News @ M-Media

Tag: ISIS

  • ကျွန်တော်တွေးမိတဲ့ ဇဝါရီ၊ အလ်ကိုင်ဒါ၊ မြန်မာနိုင်ငံ၊ အရှုံးနဲ့ အမြတ် ဇာတ်လမ်း

    ကျွန်တော်တွေးမိတဲ့ ဇဝါရီ၊ အလ်ကိုင်ဒါ၊ မြန်မာနိုင်ငံ၊ အရှုံးနဲ့ အမြတ် ဇာတ်လမ်း

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    -ခေတ်လူ ရေးသည်။
    piecework_security
    အလ်ကိုင်ဒါ ခေါင်းဆောင် အလ်ဇဝါရီရဲ့ အိန္ဒိယတိုက်ငယ် အခြေစိုက် အဖွဲ့ ခွဲတည်ထောင်မှုနဲ့ ပစ်မှတ် နယ်မြေသစ်တွေအဖြစ် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတွေ ပါဝင်မယ်ဖြစ်ကြောင်း ကြေငြာချက် ဗီဒီယိုထွက်ပေါ်ကြောင်း ကမ္ဘာ့ သတင်းမီဒီယာကြီးတွေကနေ ဒီနေ့ ထွက်ပေါ်လာပါတယ်။

    အလ်ကိုင်ဒါကို လွန်ခဲ့နှစ်တွေကတည်းက နိုင်ငံတကာ မွတ်စလင်ပညာရှင်များအဖွဲ့ (IUMS)၊ OIC နဲ့ မွတ်စလင်မ်ကမ္ဘာတစ်ခုလုံးက ပညာရှင်တွေ၊ အစိုးရတွေနဲ့ လူအသိုင်းအဝန်းတွေက နိုင်ငံတကာအသိုင်းအဝန်းနဲ့ အတူ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ အစ္စလာမ့်တရားတော်ရဲ့ ဘောင်အပြင်ကို ရောက်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီးသားပါ။

    IS နဲ့ အလ်ကိုင်ဒါ

    အရှေ့ အလယ်ပိုင်းမှာ ISIS/ ISIL ထွက်ပေါ်လာခဲ့ပြီးနောက်မှာ အလ်ကိုင်ဒါနဲ့ ISIS ကြားမှာ ပါဝင်အားပြိုင်မှု ဖြစ်ခဲ့ပါတယ်။ ISISနဲ့ အလ်ကိုင်ဒါကြားမှာ နည်းဗျူ ဟာရော ပေါ်လစီချင်းပါကွဲပါတယ်။

    ISIS က အီရတ်နဲ့ ဆီးရီးယားတို့ ကိုနယ်မြေစိုးမိုးပြီး နိုင်ငံတစ်ခု အစိုးရတစ်ခုအဖြစ် ရပ်တည်ဖို့ လက်ဦးမှာ ရည်ရွယ်ထားပြီး ပေါ်ပေါ်တင်တင်ကို လှုပ်ရှားတယ်။ IS ခေါင်းဆောင်ရဲ့ ခေလာဖသ် ( မွတ်စလင်မ် ကမ္ဘာရဲ့ ခေါင်းဆောင်) အဖြစ်ကြေငြာလိုက်မှု၊ ရန်သူလို့ သတ်မှတ်ထားတဲ့ သူအပေါ်မှာ မွတ်စလင်မ်တွေ အပါအဝင် လူမျိုးဘာသာမရွေးအပေါ် ရက်စက်မှု၊ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ လေ့ကျင့်ရေးပိုင်းရော စစ်မြေပြင်လက်တွေ့ ပိုင်းပါ စစ်ရေးပြည့်ဝနေမှုနဲ့ နယ်မြေသိမ်းယူနိုင်မှုတွေက အကြမ်းဖက်ကွန်ရက်တွေအကြားမှာ ပေါ်ပျူလာဖြစ်သွားစေခဲ့ပါတယ်။

    အဲ့ဒီ့ အချက်ဟာ ၂၀၁၄ခုနှစ်အစကတည်းက IS ရဲ့ ရက်စက်မှုကို အကြောင်းပြု လမ်းခွဲခဲ့တဲ့ အလ်ကိုင်ဒါအတွက် သြဇာပိုင်းအရ အကြီးအကျယ် ထိုးနှက်မှုဆိုတာက လုံးဝ ငြင်းလို့မရပါ။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှဒေသအချို့ မှာ အလ်ကိုင်ဒါရဲ့ သြဇာသက်ရောက်မှုကို လုံးဝကို ကျဆင်းသွားစေခဲ့ပါတယ်။ အဲ့တော့ သြဇာပြန်ထိန်းဖို့ အတွက် အလ်ဇဝါရီက အိန္ဒိယတိုက်ငယ်အတွင်းက နယ်စည်းတွေကို ဖျက်ပစ်ရမယ်ဆိုပြီး ကြွေးကျော်လာတာလားဆိုတာ စဉ်းစားစရာကောင်းနေပါတယ်။ အဲ့ဒီမှာ ပိုစဉ်းစားစရာကောင်းတာက ဇဝါရီနဲ့ အလ်ကိုင်ဒါက ဘာလို့ အိန္ဒိယတိုက်ငယ်ကို မျက်စိကျတာလဲဆိုတဲ့ အချက်ပါ။

    ဘာပဲဖြစ်ဖြစ် အလ်ကိုင်ဒါရဲ့ ကြေငြာမှုအသစ်က မီဒီယာတွေကနေတစ်ဆင့် လူထုဆီကို ရောက်ပြီး အနည်းအများတော့ စိုးရိမ်မှုတွေက ရှိလာမှာပဲလေ။ စောစောက စိတ်ဝင်စားတဲ့ မေးခွန်းကို ဖြေဖို့ အရင်ဆုံး ISIS ဘယ်လို အရှိန်ရသွားတာလဲဆိုတာကို ကြည့်ကြည့်ရအောင်ပါ။

