News @ M-Media
Tag: Islam in China
  • ဆိုရှယ်မီဒီယာများတွင် အစ္စလာမ်ကိုစော်ကားသည့် စကားလုံးများကို တရုတ်ဖယ်ရှား
    ဆိုရှယ်မီဒီယာများတွင် အစ္စလာမ်ကိုစော်ကားသည့် စကားလုံးများကို တရုတ်ဖယ်ရှား
    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media
    အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးများ
    – တရုတ်လူမှုကွန်ယက် အသုံးပြုသူများကြားတွင် လတ်တလော ကျယ်ပြန့်လာသည့် အစ္စလာမ်သာသနာကို စော်ကားသော စကားလုံးများကို တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်သည်ဟု နိုင်ငံပိုင် မီဒီယာ Global Times က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    “မွတ်စလင်လူနည်းစုတွေဖက်ကို သိသိသာသာ ဘက်လိုက်တယ်လို့ ပြည်သူတွေက ဝေဖန်မှု ရှိနေပေမယ့် မွတ်စလင်တွေကို နစ်နာစေဖို့ တရုတ်အင်တာနက် အသုံးပြုသူတွေက တီထွင်သုံးစွဲနေကြတဲ့ စကားလုံးတွေကို တရုတ် ဆိုရှယ်မီဒီယာ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်” ဟု ရေးသားထားသည်။
    ထိုကဲ့သို့ ပိတ်ပင်မှုများကြောင့် တရုတ်၏ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုဖြစ်သော Weibo တွင် ယမန်နေ့မှစ၍ ထိုစကားလုံးများကို ရှာ၍ မရတော့ဘဲ၊ ထိုစကားလုံးများ အသုံးပြုထားသည့် ပို့စ်များကိုလည်း တင်ခွင့်မပေးတော့ပေ။ Weibo ရှာဖွေရေး စာမျက်နှာတွင်လည်း အစ္စလာမ်အား စော်ကားသည့် ရေးသားမှုများကို တရုတ်အစိုးရက ပိတ်ပင်ထားသည်။
    တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူမှာ သန်းပေါင်း ၇၀၀ ကျော်ရှိပြီး Twitter၊ Facebook နှင့် Google တို့ကို တရုတ်အစိုးရက သုံးခွင့်မပေးဘဲ၊ နိုင်ငံ၏ အင်တာနက် စည်းမျဉ်းစည်းကမ်းများမှာကိုလည်း အလွန်တင်းကျပ်ထားသည်။
    ဘေဂျင်းရှိ Minzu တက္ကသိုလ်မှ ပါမောက္ခ Xiong Kunxin က အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ အမုန်တရားများ မပြန့်နှံ့စေရန်အတွက် ထိုကဲ့သို့သော တစ်ဖက်စွန်းစကားလုံးများ၊ ၀ါဒဖြန့် ပြောဆိုမှုများကို အင်တာနက်စာမျက်နှာများမှ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
    တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း တရုတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၂၁ သန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ ၀ီဂါနှင့် ဟွေလူမျိုးများ ဖြစ်ကြသည်။
    Ref: Times of India
  • ရေကြောင်းစွန့်စားမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၅)
    ရေကြောင်းစွန့်စားမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၅)
    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ကျန်းဟီ၏ ရေကြောင်းခရီးသွား သရုပ်ဖော်ပန်းချီ
    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ရေကြောင်းသွားလာရေးနယ်ပယ်ကို တစ်ခေတ်ဆန်းစေတဲ့ လူတစ်ယောက် တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့အမည်က ကျန်းဟီ (Zheng He) ဖြစ်ပါတယ်။ သူဟာ တရုပ်ရေတပ်ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ပါတယ်။ 1421 | The Lost Empire of Atlantis စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ ဂါဗင် မန်ဇီ (Gavin Menzies) ရဲ့ ကျန်းဟီအကြောင်းစာအုပ်မှာ ကျန်းဟီဟာ အိန္ဒိယသမုဒ္ဒရာတစ်ခွင်လုံးကို ရွက်လွှင့်သွားလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မက္ကာ၊ ပါရှန်ပင်လယ်ကွေ့၊ အရှေ့အာဖရိက၊ သီရိလင်္ကာနဲ့ အာရေဗျတို့ကိုလည်း ရောက်ခဲ့ပြီး ခရစ္စတိုဖာကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ ဒီဒေသတွေကိုမရောက်ခင် ဆယ်စုနှစ်တော်တော်ကြာကြာအရင်ကတည်းက ကျန်းဟီတစ်ယောက် ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။ သူ ရွက်လွှင့်ခဲ့တဲ့ သင်္ဘောဟာဆိုရင် ကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ရဲ့ သင်္ဘောထက် ၄ ပုံ ၃ ပုံလောက်ကို ပိုကြီးပါတယ်။
