News @ M-Media

Tag: Islam in India

  • မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    အောက်တိုဘာ ၂၊ ၂၀၂၃
    M-Media

    -မဏိပူရမှာ ဟိန္ဒူလူမျိုးစု ကသည်းတွေနဲ့ ခရစ်ယာန်လူမျိုးစု ကူကီးတို့အကြား ဖြစ်ပွားနေတဲ့ လူမျိုးရေး အဓိကရုဏ်း ပြေလည်စေဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းက ကြိုးပမ်းပေးနေပါတယ်။

    မဏိပူရက အစ္စလာမ်ဘာသာ၀င်ကို ပန်ဂါလ်လို့ ခေါ်ပါတယ်။

    ကသည်းတွေနဲ့ ကူကီးတွေရဲ့ လူမျိုးရေးအဓိကရုဏ်းဟာ မေလကတည်းက စတင်ခဲ့တာပါ။ လက်ရှိမှာ အဲဒီ လူ့အဖွဲ့အစည်းနှစ်ခုဟာ ပြည်နယ်အတွင်း သီးခြားစီဖြစ်သွားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြပါတယ်။

    ပန်ဂါလ်မွတစ်လင်တွေက ဒီအဓိကရုဏ်း အမြန်ချုပ်ငြိမ်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နေကြပါတယ်။ အထူးသဖြင့် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ခေါ်ယူ စောင့်ရှောက်ကျွေးမွေးပြုစုထားတာမျိုး ဖြစ်ပါတယ်။

    မငြိမ်သက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မေလအစောပိုင်းမှာ ကူကီးလူမျိုး ၃ ထောင်လောက်ဟာ ပြည်နယ်မြို့တော် အင်ဖာက မွတ်စလင်ရပ်ကွက်ထဲ ပြေး၀င်ခိုလှုံခဲ့ရပါတယ်။ ပန်ဂါလ်မွတ်စလင်တွေက ကူကီးတွေကို နေရာထိုင်ခင်း ပေးခဲ့ပြီး၊ ချက်ပြုတ်ကျွေးမွေးခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ခေါ်ယူပြီး ကူကီးတွေကိုအပ်ကာ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

    ကသည်းနဲ့ ကူကီးတွေ အတွေ့ခံလို့မရတဲ့ လက်ရှိအခြေအနေမှာ မွတ်စလင်တွေက နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးပေးသူတွေ ဖြစ်လာပါတယ်။

    ကသည်းရပ်ကွက် ကူကီးမ၀င်ရ၊ ကူကီးရပ်ကွက် ကသည်းမ၀င်ရလို့ ရန်ငါ စည်းခြားထားပေမယ့် နှစ်ဖက်စလုံးက မွတ်စလင်တွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံကြပါတယ်။

    “လက်ရှိတိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့က ဘယ်ဘက်မှ မပါဘူး။ အဲဒီ လူမျိုး ၂ မျိုးစလုံးက ကျွန်တော်တို့ ရန်သူတွေမှမဟုတ်ဘဲ။ ဒါ့ကြောင့် နှစ်ဖက်စလုံးကို ကျွန်တော်တို့ သွားလာလို့ ရပါတယ်” လို့ ပန်ဂါလ်မွတ်စလင် တက္ကဆီယာဥ်မောင်းတစ်ယောက်က ပြောပါတယ်။

    လူများစု ဟိန္ဒူဘာသာ၀င် ကသည်းလူမျိုးတွေက မဏိပူရဌာနေ ကူကီးလူမျိုးတွေလို သီးခြားအခွင့်အရေး တောင်းရာကနေ လူမျိုးရေး အဓိကရုဏ်း စတင်ခဲ့တာဖြစ်ပါတယ်။ ကသည်းတွေသာ သီးခြားအခွင့်အရေး ရသွားရင် သူတို့ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားမှာကို ကူကီးတွေက ကြောက်ရွံ့နေကြတာပါ။

    ရန်စောင်နေကြတဲ့ နှစ်ဖက်အသိုင်းအ၀ိုင်းကို ကူညီရတဲ့ မွတ်စလင်တွေရဲ့ အနေအထားကလည်း မလွယ်ပါဘူး။ စိတ်သဘောထားပြင်းထန်တဲ့ ကူကီးနဲ့ ကသည်းအချို့ရဲ့ ရန်လိုမှုနဲ့လည်း ကြုံတွေ့ရပါတယ်။

