ်။ ဒီနိုင်ငံများက ပြည်သူနဲ့အစိုးရတွေကို မိမိကြမ္မာ မိမိဆုံးဖြတ်ဖန်တီးခွင့်မရအောင် ပြုလုပ်ခြင်း ဖြစ်တယ် ” ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က မုဟမ္မဒ် မုဟမ္မဒီ ဂိုလ်ပါယေဂနီ မှ ဆိုသည်။

    ဆီးရီးယားနှင့်အီဂျစ်၌ လတ်တစ်လောကျူးလွန်နေမှုများမှာ အစ္စလာမ့်အဆုံးအမနှင့်မဆီလျော်ဟုဆိုကာ ၄င်းမှ ရှုံ့ချလိုက်သည်။

    “ အီဂျစ်နဲ့ဆီးရီးယားက ကျူးလွန်မှုအားလုံးကို အမေရိကန်နဲ့ဇီယွန်ဝါဒီခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုးစီးပွားအတွက် အစီအစဉ်ချ ဖန်တီးလိုက်တာဖြစ်တယ်။ ဒီကျူးလွန်မှုရဲ့လက်သည် တရားခံတွေကို အဲ့ဒီနိုင်ငံတွေက စစ်ခေါင်းဆောင်နဲ့အုပ်ချုပ်သူများအနေနဲ့ သတိမထားမိကြဘူး၊ လက်မခံလိုကြဘူး ”။

    သမ္မတဟောင်း မူရ်စီအား စစ်တပ်မှ ဖြုတ်ချပြီး နိုင်ငံတော်တရားရုံး တရားသူကြီးချုပ် အဒ်လီ မဟ်မူးဒ် မန်ဆူးရ်အား ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်လျက် အခြေခံဥပဒေရေးဆွဲမှုကို ဆိုင်းငံ့ကာ ပါလီမန်ဖျက်သိမ်းလိုက်ချိန် ဇူလိုင်လ ၃ ရက်မှ စတင်၍ အီဂျစ်၌ အတောမသတ်နိုင်သည့် အကြမ်းဖက်မှုအား တွေ့ကြုံနေရသည်။

    ဆီးရီးယားတွင်လည်း ၂၀၁၁ ခုနှစ် မတ်လကတည်းက ဆူပူမှုများဖြင့် ရစ်ပတ်လုံးထွေးနေလျက် ရှိသည်။ အကြမ်းဖက်နှိမ်နှင်းမှုဖြစ်ချိန်မှစ၍ လူပေါင်း တစ်သိန်းကျော် သတ်ဖြတ်ခံရပြီး လူဦးရေစုစုပေါင်း ၇.၈ သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂမှ ပြောကြားသည်။

    အစ္စလာမ့်ရန်သူများအား တန်ပြန်ရင်ဆိုင်ကြရန် မုဟမ္မဒ် မုဟမ္မဒီ ဂိုလ်ပါယေဂနီ က မွတ်စ်လင်မ်နိုင်ငံအားလုံးရှိ ပညာရှင်တို့ကို နှိုးဆော်တိုက်တွန်းခဲ့သည်။

    ပညာရှင်များအနေနှင့် ရှီအာ နှင့် စွန္နီအကြား သဘောကွဲလွဲမှုမျိုးစေ့ချပြဿနာတိုင်းအပေါ် သတိမပြတ်ထား၍ အန္တရာယ် မဖြစ်ပွားလာစေရန် ကာကွယ်ထိန်းသိမ်းသွားရမည်ဟု ၄င်းမှ အလေးအနက်ထား ပြောဆိုခဲ့သည်။

    SF/KA/SS

  • အကြားအာရုံ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲတွင် အီရန်နပန်းသမားများ ရွှေတံဆိပ်ဆု များဆွတ်ခူး

    သြဂုတ်လ-၅၊ ၂၀၁၃
    M-Media

    pirhayati20130803000213360
    ဘူလ်ဂေးရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲ(2013 Summer Deaflympics) နပန်းပြိုင်ပွဲတွင် အီရန်နိုင်ငံသားများက ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    သောကြာနေ့ကကျင်းပခဲ့သော ၆၆ ကီလိုတန်း နပန်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီရန်နပန်းသမား ဟိုစိန် နူရီက ဘူလ်ဂေးရီးယားနပန်းသမားကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၈၄ ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အီရန်နပန်းသမား ရစူလ် ဒါယနီက တူရကီ နပန်းသမားအား အနိုင်ရရှိခဲ့ကာ အီရန်နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

    ၎င်းအပြင် ၁၂၀ ကီလိုတန်းပြိုင်ပွဲတွင် မိုဟာမက် အဟ်ဘူဘီ က ငွေတံဆိပ်နှင့်၊ ၅၅ ကီလိုတန်းတွင် ဖာရူဒ် ဟိုဂျာတီက ကြေးတံဆိပ် အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

    ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲကို ဘူလ်ဂေးရီးယားနိုင်ငံ၌ ဇူလိုင် ၂၆ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အားကစားသမား ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ကစားနည်းမျိုးစုံပါဝင်သည့် ထိုအားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ်တွင် ပဲရစ်မြို့၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ ကစားနည်း ၉မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား ၈၂ ဦးကို အီရန်နိုင်ငံမှ စေလွှတ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ ကရာတေး၊ ရေကူး၊ ဘော်လီဘော၊ နပန်း၊ စားပွဲတင်တင်းနစ် နှင့် တိုက်ကွမ်ဒို အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    MP/MHB