    ကျန်းဟီဟာ ကမ္ဘာကြီးကို တရုတ်နိုင်ငံနဲ့မိတ်ဆက်ပေးခဲ့တဲ့ မွတ်စလင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဧရာမသင်္ဘောကြီးနဲ့ ၂၈ နှစ်တာ ရေကြောင်းခရီးသွားသက်တမ်းမှာ နိုင်ငံပေါင်း ၃၇ နိုင်ငံကို ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးနဲ့ သံခင်တမန်ခင်းအတွက် အရေးပါတဲ့ ရေကြောင်းခရီး ၇ ခုကို သွားခဲ့ပါတယ်။ သူသွားခဲ့တဲ့ ခရီးတွေရဲ့ စုစုပေါင်း အကွာအဝေးဟာ ကီလိုမီတာ ၅၀,၀၀၀ (မိုင်ပေါင်း ၃၁,၀၀၀) ရှိခဲ့ပြီး သူ့ရဲ့ ပထမဆုံး ရေယာဉ်စုမှာ သင်္ဘော ၃၁၇ စီး၊ လူ ၂၇,၈၇၀ ဦး ပါဝင်ခဲ့ပါတယ်။ ဒါဟာ မြို့ငယ်လေးတစ်ခု ဒါမှမဟုတ် ဘောလုံးကွင်းကြီးတစ်ခု ရေထဲမြောနေသလိုပါပဲ။ လူသူရောက်ပေါက်ခြင်းမရှိတဲ့ ရေကြောင်းခရီးလမ်းတွေကို ဒီလောက်လူအုပ်ကြီးနဲ့ ရွက်လွှင့်ဖို့ဆိုတာ ကျွမ်းကျင်မှုကောင်း၊ စီမံခန့်ခွဲမှုကောင်းတွေ လိုအပ်ပါတယ်။ ခရီးဟာ အမှားမခံသလို၊ သူ့ခေတ်သူ့အခါက သူ့ရဲ့ အောင်မြင်မှုကလည်း ယနေ့ခေတ် လပေါ်သွားနိုင်တဲ့ အောင်မြင်မှုလောက်ကို ရှိပါတယ်။
    ကျန်းဟီရဲ့ ငယ်နာမည်ဟာ “မဟီ” ဖြစ်ပြီး ဖခင်၊ အဖိုးတို့နဲ့အတူ မက္ကာကို ဟဂ်ျဘုရားဖူးခရီးစဉ်မှာ လိုက်သွားတာကြောင့် တရုတ်အပြင် အာရဘီ ဘာသာစကားကိုပါ တက်ကျွမ်းပါတယ်။ တရုတ် ‘မင်’ မင်းဆက်ရဲ့ တိုက်ခိုက်မှုအတွင်း ကျန်းဟီဟာ သူ့ရဲ့ မွေးရပ် မွန်ဂိုးလီးယားဒေသ ကူမင်းမြို့ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သင်းကွပ်ခံခဲ့ရပြီး မိန်းမစိုးအဖြစ် မြို့စား ကျူးဒီ  (Zhu Di) ထံမှာ အလုပ်အကျွေးပြုခဲ့ရပါတယ်။ ကျူးဒီဟာ နောက်ပိုင်းမှာ တရုတ်ထီးနန်းကို ဆက်ခံခဲ့ပြီး ယုံလီ (Yong Le) အမည်နဲ့ အင်ပါယာရှင် ဖြစ်လာခဲ့ပါတယ်။
    ဂါဗင်မန်ဇီက “ကျန်းဟီဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက်ဖြစ်သလို ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျူးဒီရဲ့ အနီးကပ်အကြံပေးအဖြစ် နန်းတွင်းမှာ သြဇာကြီးထွားလာခဲ့ပါတယ်။ ၂ မီတာကျော်မြင့်ပြီး ကိုယ်အလေးအချိန် ၁၀၀ ကီလိုဂရမ်ကျော်လောက်ရှိတဲ့ ကျန်းဟီဟာ လမ်းလျှောက်ရာမှာ ကျားတစ်ကောင်လို ခြေလှမ်းကြဲကြဲနဲ့ လျှောက်တတ်တယ်” လို့ ရေးသားခဲ့ပါတယ်။
    မြို့စားဘ၀ ကျူးဒီရဲ့ စစ်ရေးလှုပ်ရှားမှု တော်တော်များများမှာ ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ပေးခဲ့တာကြောင့် အင်ပါယာရှင်ဖြစ်လာတဲ့အခါ ကျူးဒီဟာ မဟီကို နန်းတွင်းရေးရာ စီမံခန့်ခွဲရေးမှူးချုပ်အဖြစ် တာဝန်ပေးခဲ့ပြီး ကျန်းဟီဆိုတဲ့ နာမည်ကိုလည်း ပေးခဲ့ပါတယ်။
    ကျန်းဟီတစ်ယောက် ‘ရတနာသင်္ဘော’ နဲ့ ရေကြောင်းခရီး ၇ ခု သွားရောက်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ သိပ္ပံဆိုင်ရာ စူးစမ်းမှုပြုလုပ်ဖို့ ပါသလို၊ ကျောက်မြတ်၊ တွင်းထွက်သတ္တု၊ အပင်၊ တိရစ္ဆာန်၊ ဆေးဝါးတွေ ရှာဖွေဖို့လည်း ပါဝင်ပြီး ဒီလိုရည်ရွယ်ချက်တွေက သူ့ရဲ့ ရေကြောင်းခရီး အရေးပါမှုကို မြင့်တက်စေခဲ့ပါတယ်။ တရုတ်အင်ပါယာရှင်က ကမ္ဘာ့ရေကြောင်းသွားလာရေးနဲ့ မြေပုံပညာရပ်တွေကို ပိုမို နားလည်သဘောပေါက်ချင်ပြီး တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုနဲ့ စီးပွားရေးမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံခြားတိုင်းပြည်တွေသိအောင် ပြချင်တဲ့ဆန္ဒ ရှိပါတယ်။