    မဏိပူရမွတ်စလင်တွေကတော့ သူ့တို့ရဲ့ ရပ်တည်ချက်အတိုင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    Ref: Siasat

    (ဓာတ်ပုံ – အင်ဖာမြို့မှ ဆာဒါ ဘဇားရ် ဂျာမေဗလီ)

  • စာသင်ခန်းများအတွင်း အမြစ်တွယ်လာပြီဖြစ်သည့် အိန္ဒိယမှ ဘာသာရေးအမုန်းတရား

    စာသင်ခန်းများအတွင်း အမြစ်တွယ်လာပြီဖြစ်သည့် အိန္ဒိယမှ ဘာသာရေးအမုန်းတရား

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ မွတ်စလင်ကလေးငယ်တစ်ဦးကို အတန်းပိုင်ဆရာမ ကိုယ်တိုင်က ဘာသာရေးအကြမ်းဖက်မှု ကျူးလွန်ခဲ့ပါတယ်။ 

    တရက်တာ တယာဂီလို့ အမည်ရတဲ့ ဆရာမဟာ အသက် ၇ နှစ်အရွယ် မွတ်စလင်ကျောင်းသား မိုဟာမက် အလ်တာမက်ရှ်ကို အတန်းရှေ့ထွက်ရပ်ခိုင်းကာ ဟိန္ဒူကျောင်းသား တစ်ဦးစီ ခေါ်ပြီး ပါးရိုက်ခိုင်းခဲ့တာပါ။ 

    မွတ်စလင်မုန်းတီးရေးစကားတွေကိုလည်း တယာဂီက ပြောကြားခဲ့ပြီး ရိုက်တာ အားမပါရင် ခပ်ပြင်းပြင်းရိုက်ဖို့လည်း ကျောင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    တယာဂီဟာ Neha ပုဂ္ဂလိကကျောင်းရဲ့ ကျောက်အုပ်ဆရာမလည်း ဖြစ်ပါတယ်။ 

    အလ်တာက်ရှ်ဟာ ၂ နာရီလောက် မတ်တတ်ရပ်ပြီး ပါးရိုက်ခံခဲ့ရပါတယ်။

    သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက် ဗီဒီယိုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီး နိုင်ငံတစ်၀ှမ်းက ၀ေဖန်မှုတွေလည်း ရှိလာပါတယ်။ 

    မွတ်စလင်တွေကို ကျောင်းပေးမတက်သင့်ကြောင်း ဆရာမက ပြောဆိုခဲ့ပြီး ကျောင်းတာ၀န်ရှိသူလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကလည်း ဒီစကားကို ထောင်းခံကြောင်း ပြောကြားတာကို ဗီဒီယိုမှာ ကြားရပါတယ်။ 

    “မနေ့က ကျွန်မသားလေး ငိုပြီး ပြန်လာတယ်။ သူစိတ်ဒဏ်ရာ ရသွားပြီ။ ကလေးတွေကို ဒီလိုလုပ်တာမျိုးက မကောင်းပါဘူး” လို့ မိခင် ရူဘီနာက ပြောပါတယ်။ 

    ဖခင် မိုဟာမက် အီရ်ရှက်ကလည်း အတန်းပိုင်ဆရာမဟာ ကျောင်းသားတစ်ဦးချင်းဆီကို ခေါ်ပြီး သူ့ကို ပါးရိုက်ခိုင်းတယ်လို့ သားဖြစ်သူက ပြောကြားကြောင်း ဖြေကြားခဲ့ပါတယ်။ 

    “စာကျက်ခိုင်းတာ မရလို့ဆိုပြီး ဒီလိုလုပ်တယ်လို့ ဆရာမက ပြောတယ်။ ကျွန်တော့်သားက လူတော်ပါ။ ကျူရှင်လည်းတက်တယ်။ ဆရာမက ဘာ့ကြောင့် ဒီလိုလုပ်လဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ အမုန်းတရားတွေ ဖုံးမနိုင် ဖိမရဖြစ်နေပြီ”

    နိုင်ငံတစ်၀ှမ်း အလွန်အမင်းပြန့်နှံ့နေတဲ့ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှု ရလဒ်ဖြစ်တယ်လို့လည်း အီရ်ရှက်က ပြောပါတယ်။ 

