News @ M-Media

Tag: Islam in India

  • အိန္ဒိယတွင် မွတ်စလင်တက္ကဆီယာဉ်မောင်းတစ်ဦး ဘာသာရေးအကြမ်းဖက်ခံရ

    အိန္ဒိယတွင် မွတ်စလင်တက္ကဆီယာဉ်မောင်းတစ်ဦး ဘာသာရေးအကြမ်းဖက်ခံရ

    ဩဂုတ် ၉၊ ၂၀၂၀
    M-Media

    အကြမ်းဖက်ခံခဲ့ရသည့် ဂါဖာရ် အဟ်မဒ်

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ်မှာ မွတ်စလင်တက္ကဆီယာဉ်​မောင်းတစ်ဦးဟာ လူ ၂ ဦးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

    ဆီကာရ်ခရိုင်မှာ သောကြာနေ့မနက် အစောပိုင်းက အသက် ၅၂ နှစ်အရွယ် တက္ကဆီယာဉ်မောင်း ဂါဖာရ်အဟ်မဒ်မောင်းလာတဲ့ ကားကို လူနှစ်ဦးကတားကာ ဆေးလိပ်တောင်းသောက်ပြီးတဲ့နောက် ဂါဖာရ်ကို ကားထဲကနေ ဆွဲထုတ်ပြီး ထိုးကြိတ်ကန်ကျောက်ခဲ့တာပါ။ ကျူးလွန်သူတွေဟာ ဟိန္ဒူဘုရားစာကို အဓမ္မဆိုခိုင်းခဲ့ပြီး၊ ‘မိုဒီအဓွန့်ရှည်ပါစေ’ လို့လည်း ပြောခိုင်းခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ဂါဖာရ်ဟာ မျက်နှာဖူးယောင်ဒဏ်ရာ၊ မျက်လုံးညိုမည်းဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ သူ သတိမေ့နေတဲ့အချိန် ရူပီ ၇၀၀ နဲ့ လက်ပတ်နာရီတစ်လုံး ခိုးယူသွားတယ်လို့လည်း ဂါဖာရ်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    ကျူးလွန်သူတွေဟာ အရင်က ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ မှတ်တမ်းရှိပြီး တရားရေးအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆီကာရ်ရဲစခန်းက Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အိန္ဒိယမှာ ဒါလစ်ဇာနိမ့်တွေ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေ အကြမ်းဖက်ခံရမှု မြင့်တက်လာခဲ့ပြီး ဟိန္ဒူဘုရားစာ အဓမ္မဆိုခိုင်းတာ၊ ဟိန္ဒူနတ်ဘုရားတွေကို ရှိခိုးခိုင်းတာလို ဘာသာရေးအကြမ်းဖက်မှုတွေလည်း ရှိလာပါတယ်။

    Ref: New Indian Express

  • ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီနေရာတွင် အုတ်မြစ်ချနေသည့် မိုဒီ

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ သမိုင်းဝင် ဘာဘရီဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းဆောင်လုပ်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဗုဒ္ဓဟူးနေ့မှာ အုတ်မြစ်ချပေးခဲ့ပါတယ်။

    မဂိုအင်ပါယာအုပ်စိုးစဉ် ၁၅၂၈ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဘာဘရီဗလီဝတ်ကျောင်းတော်ဟာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးဖြိုဖျက်မှုကို ခံခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုပါအဝင် လူ ၂၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

    ဘာဘရီဗလီနေရာဟာ ရာမနတ်ဘုရား မွေးဖွားရာနေရာဖြစ်ပြီး အရင်က ဟိန္ဒူဘုရားကျောင်း တည်ရှိခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

    ဘာဘရီဗလီနေရာအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့အကြား နှစ်ပေါင်း ၃၀ ကြာ တရားရင်ဆိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တရားရုံးချုပ်က ဗလီနေရာကို ဟိန္ဒူလူ့အဖွဲ့အစည်းထံပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဘာဘရီဗလီအစား ဗလီတစ်လုံး ဆောက်နိုင်ဖို့အတွက် အယွဒ္ဒယမြို့က အခြားနေရာမှာ မြေ ၅ ဧကကို မွတ်စလင်လူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့လည်း တရားရုံးချုပ်ရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ မထင်မှတ်ထားတဲ့ ဒီလိုသမိုင်းဝင်နေ့မျိုးကို ကြုံတွေ့ခွင့်ရတဲ့အတွက် အလွန်ကျေးဇူးတင်မိတယ်လို့ ဗုဒ္ဓဟူးနေ့က ဘုရားကျောင်းအုတ်မြစ်ချပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။

    ဘာဘရီဗလီနေရာမှာ ရှိလာမယ့် ရာမဘုရားကျောင်းကို ၃ နှစ်ခွဲအတွင်း အပြီးဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

    Ref : Aljazeera

  • အိန္ဒိယမွတ်စလင်များမှာ နာဇီလက်ထက် ဂျူးများ၏ အခြေအနေကို ကြုံနေရဟု အင်မရန်းခန်းပြော

    အိန္ဒိယမွတ်စလင်များမှာ နာဇီလက်ထက် ဂျူးများ၏ အခြေအနေကို ကြုံနေရဟု အင်မရန်းခန်းပြော

    ဩဂုတ် ၄၊ ၂၀၂၀
    M-Media

    -အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ တောင်အာရှရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်ကို ဖျက်ဆီးနေပြီး အိန္ဒိယဟာလည်း အစွန်းရောက်ဝါဒရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီလို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက စွပ်စွဲပြောကြားလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ဖို့ရှိနေတဲ့ အလ်ဂျာဇီးရားသတင်းဌာနဲ့ အင်တာဗျူးမှာ အင်မရန်းခန်းက အိန္ဒိယနဲ့ ဆက်ဆံရေး၊ ကက်ရှ်မီးယားအရေး၊ အိန္ဒိယက မွတ်စလင်တွေရဲ့အရေး စတာတွေကို ထည့်သွင်းပြောဆိုခဲ့တာပါ။

