News @ M-Media
Tag: Islam in China
  • တရုတ်မွတ်စလင်များ၏ ဆွေမျိုးမေ့မည့် ရိုးရာ အစားအစာများ
    တရုတ်မွတ်စလင်များ၏ ဆွေမျိုးမေ့မည့် ရိုးရာ အစားအစာများ
    ဧပြီ ၂၈၊ ၂၀၁၇
    M-Media
    နင်ရှာပြည်နယ်ရှိ ဗလီတစ်လုံးတွင် ၀ါကျွတ်အီးဒ်နေ့ ၀တ်ပြုဆုတောင်းနေကြသူများ
    – ပြီးခဲ့တဲ့နှစ်က ကျွန်တော်ဟာ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုလ်လအပြီး ကျင်းပတဲ့ အီဒွလ် ဖိသီရ် ၀ါကျွတ်အီးဒ်နေ့ကို မှီဖို့အတွက် နင်ရှာပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ပြည်နယ်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုမှာ ၀ါကျွတ်အီးဒ်အထိမ်းအမှတ် မွတ်စလင်ထောင်နဲ့ချီ ၀တ်ပြုနေတာကို ကျွန်တော့် ကြည့်ရှု
    ခဲ့ပါတယ်။ ၀တ်ပြုဆုတောင်းပြီးနောက်မှာတော့ ဒီဒေသရဲ့ အိမ်တိုင်းအိမ်တိုင်းက မိသားစုတိုင်းဟာ သိုးသား၊ ဂျုံ၊ အမဲသားတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေနဲ့အတူ စားပွဲကြီး ကျင်းပကြတော့မှာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးေးဟာ ၂၃ သန်းနီးပါးလောက်ရှိပြီး အာရပ်နိုင်ငံတော်တော်များများထက် အစ္စလာမ်သာသနာဝင်အရေအတွက် ပိုမိုများပြားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုအစ္စလာမ်ဘာသာဝင် များပြားမှုရဲ့ ရလဒ်တစ်ခုကတော့ တရုတ်ဟင်းလျာတွေမှာ အမယ်သစ်တွေ ပေါ်
    ထွက်လာတာပဲ ဖြစ်ပါတယ်။
    ဇင်းကျန်းပြည်နယ် ကက်ရှ်ဂါရ်မှ သိုးသားအစာသွတ်မုန့်
    ကမ္ဘာတစ်ဝှမ်းက ဘယ်နေရာမှာမဆို ဟာလာလ်စံချိန်စံညွှန်းမီတဲ့ စားသောက်ဆိုင်တွေကို တွေ့နိုင်သလိုမျိုး တရုတ်နိုင်ငံမှာလည်း တွေ့မြင်နိုင်ပါတယ်။ ၀က်သားကို လုံးဝ ရှောင်ကျဉ်ကြပြီး ကျန်တဲ့အသားတွေကိုလည်း ဘာသာရေးသတ်မှတ်ချက်နဲ့အညီ လှီးဖြတ်ရယူထားကြပါတယ်။ တရုတ်နိုင်ငံမှာ မွတ်စလင်အများစုရှိတဲ့ မြောက်ပိုင်းဟာ ဂျုံထွက်ရာဒေသတစ်ခု ဖြစ်တာကြောင့် စားသောက်ဆိုင်တိုင်းမှာ ခေါက်ဆွဲနဲ့ နံပြားတွေကို အဓိကထားပြီး မုန့်တွေ လုပ်ကြပါတယ်။
    အစ္စလာမ်ဘာသာဝင်အများစုရှိရာ မြို့တွေရဲ့ ညဈေးတွေမှာဆိုရင် ‘ချွမ်းအာ’ လို့ခေါ်တဲ့ ကဘတ်စ်တွေဟာ မပါမဖြစ် ဟင်းလျာတစ်ခုပါ။ ကဘတ်စ်တွေမှာ များသောအားဖြင့် ဇီရာစေ့တွေ ဖြူးထားလေ့ရှိပြီး ဇီရာဟာ ဒီဒေသက ကဘတ်စ်အတွက် အသုံးအများဆုံး ဟင်းခတ် အမွှေးအကြိုင်လည်း ဖြစ်ပါတယ်။ သိုးသားကတော့ လူ
    ကြိုက်အများဆုံးဖြစ်ပြီး ကလီစာကနေ၊ ဦးနှောက်အထိ အစိတ်အပိုင်းအားလုံးကို ချက်ပြုတ်ကာ စားသောက်ကြပါတယ်။ တရုတ်မွတ်စလင်ဟင်းလျာတွေက အစပ်ဖက်ကို ယိမ်းပါတယ်။ အာလူး၊ ခရမ်းချဉ်သီးနဲ့ ငရုပ်ပွတွေဟာ ဟင်းလျာတိုင်းမှာ မပါမဖြစ် သီးနှံတွေပါပဲ။
    လန်ကျိုးမြို့ရှိ ဟွေ စားသောက်ဆိုင်တစ်ခုမှ မြင်ကွင်း
    တရုတ်နိုင်ငံမှာ အဓိက တရုတ်မွတ်စလင်လူမျိုးစု နှစ်ခုရှိပြီး ‘ဟွေ’ နဲ့ ‘၀ီဂါ’ တို့ ဖြစ်ပါတယ်။ ဒီလူမျိုးစုနှစ်ခုဟာ ဘာသာတူကြပေမယ့် ဟင်းလျာချက်ပြုတ်မှု၊ သုံးစွဲတဲ့ ပါဝင်ပစ္စည်းတွေကတော့ တော်တော်လေး ကွဲပါတယ်။