    ဆရာမ တယာဂီဟာ အရင်ကလည်း မွတ်စလင်ကျောင်းသားတွေကို ဒီလိုလုပ်လေ့ရှိတယ်လို့ ရူဘီနာက ပြောပါတယ်။ အလ်တာမက်ရှ်မတိုင်ခင် ရက်ပိုင်းအရင်ကလည်း ရူဘီနာတို့ အမျိုး ကျောင်းသားတစ်ဦးလည်း ဒီလိုအကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

    နောင်တမရ 

    ဆိုရှယ်မီဒီယာမှာ အကြီးအကျယ် ၀ေဖန်မှုတွေ ရှိလာခဲ့ပြီးတဲ့နောက် တယာဂီဟာ တောင်းပန်စကား ပြောခဲ့ပါတယ်။ 

    ဒါပေမယ့် ဒီလုပ်ရပ်အတွက် မရှက်ဘူးလို့ သူမက ဆိုပါတယ်။ 

    “ရှက်စရာမလိုဘူးလေ။ တစ်ရွာလုံးကို စာသင်ပေးနေတဲ့ ဆရာမပဲ။ တစ်ရွာလုံး ငါ့ဘက်မှာ ရှိတယ်” 

    ကလေးတွေကို ထိန်းကြောင်းနိုင်ဖို့အတွက် ဒီလိုလုပ်တာဖြစ်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ကျောင်းတည်ရှိရာ မူဇာဖာရ်နာဂါမြို့ ရဲတပ်ဖွဲ့က ဖခင်ရဲ့ တိုင်ကြားမှုကြောင့် လက်ရှိမှာ အမှုဖွင့်ထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: NDTV, Aljazeera 

  • မွတ်စလင်ဆန့်ကျင်ရေး အားကောင်းလာသည့် အိန္ဒိယက ဟာရ်ယာနာ ပြည်နယ်

    မွတ်စလင်ဆန့်ကျင်ရေး အားကောင်းလာသည့် အိန္ဒိယက ဟာရ်ယာနာ ပြည်နယ်

    သြဂုတ် ၁၄၊ ၂၀၂၃

    M-Media


    ဇူလိုင်လ ၃၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် မွတ်စလင်စျေးဆိုင်များ မီးရှို့ဖျက်ဆီးခံထားရစဥ်

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်မှာ မွတ်စလင်တွေကို သပိတ်မှောက်ဖို့နဲ့ မောင်းထုတ်ဖို့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ဆော်သြလာပါတယ်။ 

    ဇူလိုင်လ ၃၁ ရက်နေ့ ဟိန္ဒူဘုရားပွဲ လှည့်လည်မှုအတွင်း ဟိန္ဒူလူအုပ်က မွတ်စလင်ရပ်ကွက်တွေကို ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒီလို လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါ။ 

    တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့၀င် ၂ ဦး၊ ဗလီဆရာတစ်ဦး အပါအ၀င် ၆ ဦးသေဆုံးခဲ့ကာ ဗလီ၀တ်ကျောင်းတော်တစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

    ပြည်နယ်ရဲတပ်ဖွဲ့က တိုက်ခိုက်မှုနဲ့ပတ်သက်သူ ၃၁၂ ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

    အဲဒီနောက်ပိုင်း ဟိန္ဒူအစွန်းရောက် အဖွဲ့အစည်းတွေက ဆန္ဒပြမှုတွေ လုပ်ဆောင်ကာ မွတ်စလင်တွေကို မောင်းထုတ်ဖို့၊ သပိတ်မှောက်ဖို့ ဆော်သြလာကြပါတယ်။ 

    ဟန်စီမြို့မှာ သြဂုတ်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့ Bajrang Dal ရဲ့ ဆန္ဒပြမှုမှာ ခေါင်းဆောင် ကရစ်ရှ်နား ဂွါဂျာက ဟိန္ဒူစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မွတ်စလင်အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    “မွတ်စလင်အလုပ်သမားတွေကို ခန့်ထားတဲ့ ဆိုင်တွေရဲ့ရှေ့မှာ အဲဒီဆိုင်ကို သပိတ်မှောက်ကြောင်း ငါတို့ ပိုစတာလာကပ်မယ်။ ဟိန္ဒူသစ္စာဖောက်တွေအဖြစ် ကြေငြာသွားမယ်” 

    မွတ်စလင်စျေးဆိုင်တွေ ထွက်သွားဖို့လည်း ကရစ်ရှ်နားက သတိပေးခဲ့ပါတယ်။ 

    “ဒီမှာ ဟိန္ဒူစျေးဆိုင်တွေပဲရှိရမယ်။ ၂ ရက်အတွင်း မွတ်စလင်စျေးဆိုင်တွေ ရှိနေသေးရင် ဖြစ်လာသမျှနောက်ဆက်တွဲဟာ ဖွင့်တဲ့လူရဲ့တာ၀န်သာ ဖြစ်လိမ့်မယ်” 

    ရိုဟင်ဂျာတွေလို အပြင်ကရောက်လာတဲ့ မွတ်စလင်တွေကိုသာ ဖယ်ရှားပစ်ဖို့ ပြောတာလို့ အလ်ဂျာဇီးရားသတင်းဌာနက မေးမြန်းမှုကို ကရစ်ရှ်နားက ဖြေကြားခဲ့ပါတယ်။ 

    ဟန်ဆီမြို့က မွတ်စလင်တွေအားလုံးကို မောင်းထုတ်ဖို့ ရည်ရွယ်လားလို့ မေးမြန်းရာမှာ

    “Bajrang Dal အဖွဲ့ဟာ ဘယ်သူကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ ငါတို့ကိုယ်တိုင်က ကြောက်နေမှာမဟုတ်သလို ဟိန္ဒူလူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်တာမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး” 

    မွတ်စလင်တွေရဲ့ စီးပွားရေးကို သပိတ်မှောက်ဖို့ တိုက်တွန်းဆော်သြလာတာဟာ လူအဖွဲ့အစည်းတစ်ခုလုံးကို ပိုမို ဖိနှိပ်အကြမ်းဖက်ဖို့ အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမုန်းစကားကိစ္စ တိုင်ကြားမှုတွေမှာ ပါ၀င်ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ရှာရွတ်ခ် အလမ်က ပြောပါတယ်။ 

    “ဒီတိုင်းပြည်မှာ မွတ်စလင်တွေ အခွင့်အရေးမရှိဘူးလို့ သူတို့ ထင်မြင်နေကြောင်း ဒီတောင်းဆိုမှုတွေကနေ သိရပါတယ်။ နောက်ပိုင်းမှာ မြို့တွေ၊ ခရိုင်တွေကနေ မောင်းထုတ်တာအထိ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရဲ့ ညီညွတ်မှုနဲ့ လုံခြုံရေးကို ဒီတောင်းဆိုမှုတွေက ထိပါးနေသလို၊ အခြေခံဥပဒေမှာ အာမခံပေးထားတဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်”

    ဟိန္ဒူအစွန်းရောက်အဖွဲ့တွေရဲ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့က လိုက်ပါစောင့်ရှောက်ပေးတာတွေကိုလည်း သူမက ထောက်ပြပါတယ်။ 

    “အမုန်းဆောင် ဒီချီတက်မှုတွေကို ရဲတပ်ဖွဲ့၀င်တွေ ဘေးကနေ လိုက်ပါ ကာကွယ်ပေးတာတွေကို တစ်ခါတစ်ရံမှာ တွေ့ရပါတယ်။ ဒီကိစ္စကို အရေးယူမှုမရှိတာဟာ တရားရုံးချုပ်ရဲ့ အမိန့်ကို ရဲတပ်ဖွဲ့က ချိုးဖောက်တာလည်း ဖြစ်ပါတယ်” 

    အမုန်းစကားပြောဆိုမှုကိစ္စတွေမှာ တိုင်ကြားတာကိုမစောင့်ဘဲ ချက်ခြင်းအရေးယူရမယ်လို့ အိန္ဒိယ တရားရုံးချုပ်က ၂၀၂၃ ခုနှစ် ဧပြီလမှာ အမိန့်ထုတ်ပြန်ထားတာပါ။ 

    တီဂရာဆိုတဲ့ ရွာတစ်ခုမှာ ဟိန္ဒူလူအုပ်က သြဂုတ်လ ၆ ရက်နေ့မှာ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဂရူဂရမ်ခရိုင် အန်ဂျူမန် ဂျာမေဗလီက ဗလီဆရာတစ်ဦးကို သတ်ဖြတ်မှုအတွက် ဖမ်းဆီးခံထားရတဲ့သူတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