    အိန္ဒိယက မွတ်စလင်တွေဟာ နာဇီဂျာမနီမှာ ဂျူး​တွေ လူမျိုးတုန်းသတ်ခံရစဉ်က အနေအထားမျိုးကို ကြုံတွေ့နေရတယ်လို့လည်း အင်မရန်းခန်းက ဆိုပါတယ်။

    “အိန္ဒိယဟာ RSS ရဲ့ အစွန်းရောက်ဝါဒအောက်ကို ကျရောက်သွားပါပြီ။ အိန္ဒိယကမွတ်စလင်တွေ တွေ့ကြုံနေရတဲ့ အခြေအနေမဟာ နာဇီဂျာမနီလက်ထက် ဂျူးတွေကြုံခဲ့ရတဲ့ အနေအထားအတိုင်းပါပဲ”

    RSS ဟာ အိန္ဒိယတစ်ခုလုံးကို ဟိန္ဒူဇာတ်သွင်းချင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ဝါဒရေးရာ မိခင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဖက်တွေဖြစ်ပြီး ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ခွင့်ရရေးနဲ့ ပတ်သက်ပြီးတော့ စစ်ဖြစ်ဖူးပါတယ်။

    အင်မရန်းခန်းက အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပေမယ့် စီးပွားရေးအကျိုးစီးပွားတွေက အဟန့်အတားဖြစ်နေတယ်လို့ ဆိုပါတယ်။

    ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်မှာ ရုပ်သိမ်းခဲ့မှုကို အင်မရန်းခန်းက ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ကြောင့် ကက်ရှ်မီးယားရဲ့ စီးပွားရေး ပြိုလဲခဲ့ရသလို၊ အိန္ဒိယစစ်သား ၈ သိန်းနဲ့ လဟာပြင်အကျဉ်းထောင် ဖြစ်လာတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    -မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက နှစ် ၂၀၀ သက်တမ်းရှိတဲ့ ဗလီတစ်လုံးရဲ့ အမိုးခုံး ပြိုကျသွားပါတယ်။

    ‘မူဘာရက် ဘေဂွမ်’ လို့အမည်ရတဲ့ အဲဒီဗလီကို အိန္ဒိယအုပ်စိုးတဲ့ မဂိုအင်ပါယာကို ဗြိတိသျှက မဖယ်ရှားခင် ၁၈၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ မဂိုဗိသုကာလက်ရာကြွယ်၀ပြီး ဒေလီမြို့ဟောင်းရဲ့ သမိုင်းဝင်နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဗလီရဲ့အမည်ဟာ လှူဒါန်းတည်ဆောက်သူ အမျိုးသမီးရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။

    ဗလီအမိုးခုံးပြိုကျတဲ့ဓာတ်ပုံတွေဟာ အိန္ဒိယ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ပြန့်နှံ့ခဲ့ပြီး သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ တိုက်တွန်းဆော်ဩမှုတွေလည်း ရှိနေပါတယ်။ ဗလီဂေါပကအဖွဲ့ကတော့ အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုသီတင်းပတ် အစောပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နယူးဒေလီမှာ အဆောက်အဦးတွေပြိုတာ၊ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဇူလိုင် ၁၉၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလက မြို့တော်ဒေလီမှာဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ကျူးလွန်ခံရသူတွေကို ထိထိရောက်ရောက် ကာကွယ်မပေးခဲ့ဘူးလို့ အိန္ဒိယအစိုးရက ခန့်အပ်ထားတဲ့ လူနည်းစုအခွင့်အရေးမြှင့်တင်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

    အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ​ဒေလီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွကို အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံတဲ့ သူတွေက တိုက်ခိုက်ရာကနေ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တာပါ။

    ဒေလီကမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့သလို ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ၁၉၈၄ ခုနှစ် ဟိန္ဒူ-ဆစ်ခ် အဓိကရုဏ်းမှာ ဆစ်ခ်လူမျိုး ၃ ထောင်ကျော် အသတ်ခံရမှုနောက်ပိုင်း ဒေလီမှာ အဆိုးဝါးဆုံး လူမျိုးစုအဓိကရုဏ်းလည်း ဖြစ်ပါတယ်။

    ဒေလီလူနည်းစုရေးရာကော်မရှင် DMC ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဗလီ ၁၁ လုံး၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၅ ခု၊ မွတ်စလင်သူတော်စဉ် ဂူဗိမာန်တစ်ခုနဲ့ မွတ်စလင် သုဿာန်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်သူတွေဟာ မွတ်စလင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ စီးနင်းတဲ့ယာဉ်တွေကို သီးသန့် ရွေးချယ်ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မတားဆီးဘူးလို့ DMC က ဆိုပါတယ်။

    ကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်အစား ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒေလီရဲတပ်ဖွဲ့က ဒီအချက်ကို ငြင်းဆိုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားကာ တိုင်ကြားမှုတွေကို ဆက်လက်လက်ခံနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ​မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာအောင် မီးထိုးပေးသူတွေထဲမှာ ဒေလီလွှတ်တော်အမတ်ဟောင်း ကာပီလ် မစ်ရှ်ရာအပါအဝင် အာဏာရပါတီ BJP က အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်လို့လည်း DMC က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ BJP ပါတီပြောရေးဆိုခွင့်ရှိသူက ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera