News @ M-Media

Tag: Iran

  • အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်

    အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်

    RFA

    iran
    ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည် တွေအတွက်ပြန်လည် ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။

    ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက- “ကျွန်တော်တို့ မနေ့က ကယ်ဆယ်ရေးစခန်း ၅ ခုကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ ခဲ့ရတာကတော့ နံပါတ် ၁ က အစားအသောက်ရယ်၊ နံပါတ်-၂ က ဆေးဝါးလုံလောက်မှု မရှိတာရယ်၊ တတိယအချက် အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ ဒုက္ခသည်စခန်း အားလုံးမှာလတ်တလော လိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ လတ်တလော လိုအပ်ချက်တွေကို စီမံဖြည့်ဆည်းပြီးမှ ရေရှည် အတွက် ဆက်လက်လုပ်ကိုင်ရမယ့်အရာတွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။

    အဲဒီအဖွဲ့နဲ့ အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေအနေနဲ့ မြေပြင်ပေါ်မှာဆောက်ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော် ဒုက္ခရောက်နေကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လိုအပ်ကြောင်း ပြောပါတယ်။

    အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေပြန်လည် ထူထောင်ရေးကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေးသွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲအိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ ဦးနဲ့ အီရန် လခြမ်းနီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

    အီရန်သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးကကိုယ်စားလှယ်တွေနဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေအနေနဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဘက်ပြန်လည် သင့်မြတ်စွာနေထိုင်နိုင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အီရန်နိုင်ငံမှာလည်း ဘာသာကွဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အဖွဲ့အစည်း ၂ ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

    ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

  • အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့်  အီရန်ဆေးပညာ

    အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကယ်နေသည့် အီရန်ဆေးပညာ

    ဒီဇင်ဘာ ၃၊ ၂၀၁၂

    M-Media

    အီရန် နိုင်ငံအပေါ် အမေရိကန်ဦးဆောင်သော ဥပဒေမဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု့များကြောင့် အီရန်နိုင်ငံသား လူနာများ၏ ဘ၀အပေါ် ဆိုးဝါးစွာ အကျိုး သက်ရောက်လျှက် ရှိနေချိန်တွင် အမေရိကန် နိုင်ငံသားများအသက်ကို  အီရန် ဆေးပညာက ကယ်တင်လျှက် ရှိသည်။

    တနင်္ဂနွေနေ့က ဝေါစထရိတ်ဂျာနယ်၏ အင်တာနက် အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ရောက် နယ်ခြားစစ်တပ်များအား အာရှအလယ်ပိုင်းရှိ မြွေဟောက်ကိုက်ခံရမှုများ၊ ငန်းစောင်းနှင့် အခြားသော အနောက်တောင်အာရှ၏ ထူးခြားသောမြွေ အကိုက်ခံရမှုများကို ကုသရန် အမေရိကန် ကာကွယ်ရေးဌာန အနေဖြင့် အီရန်နိုင်ငံ၏ ဆေးဝါး သုတေသန နည်းပညာနှင့် ဆေးဝါးထုတ်လုပ်မှု လိုအပ်သည် ဟုထုတ်ဖေါ် ပြောခဲ့သည်။

    “အမေရိကန်ဗဟိုမှ ထုတ်ပြန်သော ဆေးပညာ လမ်းညွှန်တွင် အီရန်နိုင်ငံ၏ ရာဇီ မြွေဆိပ်ဖြေဆေးနှင့် သွေးရည်ကြည် သုတေသန အဖွဲ့မှ ထုတ်လုပ်သော ဆေးဝါးများသည် မြွေဆိပ်ကုထုံးပညာတွင် ပထမတန်းစားဖြစ်သင့်သည်။”ဟု အရာရှိတဦး၏ ပြော စကားကို ကိုးကားဖေါ်ပြသည်။

    “အီရန်ရဲ့ မြွေဆိပ်ဖြေဆေးက အကောင်းဆုံးဘဲ” ဟု အာဖဂန်တောင်ပိုင်း အခြေစိုက် အမေရိကန်ရေတပ်နှင့် ကပ်လျှက်ရှိသော ဗြိတိန် ဦးဆောင်သည့် ဘော့စတွန် ယာယီအခြေစိုက် ဆေးရုံ ဆေးဝါးသိုလှောင်ရုံမှ ဆေးပညာ ညွှန်ကြားရေးမှုး ဗိုလ်မှုးကြီး ရော့ဘ်ရပ်စဲလ် က ပြောပါသည်။

    အစီရင်ခံစာတွင်  အမေရိကန်နိုင်ငံ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း (FDA) မှ အသိအမှတ်ပြုသော အမေရိကန်ထုတ် မြွေဆိပ်ဖြေဆေးမှာ “အာဖဂန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြွေကိုက်မှုများအပေါ် မစွမ်းဆောင်နိုင်ကြောင်း” မီးမောင်းထိုးပြခဲ့သည်။

    အမေရိကန် အဖွဲ့အစည်းများအနေဖြင့် အီရန်နိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခွင့်မပြုရဟု ပိတ်ပင်ထားသော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှာ အထူးလိုင်စင်များ လျှောက်ထားရန် လိုအပ်ပေသည်။  ထိုအမိန့်တို့ စတင်ပေါ်ထွက်လာသည့်အခါ ဘဏ်များမှတဆင့် ငွေလွှဲခြင်းတို့မှာ လျှင်မြန်စွာ ပြုလုပ်ရန် မဖြစ်နိုင်အောင်ရှိနေခဲ့ပြီး အီရန်နိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတို့ကို နှေးကွေးလေးလံစေပါသည်။ လူနာ သန်းပေါင်းများစွာတွင် အဖြစ်များသည့် ရောဂါများဖြစ်သည့် မွေးရာပါ သွေးအားနည်းရောဂါ၊ သွေးမတိတ်သောရောဂါ၊ အသဲရောင်ရောဂါ၊ အအေးပိုင်း ဒေသတွင်သာ တွေ့ရှိရသော ဦးနှောက်နှင့် အာရုံကျောမကြီး ထူမာသည့်ရောဂါ။ ဆီးချိုရောဂါ နှင့် အခြားသော ရောဂါများအား ကုသရန် အခက်အခဲများတွေ့ကြုံနေပေရသည်။ ထိုသို့သော အမေရိကန်တို့ ဖန်တီးလာခဲ့သည့် ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်လူနာများ၏ အသက်အန္တရာယ်ကို ထိခိုက်လာစေသည်။

    အမေရိကန်တို့၏ အီရန်နိုင်ငံအပေါ် ဆန့်ကျင် ချမှတ်ထားသော ပိတ်ဆို့မှု အမိန့်များရဲ့ အကျိုးဆက်ကြောင့် သွေးမတိတ်သည့်ရောဂါ ခံစားနေရသော အီရန် ဆယ်ကျော်သက်အရွယ် တဦးမှာ ဆေးရုံတွင် လိုအပ်သောဆေးဝါး မပြည့်စုံသဖြင့် နိုဝင်ဘာလအတွင်းက အသက်ဆုံးရှုံးခဲ့၇သည်။

    ထင်ရှားကျော်ကြားသော အီရန်စာရေးဆရာ ဒေါက်တာ အစ္စမေးစလာမီက အမေရိကန်တို့ ဖန်တီးယူထားသည့် လူမဆန်သော ပိတ်ဆို့သည့် အမိန့်များအပေါ် မီးမောင်းထိုးပြခဲ့သည်။

    “အီရန်နိုင်ငံအပေါ် တမင်သက်သက် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေနှင့်မညီသော ပိတ်ဆို့အမိန့်များသည် အမှန်တကယ် လူနာသန်းပေါင်းများစွာ၏ အသက်ကို ထိခိုက်ဆုံးရှုံးစေသည့် လူမဆန်သော လုပ်ရပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သလို  လူသားဝိဥာဉ်များအပေါ် လုံးဝမှန်ကန်သော  လူမဆန်သည့် လုပ်ရပ် ဖြစ်သည်” ဟု ဒေါက်တာ စလာမီက အောက်တိုဘာ ၁၉ရက်နေ့က တီဗွီ သတင်းစာ ရှင်းလင်းပွဲ အင်တာနက်စာစောင် တွင် ရေးသားခဲ့သည်။