    ဒါ့ကြောင့် နိုင်ငံရပ်ခြားကုန်သွယ်ရေးချဲ့ထွင်မှုကို အားပေးခဲ့ပြီး နိုင်ငံခြားတိုင်းပြည်တွေက တရုတ်နိုင်ငံရဲ့ သင်္ဘောအုပ်စုကြီးတွေကို မြင်တဲ့အခါ နိုင်ငံ့သြဇာအရှိန်အ၀ါ ပိုမိုမြင့်တက်လာဖို့လည်း မျှော်လင့်ခဲ့ပါတယ်။ ကျန်းဟီရဲ့ ဒီခရီးစဉ်တွေကြောင့် အခြားတိုင်းပြည်တွေဟာ တရုတ်နိုင်ငံအပေါ် သံတမန်ရေးအရ သစ္စာခံခဲ့ပြီး၊ ဒေသတွင်းခေါင်းဆောင်တွေကလည်း အင်ပါယာရှင်အဖြစ် အသိအမှတ်ပြုလာခဲ့ပါတယ်။
    ကျန်းဟီဟာ ၁၄၀၅ ခုနှစ်နဲ့ ၁၄၃၃ ခုနှစ်အကြားမှာ အခြား မိန်းမစိုးခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဟိုရှင် (Hou Hsien)၊ ၀မ်ချင်ဟုန် (Wang Ching-Hung) တို့နဲ့ ပူးပေါင်းကာ သွားရောက်ခဲ့တာဖြစ်ပါတယ်။
    ကူမင်းမြို့ရှိ ကျန်းဟီပန်းခြံမှ အမှတ်တရ ရုပ်ထု
    ဒီခရီးစဉ်တွေဟာ အလွန်ရှည်လျားတဲ့ ခရီးစဉ်တွေဖြစ်ပေမယ့် တော်တော်လေး စနစ်တကျဖြစ်ခဲ့တာက အံ့သြစရာ ကောင်းပါတယ်။ ကျန်းဟီက “သင်္ဘောပေါင်း ၆၂ စီးမှာ အကြီးဆုံးသင်္ဘောက အလျား ပေ ၄၄၀ ရှိပြီး ဗျက်အကျယ်ဆုံးအပိုင်းက ပေ ၁၈၀ ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီအတိုင်းအတာဟာ ‘မင်’ မင်းဆက်လက်ထက်က အတိုင်းအတာဖြစ်ပြီး လက်ရှိ ကျွန်တော်တို့သုံးနေတဲ့ အတိုင်းအတာဆိုရင် အလျား ၄၄၉ ပေ၊ ဗျက် ၁၈၄ ပေ ရှိပါတယ်။ သင်္ဘောတစ်စီးတိုင်းမှာ လူ ၄၅၀ ကနေ ၅၀၀ အထိ ပါတယ်လို့ ကျန်းဟီက မှတ်တမ်းတင်ခဲ့ပြီး သင်္ဘောသား၊ စာရေး၊ စကားပြန်၊ စစ်သား၊ အနုပညာရှင်၊ ဆရာဝန်နဲ့ ဇလဗေဒပညာရှင် စသဖြင့် လူစုံတက်စုံ ပါဝင်ပါတယ်။ စတုတ္ထမြောက်ခရီးစဉ်မှာတော့ လူပေါင်း သုံးသောင်းလောက်ပါခဲ့ပြီး အာရေဗျနဲ့ ပင်လယ်နီအ၀အထိ ရောက်ခဲ့ပါတယ်။
    သင်္ဘောအရွယ်စား အလွန်အမင်းကြီးမားတာကြောင့် ထိန်းသိမ်းရခက်ခဲမယ်ဆိုတာ တရုတ် သင်္ဘောတည်ဆောက်သူတွေက သိရှိခဲ့ပြီး သင်္ဘောကို ပိုမိုတည်ငြိမ်အောင် ထိန်းနိုင်ဖို့အတွက် တင်လို့ချလို့ရမယ့် ‘ဟန်ချက်ထိန်းတက်မ’ အရှင်တစ်ခုကို သင်္ဘောမှာ တပ်ဆင်ခဲ့ပါတယ်။ ပေပေါင်း ၄၀၀ လောက်ရှိတဲ့ သင်္ဘောကိုယ်ထည်အတွက် သံမပါဘဲ သစ်သားနဲ့ ဘယ်လို ဖရိန်ချလဲဆိုတာကို ဒီနေ့ခေတ် သင်္ဘောတည်ဆောက်သူတွေက နားမလည်ကြပါဘူး။ တစ်ချို့ကလည်း ဒီလိုသင်္ဘောတွေ ရှိမှရှိပါ့မလားဆိုပြီး သံသယဖြစ်ကြပါတယ်။
    ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ နန်ဂျင်းပြည်နယ်က  ‘မင်’ မင်းဆက်လက်ထက် သင်္ဘောကျင်းအပျက်တစ်ခုမှာ ၃၆ ပေရှည်တဲ့ တက်မဟောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး တရုတ်သင်္ဘောတွေမှာ အသုံးပြုတဲ့တက်မတွေရဲ့ အရွယ်အစားနဲ့ တွက်ချက်လိုက်တဲ့အခါမှာ ဒီတက်မဟာ အလျား ပေ ၅၀၀ လောက်ရှည်တဲ့ သင်္ဘောကြီးက တက်မဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
    ဒီဧရာမသင်္ဘောကြီးတွေမှာ ပိုးထည်၊ ကြွေထည်၊ ရွှေထည်၊ ငွေထည်၊ ကြေးအိုးခွက်ပန်းကန်၊ သံထည်ပစ္စည်တွေနဲ့ ချည်ထည်တွေလို ကုန်ပစ္စည်းပေါင်းစုံ ပါဝင်ပါတယ်။ သစ်ကုလားအုပ်၊ မြင်းကြား၊ အာဖရိကသမင်၊ ငှက်ကုလားအုပ်တွေလို တိရစ္ဆာန်တွေအရှင်တွေကိုလည်း သင်္ဘောထဲမှာ ထည့်သွင်း သယ်ဆောင်ခဲ့ကြပါတယ်။ ငါးအရှင်တွေထည့်ဖို့နဲ့ ရေချိုးဖို့အတွက် သင်္ဘောအတွင်းမှာ ရေလုံအခန်းတွေ ဖန်တီးထားပါတယ်။ သင်္ဘောနဲ့တွဲထားပြီး ရေပေါ်ပေါ်နေတဲ့ ရေတိုင်ကီကြီးတွေက ရေတွေကို သင်္ဘောထဲ သွယ်ယူနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ သင်္ဘောအချင်းချင်း အချက်ပြရာမှာတော့ အလံ၊ မီးအိမ်၊ ခေါင်းလောင်း၊ စာပို့ခို၊ မောင်းတွေကို အသုံးပြုကြပါတယ်။