    နင်ရှာပြည်နယ်မှာ အများစုနေထိုင်ပြီး ဂန်းဆူ၊ ကျင်းဟိုင်၊ ဇင်းကျန်းပြည်နယ်တွေနဲ့ တိဘက်မှာ ပြန်နှံ့နေကြတဲ့ ဟွေမွတ်စလင်တွေဟာ အမဲသားနဲ့ သိုးသားခေါက်ဆွဲတွေကို စွဲစွဲမြဲမြဲ စားသုံးမှုအတွက် လူသိများပါတယ်။ သန့်ရှင်းသပ်ရပ်မှုဟာ သူတို့ စားသောက်ဆိုင်တွေရဲ့ အမှတ်အသားလိုဖြစ်နေပြီး တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့၊ စီးကရက်၊ အရက်နဲ့ လောင်းကစားကို ရှောင်ရှားဖို့ဆိုတဲ့ ဘာသာတရားရဲ့ သွန်သင်ချက်က ပေါက်ဖွားလာတာလည်း ဖြစ်ပါတယ်။ လူမျိုးစုသက်တမ်း နှစ်ပေါင်း ၁၂၀၀ ရှိပြီဖြစ်တဲ့ ဟွေတွေဟာ တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်ပြီး ပိုးလမ်းမကြီးမှာ အခြေချနေထိုင်ကြတဲ့ အာရပ်၊ ပါရှန်ကုန်သည်တွေရဲ့ အနွယ်တွေ ဖြစ်ပါတယ်။
    လန်ကျိုး အမဲသားခေါက်ဆွဲပြုတ်
    နောက်ပိုင်းနှစ်တွေမှာ တရုတ်ရဲ့ အဓိက လူ့အဖွဲ့အစည်းထဲကို ကောင်းမွန်စွာ ၀င်ရောက် အသားကျသွားခဲ့ပြီး၊ သူတို့ရဲ့ အမှတ်သညာအတွက် ဘာသာတရားကို အဓိကထား သတ်မှတ်ခဲ့တာကြောင့် တရုတ်နိုင်ငံက တရားဝင်လူမျိုးစု ၅၆ စုမှာ ပါဝင်ခဲ့ပါတယ်။ ဟွေမွတ်စလင်တွေရဲ့ ဟင်းလျာကို ‘ကျင်းယန်’ လို့ခေါ်ပြီး ဘာသာပြန်ရင်တော့ ‘စစ်မှန်သည့် အမှန်တရား’ လို့ အဓိပ္ပါယ်ရပါတယ်။ ‘ကျင်း’ ဆိုတဲ့စကားလုံးဟာ ‘စိမ်းပြာရောင်’ လို့လည်း အဓိပ္ပါယ်ထွက်ပါတယ်။ ဟွေတို့ရဲ့ စားသောက်ဆိုင်တိုင်းမှာ ဒီစိမ်းပြာရောင်ကို အမှတ်လက္ခဏာတစ်ခုအဖြစ် အသုံးပြုကြပြီး၊ ဟာလာလ်အစားအသောက် ရရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။
    တရုတ်နိုင်ငံ ဂန်းဆူပြည်နယ်မြို့တော် ‘လန်ကျိုး’ ကို အစွဲပြုမှည့်ခေါ်တဲ့ လန်ကျိုး အမဲသား ခေါက်ဆွဲပြုတ်ကို အဓိကထားရောင်းတဲ့ ဆိုင်ပိုင်ရှင်အများစုဟာလည်း ဟွေတွေပဲ ဖြစ်ပါတယ်။ မုန်လာဥ၀ါ၊ လန်ကျိုးမြို့ရဲ့ အပြင်ဘက် လယ်တောတွေထဲမှာ မွေးထားတဲ့ အမဲသား၊ လက်လုပ်ခေါက်ဆွဲတွေကို အရသာရှိရဲ့ ငရုပ်ဆီ၊ ငရုပ်
    ကောင်းတွေနဲ့ ပေါင်းစပ်ချုက်ပြုတ်ထားတဲ့ ဒီ ခေါက်ဆွဲပြုတ်ဟာ လျှောပေါ်မှာ စွဲငြိသွားမယ့် အရသာမျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
    ၁၉၁၅ ခုနှစ်မှာ ဟွေလူမျိုးစုကနေ ဆင်းသက်လာတဲ့ မာဘောင်ဇီဆိုတဲ့ မွတ်စလင်အမျိုးသားတစ်ဦးဟာ ဒီလန်ကျိုးခေါက်ဆွဲပြုတ်ကို တီထွင်ခဲ့တာဖြစ်ပြီး ဟွေလူမျိုးတွေထဲမှာ လူကြိုက်များခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတစ်ဝှမ်း လန်ကျိုးခေါက်ဆွဲပြုတ်ဆိုင်ပေါင်း ၂ သောင်းကျော်လောက် ရှိနေပြီး ဒါဟာ အနည်းဆုံး ခန့်မှန်း တွက်ချက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆိုင်တွေကို တစ်ဦးတည်းက ကိုင်ထားတာ၊ ဗဟိုက ထိန်းချုပ်ထားတာမျိုး မရှိပါဘူး။ လန်ကျိုး ခေါက်ဆွဲရဲ့ ဂုဏ်သတင်းဟာ စွန့်ဦးစီပွားရေးလုပ်ငန်းရှင်တွေကြောင့်လည်း ပိုမိုကျော်ကြားလာခဲ့ပြီး ခေါက်ဆွဲပြုတ်ကောင်းကောင်းတစ်ခွက် ရဖို့အတွက် ဘာတွေက အရေးပါလဲဆိုတဲ့ ငြင်းခုန်မှုအပေါ်မှာ ထိုးတက်လာတဲ့ စီးပွားရေး တစ်ခုလည်းဖြစ်ပါတယ်။
    ဟွေမွတ်စလင်များ၏ ခေါက်ဆွဲဟင်း