    IS ဘယ်လို ကြီးထွားလားသလဲ

    စစ်အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ ကျဆုံးခန်း အပြီး  ဒီမိုကရေစီ နာမည်တပ်ထားတဲ့ မာလကီ အစိုးရတက်လာတယ်။ အမေရိကန်က နောက်ခံထားပေးတယ်၊ ရှီအာအစိုးရဖြစ်တဲ့ အပေါ်မှာ ပရိုအီရန်ပေါ့။ ဆက်ဒမ် ခေတ်က ကောင်းစားနေတဲ့ စွန္နီ လူ့အသိုင်းအဝန်း ဒုတိယ တန်းစားနေရာ ရောက်သွားတယ်။ ဒါတင်မက နောက်ပိုင်းမှာ မာလကီရဲ့ စွန္နီလူထုအပေါ်မှာ မမျှတမှုက ပိုကြီးလာတယ်။ နောက်ဆုံးမှာ အမေရိကန်၊ အီရတ်ရဲ့ သြဇာအကြီးဆုံး ရှီအာ ဘာသာရေးခေါင်းဆောင်အလ်စစ်တန်နီ တို့ကပါ ထုတ်ပြီးပြောရတဲ့ အခြေအနေထိရောက်လာတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်က တော်တော်လေး နောက်ကျနေပါပြီ။ အဲ့ဒီ မမျှမတလုပ်ခံနေရတဲ့ နိုင်ငံရေးကွက်လပ်ကို ISISက အမိအရနင်းပြီး အီရတ်ထဲဝင်လာ နယ်မြေတွေသိမ်း နယ်မြေခံတွေရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ IS သန္ဓေတည်ရာ ဆီးရီးယားကို ကြည့်ပြန်ရင်လည်း အာလ်ဝီယာ လူနည်းစု အသိုင်းအဝန်းက လူများစုကြီးဖြစ်တဲ့ စွန္နီမွတ်စလင်မ်တွေကို အာဏာရှင်အုပ်ချုပ်ရေးစနစ်နဲ့ မျိုးဆက်လိုက်အုပ်ချုပ်လာတယ်၊ အာရပ် နွေဦးတော်လှန်ရေးရဲ့ အဖျားခတ်မှုကစပြီး အာဏာရှင် အာဆဒ်က ပြည်သူတွေကို ထောင်ချီသောင်းချီ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ မွတ်စလင်မ်ကမ္ဘာနဲ့ အနောက်ကမ္ဘာက အာဏာရှင် အာဆဒ်ကို ဖိအားပေး ဆန့် ကျင်နေချိန်မှာ ရုရှနဲ့ အီရန်က အမာခံကျောထောက်နောက်ခံပေးခဲ့တယ်၊ အခုလည်း ပေးနေဆဲပဲ။ အဲ့ဒီမှာ အမေ၇ိကန်၊ ရုရှ၊ အီရန်ရဲ့ ရှီအာ၊ ဆော်ဒီ ကာတာစတဲ့ စွန္နီစတဲ့ အားပြိုင်မှုတွေ ဒေသတွင်း ပါဝါကစားပွဲတွေကလည်း သက်ဆိုင်ရာ အခန်းကဏ္ဍတွေအနေနဲ့ ပါခဲ့တယ်။

    အဲ့တော့ ပြန်အနှစ်ချုပ် သုံးသပ်ကြည့်ရင် အစိုးရတွေရဲ့ မမျှတမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ညီညွတ်ရေး မတည်ဆောက်နိုင်မှု၊ အာဏာတည်မြဲရေးကိုသာ ရှေ့ ရှုမှု၊ နောက်ဆက်တွဲ အနိဌာရုံတွေ၊ ဒေသတွင်း အင်အားစုတွေနဲ့ ကမ္ဘာ့ ပါဝါတွေရဲ့ အားပြိုင်မှု စတာတွေက IS အတွက် ရေခံမြေခံတွေကို ဖန်တီးပေးခဲ့တာပါပဲ။

    ဇဝါရီရဲ့ စစ်မျက်နှာသစ်

    ဇဝါရီရဲ့ စစ်မျက်နှာ အသစ်ဖွင့်မှုကို ဆက်ပြီးကြည့်ရအောင်ပါ။ ဇဝါရီရဲ့ ပြောထားတဲ့စကားအရ အခု အဖွဲ့ ခွဲသစ်ဟာ အာဖဂန်က တာလီဘန်နဲ့ ပါကစ္စတန်က တိုက်ခိုက်ရေးသမားအချို့ကို အားပြုထားတယ်လို့ ယူဆလို့ရပါတယ်။ အာဖဂန်ရဲ့ မတည်ငြိမ်မှုကတော့ ပြောဖို့ မလိုလောက်ပါဘူး။

    ပါကစ္စတန်ကလည်း စစ်အာဏာရှင် မုရှရဖ် ပြုတ်ကျအပြီး လုပ်ကြံခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ဘူတို အရှိန်နဲ့ တက်လာတဲ့ သူ့ ယောက်ျားကလည်း အုပ်ချုပ်ရေးကို ကောင်းကောင်း မဖော်ဆောင်နိုင်ပါဘူး။ လက်ရှိ နာဝဖ်ရှရက်ဖ်အစိုးရကလည်း လာဘ်စားမှုတွေနဲ့ နာမည်ဆိုးကျော်ခဲ့ပြီး လောလောဆယ်ကို ရွေးကောက်ပွဲမှာ မဲသမာမှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံအချို့ ရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။

    တခါ အိန္ဒိယနဲ့ ပါကစ္စတန်က ဒေသတွင်း အင်အားကြီး နိုင်ငံတွေလည်းဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် အကြားမှာ ကရှ်မီးယားဒေသ၊ တစ်ဆက်တည်း ချန်ထားလို့ မရတာက ပါကစ္စတန်ရဲ့ မဟာမိတ်ကြီး တရုတ်နဲ့ အိန္ဒိယကြားမှာလည်း တိဘက်ဒေသ ပြဿနာတွေကလည်း ၇ှိနေပြီးသားပါ။
    ဘင်္ဂလားဒေ့ရှ်ကတော့ secular ဆန်ဆန်သွားနေတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ အိန္ဒိယသြဇာခံပြီး ပါကစ္စတန်နဲ့ ကတော့ ခွဲထွက်ထားတာဆိုတော့ သမိုင်းကြွေးနဲ့ ဆောင်နေတာပဲလေ။

    မြန်မာနိုင်ငံ

    သူများနိုင်ငံတွေကို ခဏ ထားပြီး ကိုယ့်နိုင်ငံကို ကြည့်ရအောင်။ အကောင်းဆုံးမြင်ပြီးပြော့ကြည့်ရင် စစ်အာဏာရှင်စနစ်ကို ကြားကာလတစ်ခုခံပြီး ဒီမိုကရေစီဆီသွားနေတဲ့ကာလ။ မြန်မာ့နည်းဒီမိုကရေစီဆိုပြီး အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ လွှတ်တော်။ ကြားထဲမှာ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုန်းတွေ ဆက်တိုက်နည်းပါး ဖြစ်ထားတယ်။