    ဒီသင်္ဘောခရီးစဉ်နဲ့ပတ်သက်ပြီး ‘မင်’ မင်းဆက်လက်ထက်က မှတ်တမ်းတစ်ခုမှာ “တောင်ပင်လယ်မှာ ရွက်လွှင့်နေတဲ့ ဒီသင်္ဘောတွေဟာ အိမ်တွေ ရွေ့လျားနေသလို ဖြစ်ပြီး၊  သင်္ဘောတွေ ဖြန့်လိုက်တဲ့အခါမှာတော့ ကောင်းကင်က တိမ်တိုက်တွေနဲ့ တူပါတယ်” လို့ ရေးသားထားပါတယ်။ သင်္ဘောဦးမှာ နဂါးမျက်လုံးတွေ တပ်ဆင်ထားတာကြောင့် ‘ရေကူးနေသောနဂါးများ’ ဆိုပြီးတော့လည်း တင်စားခေါ်ဝေါ်ပါတယ်။
    ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုအပြီးမှာ တရုတ်နိုင်ငံဟာ ရေကြောင်းနည်းပညာမှာ ပြိုင်ဘက်ကင်းနိုင်ငံ ဖြစ်လာခဲ့ပြီး အာဖရိကရဲ့ ပထမဆုံးသစ်ကုလားအုပ်လို တိုင်းတစ်ပါးက ထူးထူးဆန်းဆန်းအရာတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီကုလားအုတ်ကို တရုတ်ဒဏ္ဍာရီမှာ အရေးပါတဲ့ ရေနဂါးနဲ့ မှားယွင်းဖော်ပြလေ့ရှိပါတယ်။ ကွန်ဖြူရှပ်အယူဝါဒအရ ရေနဂါးဟာ ပညာဉာဏ်အပေါင်းရဲ့ သုခမိန်ဖြစ်ပြီး ဒီအရုပ်မျိုးထားရှိခြင်းဟာ ကံကောင်းတယ်လို့ မှတ်ယူပါတယ်။
    ကျန်းဟီဟာ ၁၄၃၃ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်လာနေတဲ့အချိန် အိန္ဒိယမှာ ကွယ်လွန်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ သူ့ရဲ့သေဆုံးမှု၊ ကွန်ဖြူရှပ်ဝါဒ ပြန်လည်ရှင်သန်လာမှုနဲ့အတူ တရုတ်အင်ပါယာဟာ တံခါးပိတ်ဝါဒကို ကျင့်သုံးတဲ့တိုင်းပြည် ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ ရေကြောင်းကုန်သွယ်မှုကို လုံးဝ ပိတ်ပင်လိုက်ပါတယ်။ နှစ် ၁၀၀ ပျော့ပျော့အတွင်းမှာ ရေကြောင်းခရီးသွားလာမှုကို တရုတ်နိုင်ငံက ကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၅၂၅ ခုနျစ်မှာတော့ တရုတ်အင်ပါယာဟာ သူတို့ပိုင်ဆိုင်တဲ့ ရွက်တပ်သင်္ဘောအားလုံးကို ဖျက်ဆီးခဲ့ပြီး၊ တစ်ချိန်မှာ သင်္ဘောပေါင်း ၃၅၀၀ လောက်ရှိတဲ့ တရုတ်ရဲ့ ကြီးကျယ်တဲ့ ရေတပ်သမိုင်းကြောင်းကလည်း နိတ္ထိတံသွားခဲ့ရပါတော့တယ်။
    နင်ဂျန်းရှိ အုတ်ဂူ
    ကျန်းဟီရဲ့ ရေကြောင်းသွားလာမှု နှစ် ၅၈၀ ပြည့်မြောက်တဲ့ ၁၉၈၅ ခုနှစ်မှာ နန်ဂျင်းမှာရှိနေတဲ့ သူ့ရဲ့ အုတ်ဂူကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မူလ အုတ်ဂူနားမှာ အစ္စလာမ့်အငွေ့အသက် လွှမ်းခြုံတဲ့  အုတ်ဂူသစ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ ဂူဗိမာန်ရဲ့ အ၀င်အ၀င်မှာ ‘မင်’ မင်းဆက်လက်ရာ မုခ်ဦးတစ်ခု တည်ဆေက်ထားပြီး၊ ကျန်းဟီရဲ့ ပုံတွေနဲ့ သူ့ရဲ့ရေကြောင်းခရီးစဉ်ကို ပြသထားတဲ့ အမှတ်တရ ခန်းမတစ်ခုလည်း ဂူဗိန်မှာ ရှိပါတယ်။
    ဂူဗိမာန်ကို ရောက်ရှိဖို့အတွက် လှေခါး ၂၈ ထစ်ကို တက်ရပြီး၊ ၄ ထစ်တစ်ကန့်စီ ၇ ကန့်ခွဲထားတဲ့ ဒီလှေခါးတွေဟာ ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။ အုတ်ဂူရဲ့ ထိပ်ဆုံးမှာ ‘ဘုရားသခင်သည် ကြီးမြတ်တော်မူသည်’ လို့ အဓိပ္ပါယ်ရတဲ့ အာရဘီစကားလုံးကို ထွင်းထားပါတယ်။
    ကျန်းဟီအသုံးပြုခဲ့တဲ့ ရွက်တပ်သင်္ဘောလို ကြီးမားတဲ့သင်္ဘောမျိုး ကမ္ဘာပေါ်မှာ မရှိခဲ့ပါဘူး။ သူ့ရဲ့ သင်္ဘောအုပ်စုဟာ ရေပ်ါမှာမျောနေတဲ့ မြို့ကြီးတစ်ခုနဲ့တူပြီး ဒီသင်္ဘောအများစုကို နန်ဂျင်းပြည်နယ်အနီးက ‘နဂါးသင်္ဘောကျင်း’ မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောကျင်းရဲ့ အကြွင်းအကျန်တွေကို ဒီနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။
    ကျန်းဟီ ကျော်ကြားသည့် ရေကြောင်းခရီးစဉ် ၇ ခု
    ကျန်းဟီသွားခဲ့သည့် ရေကြောင်းခရီးပြ မြေပုံ
    ၁။ ၁၄၀၅-၁၄၀၇
    အင်ဒိုချိုင်းနား၊ ဂျာဗားနှင့် ဆူမားတြားကျွန်း၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ ကလ်ကတားသို့ ရောက်ရှိခဲ့
    ၂။ ၁၄၀၇-၁၄၀၉
    ထိုင်းနှင့် အိန္ဒိယတို့ကို ရွက်လွှင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုချင်မြို့တွင် ရပ်နားခဲ့
    ၃။ ၁၄၀၉-၁၄၁၁