    ရာဇီ အဆိပ်ဖြေဆေးဌာန၏ သုတေသနခေါင်းဆောင် ဟဒီဇာရာက အီရန်အဆိပ်ဖြေဆေးကို ရည်ညွှန်းလျှက် “ကျွန်တော်တို့က ဒါကိုလူသားများ အသက်ကယ်ဖို့ လုပ်တာပါ။ ဒီတော့ အီရန်နိုင်ငံသား၊ အာဖဂန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား၊  ဆိုတာတွေက အရေးမကြီးပါဘူး။ အမေရိကန် စစ်သားကို အသက်ကယ်လိုက်တယ် လို့ကြားရတာတောင် ကျွန်တော်တို့ ၀မ်းသာပါတယ်။” ဟုပြောခဲ့သည်။

    အမေရိကန်တို့ ဖန်တီးသည့် ဥပဒေမဲ့ အမိန့်များမှာ အီရန်နိုင်ငံသည် အနုမြူ စွမ်းအင် ပြုလုပ်ရန် ရည်ရွယ်နေသည် ဆိုသည့် အရပ်သားများနှင့်မဆိုင်သော မသေချာသည့် စွပ်စွဲချက်မျးအပေါ် အခြေခံရ်ျ  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    အီရန်က အနုမြူ မပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင်ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးဖြစ်ကြောင်း၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် သုံးစွဲနိုင်ခွင့်ရှိကြောင်း လျှောက်လဲလျှက် စွပ်စွဲချက်များအပေါ် ငြင်းဆိုသည်။

    ကိုးကား – http://www.presstv.ir/

  • ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    ဓာတ်အားလိုင်း ဖျက်ဆီးခံရကြောင်း အီရန်ပြောကြား

    စက်တင်ဘာ၊ ၁၇၊ ၂၀၁၂

    M-Media

    Source:http://www.dw.de

    လွန်ခဲ့တဲ့လက ပေါက်ကွဲမှုကြောင့် အီရန်နျူကလီးယားစက်ရုံကိုပေးပို့တဲ့ ဓာတ်အားလိုင်းပျက်တောက်သွားတယ်လို့ အီရန်အနုမြူအေဂျင်စီအကြီးအကဲ အဗ္ဗာစီ (Fereydoun Abbasi)က အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီမှာ ပြောကြားလိုက်ပါတယ်။ ဒီလို ဖျက်ဆီးခံရတာကို တီဟီရန်အနေနဲ သံသယ၀င်မိတယ်လို့ တနင်္လာနေ့မှာ သူကပြောလိုက်တာဖြစ်ပါတယ်။ ဒီလိုဖျက်ဆီးမှုရဲ့ နောက်ကွယ်က ဘယ်သူရှိတယ်ဆိုတာကိုတော့ အဗ္ဗာစီကပြောကြားသွားခြင်း မရှိပါဘူး။ မြေအောက်စက်ရုံကိုသွားတဲ့ ပါဝါဓာတ်အားလိုင်း ဖျက်ဆီးခံရပြီး ပြတ်တောက်သွားတာဖြစ်တယ်ဆိုတာ ကိုတော့ အသေအချာပြောလိုက်တာပါ။

    “၂၀၁၂ သြဂုတ်လ ၁၇ ရက်မှာ ကွမ်မြို့ကနေ ဖော်ဒို(Fordo complex)ကို သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း မိုင်းထောင်ပြီး ဖျက်ဆီးခံလိုက်ရပါတယ်။ နောက်တစ်နေ့ မနက်စောစောမှာ အိုင်အေအီးအေရဲ့ စုံစမ်းစစ်ဆေးရေးမှူးက ကြေငြာခြင်းမပြုဘဲစစ်ဆေးမှုပြုလုပ်ဖို့ သွားရောက်ခွင့် တောင်းဆိုလာတယ် ဒီလိုသွားရတာဟာ မိုင်းထောင်တဲ့ကိစ္စနဲ့မှားဆက်စပ်မှုရှိမလား?”

