News @ M-Media
Tag: Iran
  • အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်နေသည်မှာ ဇီယွန်ဝါဒီ အစ္စရေး၏ လက်ချက်ဖြစ်ကြောင်း အီရန်သမ္မတပြော
    ဇူလိုင်-၁၉၊၂၀၁၃
    M-Media
    Ahmadinejad
    အီရန် သမ္မတ မဟ်မူးဒ် အဟ်မဒီ န်ီဂျဒ် (Mahmoud Ahmadinejad) က အစ္စရေး၏ဇီယွန်ဝါဒအုပ်ချုပ်ရေးစံနစ်သည် ဒေသတွင်း၌ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများကို အမြဲတစေ ဖြစ်ပေါ်စေရန်ကြိုးပမ်းလျက်ရှိပြီး၊ ဒေသတွင်းနိုင်ငံများသည် သူတို့၏ သွေးခွဲမှုအကြံစည်အား စည်းလုံးမှုဖြင့်ပြန်လည် တွန်းလှန်ရမည် ဟုဆိုသည်။
    “ ဇီယွန်ဝါဒီများသည် တူရကီ၊ လစ်ဗျား၊ အီဂျစ် နှင့် အခြားနိုင်ငံများကို အမြဲတမ်း မငြိမ်မသက် ဖြစ်စေချင်ကြသည်။ ထိုလုပ်ဆောင်မှုများကိုတားဆီးရန် ကျွန်ုပ်တို့ အချင်းချင်းအကြား ညီနောင်ဝါဒကို ပိုမိုဖြန့်ကျက်ရန် လိုအပ်၏ ” ဟု ကြာသပတေးနေ့က အီရတ်ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူ အုစာမဟ် အလ်နုဂျိုင်ဖီ (Osama al Nujaifi) နှင့် နိုင်ငံ၏ ဥပဒေပြုများနှင့်အတူပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဟ်မဒီ န်ီဂျဒ် က ပြောကြားခဲ့သည်။
    အစ္စရေး အပါအ၀င် အချို့သောရန်သူများသည် သူတို့၏အိမ်နီးချင်းနိုင်ငံများအား အမြဲတစေ ကသောင်းကနင်းဖြစ်နေသည်ကို မြင်ချင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်နီးချင်းနိုင်ငံများက သူတို့ထက်ပိုမို၍ အင်အားကြီးသွားမည်၊ တိုးတက်သွားမည်ကို မလိုလားသောကြောင့် ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားခဲ့၏။
    အီဂျစ်၏ လက်တစ်လောဖြစ်ရပ်များကို ထောက်ပြလျက်  အီရန် စီမံခံခွဲရေးအရာရှိချုပ်က အာရဗ်နိုင်ငံများအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက ထိုအရာသည် ဘာသာရေး မဏ္ဍိုင်ကြီး တစ်ရပ်ကို ထိခိုက်စေမှာဖြစ်ပြီး၊ ဘက်ပေါင်းစုံ၌ ထိခိုက်သူများ ဦးရေမြင့်တက်လာနိုင်သဖြင့်၊ ရန်သူကိုလည်း ၀မ်းသာအာရဖြစ်အောင် လုပ်ပေးနေသကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောဆိုလိုက်သည်။
    အီဂျစ်စစ်တပ်သည် သမ္မတ မုဟမ္မဒ် မူရ်စီ (President Mohamed Morsi) အား ရာထူးမှဖြုတ်ချခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားခြင်း၊ ဇူလိုင်လ ၃ ရက်နေ့က ပါလီမန်ကိုဖျက်သိမ်းလိုက်ပြီး နောက်တစ်ရက်တွင် အီဂျစ်တရားရုံးချုပ်မှ တရားသူကြီးချုပ် အဒ်လီ မန်စူးရ်(Adly Mansour) အား ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်ကြေငြာလိုက်ခြင်းတို့ကြောင့် အီဂျစ်၌ တင်းမာမှုများ ကြီးထွားလာခဲ့သည်။
    မူရ်စီကိုထောက်ခံသူများ၊ ဆန့်ကျင်သူများ နှင့် လုံခြုံရေးတပ်ဖွဲ့များကြားတွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သောတိုက်ခိုက်မှုများတွင် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