    မလာကာကို အခြေစိုက်ပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ခြမ်းကို ရွက်လွှင့်ခဲ့။ အိန္ဒိယမှ ကွီလုံမြို့ကို ပထမဆုံး ရောက်ရှိ
    ၄။ ၁၄၁၃-၁၄၁၅
    ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ နှစ်စုခွဲပြီး တစ်စုက အိန္ဒိယသမုဒ္ဒရာအရှေ့ခြမ်းကို ပြန်သွား။ နောက်တစ်စုက သီရိလင်္ကာ အခြေစိုက်ကာ ဘန်ဂေါလ်၊ မော်လ်ဒိုက်နဲ့ အော်ရ်မုဇ်ပါရှန်တိုင်းပြည်များသို့ ရောက်ရှိ။ ယခုခရီးစဉ်မှ တရုတ်နိုင်ငံ၏ သြဇာအရှိန်အ၀ါကို ကြီးထွားစေခဲ့ပြီး ၁၄၁၆ ခုနှစ်တွင် နန်ဂျင်းသို့ နိုင်ငံအများအပြားမှာ သံတမန်များ ရောက်ရှိလာ။ ၁၄၁၇ ခုနှစ်တွင် ကျန်းဟီ၏ သင်္ဘောအုပ်စု တရုတ်နိုင်ငံသို့ ပြန်ရောက်။
    ၅။ ၁၄၁၆-၁၄၁၉
    ပစိဖိတ်သင်္ဘောအစုက ဂျာဗား၊ ရူကျူဘုရင့်နိုင်ငံငယ် (ယခုဂျပန်ပိုင်နက်တွင်ပါဝင်) နှင့် ဘရူးနိုင်းသို့ သွားရောက်။ အိန္ဒိယကိုအခြေစိုက်သည့် အုပ်စုမှာ အော်ရ်မုဇ်၊ အေဒင်၊ မိုဂါဒစ်ရှူး၊ မွမ်ဘာဆာနှင့် အရှေ့အာဖရိကမှ အခြေားသော ဆိပ်ကိမ်းများကို ရောက်ရှိ။ ယခုခရီးစဉ်မှ အာဖရိက ကုလားအုတ်ကို ယူဆောင်လာခဲ့။
    ၆။ ၁၄၂၁-၁၄၂၂
    ယခင်ရေလမ်းကြောင်းများအတိုင်း ရွက်လွှင့်ခဲ့ပြီး အာရေဗျတောင်ပိုင်းနှင့် အရှေ့အာဖရိကမှ တစ်ခြားဆိပ်ကမ်းများသို့ ရောက်ရှိ။ ၂ နှစ်အတွင်း ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ အရှေ့ဖက် ဘော်နီယိုမှ၊ အနောက်ဖက် ဇန်ဇီဘာရ် (ယခုတန်ဇန်းနီးယားပိုင်နက်တွင်ရှိ) အထိ နိုင်ငံပေါင်း ၃၆ နိုင်ငံကို ရောက်ရှိခဲ့။ ဤခရီးစဉ်တွင် သင်္ဘောများမှာ အုပ်စုခွဲခဲ့ပြီး မလာကာကို စုံရပ်အဖြစ်သတ်မှတ်ကာ ရွက်လွှင့်ခဲ့။ ရေဒီယို မတီထွင်နိုင်ခင် ထိုကဲ့သို့ အချိန်းအချက်လုပ်နိုင်မှုမှာ ထူးခြားသည့် အောင်မြင်မှုလည်းဖြစ်။
    ၇။ ၁၄၃၁-၁၄၃၃
    အသက် ၆၀ ရှိလာပြီဖြစ်သည့် ကျန်းဟီ၏ နောက်ဆုံး ခရီးစဉ်ဖြစ်ပြီး ဂျာဗား၊ မက္ကာနှင့် အရှေ့အာဖရိကမှ ဘုရင့်နိုင်ငံငယ် ၂၀ ကျော်နှင့် ဆက်ဆံရေးတည်ဆောက်ခဲ့။ အရှေ့အာဖရိကတွင် ကျန်းဟီဦဆောင်သည့် တရုတ်သင်္ဘောအုပ်စုမှာ မည်မျှဝေးဝေး ရောက်ခဲ့သည်ကို အတိအကျမသိရှိရဘဲ အာဖရိကအငူကို ပတ်သွားနိုင်ခဲ့သည်ဟုသာ သိရ။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
  • ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော် (AD 742) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၄)
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော် (AD 742) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၄)
    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ် (Shaanxi)၊ ရှန်း (Xi’an) မြို့မှာတည်ရှိတဲ့ ‘ဟွာဂျီရှန်း’ ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၄ လုံးမှာ ပါဝင်ပြီး ‘ကျင်ရှူဗလီ’ (Qingxiu Mosque)၊ ‘ဟွာဂျီဗလီ’ (Huajue Mosque)၊ ‘ဒွန်းဒါဗလီ’ (Dongda Mosque) လို့လည်း ခေါ်ဝေါ်ပါတယ်။
    အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလဖြစ်တဲ့ သက္ကရာဇ် ၇၄၂ ခုနှစ်၊ တန်မင်းဆက် (၆၁၈-၉၀၇) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ပြောစမတ်ရှိပြီး နောက်ပိုင်း တရုတ်မင်းဆက်လက်ထက်တွေမှာ ဒီဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းခဲ့ကြပါတယ်။ လက်ရှိအဆောက်အဦးကတော့ မင်မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ချင်မင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်မှာ ပရ၀ုဏ်ကို ချဲ့ထွင်ခဲ့ပါတယ်။
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်အထိ တရုတ်မွတ်စလင်တွေက အသုံးပြုနေပါတယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းဖို့အတွက် ရှန်ရှီပြည်နယ်အစိုးရက တာဝန်ယူထားပါတယ်။