    ဟွေမွတ်စလင်တွေဟာ ချက်နည်းပြုတ်နည်းမှာ တရုတ်နိုင်ငံတစ်ဝှမ်းလုံးက တိဘက်လူ့အဖွဲ့အစည်းတွေနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိပါတယ်။ တိဘက်က မြို့အများစုမှာ နှစ်ပေါင်း ရာနဲ့ချီ နေထိုင်ခဲ့ကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းလေးတွေကို တွေ့ပါတယ်။ ဗုဒ္ဓဘာသာက သားကောင်တွေသတ်ဖြတ်တဲ့အလုပ်ကို အားမပေးတဲ့အတွက် တိဘက်တွေဟာ သူတို့စားတဲ့ အသားတွေကို ကိုယ်တိုင်သတ်ဖြတ်ခြင်း မပြုတာကြောင့် တိဘက်ဒေသက ဟွေမွတ်စလင်တွေဟာ ကစိုင်အလုပ်ကို မျိုးရိုးနဲ့ချီပြီး လုပ်ကိုင်ကြပါတယ်။ တိဘက်တွေက ဟွေမွတ်စလင်တွေကို နွားမွှေးရှည်ကို ငွေသားနဲ့ရောင်းပြီး၊ ဟွေတွေက ဒီနွားတွေကို ပေါ်ကာ ဈေးမှာ တိဘက်တွေအတွက်အသား ပြန်ရောင်းကြပါတယ်။
    လန်ကျိုးမြို့မှ လမ်းဘေးဈေးသည်တစ်ဦး
    တာ့က်အနွယ်တွေဖြစ်တဲ့ ၀ီဂါတွေကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရုရှား၊ အာဖဂန်၊ အိန္ဒိယတို့နဲ့ ထိစပ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇင်းကျန်းပြည်နယ်မှာ အဓိက နေထိုင်ပါတယ်။ ဟွေတွေနဲ့မတူတာက ၀ီဂါတွေဟာ ယူရေးရှားသွင်ပြင်လက္ခဏာပေါက်နေပြီး ကိုယ်ပိုင် ဘာသာစကားကို အသုံးပြုကာ သူတို့ရဲ့ ဟင်း
    လျာတွေကလည်း အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်ဟင်းလျာတွေကို ပေါင်းစပ်ထားတာပါ။
    လက်လုပ်ခေါက်ဆွဲကို သိုးသား၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ငရုပ်ကောင်းမှုန့်တွေနဲ့ ရောနှောကာ သိုးသားအဆီနဲ့ ချက်ပြုတ်တဲ့ လဂ်မန် ခေါက်ဆွဲဟာ ဇင်ကျန်းပြည်နယ်မှာ ထင်ရှားပါတယ်။ နောက်ထပ် ၀ီဂါတွေရဲ့ ထူးခြားတဲ့ ဟင်းတစ်မယ်ကတော့ ‘ဒါပန်ဂျီ’ လို့ခေါ်တဲ့ ‘ကြက်ဒေါင်းလန်း’ ဟင်းဖြစ်ပါတယ်။ ပြုတ်ကြော်အ
    စပ်လုပ်ထားတဲ့ ကြက်သားကို၊ ငရုပ်သီး၊ ငရုပ်ကောင်းမှုန့်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီး များသောအားဖြင့် ခေါက်ဆွဲနဲ့ ရောသမကာ စားသုံးကြပါတယ်။
    ဇင်းကျန်းရှိ ကြက်ဒေါင်းလန်းဟင်း
    နိဂုံးချုပ်ရမယ်ဆိုရင်တော့ တရုတ်မွတ်စလင်တွေရဲ့ အစေားအသောက်တွေက များပြားလွန်းပြီး သုံးတဲ့အသားက သိပ်များပေမယ့် အရသာဖက်မှာတော့ စုံလင်လှပါတယ်။ ဟွေတွေရဲ့ ဟင်းလျာတွေဟာ ခေါက်ဆွဲကိုအဓိကထားပြီး တရုတ်အရသာဖက်ကို ပိုယိမ်းပါတယ်။ ၀ီဂါတွေကတော့ တာက့်ရိုးရာအရသာ လွှမ်းမိုးပါတယ်။ ဒီလူမျိုးစုနှစ်ခုစလုံးဟာ သိုးသား၊ ဇီရာနဲ့ ဂျုံတွေကို အသုံးပြုရာမှာတော့ လက်ဖွာပါတယ်။
    ဇင်းကျန်းပြည်နယ် ကက်ရှ်ဂါရ်မြို့မှ ဂီရ်ဒါ နံပြား
    Ref: Munchies
  • ကျွန်မက ဟီဂျဘ်ဝတ် တရုတ်အမျိုးသမီးတစ်ဦးပါ
    ‘ကျွန်မက ဟီဂျဘ်ဝတ် တရုတ်အမျိုးသမီးတစ်ဦးပါ’ ဆိုတဲ့ ဒီ ဗီဒီယိုအတိုလေးထဲမှာ
    ဘာသာအယူဝါဒတွေအားလုံး အနည်းအနဲ့အများ နှိပ်ကွပ်ထားတဲ့ ကွန်မြူနစ် တရုတ်နိုင်ငံမှာ မွတ်စလင်အမျိုးသမီးတစ်ဦးက သူ့ရဲ့ ယုံကြည်မှုကို နှလုံးသားမှာ ဘယ်လို တည်တံ့စေသလဲ…
    ဘာသာတရားက သတ်မှတ်ထားတဲ့ အိနြေ္ဒသိက္ခာရှိမှု တန်ဖိုးကို ခေတ်ရေစီးကြောင်းနဲ့ သဟဇာတဖြစ်အောင် ဘယ်လို ထိန်းသိမ်းထားလဲ ….