    တိုင်းရင်းသားလူနည်းစုတွေကို ထိခိုက်နစ်နာစေတဲ့ ပြည်တွင်းစစ်တွေကလည်း ရှိတယ်။ အကြမ်းဖက်မှုတွေမှာ ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ အရေးယူမှုတွေက သိသိသာသာမတွေ့ ရဘူး။ အကြမ်းဖက်မှုတွေတိုင်း သမ္မတက ရုပ်သံနဲ့ ရေဒီယိုတွေမှာ နိုင်ငံကို မိန့် ခွန်းတွေပြော ကတိတွေပေးပေမယ့် အကြမ်းဖက်မှုတွေက ဆက်ဖြစ်ခဲ့တယ်။ နောက်ဆုံး လတ်တလော မန္တလေးအကြမ်းဖက်မှုဖြစ်ထားတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ identity ပြဿ နာကလည်း လိပ်ခဲတည်းလဲ။ ကချင်တွေ၊ ရိုဟင်ဂျာတွေ၊ မိထ္ထီလာကမြန်မာမွတ်စလင်မ်တွေ ဒုက္ခသည်တွေ အဖြစ်ရှိနေကြတယ်။ ဒီနေရာမှာ ကချင်အရေးက ဆက်စပ်ပေမယ့် မြန်မာမွတ်စလင်မ်အရေးကို အလေးအနက်ထားပြောရရင် ရိုဟင်ဂျာတွေ မိတ္ထီလာမွတ်စလင်မ်တွေ အခုထိ ဒုက္ခသည်တွေ အဖြစ်ရပ်တည်နေရတုန်း၊ အကြမ်းဖက်ခံတွေထဲမှာ သူတို့ ရှေ့ မှာ မိသားစုဝင် လူမမယ်တွေ သက်ကြီးရွယ်အိုးတွေကို မျက်စိရှေ့မှာရော နောက်ကွယ်မှာပါ ရက်ရက်စက်စက်သတ်ခံထားရတဲ့သူတွေ အများကြီး၊ သူတို့အတွက် တရားမျှတမှုဆိုတာ အကြမ်းဖက်မှုရဲ့ နောက်ကွယ်က မပြောနဲ့ ရှေ့ က လက်သည်တွေကိုတောင် အရေးယူတဲ့ ကိစ္စမှာ နှောင့်နှေးတာ ပွင့်လင်းမြင်သာမှုမ၇ှိတာ အငြင်းပွားစရာတွေ ထိရောက်မှု မရှိတာတွေက အများကြီး၊ အဲ့ဒီအကြမ်းဖက်ခံရမှုမှာ လူတွေတွင်မက ဘာသာတရားရဲ့ အထွတ်အမြတ်နေရာဖြစ်တဲ့ ဝတ်ကျောင်းတော်တွေပါ အကြမ်းဖက်ခံခဲ့ရတာ။ နိုင်ငံတကာက ပညာရှင်တွေ ထောက်ပြဝေဖန်နေတဲ့ အဲ့ဒီဘာသာရေးအကြမ်းဖက်မှုတွေရဲ့ အဓိက အခြေခံဖြစ်တဲ့ ဘာသာရေး အမုန်းတရားဖြန့် ဝေမှုတွေက ပြန့် ခဲ့ ပြန့်် ဆဲ။ အရေးယူနိုင်လျက်သားနဲ့ နယ်ရုပ်တွေလောက်ကိုသာ ဆွဲဆွဲစားပြနေတဲ့ စစ်တုရင်ထိုးပွဲတစ်ခုလိုဆိုတော့ အဲ့ဒီ အမုန်းတရားတွေက ဆက်ရှိနေဦးမှာပဲ။

    မြန်မာမွတ်စလင်မ်လူ့အသိုင်းအဝန်းက အစ္စလာမ့်သွန်သင်ချက်နဲ့ တစ်ဖက်က ဖွင့်ဆိုသလို မဟုတ်ပါဘူးဆိုတာကို နိုင်ငံသိ ရှင်းပြထားတဲ့ ၇၈၆ကို တန်ပြန်တဲ့ ၉၆၉ လှုပ်ရှားမှုက အချိန်တစ်ခုကြာသွားပြီးမှ မဟာသံဃနာယကအဖွဲ့ က စာထုတ်ကန့် ကွက်ခဲ့ပေမယ့် အရှိန်ကောင်းနေဆဲဖြစ်ပြီး၊ ကန့် ကွက်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ခြိမ်းခြောက်ခံခဲ့ရတဲ့ မျိုးစောင့်ဥပဒေ လှုပ်ရှားမှုကနေ တစ်ဆင့် မဘသဆိုတဲ့ အဖွဲ့ ပေါ်လာခဲ့ပြီး နောက်ဆုံးမှာ သမ္မတက အဆိုပါ ဥပဒေကို လွှတ်တော်ထဲ ရောက်ဖို့ နောက်ခံပေးခဲ့ပါတယ်။

    အဲ့ဒီအချက်အလက်တွေပေါ်စောင့်ကြည့်ပြီး နိုင်ငံတကာက ပညာရှင်အချို့  က state-sponsored ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလာတာလည်း ရှိခဲ့တယ်။ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေ ပညာရှင်ပိုင်းတွေက ဘယ်လိုပဲ ဘူးခံငြင်းနေ ရှင်းချက်ပေးနေပေမယ့် မြန်မာပြည်က ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ပြည်တွင်းစစ်တွေဟာ ကုလသမဂ္ဂ  ရဲ့ စားပွဲပေါ်က စိုးရိမ်စာရင်းထဲ ချိတ်နေတာကတော့ ကမ္ဘာသိပါ။

    တချိန်တည်း ၂၀၁၅ ရွေးကောက်ပွဲအကြို အာဏာရပါတီနဲ့ အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီတွေ ကြားသာမက ခေါင်းဆောင်ပိုင်း တစ်ဦးချင်းကြားမှာလည်း အားပြိုင်မှုတွေ ၇ှိနေတယ်ဆိုတာကတော့ ပေါ်လွင်နေပါတယ်။ စစ်အစိုးရလက်ထက်ကစလို့ ယနေ့အထိ သြဇာလွှမ်းမိုးဆဲ အင်အားကြီး တရုတ်နဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ မြန်မာနိုင်ငံအပေါ် အားပြိုင်မှုကလည်း အရှိန်ကောင်းနေဆဲပါ။ အဲ့တော့ အကျဉ်းချုပ်ရရင် တစ်ဖက်သတ်မှု၊ မတရားမမျှတမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ အာဏာရှေ့ ရှုမှု၊ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေရဲ့ အချင်းချင်းအားပြိုင်မှု၊ မဟာပါဝါတွေရဲ့ အားပြိုင်မှုတွေ အပြည့်ရှိနေတယ်ဆိုတာပါပဲ။

    အရှုံး

    အကြမ်းဖက်မှုတွေ ဖြစ်လာရင် ဘယ်သူတွေ နစ်နာပြီး ဘယ်သူတွေ အကျိုးရှိမလဲ။ ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ ကတော့ နစ်နာမှာ ရာနှုန်းပြည့်ပါပဲ။ သမိုင်းတစ်လျှောက် အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းကစလို့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် နိုင်ငံရေးကစားကွက်သားကောင် scapegoat ဖြစ်ခဲ့တဲ့ မြန်မာမွတ်စလင်မ်လူထု အသိုင်းအဝန်းက အနစ်နာဆုံးဖြစ်ပါလိမ့်မယ်။

    ထိခိုက်နစ်နာရမယ့်ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ မြန်မာမွတ်စလင်မ်တွေ ထိခိုက်နစ်နာပြီး၊ ဒါ့အပြင် ကစားပွဲတွေအတွက် အကြမ်းဖက်ဆိုတဲ့ ဆိုင်းဘုတ် တစ်ခု အဓမ္မချိတ်ခံရပြီး နိုင်ငံရေး ယဇ်ပူဇော်ခံရဦးမှာပါ။

    ဒါပေမယ့် ဂျာအေသူ့ အမေရိုက်တဲ့ သံသရာမို့ မြန်မာမွတ်စလင်မ်ပြည်သူတွေနစ်နာတာက တစ်တိုင်းပြည်လုံးက ပြည်သူတွေအတွက် နစ်နာမှုပါပဲ။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတို့ကို ဥပမာ မြင်ကြည့်ရင်တော့ ပိုသိသာမြင်သာပါလိမ့်မယ်။

    ရိုဟင်ဂျာတွေကို သတ်လို့ သူတို့ ရွာတွေကိုမီးရှို့ မြို့ ပြင်ထုတ်လို့ ရခိုင်တွေနဲ့ ရခိုင်ပြည်နယ် ဒုတိယအဆင်းရဲဆုံး စာရင်းက မြန်မြန်လွတ်ဖို့ ရှိသွားလား ဘယ်လိုဖြစ်နေတယ်ဆိုတာ စိတ်ကိုဖွင့်ပြီး ကြည့်ရင် ရှင်းရှင်းကြီးမြင်နိုင်ပါတယ်။