    သမိုင်းကြောင်း
    ပထမအကန့်ရှိ သစ်သားမုခ်ဦး
    အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ခဲ့တဲ့ ၆ ရာစု အစပိုင်းမှာပဲ အာရေဗျက မွတ်စလင် ဆူဖီသူတော်စဉ်တွေရဲ့ သာသနာပြုမှုကြောင့် အထူးသဖြင့် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ အစ္စလာမ်သာသနာဟာ အခြေတည်ခဲ့ပါတယ်။
    တရုတ်နိုင်ငံရဲ့ လူများစု ဟန်လူမျိုးတွေနေထိုင်ရာ နိုင်ငံအလယ်ပိုင်းမှာရှိနေတဲ့ ဒီ ဟွာဂျီရှန်းဗလီဝတ်ကျောင်းတော် နေရာဟာ တန်မင်းဆက်လက်ထက် သက္ကရာဇ် ၇၄၂ ခုနှစ်ကတည်းက ရှိခဲ့တယ်လို့ အဆိုရှိပါတယ်။
    ဗလီအဆောက်အဦးကို မင်းမင်းဆက် စိုးစံပြီး ၂၅ နှစ်ကြာတဲ့အချိန် ၁၃၉၂ ခုနှစ်မှာ ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပင်လယ်ပြင်က ပင်လယ်ဓားပြတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တဲ့ ဟွေလူမျိုး နာမည်ကျော် မွတ်စလင်မိသားစုက ပေါက်ဖွားလာတဲ့ ရေကြောင်းဗိုလ်ချုပ် ကျန်းဟီ (Zheng He) က ဦးစီးခဲ့တာဖြစ်ပါတယ်။
    ၁၄ ရာစုနောက်ပိုင်းကစလို့ ဒီဗလီဝတ်ကျောင်းတော်ကို ပြုပြင်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ယနေ့ခေတ် တွေ့မြင်ရတဲ့ အဆောက်အဦးဟာ မင်နဲ့ ချင်မင်းဆက်တွေလက်ထက်က လက်ရာဖြစ်ပါတယ်။
    ဗိသုကာလက်ရာ
    ‘ရှန်းဇင်လူ’ လို့အမည်ရတဲ့ ဘုံပြသာဒ် ၃ ဆင့်ပါဝင်တဲ့ မျှော်စဉ်တစ်ခု ဒီအကန့်မှာရှိပြီး အပေါ်ဆုံးထပ်ကို ၀တ်ပြုဖို့နှိုးဆော်တဲ့နေရာ (မင်နာရတ်) အဖြစ် အသုံးပြုကာ ဒုတိယအထပ်ကို လကြည့်မျှော်စင်အဖြစ် အသုံးပြုပါတယ်။
    အလျား ၂၄၈ မီတာ၊ အနံ ၄၈ မီတာရှိပြီး စုစုပေါင်း စကွဲယားမီတာ ၁၂၀၀၀ အကျယ်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အကန့် ၅ ကန့်ခွဲထားပြီး သမရိုးကျဗလီပုံစံထက် တရုတ်ဘုံကျောင်းတစ်ခုနဲ့ ဆင်တူပါတယ်။
    အကန့်တစ်ခုချင်းစီမှာ အထိမ်းအမှတ်အဆောက်အဦး၊ မုခ်ဦးပါ ၀င်ပေါက်၊ နားနေဆောင်၊ နံရံကြီးတွေ၊ မြက်ခင်းပြင်နဲ့ ဘုံပြသာဒ်တွေလည်း တည်ရှိပါတယ်။ ဘုံကျောင်းနဲ့မတူတာက ဗလီဝတ်ကျောင်းကို အရှေ့ဖက်ကနေ အနောက်ဖက်ကို တူရူကာ မက္ကာမြို့ရှိရာဖက်ကို ဦးတိုက်တည်ဆောက်ထားတာပါ။
    ပထမအကန့်မှာ ချင်မင်းဆက်လက်ရာ ဂိတ်ပေါက်ဝရှိပြီး၊ ၀တ်ပြုဆောင်ရှိရာ စတုတ္ထအကန့်မှာတော့ ဇာမဏီငှက် ပျံသန်းနေတဲ့ပုံသဏ္ဍာန် ‘ဖုန်းဟွာတင်’ လို့ခေါ်တဲ့ အမိုးပါဂိတ်ပေါက်၊ ၆ ထောင့်အမိုးနဲ့ နားနေဆောင်တွေ ဒီအကန့်မှာ ရှိပါတယ်။
    အခြားအဆောက်အဦးတွေဖြစ်တဲ့ ပိဋကတ်တိုက်၊ ရှေ့ဆောင်အီမာမ် နေထိုင်ရာအခန်း၊ ၀ူဇူ ကိုယ်လက်သန့်ရှင်းဆောင်တွေလည်း ဗလီပရ၀ုဏ်အတွင်းမှာ တည်ရှိပါတယ်။ ၀တ်ပြုဆောင်ဟာ တစ်ချိန်တည်းမှာ လူ ၂၀၀၀ လောက် ၀တ်ပြုနိုင်ပြီး၊ ၀တ်ပြုဆောင်ရဲ့ အရှေ့မှာ ကွင်းပြင်ကျယ်ကြီး ရှိပါတယ်။
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ထဲမှာ ကျောက်ထွင်းစာ၊ လောပန်ခွက်တွေ၊ ကုရ်အာန်ကျမ်းစာ၊ စာပန်းချီကားတွေ၊ ရှေးဟောင်းမီးအိမ် စသဖြင့် ယဉ်ကျေးမှုဆိုင်ရာ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေ ရှိနေပါတယ်။ နံရံတွေနဲ့ အဆောက်အဦးတွေတိုင်းမှာ ငှက်ပုံ၊ သစ်ပင်ပန်းမန်ပုံ၊ အရာဝတ္ထုပုံတွေ၊ ကုရ်အာန်ကျမ်းတော်မြတ်ကစာသားတွေ၊ ကဗျာ၊ လင်္ကာတွေကို တရုတ်နဲ့ အာရဘီအက္ခရာတွေနဲ့ လက်ရာမြောက်စွာ ရေထိုး၊ ထွင်းထုထားတာတွေကိုလည်း တွေ့နိုင်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ ပြုပြင်ထားမှုရက်စွဲတွေကို ကျောက်ပြားတွေမှာ ထွင်းထုထားပါတယ်။