    ပညာပြည့်ဝ နှလုံးလှအောင်လုပ်ပြီး ခွဲခြားဆက်ဆံမှုကို အံတုကာ ကိုယ့်ခြေထောက်ပေါ်မှာ ဘ၀ကို ဘယ်လို ရပ်တည်သလဲ …. စတာတွေကို ရှုစားရမှာပါ။
    BBC သတင်းဌာနက တင်ဆက်တဲ့ ဒီဗီဒီယိုအတိုလေးကို မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ အတုယူ လေ့လာနိုင်အောင် M-Media က ဘာသာပြန်ဆို ဖော်ပြတာဖြစ်ပါတယ်။
  • တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ
    တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ
    မတ် ၂၊ ၂၀၁၇
    M-Media
    – အနောက်တိုင်းမီဒီယာတွေဟာ ဘရုစ်လီ၊ ဂျက်ကီချန်း၊ ဂျက်လီ စတဲ့ တရုတ်သရုပ်ဆောင်တွေရဲ့ တိုက်ခိုက်ရေးပညာတွေကို အဓိကထား အာရုံစိုက် ဖော်ပြကြပြီး တရုတ်မွတ်စလင်တွေနဲ့ တရုတ်သိုင်းပညာအကြား ဆက်နွယ်မှုတွေကိုတော့ ကြားဖူးကြသူ သိပ်မရှိပါဘူး။ ရှေးခေတ် ကုန်သွယ်မှုလုပ်ငန်းဟာ အာရပ်မွတ်စလင်တွေနဲ့ တရုတ်လူမျိုးတွေအကြား ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီး၊ ကမ္ဘာ့အရှေ့ခြမ်းမှာ အစ္စလာမ်သာသနာ ပြန့်နှံ့ဖို့အတွက်၊ တရုတ်မွတ်စလင်ဆိုတဲ့ အမှတ်သညာတစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့အတွက် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်အရင်ကို ပြန်ကြည့်မယ်ဆိုရင် အစောပိုင်း တရုတ်မွတ်စလင်တွေရဲ့ စစ်ရေးစစ်ရာ ခေါင်းဆောင်မှုပိုင်းမှာ အဓိကကျနေမှုက တရုတ်မွတ်စလင်တွေနဲ့ ကိုယ်ခံပညာအကြား ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုရဲ့ အစ ဖြစ်လာပါတယ်။
    တရုတ်နိုင်ငံက အစ္စလာမ့်သမိုင်းကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဟွေလူမျိုး မွတ်စလင်တွေကလည်း နိုင်ငံအတွင်းမှာ အကြီးဆုံး မွတ်စလင်လူနည်းစု လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အစ္စလာမ်သာသနာကို စတင်ဟောကြားသူ တမန်တော်မုဟမ္မဒ်သခင် ကွယ်လွန်ပြီး ၁၉ နှစ်လောက် အကြာမှာပဲ အာရေဗျနဲ့ တရုတ်အကြား ဆက်ဆံရေးဟာ တည်ငြိမ်နေပြီဖြစ်ပါတယ်။ အာရပ်ဒေသအတွင်း စနစ်ကျတဲ့ အစ္စလာမ်သာသနာပြုလုပ်ငန်းကို အစ္စလာမ့်အင်ပါယာရဲ့ တတိယ
    သမ္မတ အွတ်စ်မန်သခင်လက်ထက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း ကုန်သွယ်မှုလုပ်ငန်းက အစ္စလာမ်သာသနာ ပြန့်နှံ့မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။
    ဟွေမွတ်စလင်တွေကတော့ အာရေဗျနဲ့ တရုတ်တို့ရဲ့ ပေါင်းစည်းမှုကနေ ပေါ်ထွက်လာတာဖြစ်ပြီး အစ္စလာမ့်ထုံးတမ်းတွေ စီးဝင်နေတဲ့ တရုတ်ယဉ်ကျေးမှုစစ်စစ်တစ်ခုကို ဖြစ်တည်စေခဲ့ပါတယ်။ ဒီလို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို အဓိကအားဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံအနှံ့အပြားမှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေဟာ အစ္စလာမ့်သိပ္ပံဆိုင်ရာ ပညာရပ်တွေကို သင်ကြားရာနေရာဖြစ်သလို တ
    ရုတ်သိုင်းပညာရပ်တွေကို ထိန်းသိမ်းရာနေရာတွေလည်း ဖြစ်လို့နေပါတယ်။
    အချိန်ရှည်ကြာပြီး ကုန်တစ်တန်၊ ရေတစ်တန်သွားရတဲ့ ကုန်သွယ်ခရီးတွေမှာ မိမိကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ယူလေ့လာခြင်းသာမကဘဲ ဒီသိုင်းပညာတွေဟာ မွတ်စလင် သူတော်စင်ကြီးတွေအတွက် နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မိမိရဲ့မနောကို ချုပ်တည်းထိန်းချုပ်မှုဆိုတာ သိုင်းပညာနဲ့ အစ္စလာမ့်သွန်သင်မှုတို့ကို ရောင်ပြန်ဟပ်စေတဲ့ ကျင့်ကြံမှုတစ်ခု ဖြစ်ပါတယ်။
    မိမိရဲ့ အကုသိုလ်စိတ်ကို ထိန်းချုပ်ခြင်းဆိုတဲ့ အစ္စလာမ့်ရဲ့ သွန်သင်ချက်ကို တရုတ်မွတ်စလင် သိုင်းပညာရှင်ကြီးတွေက ရုပ်ပိုင်းဆိုင်ရာနယ်ပယ်မှာပါ အသုံးပြုခဲ့ကြပါတယ်။ လက်တွေ့လိုက်နာကြသူတွေဟာ ဒီသွန်သင်ချက်ကို ရုပ်ပိုင်းရော၊ နာမ်ပိုင်းဆိုင်ရာမှာပါ အဓိကထား ကျင့်သုံးခဲ့ကြပါတယ်။ မွတ်စလင်တွေဟာ အေးဆေးတည်ငြိမ်ပြီး စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဆုံးဖြတ်ချက် မှန်မှတ်ကန်ချရမယ်ဆိုတဲ့ သွန်သင်ချက်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ “လူတို့အား လှဲချနိုင်သူသည် သူရဲကောင်းအစစ်အမှန်မဟုတ်၊ သူရဲကောင်းအစစ်မှန်ဆိုသည်မှာ ဒေါသထွက်ချိန်၌ ထိုဒေါသကို ချုပ်တည်းနိုင်သူသာဖြစ်သည်” ဆိုတဲ့ သြ၀ါဒတော်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