    အဲ့လိုပါပဲ…တိုင်းရင်းသားလူနည်းစုတွေကို ထိုးစစ်တွေ ဆင်လို့ ခွဲခြားနှိပ်ကွက်လို့ ဘာသာရေး အမုန်းစကားတွေဖြန့် လို့ လူနည်းစုဘာသာဝင်တွေကို ရန်ဆောင်လို့ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ ငြိမ်းချမ်းဖွံ့ ဖြိုး တဲ့ မြန်မာဒီမိုကရေစီနိုင်ငံကြီးဆီကို ပိုနီးသွားလား၊ ပိုဝေးသွားလားဆိုတာ စိတ်ရှင်းရှင်းတွေးရင် ထင်းနေတာပါပဲ။

    အဲ့တော့ အကြမ်းဖက်မှုတွေက တစ်တိုင်းပြည်လုံးက လူမျိုးဘာသာမရွေး တိုင်းသူပြည်သားအားလုံးကို ထိခိုက်နစ်နာစေပါမယ်။

    အမြတ်

    ဘယ်သူတွေ အကျိုးရှိမလဲ… ပထမဦးဆုံးကတော့ အလ်ကိုင်ဒါ မဟုတ်ပါဘူး၊ ဇဝါရီ ကိုယ်တိုင်ပါ၊ သူ့ ရဲ့ အကြမ်းဖက်မှု ခေါင်းဆောင်မှုကို ပြနိုင်မယ်လေ။ နောက် ဆက်တွဲကတော့ အကြမ်းဖက်မှု ကွန်ရက်တွေကြား သြဇာပြန်ဆယ်နေတဲ့ အလ်ကိုင်ဒါ ပေါ့။ နောက်ပြီးတော့…။

    မြန်မာနိုင်ငံထဲမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်စကရော ကြားပေါက်ပါ အထောက်အထား မခိုင်လုံဘဲနဲ့ အကြမ်းဖက်တွေ ဝင်လာပြီ အကြမ်းဖက်ဖွဲ့တွေနဲ့ ဆက်စပ်တယ် ဘာညာဘာဝါဆိုပြီး ရွှေသမင် ထွက်ထွက်နေတဲ့ တာတွေကနေ ထွက်ထွက်လာတာမျိုးတွေ ရှိနေခဲ့ပါတယ်။

    အဲ့တုန်းက ISIS ဆိုတာ ကမ္ဘာမှာ ဘယ်သူမှ သတိမထားမသိသေးသလို၊ ဇဝါရီတောင် ဒီအစီအစဉ် သူ့ ခေါင်းထဲရောက်မရောက် အကောင်အထည်ဖော်မဖော် ဘယ်သူမှ တပ်အပ်မပြောနိုင်သေးတဲ့ ကာလပါ။

    အဲ့တော့ အဲ့ဒီ ဗေဒင်ဆရာတွေပဲ အဟောတော်တာလား၊ ဖြစ်စေချင်တာတွေ ရမ်းမှန်းရင်း ကြက်ကန်းဆန်အိုးတိုး လက်ခမောင်းခတ်တော့မှာလားတော့ မပြောတတ်ပါ။

    တစ်နေ့ က အလ်ဂျဇီရာမှာ နိုက်ဂျီးရီးယားက ဘိုကိုဟရမ်သူပုန်အဖွဲ့ နဲ့ ပတ်သက်ပြီး ရုရှပညာရှင်တစ်ယောက်က သူများတွေ သမရိုးကျ တင်ပြပုံမျိုးကနေ ခွဲထွက်ပြီး နိုင်ငံရေးနဲ့ တြွဲပီး တင်ပြထားတာလေး တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ lateral thinking တွေးပြထားလို့ စိတ်ဝင်တစား ဖတ်မိပြီး ခေါင်းထဲအတွေးပေါ်လာတာက အာဖရိကရဲ့ သံယံဇာတတွေနဲ့ ချမ်းသာတဲ့ အင်အားကြီး နိုက်ဂျီးရီးယားနိုင်ငံရဲ့ လက်ရှိအစိုးရ၊ ပြီးတော့ ဘိုကိုဟရမ်က အကြမ်းဖက်အဖွဲ့လို့ ကမ္ဘာ့ မွတ်စလင်မ်ထုရော အနောက်ကမ္ဘာကပါ ရှုံ့ချပြီး နိုင်ငံရေးအရ ထောက်ခံမှုပေးတာခံနေရတဲ့ အစိုးရ၊ ဒေသတွင်း အာဖရိကနိုင်ငံတွေစုပေါင်း အဲ့ဒါကို နှိမ်နှင်းဖို့ ဘာညာဆိုပြီး အစည်းအဝေးတွေ ခေါ်ဘာညာလုပ်နေတဲ့ အစိုးရက တလောက ဘိုကိုဟရမ်ကို တိုက်ဖို့ဆိုပြီး လက်နက်မပြည့်မစုံ မကောင်းနဲ့ စစ်တပ်ကို ပို့ လို့ စစ်သားတွေနဲ့ ဇနီးတွေက ကန့် ကွက် ဝေဖန်သံတွေ ဘာလို့ ထွက်ခဲ့ပါလဲပေါ့။

    ရုရှပညာရှင်ရဲ့ အမြင်လေးတစ်ခုက အဲ့ဒီပြည်တွင်း ပဋိပက္ခပြဿနာက ရွေးကောက်ပွဲကာလအထိ သက်ဆိုးဆန့် ထားခံရပြီး နိုင်ငံလုံခြုံရေး အရေးပေါ်အခြေအနေ ဘာညာဆိုပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းများဖြစ်လေမလားတဲ့။

    ဒီကြားထဲ ဒေသတွင်းနဲ့ မဟာအင်အားကြီးတွေကလည်း ဘာတွေ အစီအစဉ်တွေရှိ ဘယ်လို အမြတ်ထုတ်မယ်ဆိုတာ မသိနိုင်ပါ။ အမြတ်ထွက်သူတွေကတော့ မရရအောင် လုပ်ယူပြီးတော့ အမြတ်ထုတ်ကြ ထွက်ကြဦးမှာပဲ။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေကတော့ ပေ ဖြစ်နေဦးမှာပါ။

    နိဂုံး

    အဲ့တော့ ဘယ်လိုကြည့်ကြည့် နစ်နာမှုတွေ သယ်လာမယ့် ဇဝါရီနဲ့ အလ်ကေဒါရဲ့ ကြေညာချက်ကို ကျွန်တော်ကတော့ လုံးဝ ရှုံ့ ချကန့် ကွက်ပါတယ်။ ပြည်သူတွေထဲက မြန်မာမွတ်စလင်မ်ထုလည်း ကျန်တဲ့ပြည်သူတွေနဲ့ အတူ ပြတ်ပြတ်သားသား ကန့် ကွက်ဖို့ ပါပဲ။ ကျွန်တော်တို့ အမိမြေရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ ဖြိုးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ကျွန်တော့်တို့ ပြည်သူတွေအားလုံး ဘယ်သူတွေ ဘယ်လိုသွေးထိုးထိုး နှောင့်ယှက်လည်း သွေးမကွဲကြဘဲ လက်တွေ ခိုင်ခိုင်မြဲမြဲ တွဲထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။။ ။

  • မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    ဒုတိယမြောက် အမေရိကန်ဂျာနယ်လစ်အား သတ်ဖြတ်ခဲ့ပြီးနောက် မွတ်စလင်ကမ္ဘာတွင် IS အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    SunniRebels-Scholars-Reject-ISIL-Caliphate