    ဒုတိယအကန့်မှာတော့ စုန့်မင်းဆက်နဲ့ မင်မင်းဆက်လက်ထက်တွေက လက်ထက်က နာမည်ကျော် စာပန်းချီပညာရှင်တွေဖြစ်ကြတဲ့ မီဖူနဲ့ ဒုံးချီချန်တို့ရဲ့ လက်ရာတွေ ရှိပါတယ်။ ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်မှာ နာမည်ကျော် တရုတ်မွတ်စလင် သူတော်စဉ်ကြီးတစ်ပါး ကူးယူရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူကိုလည်း ဒီဗလီဝတ်ကျောင်းတော်ထဲမှာ ထိန်းသိမ်းထားပါတယ်။
    တတိယအကန့်ဟာ မုရာကဘာထိုင်ရာ (တရားထိုင်ရာ) အဆောက်အဦးတစ်ခုရှိပြီး ‘ချင်းရှုဒီယန်’ လို့ခေါ်ပါတယ်။ ‘ရှန်းဇင်လူ’ လို့အမည်ရတဲ့ ဘုံပြသာဒ် ၃ ဆင့်ပါဝင်တဲ့ မျှော်စဉ်တစ်ခု ဒီအကန့်မှာရှိပြီး အပေါ်ဆုံးထပ်ကို ၀တ်ပြုဖို့နှိုးဆော်တဲ့နေရာ (မင်နာရတ်) အဖြစ် အသုံးပြုကာ ဒုတိယအထပ်ကို လကြည့်မျှော်စင်အဖြစ် အသုံးပြုပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာဟာ တရုတ်ရိုးရာနဲ့ အစ္စလာမ့် ဗိသုကာလက်ရာတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
    သမိုင်းဝင်နေရာ
    ၁၉၅၆ ခုနှစ်မှာ ဒီဗလီဝတ်ကျောင်းတော်ကို သမိုင်းဝင်နေရာနဲ့ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ရှန်ရှီပြည်နယ် အစိုးရက တာဝန်ယူစောင့်ရှောက်ထားပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ဗဟိုအစိုးရက စီမံကိန်းချပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမျိုးသားသမိုင်းဆိုင်ရာ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
    ဒုတိယအကန့်မှ သလင်းကျောက်ဝင်ပေါက်
    ပေစာပြခန်း
    ပိဋကတိုက်
    oတ်ပြုဆောင်အတွင်းပိုင်း
    ဒုတိယအကန့်နှင့် တတိယအကန့်တွင်ရှိနေသည့် အုတ်တိုင်
    ဗလီဝတ်ကျောင်းတော် ပုံစံငယ်
    Ref: chinaculture.org, wiki, sacred-destinations.com
    အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။
  • ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    – တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်က နာမည်ကြီး ကမ်းရိုးတမ်းမြို့ ကွမ်ကျိုးမှာရှိတဲ့ ဒီ ‘ဟွေ့ရှန်း’ (Huaisheng) ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ အစောဆုံး ဗလီဝတ်ကျောင်းတော် ၄ လုံးထဲမှာ ပါဝင်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    ဒီဗလီဝတ်က ၃၅.၇၅ မီတာ (၁၁၈ ပေခန့်) မြင့်တဲ့ မင်နာရတ်မျှော်စင်ဟာ တစ်ချိန်က ကွမ်းကျိုးမြို့ရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး၊ ၀တ်ပြုဖို့နှိုးဆော်တဲ့အခါ အသုံးပြုသလို၊ ညအခါမှာ ဂျူကျန်း(ပုလဲ) မြစ်က သင်္ဘောတွေ ရေကြောင်းသွားလာရေးအတွက် အလွန်အသုံးဝင်လှတာကြောင့် ဟွေ့ရှန်းဗလီကို ‘မီးပြတိုက်ဗလီ’ လို့လည်း ခေါ်ဆိုပါတယ်။
    သမိုင်းကြောင်း
    တရုတ်မွတ်စလင်တွေရဲ့ ရှေးဟောင်းစာပေတွေအရ ဒီ ဗလီဝတ်ကျောင်းတော်ကို တန်မင်းဆက် (၆၁၈-၉၇၀) လက်ထက် အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလ သက္ကရာဇ် ၆၂၇ ခုနှစ်မှာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သာဝကကြီးတစ်းပါးဖြစ်တဲ့ ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ က ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
    ဒီသာဝကကြီးဟာ လူတွေကို အစ္စလာမ်သာသနာဖက် ဖိတ်ခေါ်ဖို့အတွက် ကုန်သွယ်ရေးအချက်အချာကျတဲ့ ကွမ်းကျိုးမြို့ကို သက္ကရာဇ် ၆၂၀ ပြည့်နှစ်တွေမှာ ရောက်ရှိလာတယ်လို့ သမိုင်းဆရာတွေက ကောက်ချက်ချပါတယ်။
    ‘ဟွေ့ရှန်း’ ဆိုတဲ့ အဓိပ္ပါယ်က ‘ကိုယ်တော်သခင်အတွက် အမှတ်တရ’ လို့ အဓိပ္ပါယ်ရပြီး တမန်တော်မုဟမ္မဒ်ကို ရည်စူးပြီး မှည့်ခေါ်ထားတာပါ။
    ဟွေ့ရှန်းဗလီဝတ်ကျောင်းတော်ကို ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ‘ကျိကျန်း’ (၁၃၄၁-၁၃၆၈) ရဲ့ အမိန့်နဲ့ ၁၃၅၀ ခုနှစ်မှာ တစ်ကြိမ်၊ မီးသင့်မှုကြောင့် ကျင်မင်းဆက်က ‘ကန်းရှီ’ ဘုရင်ရဲ့အမိန့်နဲ့ ၁၆၉၅ ခုနှစ်မှာတစ်ကြိမ် ပြန်လည် ပြုပြင်မွမ်းမံခဲ့ရပါတယ်။