    ဆီလတ်နဲ့ ၀ူရှူးတို့လို အမျိးမျိုးသော သိုင်းပညာတွေကို လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ တရုတ်မွတ်စလင်တွေက ပြည့်စုံစေခဲ့တာပါ။ တရုတ်မွတ်စလင်တွေ စတင်ဖန်တီးခဲ့တဲ့၊ ပြုပြင်ခဲ့တဲ့ သိုင်းပညာတွေလည်း များစွာရှိနေပြီး ကျောက်ချွမ် (Zhaquan) နဲ့ ပီဂွာချွမ် (Piguquan) တို့လို ကွန်ဖူးပညာတွေလည်း ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီလို သိုင်းပညာတွေကို တစ်ခါတစ်ရံ စစ်တပ်အရာရှိတွေက ဒါမှမဟုတ် တရုတ်နိုင်ငံက မွတ်စလင်တွေ လုံခြုံမှုရှိစေဖို့ တီထွင်ဖန်တီးခဲ့ကြတာဖြ
    စ်ပြီး မျိုးဆက်ပေါင်းများစွာ လျှို့ဝှက် လက်ဆင့်ကမ်းလာခဲ့ကြတာပါ။
    တရုတ်နိုင်ငံက အစ္စလာမ်သာသနာနဲ့ ဒီလိုသိုင်းပညာတွေ ပေါင်းစည်းကြတဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ တရုတ်မွတ်စလင် သိုင်းဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဥပမာအားဖြင့် မာစတာ ၀မ်ဇီဖျင် (၁၈၈၁-၁၉၇၃)၊ မာစတာ ချန်တုံရှန်း (၁၉၀၈-၁၉၈၆) တို့ဖြစ်ပြီး ဘာသာတရားကို နှလုံးသားထဲကိန်းဝပ်စေကာ ဒီသိုင်းပညာတွေကို လေ့ကျင့် ထိန်းကျောင်းခဲ့ကြတာပါ။ ပြီးတော့ အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်စေဖို့ ကျင့်ကြံအားထုတ်ရာမှာနဲ့ အစ္စလာမ်သာသနာကို သွန်သင်ဖြန့်ချီရာမှာလည်း ဒီသိုင်းပညာကို နည်းလမ်းတစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။
    မာစတာ ၀မ်ဇီဖျင်ကတော့ ၀ူရှူး သိုင်းပညာရှင်ကြီးဖြစ်ပြီး ဘာသာတရားနဲ့တွဲကာ အဲဒီသိုင်းပညာကို ကျင့်ကြံ အားထုတ်ခဲ့တာပါ။ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို မ,လျက်နဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်မှုဟာ သူ့ရဲ့ကျော်ကြားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ကျင်ကျိုးဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ဖို့ ဂျာမန်တပ်ဖွဲ့တွေရဲ့ ကြိုးစားမှုကို ဆန့်ကျင်ခဲ့တဲ့ သူ့ရဲ့ ဇာတ်ကြောင်းဟာ တရုတ်မွတ်စလင်သမိုင်းမှာ ထင်ထင်ရှားရှား မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ မာစတာဝမ်ဟာ တရုတ်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်သညာကို ထိန်းသိမ်းခဲ့ရုံသာမက စစ်သားတွေကို စိန်ခေါ်ကာ ၀ိတ်မပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူပါ။
    အခြားသော တရုတ်သိုင်းပညာတွေကို ထုံးလိုချေ ရေလိုနှောက်ခဲ့တဲ့ မာစတာဝမ်ဟာ တရုတ်ပြည်သူတွေ လေးစားအားကျရသူတစ်ယောက်လည်းဖြစ်ပါတယ်။
    အမျိုးမျိုးသော သိုင်းပညာတွေမှာ တစ်ဖက်ကမ်းခပ်တော်ခဲ့တဲ့ မာစတာဝမ်ဟာ နိုင်ငံခြား ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့တဲ့ သမိုင်းရှိပါတယ်။ တပည့်တပန်းပေါင်းများစွာရှိပြီး တရုတ်ပြည်သူတွေကြားထဲ အစ္စလာမ်သာသနာ ပြန့်ပွားရေးကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
    တကယ်တော့ တရုတ်နိုင်ငံမှာ သိုင်းပညာတွေနဲ့ အစ္စလာမ့် သွန်သင်မှုဟာ ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုနဲ့ သမိုင်းကြောင်း ရှိနေပြီး နှစ်ခုစလုံးဟာ ပိုမိုကြီးမားတဲ့ ရည်ရွယ်ချက်မျိုး အောင်မြင်ပေါက်ရောက်နိုင်တဲ့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ဒီလို တစ်ခုအပေါ်တစ်ခု ရောင်ပြန်ဟပ်နေခြင်းက ကမ္ဘာ့အရှေ့စွန်းစွန်းမှာ အစ္စလာမ်သာသနာပြန့်ပွားမှုကို ဦးတည်စေခဲ့သလို၊ ဒီသိုင်းပညာကို လက်တွေ့ ကျင့်သုံး ထိန်းသိမ်းမှုကလ