    – ဆီးရီးယားတွင် ဖမ်းဆီးခြင်းခံထားရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ် စတီဗင် ဆော့တ်လုဖ်ကို IS အဖွဲ့က သတ်ဖြတ်မှုက မွတ်စလင် ကမ္ဘာအား ဒေါသထွက်စေ ခဲ့ပြီး အစ္စလာမ့် အဆုံးအမနှင့် ဆန့်ကျင်သည့် IS အဖွဲ့အား ရှုတ်ချ ဆန့်ကျင်မှုလည်း ပိုမိုတိုးပွားလာခဲ့သည်။

    “အစ္စလာမ့်မစ်နိုင်ငံတော်လို့ခေါ်တဲ့ IS က ဆီးရီးယားမှာ အမေရိကန် ဂျာနယ်လစ် စတီဗင်ဆော့လုဖ်ကို ခေါင်းဖြတ်သတ်တာဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်၊ အစ္စလာမ်သာသနာရဲ့ မြင့်မြတ်တဲ့ သင်ကြားမှုနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ပါပဲ။ အပြစ်မဲ့တဲ့လူကို သတ်ဖြတ်တာကို အစ္စလာမ်သာသနာနဲ့ တန်းညှိလို့မရပါဘူး” ဟု အီဂျစ်ရှိ အလ်-အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ် အစ္စလာမ့်လေ့လာမှုဌာနမှ ပါမောက္ခ ဒေါက်တာ ၀ါအိ ရှီဟဘ်က ယမန်နေ့တွင် OnIslam.net သို့ ပြောကြားခဲ့သည်။

    မိမိတို့တပ်ဖွဲ့များအား အမေရိကန်က လေကြာင်းမှတိုက်ခိုက်မှုများ ပြုလုပ်မှုကို လက်စားချေခြင်းဟုဆိုကာ စတီဗင်အား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့က အင်္ဂါနေ့တွင် လွှင်တင်ခဲ့ပြီး ဖမ်းဆီးထားသည့် အခြား ဗြိတိန်ဂျာယ်လစ်တစ်ဦးကိုလည်း သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ စတီဗင်မှာ ဂျိမ်းဖိုလေးပြီးနောက် IS အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ်ဖြစ်သည်။

    “ဂျာနယ်လစ်တွေကို အခြားသော အရပ်သားတွေလိုပဲ စစ်ဖြစ်နေချိန်မှာတောင်မှ အစ္စလာမ့်ဥပဒေက အကာကွယ်ပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တွေမှာလည်း ဒီလို အကာအကွယ်ပေးထားပါတယ်။ ဒ့ါကြောင့် တစ်ကမ္ဘာလုံးက မွတ်စလင်တွေ ရှုတ်ချနေတဲ့ ဒီရာဇ၀တ်မှုကို ကျူးလွန်တဲ့ IS ဟာ အစ္စလာမ့်ရဲ့ တန်ဖိုးတွေကို ဗြောင်ချိုးဖောက်တာပါပဲ” ဟု ရှီဟဘ်က ထည့်သွင်းပြောကြားခဲ့သည်။

    IS ၏ ထိုလုပ်ရပ်အတွက် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR ကလည်း ယမန်နေ့တွင် ကြေညာချက် ထုတ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အစ္စလာမ်ရဲ့သွန်သင်မှုနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်အဖွဲ့ IS ရဲ့လုပ်ရပ်အတွက် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေရဲ့ တုန်လှုပ်မှု၊ ရွံရှာမှုနဲ့ ၀မ်းနည်းမှုတွေဟာ ပြောပြလို့ကို မရပါဘူး။ IS ရဲ့ ရာဇ၀တ်မှု ကျူးလွန်မှုတွေက အစ္စလာမ်သာသနာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှုတို့အား မြှင့်တင်ရန်အတွက် ဘာာပေါင်းစုံမှ လူများ၏ ကြိုးစားအားထုတ်မှုကို ၂ ဆမြှင့်ကာ အဆိုပါ ရိုင်းစိုင်းကြမ်းကြုတ်သော လုပ်ရပ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နှလုံးသားများမှာ စတီဗင်၏ မိသားစုများ၊ IS အဖွဲ့၏ သတ်ဖြတ်မှုကို ခံခဲ့ရသူများ၏ မိသားစုများနှင့်အတူ ကြေကွဲ ၀မ်းနည်း ရပါကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်း IS ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

    အီဂျစ်ရှိ ဒုတိယအကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သည့် Fatwa House ကလည်း စတီဗင် ဆော့တ်လုဖ်အား သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ Fatwa House မှာ IS အားဆန့်ကျင်သည့် ကမ္ဘာ့လုံးဆိုင်ရာ အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

    IS အဖွဲ့ဝင်အများစုမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်အား ဆန့်ကျင်တိုက်ခိုက်ရန် အမေရိကန်က လက်နက်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်များ ဖြစ်ကြသည်ဟု မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူများကလည်း IS အဖွဲ့အား လက်နက်ထောက်ပံ့သည့်နိုင်ငံများမှာ အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အစ္စရေးနှင့် ဗြိတိန်တို့သာဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

    IS အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ခလီဖာအဖြစ် ကြေညာထားသူ ဘဂ္ဂါဒီမှာ အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့မှ ထောက်လှမ်းရေးတစ်ဦးဖြစ်သည်ဟု ဆိုရှယ် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သော်လည်း တရားဝင်အထောက်များ ထွက်ပေါ်လာခြင်းမရှိသေးပေ။

    Ref=OnIslam & News Agencies

  • ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁)

    ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁)

    စက်တင်ဘာ ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး တွေ့ဆုံမေးမြန်းသည်။

    ISIS နှင့် လုပ်ရပ်များအပေါ် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်၏ အမြင်သဘောထား

    6e43b1069260eae7f996646c8b8abf4e8e29ec51250e7290b998b6b2adb1cd23

    “မြန်မာနိုင်ငံမှာရှိနေတဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေအနေနဲ့ အထူးသဖြင့် အစ္စလာမ် သာသနာရေးရာကောင်စီ အနေနဲ့ပြောမယ်ဆိုရင် ISIS ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ လက်မခံဘူး။ ISIS ရဲ့ လုပ်ရပ်တွေဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာနေတဲ့ အစ္စလာမ် သာသနာဝင်တွေရဲ့ အရှက်ရစေတဲ့ လုပ်ငန်းတစ်ခုလို့မြင်တယ်။ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေ အားလုံးဟာ အစ္စလာမ့်တရားနဲ့ ဆန့်ကျင်တယ်။ အကြောင်းမဲ့ လူတွေသတ်နေတယ်၊ ငယ်ရွယ်သူတွေကို သတ်နေတယ်၊ အမျိုးသမီးတွေကို သတ်နေတယ်ဆိုတဲ့သတင်းတွေဟာ အတိုင်းအတာ တစ်ခုအထိ မီဒီယာတွေမှာ တွေ့နေရတယ်။