    နောက်ဆုံးပြုပြင်မွမ်းမံမှုကတော့ ၁၉၃၅ ခုနှစ်မှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်ရဲ့ ၀တ်ပြုဆောင်ကို ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
    ဗိသုကာ
    မြေနေရာ ၂၉၆၆ စကွဲယားမီတာမှာ ဒီဗလီဝတ်ကျောင်းတော်ကို တရုတ် ‘ဖုန်းရွှေ’ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားပြီး၊ အနီရောင်အုတ်ခဲတွေအသုံးပြု ဆောက်လုပ်ထားတဲ့ ၀င်ပေါက်က ဂျူကျန်းမြစ်ကို မျက်နှာမူထားပါတယ်။
    ဟွေ့ရှန်း ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆောင်၊ ၀မ်ရွယ်အဆောက်အဦး၊ အမိုးပါစင်္ကြန်လမ်း၊ ပိဋကတ်တိုက်၊ နားနေဆောင်၊ မင်နာရတ်မျှော်စင် စတာတွေ ပါဝင်တယ်။ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းက အဆောက်အဦးတွေ အများစုကို တရုတ်ရိုးရာဟန်ပန်အတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ၀တ်ပြုဆောင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ၄၀၀ စကွဲယားမီတာ ကျယ်ဝန်းပါတယ်။
    ဒုလုံးရှည်သဏ္ဍာန်တည် ဆောက်ထားတဲ့ မင်နာရတ်ဟာ ၀တ်ပြုဖို့ နှိုးဆော်သံကို ဟစ်ကြွေးတဲ့လုပ်ငန်းအတွက်သာ မကဘဲ၊ ဂျူကျန်းမြစ်ထဲက သင်္ဘောတွေအတွက် ရေကြောင်းအချက်ပြ မီးပြတိုက်အဖြစ်လည်း တစ်ချိန်က အသုံးတော်ခံပါတယ်။
    ရှေးရှေးက သင်္ဘောသားတွေဟာ ဒီမင်နာရတ်ကြီးကို မြင်ပြီဆိုရင် ‘ရေကြောင်းပိုးလမ်းမကြီး’ ရဲ့ အစကို ရောက်ရှိနေပြီဆိုတာ သိကြပြီး၊ ရာသီဥတုအခြေအနေကို သိရဖို့အတွက်လည်း သင်္ဘောသားတွေဟာ ဒီမင်နာရတ်အပေါ်ကို တက်ကြည့်လေ့ ရှိပါတယ်။
    ဒီမင်နာရတ်ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံးမီးပြတိုက်ကြီးဖြစ်ပြီး အနောက်တိုင်းစတိုင် မီးပြတိုက်ကိုတော့ ၁၈၆၅ ခုနှစ်လောက်မှ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တာပါ။ ရေကြောင်းသွားလာမှုမှာ ဒီမင်နာရတ်ရဲ့ အသုံးဝင်ပုံကို အစွဲပြုပြီး ဟွေရှန်းဗလီဟာ ‘မီးပြတိုက်ဗလီ’ လို့လည်း အမည်တွင်ပါတယ်။
    ခရီးသွားများ စိတ်ဝင်စား
    စီးပွားရေးအချက်အခြာကြတဲ့ ကွမ်ကျိုးမြို့မှာ ဟွေရှန်းဗလီဝတ်ကျောင်းတော်ဟာ ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေကာ တရုတ် ခရီးသွားလုပ်ငန်းတော်တော်များများမှာလည်း ဒီ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်အကြောင်းကို  တခုတ်တရ ကြော်ငြာပေးထားပါတယ်။
    ကွမ်ကျိုးက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့ ဒီ ဟွေရှန်း ဗလီဝတ်ကျောင်းတော်ဟာ ‘ကွမ်ကျိုးမွတ်စလင်အသင်း’ ရုံးထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။
    Ref : Islamoblog, wiki, islamichina
    ၁၁၈ ပေမြင့်သည့် နာမည်ကျော် မင်နာရတ်
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့သည့် သာဝကကြီး ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ ၏ အမည်ကို ထွင်းထုထားမှု
    ခရီးသွားများ စိတ်ဝင်တစား
  • တရုတ်နိုင်ငံ ဟွေမွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဘယ်လို ကုန်ဆုံးကြသလဲ
    မေ ၃၀၊ ၂၀၁၇
    M-Media
    – တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ ဟွေလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ ရမ်ဇာန်ဥပုသ်လကို ဘယ်လိုပုံစံနဲ့ ဖြန်သန်းကြလဲ၊ သူတို့ရဲ့ ဗလီဝတ်ကျောင်းတော်တွေက ဘယ်လိုပုံစံလဲ၊ သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို ဘယ်လိုတန်ဖိုးထားကြလဲ စတာတွေကို ဒီဗီဒီယိုအတိုလေးမှာ ရှုစားနိုင်မှာဖြစ်ပါတယ်။