    ည်း စစ်မှန်တဲ့အစ္စလာမ်သာသနာနဲ့အတူ တရုတ်ယဉ်ကျေးမှုရဲ့ ထူးခြားဆန်းကျယ်မှု မပျောက်ပျက်စေတဲ့ ဓလေ့တစ်ခုကို ကာကွယ်ရာမှာ အကူအညီဖြစ်စေခဲ့ပါတယ်။
    ကမ္ဘာကျော် ဟောင်ကောင် သိုင်းရုပ်ရှင်ဖြစ်တဲ့ IP Man ဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်းသားကို ၀မ်ချွမ် သိုင်းပညာ သင်ကြားပေးသူက အစ္စလာမ်ဘာသာဝင် အမ်ဂျစ် အလီဖြစ်ပြီး၊ အလီဟာ အစ္စလာမ်သာသနာနဲ့ သိုင်းပညာတို့အကြားတူညီမှုတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အယူအဆတွေကို ဖွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။
    Ref: themuslimvibe.com
  • တရုတ်နိုင်ငံတွင် အာရဘီသင်ကြားရေး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ပြဌာန်း
    တရုတ်နိုင်ငံတွင် အာရဘီသင်ကြားရေး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ပြဌာန်း
    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media
    china
    ၂၀၁၄ ခုနှစ်တွင် ငလျင်ဒဏ်သင့် ယူနန်ပြည်နယ်မှ ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုနေသည့် တရုတ်မွတ်စလင်တစ်ဦး
    – တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုချင်း ပေါင်းကူးရန် ကြိုးစားနေသည့် ဆော်ဒီ စာရေးဆရာမနှင့် တက်ကြွလှုပ်ရှားသူ နက်စ်ရင်းမ် ကာဝက်စ်က မိမိတို့အနေဖြင့် တရုတ်နိုင်ငံတွင် ပထမဆုံး အစိုးရအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းဖြင့် အာရဘီဘာသာစကားသင်ကြားမှုကို စတင်နေပြီဟု ပြောကြားခဲ့သည်။
    ပညာရေးဆိုင်ရာ အာဏာပိုင်များက ပြဌာန်းပေးထားသော အဆိုပါသင်ရိုးညွှန်းတမ်းတွင် သင်ကြားမှုအဆင့်များ ခွဲထားပြီး၊ စာအုပ်၊ စီဒီတို့နှင့် ပြည့်စုံသော သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကာ နားထောင်မှု စွမ်းရည်၊ စကားပြောစွမ်းရည် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။
    ယဉ်ကျေးမှုများအကြား ပေါင်းကူးရန် ရည်ရွယ်သည့် အဆိုပါ သင်ရိုးညွှန်းတမ်း မပြဌာန်းခင် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ နိုင်ငံတာ ဖောင်ဒေးရှင်း (OSAS International Foundation for Culture and Creativity) က သုတေသနနှင့် လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ကာဝက်စ်က ဆိုသည်။
    ကာဝက်စ်မှာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို ပညာသင်ရေးဆိုင်ရာ ရှုထောင့်မှ ၇ နှစ်ကြာ လေ့လာခြင်း၊ သုတေသနပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ပညာရေးဆိုင်ရာ စာအုပ်များ ပေါ်ပေါက်လာရေးတွင် ထည့်သွင်းစဉ်စားရမည့် အချက်များ၊ သင်ကြားမှု၊ သင်ယူမှု ပုံစံအမျိုးမျိုးနှင့်အတူ အထူးသင်ရိုးညွှန်းတမ်းတစ်ခု ရှိရမည်ဟု ကောက်ချက်ချခဲ့သည်။
    ၎င်းကမူ တရုတ်နိုင်ငံ ပညာရေးအတွက် စာအုပ်ကောင်းများရှိနေသောကြောင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ သုတေသနနှင့် ခိုင်မာသည့် သုံးသပ်ချက်များကို အခြေခံကာ သင်ရိုးညွှန်းတမ်းတွင် ပါဝင်မည့် လေ့ကျင့်ခန်းများ၊ ဇာတ်လမ်းများနှင့် ဖျော်ဖြေရေးကဏ္ဍတို့တွင် ထူးထူးခြားခြား အကူအညီဖြစ်စေနိုင်မည့် အရေးပါသော ဇာတ်ကောင်းများ၊ လိုအပ်သည်များကို စဉ်းစားကာ အာရဘီ ဘာသာစကားဆိုင်ရာ စာအုပ်များကို ရေးသားပြုစုခဲ့ပြီး အာရဘီဘာသာစကား သင်ယူရေးအတွက် သင်ရိုးညွှန်းတမ်းတစ်ခုကိုလည်း ရေးဆွဲခဲ့သည်ဟု ဆိုသည်။
    ကာဝက်စ်မှာ တရုတ်နိုင်ငံတွင် နေထိုင်သည့် ၇ နှစ်တာကလအတွင်း ပြုလုပ်ခဲ့သော သုတေသနနှင့် လေ့လာမှုများကို အခြေခံကာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတကာ ဆက်ဆံရေး စာအုပ်ပေါင်း ၅ အုပ် ရေးသားထုတ်ဝေခဲ့သည်။ သူမ၏ သုတေသနပြုမှု၊ လေ့လာမှုများအတွက် ၂၀၁၆ ခုနှစ်တွင် တရုတ်သံအမတ်၏ ဂုဏ်ပြုမှုကိုလည်း ခံခဲ့ရသည်။
    Ref : Arabnews
  • အမေရိကတိုက်ကို ကိုလံဘတ်အရင် တရုတ်မွတ်စလင်စစ်သူကြီးက တွေ့ခဲ့တာလား
    အမေရိကတိုက်ကို ကိုလံဘတ်အရင် တရုတ်မွတ်စလင်စစ်သူကြီးက တွေ့ခဲ့တာလား