    အစ္စလာမ်သာသနာမှာ လူသတ်တာကို လက်မခံဘူး။ နောက်ပြီးတော့ ဒီကနေ့ ပြောပြောနေကြတဲ့ ဂျီဟာဒ်ဝါဒီ ဂျီဟာဒ် ၀ါဒဆိုတာမှာ ဂျီဟာဒ်ဟာ ၀ါဒလည်းမဟုတ်ဘူး ဂျီဟာဒ်မှာ ၀ါဒီလည်း မရှိဘူး။ ဒါတွေဟာ ဘာတွေကိုဖြစ်စေလဲဆိုတော့ ဒီဝေါဟာရ အသုံးအနှုန်းတွေကို သေသေချာချာ မသိတဲ့လူတွေက ဒါတွေကို သုံးနေတဲ့ အခါကျတော့ အဲ့ဒီဝေါဟာရတွေ သုံးစွဲခံရတဲ့ ဘာသာ သာသနာဝင်တွေရဲ့ ပုံရိပ်မှာ လာထိခိုက်တယ်။ အခု IS လုပ်နေတဲ့ ခေါင်းဖြတ် လူသတ်တယ်ဆိုတာတွေ အားလုံးက အစ္စလာမ်သာသနာရဲ့ ညွှန်ကြားချက်နဲ့ ဖီလာဆန့်ကျင်နေတယ်။ အကယ်၍ မလွဲသာ မရှောင်သာ စစ်ပွဲဖြစ်နေပြီဆိုရင်တောင် အစ္စလာမ့်တရားတော်က ဘယ်လို ညွှန်ကြားထားသလဲဆိုရင် အဲ့ဒီစစ်ပွဲနဲ့မပတ်သက်တဲ့ ရဟန်း သံဃာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ သာဿနိကအဆောက်အအုံတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဒီပုဂ္ဂိုလ်တွေ၊ နောက် ဥယျာဉ်ခြံမြေတွေ အဲ့ဒါတွေကို မဖျက်ဆီးရဘူး၊ မသတ်ဖြတ်ရဘူး။ သူတို့ကို ဝေးဝေးကနေ ရှောင်ရမယ်လို့ ညွှန်ကြားထားတာတွေ ရှိတယ်။

    အစ္စလာမ်သာသနာဟာ အကြမ်းဖက်တဲ့ သာသနာမဟုတ်သလို အစ္စလာမ်သာသနာဟာ အကြမ်းဖက်ဝါဒကိုလည်း လက်မခံဘူး။ ခွင့်လည်းပြုမထားဘူး။ ဒီလို အကြမ်းဖက်တာဟာ သာသနာဝင်တွေနဲ့လည်း မသက်ဆိုင်သလို လုပ်တဲ့တစ်ဦးစီရဲ့ လုပ်ရပ်ပေါ်မှာပဲ တည်တယ်။ သာသနာရဲ့ အဆိုအဆုံးမနဲ့ သူလုပ်တယ်လို့ ပြောလို့ မရဘူး။ သာသနာက အဲ့ဒီလို အကြမ်းဖက်ဖို့ သင်ကြားမထားဘူး။ အစ္စလာမ်သာသနာမှမဟုတ်ဘူး မည်သည့် သာသနာကမှ အဲ့ဒီလို ညွှန်ကြားမထားဘူး။ လူသတ်ပါလို့ လက်ခံပြီး လူသတ်တဲ့ သာသနာမရှိဘူး။ အစ္စလာမ်သာသနာကလည်း လူသတ်ပါလို့ တိုက်တွန်းမထားဘူး။
        ဒါကြောင့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေလို့ ကင်ပွန်းတပ်ပြီး IS က လုပ်နေတာတွေအားလုံးဟာ ကျွန်တော်တို့ အစ္စလာမ် သာသနာရေးရာကောင်စီ အနေနဲ့ရော မွတ်စလင်တစ်ယောက်အနေနဲ့ရော လုံးဝ လက်ခံနိုင်ဖို့ အကြောင်းမရှိဘူးဆိုတာရယ်၊ စစ်မှန်တဲ့ ကမ္ဘာ့အစ္စလာမ်သာသနာဝင်များအနေနဲ့လည်း ဒီအတိုင်းပဲ ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

    =====================
    ISIS နှင့် လုပ်ရပ်များအပေါ် ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ၏ အမြင်သဘောထား

    c24e34c449af7c5c5d6edcf3bfa273fbc78962a4a1dda9ddc1adc75aad6581ee

    ISIS နှင့် လုပ်ရပ်များ အပေါ် သဘောထား အမြင်ကို ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ မူဝါဒရေးရာကော်မတီဝင် တစ်ဦးဖြစ်သလို ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေက အခုလို ပြောကြားထားပါတယ်။

    “ISIS လို့သုံးထားတာက Islamic State ထူထောင်မှုလို့ သုံးထားတယ်။ အစ္စလာမ် သာသနာက ဟိုးကမ္ဘာဦးကတည်းက သာသနာ၊ ကျမ်းတော်မြတ်ကုရ်အာန်က အလ္လာဟ်အရှင်မြတ် ချမှတ်ပေးထားတာ။ တမန်တော်မုဟမ္မဒ်က အစ္စလာမ် သာသနာဝင်ဖြစ်လာမယ့် လူသားတွေအားလုံး အတွက် သယ်ဆောင်ပေးထားတဲ့ လမ်းညွှန်ကျမ်း။ ဒီကျမ်းထဲမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ လုံးဝ မပါ။ သူတစ်ပါး အသက် သတ်ဖြတ်ဖို့ လုံးဝ မပါ၊ သူတစ်ပါး ပစ္စည်းမတရားယူဆောင်ဖို့ မပါ။ သူတစ်ပါး သားမယား မတရားပြုကျင့်ဖို့ မပါ။ အစ္စလာမ်သာသနာသည် ငြိမ်းချမ်းခြင်း သာသနာ။ ငြိမ်းချမ်းခြင်း သာသနာကို လက်ခံတဲ့ သူတွေကို မွတ်စလင်လို့ခေါ်ပါတယ်။ အစ္စလာမ်သာသနာမှာ လမ်းညွှန်မှုမရှိတဲ့ အကြမ်းဖက်မှု၊ လူသတ်မှုလုပ်ရပ်တွေကို လုပ်သူတွေဟာ အစ္စလာမ် မဟုတ်ဘူးလို့ သဘောပေါက်တယ်။ ဒီလုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ဒီလုပ်ရပ်တွေကို လုပ်တဲ့သူမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်။

    ပြည်တွင်းက မွတ်စလင်တွေက အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်တွင်းမှာ မလုပ်ဘူးဆိုတာ ဘယ်က သက်သေပြသလဲဆိုရင် ပြီးခဲ့တဲ့ ကိစ္စရပ်တွေမှာ အစ္စလာမ်သာသနာဝင်တွေအပေါ် အကြမ်းဖက်တဲ့ကိစ္စရပ်တွေဟာ တဘက်သက်ကိစ္စရပ်တွေဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အစ္စလာမ်ဘာသာဝင်တွေက လက်နက်ကိုင် တိုက်ခိုက် သတ်ဖြတ်တယ်ဆိုတာ မရှိခဲ့ဘူး။

    ဘယ်နိုင်ငံမှာပဲ လုပ်လုပ်၊ ဘယ်လူမျိုးကိုပဲ လုပ်လုပ် လုံးဝ လက်မခံဘူး။ အခုလုပ်တဲ့ သူတွေဟာ အစ္စလာမ်သာသနာက သွန်သင်ညွှန်ပြခြင်းမရှိတဲ့ အလုပ်တွေကို လုပ်ခြင်း ဖြစ်တဲ့အတွက် ဒီလူတွေဟာ အစ္စလာမ်ဘာသာမဟုတ်ဘူးလို့ လက်ခံထားတယ်။ အစ္စလာမ်ဘာသာက မပြဋ္ဌာန်းထားတဲ့ လုပ်ရပ်ကို လုပ်ဆောင်တဲ့ သူတွေကို လူနဲ့ သာသနာနဲ့ ခွဲမြင်ဖို့လိုတယ်။ အကြမ်းဖက် လုပ်ရပ်တွေလုပ်လို့ အစ္စလာမ်သာသနာက ဒီလိုပါလို့ပြောတာကိုလည်း ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး။ အစ္စလာမ်သာသနာကို အဲ့ဒီလူတွေရဲ့လုပ်ရပ်နဲ့ တွဲပြီး သုံးသပ်တာကိုလည်း လုံးဝ ဆန့်ကျင်တယ်။ သာသနာနဲ့ လုပ်ရပ်က တခြား၊ လူတစ်စုရဲ့ ကျူးလွန်တဲ့ပြစ်မှုက အဲ့ဒီလူတွေနဲ့ပဲဆိုင်တယ်။ တခြားသူတွေနဲ့ မဆိုင်ဘူး။ အဲ့ဒီ သာသနာကို လက်ခံကျင့်သုံးတဲ့ တခြားသူ၊ ငြိမ်းချမ်းရေး ယူဆောင်တဲ့ ဘယ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ မဆိုင်ဘူး။

    ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြင်ပ တစ်နေရာမှာ သာသနာက ခွင့်မပြုတဲ့လုပ်ရပ်တွေကို လုပ်တဲ့ ဒီလို ISIS ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ လည်း လုံးဝ မဆိုင်ဘူး။ မြန်မာနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေကလည်း ဒီလုပ်ရပ်ကို လုံးဝ လက်သင့်မခံဘူးလို့ ကျွန်တော်တို့ နားလည်ထားတယ်”လို့ ဦးအုန်းမောင်(ရန်ကင်း)က ဆိုပါတယ်။

    မြန်မာပြည်ပက ISIS လုပ်ဆောင်မှုတွေနဲ့ မြန်မာပြည်တွင်းက မွတ်စလင်တွေ ပတ်သက်မှုမရှိတာကို ချိတ်ဆွဲပြောဆိုမှုရှိနေတာတွေကိုတော့ ဦးအုန်းမောင်က အခုလို ထပ်မံ ပြောကြားခဲ့ပါတယ်။

    “ခုနကပြောသလို ပြည်ပမှာ ဖြစ်တဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအတွင်းကို ဆွဲယူ မသွင်းလာသင့်ဘူး။ နောက်တစ်ခုက မြန်မာနိုင်ငံ အတွင်းမှာ ပြည်တွင်းက မွတ်စလင်တွေက ငြိမ်းချမ်းအောင် နေပါလျက် မငြိမ်းချမ်းအောင် ဒီကိစ္စရပ်တွေနဲ့ စွတ်စွဲမှုတွေ လုပ်လာခဲ့ရင် မငြိမ်းချမ်းအောင် ဖန်တီးခြင်းပဲဖြစ်တယ်။ နိုင်ငံတော် အစိုးရမှာ လည်း တပ်မတော်ရှိတယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့ရှိတယ်၊ ထောက်လှမ်းရေး တပ်ဖွဲ့ရှိတယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရှိတယ်။ လ၀က အဖွဲ့အစည်းတွေ ရှိတယ်။ အားလုံးက သူ့ဥပဒေ သူ့လုပ်ထုံး လုပ်နည်းနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ဒီလို အကြမ်းဖက်မှုတွေ ၀င်လာတယ် ထွက်လာတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ၀င်လာ ထွက်လာလို့ ရနိုင်တဲ့ကိစ္စမဟုတ်ဘူး။

    ဒါတွေကို နိုင်ငံတော်ဥပဒေနဲ့ အညီ စနစ်တကျ အုပ်ချုပ် ကွပ်ကဲနေတဲ့ အချိန်မှာ ပြည်တွင်းက မွတ်စလင်တွေက အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်တွင်းမှာ မလုပ်ဘူးဆိုတာ ဘယ်က သက်သေပြသလဲဆိုရင် ပြီးခဲ့တဲ့ ကိစ္စရပ်တွေမှာ အစ္စလာမ်သာသနာဝင်တွေအပေါ် အကြမ်းဖက်တဲ့ကိစ္စရပ်တွေဟာ တဘက်သက်ကိစ္စရပ်တွေဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အစ္စလာမ်ဘာသာဝင်တွေက လက်နက်ကိုင် တိုက်ခိုက် သတ်ဖြတ်တယ်ဆိုတာ မရှိခဲ့ဘူး။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ နေရာကနေ မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ခုခံကြတာပဲရှိတယ်။

    အစ္စလာမ်ဘာသာဝင်တွေက စတင်ပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့တယ်ဆိုတာ မရှိဘူး။ ဒါကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှု လုံးဝ မရှိဘူးဆိုတာ လုံးဝ ထင်ရှားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ဘာသာတိုင်း လူမျိုးတိုင်းအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ဟိုးအရင်ကလည်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားနိုင်ဖို့အတွက် နည်းလမ်းတွေရှာကြံပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းကြမယ် ဆိုရင် ပြည်ပမှာဖြစ်နေတဲ့ ကိစ္စကြီးက ကျွန်တော်တို့နိုင်ငံထဲ ရောက်လာစရာအကြောင်း မရှိပါဘူး။”

  • အမေရိကန်က ပေးတဲ့ဓားတွေနဲ့ ကျွန်မတို့ သားတွေ ခေါင်းဖြတ်သတ်ခံ ရတာကို ထိုင်ကြည့်နေရတာပါ

    အမေရိကန်က ပေးတဲ့ဓားတွေနဲ့ ကျွန်မတို့ သားတွေ ခေါင်းဖြတ်သတ်ခံ ရတာကို ထိုင်ကြည့်နေရတာပါ

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media

    ဂျီမ်းဖိုလေး၏ မိခင်ထံသို့ လိပ်မှု၍ ဆီးရီးယား မိခင်တစ်ဦး စာတစ်စောင်ပေးပို့

    SyrianMother-Pens-Letter-to-Foleys-Mother

    – မကြားသေးမီရက်များအတွင်းက IS အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် ဂျာနယ်လစ်ဂျိမ်းဖိုလေး၏ မိခင် ဒီအိန်း ဖိုလေးသို့ ရည်ညွှန်းကာ IS ၏ သတ်ဖြတ်မှုကြောင့် သားဖြစ်သူ ဆုံးပါးခဲ့ရသည့် ဆီးရီးယား မိခင်တစ်ဦးက စာတစ်စောင်ရေးသားခဲ့သည်ဟု သိရသည်။