    လို့ အဗ္ဗာစီက အိုင်အေအီးအေမှာမေးခွန်းထုတ်လိုက်ပါတယ်။

    “ဒါဟာဗဟိုခွာအားစက်တွေကို ဖျက်ဆီးဖို့နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရစရာရှိပါတယ်”

    လို့ယူရေနီယံသန့်စင်မှုမှာ အသုံးပြုတဲ့စက်တွေကို ညွှန်းဆိုပြီး အဗ္ဗာစီက ပြောကြားသွားပါသေးတယ်။

    ဖော်ဒို နျူကလီးယားစက်ရုံဟာလေကြောင်းရန် ကာကွယ်ဖို့အတွက် တောင်တွေကြားမှာ နက်နက်ရှိုင်းရှိုင်း တည်ဆောက် ထားတာဖြစ်ပါတယ်။ ယူရေနီယံ သန့်စင်မှုပမာဏ ၂၀ ရာခိုင်နှုန်းမှ နျူဗုံးထုတ်နိုင်တဲ့ ၉၀ ရာခိုင်နှုန်းကို အချိန်တိုအတွင်းမှာ ရနိုင်တယ်လို့လည်းယုံကြည်ရပါတယ်။

    အီရန်ကတော့ နျူကလီးယားအစီအစဉ်ကအနုမြူစွမ်းအင်အတွက်လို့ပြောနေပေမယ့် နိုင်ငံအများအပြား အထူးသဖြင့် အစ္စရေးကတော့ အီရန်ဟာနျူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
    အီရန်ဟာနောက်ခြောက်လခုနှစ်လအတွင်းမှာနျူကလီးယားဗုံး ထုတ်နိုင်တော့မယ်လို့ မိမိတို့အစိုးရအနေနဲ့ ထင်မြင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟာဟုက တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။

    အီရန်ဟာ ဖျက်ဆီးခံရတဲ့သာဓကတွေနဲ့ အီရန်တို့ရဲ့နျူသိပ္ပံပညာရှင်တွေ ဇန်န၀ါရီလက လုပ်ကြံခံရတာကိုလည်း မကြာသေးမီက အိုင်အေအီးအေမှာ တင်ပြခဲ့ပါသေးတယ်။

    အဗ္ဗာစီကအိုင်အေအီးအေအကြီးအကဲ အာမာနို (Yukiya Amano)နဲ့လည်း တနင်္လာနေ့နောက်ပိုင်းမှာ တွေ့ဆုံခဲ့ပါသေးတယ်။ အိုင်အေအီးအေ၊ အီရန်နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီပြသနာကိုနှစ်နဲ့ချီအောင် ပြောဆိုဆွေးနွေးခဲ့ပေမယ့် တိုးတက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အာမာနိုက တီဟီရန်ကို  မေလမှာလာပြီးပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။

    ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဂါတီလော့ဗ် (Gennady Gatilov)က ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ တရုတ်တို့ ပါဝင်တဲ့ဆွေးနွေးမှုအသစ်ကို အစီအစဉ်လုပ်ပြီးဖြစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးလို့ Interfax သတင်းအေဂျင်စီကို ပြောကြားလိုက်ပါတယ်။

    electric

    http://www.dw.de/dw/article/0,,16246797,00.html မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။

  • မြန်မာနှင့်အီရန် သံအဆက်အသွယ် စတင်

    မြန်မာနှင့်အီရန် သံအဆက်အသွယ် စတင်

    စက်တင်ဘာ ၊ ၁၁။ ၂၀၁၂

    M-Media
    နေပြည်တော်။           ။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံသည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်စဉ်
    ဓါတ်ပုံ (မြဝတီ)

    အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအကြား သံအဆက်အသွယ်ထားရှိရန် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း  အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ်ဆာလီဟီ ၏ ပြောကြားချက်ကို BERNAMA တွင် ဖော်ပြချက်များအရ သိရှိရပါတယ်။