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    map
    – သက္ကရာဇ် ၁၄၀၅ ခုနှစ်မှာ တရုတ်မွတ်စလင်စစ်သူကြီး ကျန်းဟီဟာ တရုတ်နိုင်ငံကနေ အနောက်ဖက် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး ရေကြောင်းခရီးစဉ် ၇ ခု သွားခဲ့ပါတယ်။ အဲဒီအချိန်ကနေ နောက်ထပ် နှစ် ၃၀ အတွင်းမှာ ‘မင်’ မင်းဆက်ရဲ့ ထောက်ပံ့မှုနဲ့အတူ ကမ္ဘာ့အကြီးဆုံး ရေယာဉ်အုပ်ကို ကွပ်ကဲကာ ကျန်းဟီဟာ အာဖရိက အရှေ့ဖက်ကမ်းရိုးတမ်းကနေ ပါရှန်ပင်လယ်ကွေ့အတွင်းပိုင်းအထိ ရွက်လွှင့်ခဲ့ပါတယ်။
    ဒါပေမယ့် တစ်ချို့လူတွေကတော့ စစ်သူကြီးကျန်းဟီဟာ ဒီထက်ပိုပြီးတောင် ရောက်ခဲ့တယ်လို့ ယုံကြည်ထားကြပြီး အကြောင်းကတော့ ယခုဆောင်းပါးမှာ ဖော်ပြထားတဲ့ မြေပုံကြောင့်ပဲဖြစ်ပါတယ်။ General chart of the integrated world လို့အမည်ပေးထားတဲ့ ဒီမြေပုံကို ၁၄၁၈ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး အခုလက်ရှိ ဖော်ပြထားတာကတော့ ၁၈ ရာစုက မိတ္တူမှန်ဖြစ်ပါတယ်။ အဲဒီမြေပုံထဲမှာ ကျန်းဟီတွေ့ရှိခဲ့တဲ့ ကမ္ဘာကြီးကို ရေးဆွဲထားတာပါ။ ဒီထဲကအတိုင်း သူတွေ့ခဲ့တာ အမှန်ဖြစ်မယ်ဆိုရင်တော့ သမိုင်းကို အသစ်ပြန်ရေးတော့မှာဖြစ်ပါတယ်။
    ဘာ့ကြောင်လဲဆိုတော့ ရေကြောင်းခရီးနဲ့ ကမ္ဘာပတ်ခဲ့တဲ့ ကျန်းဟီဟာ အမေရိကတိုက်ကို ကိုလံဘတ်စ်မတိုင်ခင် နှစ်ပေါင်း ၇၀ ကျော်အရင်ကတည်းက တွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။
    အဲဒီမြေပုံကို ၂၀၀၁ ခုနှစ်က ရှန်ဟိုင်းရှေ့နေတစ်ယောက်ဖြစ်တဲ့ လျိုဂန်းက ဖော်ထုတ်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်း ဆိုင်တစ်ခုကနေ ကန်ဒေါ်လာ ၅၀၀ နဲ့ ၀ယ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမြေပုံက ကျန်းဟီဟာ ၀င်ရိုးစွန်းနှစ်ခုက သမုဒ္ဒရာတွေ၊ အမေရိက၊ မြေထဲပင်လယ်နဲ့ သြစတေးလျ စတာတွေကို ရောက်ခဲ့တယ်ဆိုတဲ့ သက်သေဖြစ်တယ်လို့ သူက ယုံကြည်နေပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက ဗြိတိန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂါဗင်မန်ဇီဟာ 1421: the year China discovered the world (၁၄၂၁ – တရုတ်က ကမ္ဘာကြီးကိုတွေ့ရှိသောခုနှစ်) ဆိုတဲ့ စာအုပ်အတွက် ဒီမြေပုံကို အထောက်အထားအဖြစ် အသုံးပြုခဲ့ပါတယ်။
    ဒီမြေပုံပေါ်က တိုက်ကြီးတွေကို ထင်ထင်ရှားရှား ခွဲခြမ်းစိတ်ဖြာ ပြထားပါတယ်။ မြေပုံမှာပါဝင်တဲ့ အချို့သော ပုံပန်းသွင်ပြင်တွေက တရုတ်ဆန်ပြီး၊ ပန်ကာပုံစံ အပြာရောင်လှိုင်းတွန့်လေးတွေကို သင်္ကေတတွေကတော့ တရုတ်ရဲ့ မြေပုံရေးဆွဲရာမှာ အစဉ်အဆက် အသုံးပြုလေ့ရှိတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ နောက်ပြီး နေရာဒေသတွေအတွက်လည်း စာနဲ့ ရေးသားဖော်ပြထားပါတယ်။ ဒီမြေပုံရဲ့ အသေးစိတ်ကျမှုက တော်တော်လေး အံ့သြစရာကောင်းပါတယ်။ စာရွက်ပေါ်မှာ ကမ္ဘာကြီး လုံးဝန်းမှုကို ဖော်ပြဖို့အတွက် ကမ္ဘာလုံးပုံစံ အ၀ိုင်းနှစ်ခုကို အသုံးပြုထားတယ်။ တောင်နဲ့ မြောက်အမေရိကရဲ့ နယ်နမိတ်မျဉ်းတွေ၊ မြစ်တွေက ကုန်းမြေထဲ စီးဝင်နေတာတွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အဲဒီမြေပုံမှာ အာတိတ်ဒေသကိုလည်း မြင်နိုင်ပြီး ကျန်းဟီမွေးဖွားရာ ဟိမ၀န္တာတောင်တန်းကိုလည်း ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်တန်းအဖြစ် မှတ်သားဖော်ပြထားပါတယ်။
    zheng-he
    တရုတ်မွတ်စလင်စစ်သူကြီး ကျန်းဟီ