    “ချစ်လှစွာသောဒီအိန်း… ကျွန်မရဲ့သားလေးက သူရဲ့ယုံကြည်ချက် သူ့ရဲ့နိုင်ငံကို ကာကွယ်ရင်းနဲ့ ကျဆုံးခဲ့ရပါတယ်။ အမေရိကန်အစိုးရက ပေးတဲ့ဓားတွေ (လက်နက်တွေ)နဲ့ ကျွန်မတို့သားတွေ ခေါင်းဖြတ်သတ်ခံနေရတာကို ဆီးရီးယားက မိခင်တွေဖြစ်ကြတဲ့ ကျွန်မတို့က ထိုင်ကြည့်နေကြရတာပါ” ဟု အစချီကာ အမည်ဖော်ပြမထားသည့် ဆီးရီးယားမိခင်တစ်ဦး ပေးပို့ထားသည့်စာအား Fars News Agency သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဘာရှာအလ် အာဆတ်အစိုးရအား ဖြုတ်ချရန်ကြိုးစားသည့် ဆီးရီးယားအတိုက်အခံများအား အမေရိကန်နှင့် အနောက်နိုင်ငံများမှ လက်နက်များ တပ်ဆင်ပေးခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဆီးရီးယားတွင် ပြည်တွင်းစစ် ဖြစ်ခဲ့ရပြီး လူပေါင်း သိန်းချီသေဆုံးခဲ့ရသည်။

    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းယူထားသည့် IS အဖွဲ့မှာလည်း အမေရိကန်က လက်နက်တပ်ဆင်ပေးထားသည့် ဆီးရီးယားသူပုန်များဖြစ်ကြသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ဆီးရီးယားရှိ မိခင်မှ ဖိုလေးမိခင်အား ရည်ညွှန်းရေးသားသည့် စာတွင်လည်း IS အကြမ်းဖက်သမားများ၏ လက်ထဲတွင်ရှိနေသည့်လက်နက်များက ပင်လယ်ကွေ့ ရေနံများမှ ရရှိသည့် ငွေများဖြင့် အစ္စရေးလက်နက်စက်ရုံများမှ ၀ယ်ယူထားခြင်း ဖြစ်သည်ဟု ထည့်သွင်းရေးသားထားသည်။

    ထို့ပြင် ဒီအိန်းအနေဖြင့် ဆီးရီးယားသို့လာရောက်ကာ “အမေရိကန်ဦးဆောင်သည့် အကြမ်းဖက်သမားများ” ကြောင့် သားသမီးများ သေဆုံးသွားခဲ့သည့် ဆီးရီးယားမိခင်များ၏ ငိုသံကို နားထောင်ရန်အတွက်လည်း ဖိတ်ခေါ်ခဲ့သည်။

    “ချစ်ရစွာသော ဒီအိန်း…. ကျွန်မတို့ ဟစ်အော်နေကြပေမယ့် ဘယ်သူမှ ကျွန်မတို့အသံကို မကြားကြပါဘူး။ ဘယ်သူမှလည်း ကျွန်မတို့ကို မကူညီခဲ့ကြပါဘူး။ ရှင့်သားသေဆုံးရတာ၊ ရှင့်ရဲ့နှလုံးသားတွေကွဲကြေရတာနဲ့ အိမ်ဖြူတော်ဘေးမှာ ကြေကွဲဆို့နင့်စွာ ရှင်တို့ ငိုယိုတဲ့အသံတွေက လူသားဆန်တဲ့ စိတ်ဓာတ်လေးတွေ ဖြစ်ပေါ်ပြီး လစ်လျူရှုထားတဲ့ ရှင်တို့အစိုးရကို နိုးထစေနိုင်လောက်ပါမှာ” ဟု သူမက ထည့်သွင်းရေးသားခဲ့သည်။

    IS ၏ ရပ်စက်ကြမ်းကြုတ်မှုများကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ၎င်းတို့၏လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်များအား ဗြောင်ချိုးဖောက်နေခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်ကပင် ဆော်ဒီရှိ အကြီးဆုံးမွဖ်သီချုပ်က IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြာခဲ့ပြီး၊ အီဂျစ်ရှိ ထိပ်တန်းမွဖ်သီများကလည်း IS မှာ အစ္စလာမ်အတွက် အန္တရာယ်ဖြစ်ကာ ဆန့်ကျင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

    ref_OnIslam & News Agencies

  • ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    najibrazak24062013_840_592_100
    – ဆီးရီးယားနှင့် အီရတ်နိုင်ငံများ၏ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက် လုပ်ရပ်များကို လုပ်နေသည့် IS အဖွဲ့အား မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ယမန်နေ့တွင် ရှုတ်ချခဲ့ပြီး အစ္စလာမ် အမည်ခံကာ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

    “ဆီးရီးယားနဲ့ အီရတ်က IS စစ်သွေးကြွတွေရဲ့ လုပ်ရပ်ကို မလေးရှားက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။ ငြိမ်းချမ်းရေး သာသနာဖြစ်တဲ့ အစ္စလာမ်ရဲ့ အမည်အောက်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတဲ့ အတွက်လည်း ကျွန်တော်တို့ အလွန့်အလွန် ၀မ်းနည်းမိပါတယ်။ ဒီလုပ်ရပ် အတွက် တာဝန်ရှိသူတွေကို ကန့်ကွက်ပြီး ဒီလိုအကြမ်းဖက်မှုတွေ ပြန့်နှံ့တာကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတူတကွ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော လေးမျက်နှာရှိသည့် ကြေညာချက်တွင် နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်သွေးကြွများ၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ ယုံကြည်ချက်၊ ယဉ်ကျေးမှုနှင့် လူသားဆန်မှုများကို ပြောင်းပြန် ဆောင်ရွက်နေခြင်း သာဖြစ်သည်ဟု ၎င်းက ထည့်သွင်းဖော်ပြခဲ့သည်။

    “ငြိမ်းချမ်းရေးနဲ့ အလယ်အလတ်ဝါဒီကြီးဖြစ်တဲ့ တမန်တော်မြတ်ကြီးရဲ့လမ်းစဉ်နဲ့၊ အစ္စလာမ့် ရှရီအသ် ဥပဒေက ပြောထားတဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့ ဆိုတာတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေက ကွဲလွဲနေပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ မွတ်စလင် လူများစုကြီးဟာ သူတို့ရဲ့ အသက်တွေကို အကြမ်းဖက်မှုတွေကနေ လွတ်ကင်းစွာ ရှင်သန်ဖို့ ကြိုစားကြပါတယ်။ စွန်နီ၊ ရှီအာ၊ ခရစ်ယာန် ဘယ်သူပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ အရပ်သားတွေ အပေါ် သေနတ်ပြောင်းထောက် အတင်း အဓမ္မ အနိုင်ကျင့် နေတဲ့ သာသနာ အဖြစ် ရှုမြင်လာကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု ၎င်းက ထည့်သွင်း ရေးသားခဲ့သည်။

    မလေးရှားအစိုးရလည်း အဆိုပါ IS အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ လုပ်ရပ်များကို လက်မခံဟု ပြောဆိုထားသည်။

    မလေးရှားနိုင်ငံသားများမှာ IS အဖွဲ့သို့သွားရောက်ပူးပေါင်းများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး၊ ရဲတပ်ဖွဲ့မူ နိုင်ငံ အတွင်း အစွန်းရောက် အတွေးအခေါ်များ လွှမ်းမိုးလာမှုများ မရှိစေရန် ဆောင်ရွက်နေသည်။

    နာဂျစ်ကမူ အစွန်းရောက် ၀ါဒအား အလယ်အလတ် လမ်းစဉ်ဖြင့် တိုက်ဖြတ်ရန်နှင့် စစ်ပွဲကြောင့် ပြန့်ကြဲသွားသော လူ့အဖွဲ့အစည်းများအား ပြန်လည်စုစည်း တည်ဆောက်ရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

    ref_The Malaysian Insider