    နှစ်ဦးနှစ်ဖက်ပြေလည်ရေးအား ချဉ်းကပ်သောအားဖြင့် အီရန်-အီရတ် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ အပြုသဘောဆောင် တိုးမြှင့်လိုက်ရန် အဟ်မဒီ နီဂျဒ်မှ ဆော်သြလိုက်သည်၊ ယနေ့ကာလတွင် ၄င်းနှစ်နိုင်ငံအကြား၌ မည်သို့သောခွဲခြားခြင်း မရှိတော့ပါ ဟုသူက ထည့်သွင်းပြောကြားခဲ့သည်။
    အမျိုးသားစည်းလုံးမှုအပြင် နိုင်ငံတကာ ဆက်ဆံရေးများကို ပိုမိုကောင်းမွန် ခိုင်မာလာအောင် ဆောင်ရွက်နေသော  အီရတ်ပါလီမန်၏ အခန်းကဏ္ဍကိုလည်း အလေးပေးပြောကြားသွားပြီး၊ အီရတ်နိုင်ငံသည် လုံခြုံ၍ အင်အားကြီးသော လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    ဒေသတွင်းနိုင်ငံများအကြားနားလည်မှုများ ရလာအောင် ဖန်တီးရာတွင် အီရန် နှင့် အီရတ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသောကြောင့် အီရန်သည် ဒေသတွင်း ကြံ့ခိုင်မှု နှင့် စည်းလုံးခြင်းကို ဖော်ဆောင်တိုးမြှင့်ရန် အစွမ်းရှိသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
    ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်လည်း တက်ရောက်လာသော အီရန်သမ္မတက အီရန် နှင့် အီရတ်တို့သည် ဒေသတွင်းလုံခြုံရေး နှင့် တိုးတက်ရေးဖြစ်ထွန်းရန်အတွက် ထင်ရှားသော အခန်းကဏ္ဍ၌ ပါဝင်နေလျက်ရှိသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဟ်မဒီ နီဂျဒ် ၏အဆိုအရ Tehran-Baghdad ချစ်ကြည်ရေးကို တိုးမြှင့်လိုက်ပါက မရေတွက်နိုင်သည့်ကောင်းကျိုးများဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခုစလုံးသည် ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်ဆံရေးတိုးမြှင့်မှုအတွက် အစွမ်းရှိသမျှ ဖော်ဆောင်ဖို့ သံဓိဌာန်ချထားကြကြောင်း သိရသည်။
    အီရန်သမ္မတသည် အီရတ်နိုင်ငံသို့ နိုင်ငံကိုယ်စားပြုအနေဖြင့် ကြာသပတေးနေ့က ရောက်ရှိလာခဲ့ပြီး၊ သူ၏ နှစ်ရက်ကြာခရီးစဉ်ကို အိမ်နီးချင်းနှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး တိုးမြင့်လာစေရန်အတွက် ရည်ရွယ်ကြောင်းသိရသည်။
    သူ့ခရီးစဉ်၏ပထမနေ့တွင် သူသည် အီရတ် ၀န်ကြီးချုပ် နူရီ အလ်မာလီကီ (Nuri al-Maliki) နှင့် ဒုတိယ၀န်ကြီးချုပ် ခုဒိုင်းရ် အလ်ခုဇာအီ (Khudayr al-Khuzai) တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
    AR/NN/HMV
  • အာရှ ဖလား ဖူဆယ်ဘောလုံးပွဲ အီရန် အသင်း (၄) ကြိမ်မြောက် ဗိုလ်စွဲ
    ဇူလိုင်-၇၊ ၂၀၁၃
    M-Media
    တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ Asian Indoor and Martial Arts Games ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်  အီရန် အမျိုးသား ဘောလုံးအသင်းက ဂျပန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရပါ ရွှေတံဆိပ် ဆွတ်ခူးရရှိသွားပါသည်။
    Iran fusal team