    ဒီလိုအသေးစိတ်ဖော်ပြထားတာက လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဥရောပသားတွေကသာ ကမ္ဘာကြီးကို ဒီလိုပုံစံနဲ့ဖော်ပြကြတာပါ။ ဥရောပက စူးစမ်းရှာဖွေသူတွေဟာ ဒီလို ခရီးမျိုးကို နှစ်ပေါင်းရာနဲ့ချီ ပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၃၀ သာ ပင်လယ်ခရီးသွားတဲ့တဲ့ ကျန်းဟီရဲ့ခရီးမှာ ဒီမြစ်ကြောင်းတွေကို သတ်သတ်မှတ်မှတ်ဖော်ပြနိုင်တာကိုက မယုံနိုင်လောက်စရာ ဖြစ်ခဲ့ပါတယ်။ အာတိတ်ဒေသဟာ ၁၅၉၃ ခုနှစ် ‘မင်’ မင်းဆက်လက်ထက် တရုတ်မြေပုံမှာမှ ပထမဆုံး ပါဝင်လာတာပါ။ ကမ္ဘာ့အကြီးကျယ်ဆုံး တောင်တန်းကိုလည်း ၁၉ ရာစုလောက်မှ သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    “ဒီမြေပုံက လုံးဝ မယုံကြည်နိုင်စရာပဲဗျ” လို့ British Columbia တက္ကသိုလ်က ပရော်ဖက်ဆာ တီမော်သီ ဘရုက်က ဆိုပါတယ်။ သူကတော့ ကျန်းဟီရဲ့ ဒီမြေပုံဟာ ၁၇ ရာစုက ဥရောပသားတွေရဲ့ မြေပုံကို ကူးရေးထားတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ဒီမြေပုံမှာရှိနေတဲ့သမိုင်းကြောင်း၊ မကြာခင်က ကျန်းဟီ စန်းပွင့်လာခြင်းတွေက စိတ်ဝင်စားစရာတော့ ကောင်းနေတုန်းပါပဲ။ ကျန်းဟီဟာ ကြီးကျယ်တဲ့ ရေကြောင်းသွားလာသူတစ်ဦးဖြစ်ပေမယ့် ၁၉၉၀ ပြည့်နှစ်လောက်အထိ အမေ့ခံထားရသူပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်းဟာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတော့တယ်။ ဘရုက်ကတော့ ‘အနောက်တိုင်းမှာ ကိုလံဘတ်ရှိရင် တရုတ်ပြည်မှာလည်း တစ်ယောက်လိုတယ်’ လို့ ဆိုပါတယ်။
    ဒီမြေပုံရဲ့ စစ်မှန်မှုနဲ့ပတ်သက်ပြီး ငြင်းခုန်မှုတွေကတော့ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့စင်မြင့်ပေါ်က အခန်းကဏ္ဍနဲ့ပတ်သက်လို့ လက်ရှိ ငြင်းခုံမှုတွေကိုလည်း ကိုယ်စားပြုနေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကျန်းဟီဟာ တရုတ်နိုင်ငံရဲ့ ကြီးကျယ်တဲ့ လမ်းသစ်ဖောက်သူတစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့ စောစောပိုင်းကတည်းကရှိခဲ့တဲ့ နိုင်ငံရပ်ခြားနဲ့ ငြိမ်းချမ်းစွာ ကူးလူးဆက်နွယ်မှု ပြယုဂ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတက ကျန်းဟီဟာ အမေရိကကိုတွေ့ရှိတယ်လို့ မပြောခဲ့ပေမယ့်လည်း သူ့ရဲ့ ရေကြောင်းခရီးတွေက တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံရပ်ခြား သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖော်ဆောင်နေတဲ့ လက်ရှိရေကြောင်းပိုးလမ်းမကြီးအတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
    ကိုလံဘတ်စ်နဲ့ ကျန်းဟီတို့ ၂ ဦးစလုံးဟာ ရေကြောင်းခရီးစဉ်တွေကို သွားရောက်ခဲ့ကြမေယ့်လည်း သူတို့နှစ်ဦးရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး ခြားနားပါတယ်။ ကိုလံဘတ်စ်က ကုန်ရောင်းကုန်ဝယ်အတွက် သွားတာဖြစ်ပြီး ကျန်းဟီကတော့ သံခင်းတမန်ခင်းအတွက် သွားတာဖြစ်ပါတယ်။ ကျန်းဟီဟာ ယုံလီအင်ပါယာရှင်ကို သစ္စာစောင့်သိဖို့အတွက် အခြားတိုင်းပြည်တွေကနေ သံတမန်တွေ ခေါ်ဆောင်လာဖို့ ရည်ရွယ်ချက်နဲ့ ခရီးထွက်ခဲ့တာပါ။ ယုံလီဟာ ထီးနန်းကို တူဖြစ်သူဆီကနေ အတင်းအဓမ္မသိမ်းယူပြီးနောက်ပိုင်း သူ့ရဲ့ တရားဝင်မှုကို ခိုင်မာစေရေး နည်းလမ်းရှာဖို့ လိုအပ်လာတာကြောင့် ကျန်းဟီကို ဒီလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
    ကျန်းဟီသေဆုံးသွားမှုနဲ့အတူ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်စူးစမ်းရှာဖွေမှုဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီအချိန်က ငွေကြေးများစွာကုန်ကျမယ့် အဲဒီလိုခရီးစဉ်တွေကို ငွေကြေးထောက်ပံ့ဖို့ စိတ်အားထက်သန်မှုမရှိတဲ့ အင်ပါယာရှင်အုပ်စိုးတဲ့အချိန် ဖြစ်ပါတယ်။ နာက်ထပ် နှစ်ရာပေါင်းများစွာကြာသည့်တိုင်အောင် တရုတ်နိုင်ငံက ဒီကဏ္ဍမှာ လှုပ်ရှားမှု မရှိတော့ပါဘူး။ တကယ်လို့များ တရုတ်ရေယာဉ်တွေဟာ ဒီလို စူးစမ်းရှာဖွေမှုတွေ ဆက်လုပ်ခွင့်ရမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာကတော့ သမိုင်းဆိုင်ရာ ဟာကွက်ကြီးတစ်ခု ဖြစ်လို့နေပါတယ်။ ဒါ့ကြောင့် ကိုလံဘတ်စ်ဟာ ဒီဟာကွက်ကိုဖြည့်ပြီး ကမ္ဘာသစ်ကို သွားရောက်နိုင်ခဲ့ပါတယ်။ ကျန်းဟီကတော့ ပင်လယ်ထဲ ဒါမှမဟုတ် အိမ်မှာပဲ လူမသိသူမသိ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ အခုတော့ တရုတ်နိုင်ငံအပြင်ဘက်က အနည်းငယ်သာ သူ့အကြောင်းကို သိကြပါတော့တယ်။
    Ref : 1843magazine.com