  • အိုလံပစ်ပြိုင်ပွဲဝင်  အီရန် စားပွဲတင်တင်းနစ် အားကစားသမား

    အိုလံပစ်ပြိုင်ပွဲဝင် အီရန် စားပွဲတင်တင်းနစ် အားကစားသမား

    Source: http://presstv.ir/

    အီရန် အားကစားသမား  Noshad Alamiyan သည် ၂၀၁၂ လန်ဒန်အိုလံပစ် အားကစားပွဲ အမျိုးသား တစ်ဦးချင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဒုတိယအကျော့တွင် သူ၏ ပြိုင်ဘက်ဖြစ်သော ဟောင်ကောင်မှ အားကစားသမားကို အနိုင်ယူကာ တတိယပွဲစဉ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါသည်။


    Excel Centre တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ပွဲစဉ်၌ အသက် (၂၀) အရွယ် Alamiyan သည် ပြိုင်ဘက် Peng Tang ကို ပထမ၊ ဒုတိယ၊ စတုတ္ထ နှင့် သတ္တမ ပွဲစဉ်များတွင် ရမှတ် ၄-၃၊ ၁၁-၈၊ ၁၁-၅၊ ၁၁-၉၊ ၁၂-၁၀ အသီးသီးတို့ဖြင့် အနိုင်ရရှိခဲ့ပါသည်။

    “ကျွန်တော် ဟောင်ကောင်က ကျွန်တော့်ပြိုင်ဘက် ကစားသမားကို အတော် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်တော့် ဘ၀ မှာဒီလို ခက်ခဲပြီး စိတ်ဖိစီးမှုများတဲ့ ပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ တော်တော်လေး ၀မ်းသာမိပါတယ်” ဟုသူက ဆိုပါသည်။

    စနေနေ့ ပွဲစဉ်၌ Alamiyan သည် သြစတြေးလျ အားကစားသမား Justin Han ကို ရမှတ် ၄-၀ ဖြင့် အပြတ်သတ် အနိုင်ရကာ အမျိုးသား တစ်ဦးချင်း စားပွဲတင်တင်းနစ် ဒုတိယ အကျော့ ပွဲစဉ်သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်ပါသည်။

    သူသည် အမျိုးသားတစ်ဦးချင်း စားပွဲတင်တင်းနစ် တတိယအကျော့ပွဲစဉ်တွင် ဂျာမဏီ အားကစားသမား Timbo Boll နှင့် တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါသည်။

    “ကျွန်တော့် အနေနဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ကမ္ဘာ့ နံပါတ်သုံး အဆင့် အားကစားသမား ဖြစ်တဲ့ ဂျာမဏီက ပြိုင်ဘက်နဲ့ ကစားရမှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်သူ့ကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ” ဟု Alamiyan က ဆိုပါသည်။

    အီရန်နိုင်ငံသည် မြှားပစ်၊ စားပွဲတင်တင်းနစ်၊ နပန်း၊ အလေးမ၊ လှေလှော်၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ရေကူး၊ တိုက်ကွမ်ဒို စသည့် အမျိုးမျိုးသော အားကစား နယ်ပယ် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ရန် အားကစားသမားပေါင်း ၅၄ ယောက်ပါဝင်သော အဖွဲ့ကို ၂၀၁၂ လန်ဒန်အိုလံပစ် ပွဲသို့ စေလွှတ်ခဲ့ပြီး ဖြစ်ပါသည်။

    နိုင်ငံပေါင်း ၂၀၀ ကျော်မှ အားကစားသမားပေါင်း ၁၀၀၀၀ ကျော် တို့မှာ လန်ဒန် ၂၀၁၂ နွေရာသီ အိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက် ရှိပါသည်။

    နောက်ဆက်တွဲသတင်း

    Noshad Alamiyan  သည် တတိယအကျော့်ပွဲစဉ်တွင် ကမ္ဘာ့ နံပါတ်သုံး အဆင့် အားကစားသမား ဖြစ်တဲ့ ဂျာမဏီ အားကစားသမား Timbo Boll ကို ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိပါသည်။