    ဇူလိုင်လ ၆ ရက်၊ စနေနေ့က တောင်ကိုးရီးယားနိုင်ငံ အနောက်တောင်ဘက် အင်ချီအွန်(Incheon)မြို့ရှိ ဆောင်ဒို တက္ကသိုလ် (Songdo Global University Campus) ၀န်းထဲတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ဖူဆယ်ဘောလုံး ဗိုလ်လုပွဲတွင် အီရန် အသင်းသည် ဂျပန်အသင်းအား ၅-၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး၊ ရွှေတံဆိပ်ဆုအား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
    အီရန်အသင်းအတွက် Ali-Reza Vafayi က ၂ ဂိုး၊ Ali Asghar Hassanzadeh၊ Mohammad Taheri နှင့် Vahid Shfiee  တို့မှ အသီးသီး တစ်ဂိုးစီသွင်းပေးခဲ့ကြသည်။
    အီရန် အသင်း သည် ပွဲစဉ်တလျောက် အီရတ်၊ ယူအေအီး၊ တရုတ် နှင့် ထိုင်း အသင်းတို့နှင့် ယှဉ်ပြိုင် ကျော်ဖြတ် အနိုင်ရရှိခဲ့သည်။
    အီရန် အမျိုးသား ဖူဆယ် ဘောလုံးအသင်းအတွက် Asian Indoor and Martial Arts Games တွင် ယခုဆို လေးကြိမ် ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
    သောကြာနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး ဖူဆယ် ဗိုလ်လုပွဲစဉ်တွင် နာမည်ကြီး ဂျပန်အသင်းကို ရှုံးနိမ်ခဲ့ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။
    အီရန် အမျိုးသမီး ဘောလုံးအသင်းသည် ဗုဒ္ဓဟူးနေ့က အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းအား ၄-၀ နှင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
    AR/HGH
  • အနာဂတ် အုပ်ချုပ်ရေးအတွက် မီဒီယာများနှင့် ထိတွေ့မှုသည် မရှိမဖြစ်ဟု အီရန် သမ္မတသစ် Rohani ပြောကြား
    ဇူလိုင် ၁ ၊ ၂၀၁၃
    M-Media
    အီရန်သမ္မတ Hassan Rohani က  တိုင်းပြည်အတွက်ပိုမိုကောင်းမွန်သော အကျိုးပြုမှုများလုပ်ဆောင်ရန် ၄င်း၏ အနာဂတ် တိုင်းပြည် အုပ်ချုပ်ရေးနှင့် မီဒီယာတို့ အကြား အမြဲမပြတ် ဆက်သွယ်မှုရှိရန် လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုက်သည်။
    Rohani
    “မီဒီယာဆိုတာ လူတွေရဲ့ စိတ်ထဲ က လိုအပ်ချက်တွေ၊ အစ္စလာမ့်အခြေခံ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပြည်သူတွေ စိတ်ထဲက အမြင်တွေ နဲ့ အဲ့အမြင်တွေနဲ့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးဟာ ပြည်သူတွေရဲ့ လိုအပ်ချက် အပေါ်တကယ် ထိရောက်မှု ရှိမရှိ စတာတွေကို သဘောပေါက်ဖို့ဆိုတာ မီဒီယာက နေ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု Rohani က အီရန်နီယန် မီဒီယာမှ မန်နေဂျာများအား တနင်္လာနေ့က ပြောလိုက်ပါသည်။
    “ဇွန်လ(၂၄) ရက် သမ္မတ ရွေးပွဲတုန်းကလည်း မီဒီယာရဲ့ ကြားနေ လုပ်ဆောင်မှုများကို တွေ့ရပါတယ်။”  ဟု ၄င်းက ပြောခဲ့ပါသည်။