    Bajrang Dal အစွန်းရောက်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကူဘူရှန် ဘာဒွက်ဂျ်က မွတ်စလင်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို နှောက်ယှက်ဖျက်ဆီးနေသူတွေဖြစ်ကြောင်း၊ မြို့အတွင်းမှာ နေထိုင်တာ၊ အလုပ်လုပ်တာ၊ နေအိမ်ငှားတာတွေကို ခွင့်ပြုမှာမဟုတ်ကြောင်း ဆန္ဒပြမှုမှာ ပြောကြားခဲ့ပါတယ်။ 

    ပြည်နယ်အတွင်း ခရိုင် ၃ ခုက ရွာပေါင်း ၅၀ ကျော်မှာ ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက မွတ်စလင်တွေ ရွာအတွင်း မ၀င်ရောက်ရဘူးလို့ စာထုတ်ဟန့်တားခဲ့ပါတယ်။ 

    ဒီလိုဟန့်တားမှုကို ၀န်ကြီးချုပ် နရန်ဒရာမိုဒီ ကြည်ညိုတဲ့ ဟိန္ဒူလက်ယာစွန်းရောက် ခေါင်းဆောင်တစ်ဦးက ထောက်ခံကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    မွတ်စလင်လူငယ်အား ရိုက်သတ်ခဲ့သူများကို အိန္ဒိယတရားရုံးက ထောင် ၁၀ နှစ်ချ

    ဇူလိုင် ၆၊ ၂၀၂၃

    M-Media


    – လွန်ခဲ့တဲ့ ၄ နှစ်က မွတ်စလင်လူငယ် တစ်ဦးကို ၀ိုင်းရိုက်ခဲ့တဲ့ အမျိုးသား ၁၀ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ 

    ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် တက်ဘ်ရက်ဇ် အန်ဆာရီကို ဆိုင်ကယ်ခိုးတယ်ဆိုပြီး ဟိန္ဒူလူအုပ်က ၀ိုင်းရိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အန်ဆာရီကို ဓာတ်တိုင်မှာ ကြိုးတုပ်ထားပြီး လူအုပ်က ၀ိုင်း၀န်း ရိုက်နှက်နေတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ လူအုပ်ဟာ အန်ဆာရီကို ဘာသာရေးအကြမ်းဖက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားရှိခိုးစာတွေကို အတင်းအဓမ္မ ဆိုခိုင်းခဲ့တာပါ။ လူအုပ်ဟာ တညလုံး အန်ဆာရီကို နှိပ်စက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နောက်တစ်နေ့မှ လာရောက်ဟန့်တားပြီး အန်ဆာရီကို ဖမ်းခေါ်သွားခဲ့ပါတယ်။ 

    အန်ဆာရီဟာ ဦးခေါင်းထိခိုက်မိကာ ၃ ရက်ကြာ ၀ေဒနာအပြင်းအထန် ခံစားခဲ့ရပြီး ဇွန်လ ၂၂ ရက်နေ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေ မြင့်တက်လာတာကြောင့် ဂျာ့ခ်ဟန်း ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ပထမပိုင်းမှာ လူသေမှုနဲ့သာ စွဲချက်တင်ခဲ့ပြီး၊ ပြစ်တင်ခံရတဲ့အတွက် နောက်ပိုင်းမှ လူသတ်မှု ထပ်ပေါင်းထည့်ခဲ့တာပါ။ 

    ပြီးခဲ့တဲ့တစ်ပတ် တရားရုံးက စီရင်ချက်ချရာမှာ လူသတ်မှုအတွက် သက်သေမခိုင်လုံဆိုတဲ့အကြောင်းပြချက်ပေးပြီး လူသေမှုနဲ့သာ လူ ၁၀ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချီ ချမှတ်ခဲ့ပါတယ်။ 

    Ref: BBC

  • အစွန်းရောက်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် အိန္ဒိယ မွတ်စလင်များ

    အစွန်းရောက်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် အိန္ဒိယ မွတ်စလင်များ

    ဇွန် ၁၄၊ ၂၀၂၃

    M-Media 

    -အိန္ဒိယမြောက်ပိုင်းက ရွာငယ်လေးတစ်ရွာမှာ ဒေသခံမွတ်စလင်တွေဟာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