    “ကျွန်တော်တို့ရဲ့ ရှေ့ဆက်ပြီး တိုင်းပြည် အုပ်ချုပ်ရေးပိုင်းမှာလည်း မီဒီယာတွေက တစ်ဖက်သက်ချည်းပဲ ဖော်ပြတာကို မလိုလားပါဘူး ၊ ပြည်သူတွေမှာ မှန်ကန်တဲ့ မျှတမှုကိုလိုလားတဲ့ မျှော်လင့်ချက်တွေရှိတယ် ၊ စဉ်းစားချင့်ချိန်တတ်တဲ့ အမြင်တွေရှိတယ်၊  အဲ့လို ပြည်သူတွေရဲ့ အမြင်တွေ ၊ ပြဿနာတွေနဲ့ သူတို့ရဲ့ ဝေဖန်မှုတွေကို အမှန် အတိုင်း အားလုံးသိအောင် လုပ်ဖို့က မီဒီယာရဲ့ တာဝန်ပါ” ဟု ၄င်းက အလေးပေးပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး Rohani က အုပ်ချုပ်ရေး ပိုင်းရဲ့ လုပ်ဆောင်မှုတွေနဲ့ အခြား အမှုဆောင် များရဲ့ လုပ်ဆောင်ချက်များကို မီဒီယာများက သေသေချာချာ လေ့လာစောင့်ကြည်ရန်လည်း ပြောခဲ့ပါသည်။
    Rohani သည် ပြီးခဲ့သည့် အီရန် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲပေါင်း (၁၈၆၁၃၃၂၉) မဲဖြင့် (သို့မဟုတ်) မဲပေါင်း (၃၆၇၀၄၁၅၆) တွင် (၅၀.၇) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။
    ပထမဦးဆုံးအကြိမ်မဲပေးသူပေါင်း (၁.၆)သန်းအပါအ၀င် အီရန်နိုင်ငံလူဦးရေ (၅၀.၅) သန်းနီးပါးသည် သမ္မတ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီး ဌါန၏ ထုတ်ပြန်ချက်အရ မဲပေးသူပေါင်း (၇၂.၇)ရာခိုင်နှုန်းရှိသည်။              ။
  • ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
    ဇွန် ၁၇ ၊ ၂၀၁၃
    M-Media
    iram
    ယင်းသို့ပူးပေါင်းဆွေးနွေးဆောင်ရွက်မှုသည် အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။ အီရန်၏ နျူကလိယ ပရိုဂရမ်မှာ အနုမြူလက်နက်များတည်ဆောက်ရန်ရည်ရွယ်သည်ဟု အနောက်တိုင်းမှ သံသယ၀င်နေသော်လည်း အီရန်ကမူ စွမ်းအင်ထုတ်လုပ်ခြင်းကဲ့သို့သော အကျိုးပြုလုပ်ငန်းများအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားလျက်ရှိသည်။
    အီရန်လူထု၏ လိုလားချက်ဆန္ဒကိုလေးစားပါကြောင်း၊ ရွေးကောက်ပွဲ၌ လူထု၏ပါဝင်မှုအား ဂုဏ်ယူပါကြောင်း၊ ပြည်သူ့အသံများထဲမှ ပြည်သူ့သတ္တိကို ကြားသိရပါကြောင်း အိမ်ဖြူတော်မှ ချီးမွှမ်းခဲ့သည်။
    သောကြာနေ့ကကျင်းပခဲ့သည့် မဲပေးပွဲတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မီဒီယာ အင်တာနက် နှင့် သတင်းပို့မှုများ၌ှ ဖြတ်တောက်တည်းဖြတ်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့်စုရုံးခွင့်ကို ကန့်သတ်သည့် လုံခြုံရေးချထားခြင်းများ ရှိခဲ့သည်။ အစိုးရဖက်မှ တားဆီးကန့်သတ်ချက်များ ရှိနေသော်လည်း အီရန်လူထုအနေနှင့် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ရေးသားခြယ်သခွင့် ရရှိခဲ့ကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့သည်။
    အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ “ အီရန်အစိုးရမှ အီရန်ပြည်သူလူထု၏ဆန္ဒအား အလေးထားလိမ့်မည်၊ ထို့ပြင် အီရန်လူထု၏အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် တာဝန်ယူလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားသော တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုလည်း အမေရိကန်မှပြုလုပ်သွားဖို့အသင့်ရှိသည် ” ဟုလည်း ဖော်ပြခဲ့သည်။
    – AFP/fl
  • အီရန်နိုင်ငံသူ သိပ္ပံပညာရှင် တစ်ဦး UNESCO လူငယ် သိပ္ပံပညာရှင်ဆုကို ဆွတ်ခူးရရှိ
    ဇွန် ၆၊ ၂၀၁၃
    M-Media
    သက်ရှိများမျိုးမတုံးစေရန် ကာကွယ်စောင့်ရှောက်သည့် ဇီ၀၀န်းကျင်ရေရှည် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု (Management of Biosphere Reserve) ၌   ထူးချွန်စွာစွမ်းဆောင်ပေးဆပ်နိုင်မှုများကြောင့် အီရန်နိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦးအား ၂၀၁၃ UNESCO လူငယ်သိပ္ပံပညာရှင်ဆုအားပေးအပ်ခဲ့သည်။
    s.alambaigi20130605045630477
    မေလ ၂၇ ရက်မှ ၃၀ ရက်အတွင်း ပဲရစ်တွင်ကျင်းပသော  UNESCO ဌာနချုပ်အစည်းဝေးပြီးသည့်နောက် လူနှင့် ဇီ၀၀န်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု ကော်မတီ် (International Coordinating Council of the Man And the Biosphere(MAB) program) မှ ဤကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။
    ဂေဟစံနစ် လည်ပတ်ခြင်း၏ အရေးပါမှုအား ထိန်းသိမ်း ကာကွယ်နည်းကိုသုံး၍ ဇီ၀၀ န်းကျင်ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအပေါ်  လေ့လာတင်ပြနိုင်သည့် အတွက် အာတီရာကာဇီမီ မိုဂျာရဒ် (AtiehKazemiMojarad) မှ ၄င်းဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။
    MAB Program သည် လူငယ်သိပ္ပံပညာရှင်များအား ဂေဟစံနစ်၊ သဘာဝရင်းမြစ်များ နှင့် မတူကွဲပြားသည့် ဇီဝမျိုးစိတ်များတွင် လေ့လာသင်ယူများပြားလာစေရန် အားပေးသောအားဖြင့် ၁၉၈၉ ခုနှစ်မှ စတင်ကာ လူငယ်သုတေသီများအား USD ၅၀၀၀ အထိ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
    MAB Program ၏ဆုကို  အခြား လူငယ်သုတေသီပညာရှင် ၅ ယောက်လည်း ရရှိခဲ့သည်။ ၄င်းတို့မှာ စပိန်မှ ဂျူလီရို ဘလတ်စ် ဂါစီရာ (Julio Blas Garcia)၊ မက်စီကိုမှ အိန်ဂျလာ ကမာဂို (Angela Camargo)၊ အိန္ဒိယမှ ဘီလာ့လ် ဟဘီးဘ် (Bilal Habib)၊ အိုင်ဗရီကို့စ်မှ ဟိလိုင်ရီ ကောင်အကူး (HilaireKoakou) နှင့် နီကာရာဂွာမှ ကလော်ဒီယာ မူနီရာ (Claudia Munera) တို့ဖြစ်ကြသည်။
    Program မှ  အခြားလူငယ်သုတေသီ ၂ ယောက်ကိုလည်း ဇီ၀၀န်းကျင်ရေရှည်ထိန်းသိမ်းရေးစီမံခန့်ခွဲမှု အတွက် ၄င်း၏လက်ခွဲဆုဖြစ်သော Michel Batisse Award ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ၄င်းဆုကြေး USD ၆,၀၀၀ ကို ဆွတ်ခူးခဲ့သူများမှာ တောင်အာဖရိက မှ မာရီစာ ကော့တ်ဇီ (Marisa Coetzee) နှင့် ဟယ်ရီ ဘိခ်စ်(Harry Biggs) တို့ဖြစ်ကြသည်။
    ဇီ၀၀န်းကျင်ရေရှည်ထိန်းသိမ်းရေး – biosphere reserve ဟူသည် ဒေသတစ်ခု၏ အသီးသီးသော ဇီဝမျိုးစိတ် နှင့် ၄င်းတို့၏သဘာဝအား  မပျက်စီးရအောင် စုပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် ဖန်တီးလုပ်ဆောင်ချက်များ ဖြစ်သည်။ ၄င်းသည် ၀င်ငွေတိုးခြင်းကိုလည်း တည်တံ့စေသည့်အပြင်၊ ဂေဟစံနစ်များ၏ သဘာဝ နှင့် ပြောင်းလဲမှုများအပေါ် သုတေသနပြုခြင်း၊ ပညာပေးခြင်း၌ အဓိကအခြေပြုထားပါသည်။
    SAB/NN
    Ref: PressTV