    အူတာရက်ဟန်းပြည်နယ်က ပူရိုလာဆိုတဲ့ရွာမှာ ဖြစ်ပါတယ်။ မွတ်စလင်လူငယ်နှစ်ယောက်က ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ မေလအတွင်းက စွပ်စွဲချက်တစ်ခုကို ဟိန္ဒူအစွန်းရောက်အဖွဲ့နှစ်ခုဖြစ်တဲ့ Vishwa Hindu Parishad နဲ့ Bajrang Dal တို့က အမြတ်ထုတ်လာတာပါ။ 

    ဇွန်လ ၁၅ ရက်နေ့မတိုင်ခင် ရွာကနေ အပြီးပြောင်းရွှေ့ဖို့ မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေမှာ အစွန်းရောက်တွေက စာလိုက်ကပ် ခြိမ်းခြောက်ခဲ့ကြပါတယ်။ 

    ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ ဟိန္ဒူအဖွဲ့တွေက ပြန်ပေးဆွဲမှုဟာ “အချစ်ဂျီဟတ်” ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

    မွတ်စလင်တွေဟာ ဟိန္ဒူအမျိုးသမီးတွေကို လက်ထပ်ကာ ဘာသာပြောင်းခိုင်းပြီး ဟိန္ဒူဘာသာကွယ်ပျောက်အောင် လုပ်ဆောင်နေတယ်လို့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက စွပ်စွဲပြီး ဒါကို “အချစ်ဂျီဟတ်” လို့ သူတို့ကိုယ်တိုင် အမည်ပေးထားတာ ဖြစ်ပါတယ်။ 

    အိန္ဒိယကိုအုပ်စိုးနေတဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရ ကိုယ်တိုင်က နိုင်ငံအတွင်း မွတ်စလင်တွေထံမှာ “အချစ်ဂျီဟတ်” လို စီမံကိန်းမျိုး မရှိဘူးလို့ ၀န်ခံထားပါတယ်။ 

    ပူရိုလာမှာတော့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက “အချစ်ဂျီဟတ်” ခေါင်းစဥ်ကို တွင်တွင်ကျယ်ကျယ်သုံးကာ မွတ်စလင်တွေကို မောင်းထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်။ 

    မေလ ၂၉ ရက်နေ့မှာ ဒီအဖွဲ့တွေက ဆန္ဒပြမှု ပြုလုပ်ကာ မွတ်စလင်တွေကို ရွာကနေ နှင်ထုတ်ဖို့ အစိုးရကို လူသိရှင်ကြား တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်ဟာ မွတ်စလင်တွေကို စော်ကားပြောဆိုမှုတွေလုပ်ကာ အိမ်တွေ၊ ဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ 

    “ကောင်လေးတွေကိုလည်း ဖမ်းထားပြီ။ ရဲကလည်း စုံစမ်းစစ်ဆေးနေပြီ။ ဒီလူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ။ အိမ်တွေ၊ ဆိုင်တွေကနေ ကျွန်တော်တို့ကို ထွက်သွားစေချင်ကြတာလား။ ကျွန်တော်တို့ ဘယ်သွားရမှာလဲ။ ဒီမှာ မျိုးဆက်ပေါင်းများစွာ ကျွန်တော်တို့ နေခဲ့ကြတာပါ” လို့ အမည်မဖော်လိုတဲ့ မွတ်စလင်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။ 

    ဇွန်လ ၁၅ ရက်နေ့မှာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေ အစည်းအ၀ေးတစ်ခု ကျင်းပဖို့ရှိနေပြီး ပူရိုလာရွာက မွတ်စလင်တစ်ချို့ကတော့ ရွာကနေ တိမ်းရှောင်နေကြပါတယ်။ 

    ပူရိုလာနဲ့ မ၀ေးတဲ့ ဘာရ်ကော့ရွာမှာလည်း ဒီလှုပ်ရှားမှု ကူးစက်သွားပြီး မွတ်စလင်တွေပိုင်တဲ့ ဆိုင်တစ်ချို့မှာ အလိုမရှိဆိုတဲ့ စာရွက်တွေ ကပ်ကာ ခြိမ်းခြောက်လာကြပါတယ်။ 

    အူတာရက်ဟန်းကို ဟိန္ဒူသီးသန့်ပြည်နယ်ဖြစ်လာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ အရင်ကတည်းက ရှိခဲ့ပြီး မွတ်စလင်တွေနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေကို အမြဲမပြတ် အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera