News @ M-Media

Tag: Islam in India

  • ဒေလီအကြမ်းဖက်မှု နောက်ဆက်တွဲ မွတ်စလင်များနှင့် ရှေ့နေများကို ရဲက ခြိမ်းခြောက် အကြမ်းကိုင်နေ

    ဇန်နဝါရီ ၈၊ ၂၀၂၁
    M-Media

    ဒေလီမြို့မှ မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှု မြင်ကွင်းတစ်ခု

    -၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက မြို့တော်ဒေလီက မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေ၊ အမှုလိုက်ပေးနေတဲ့ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေပေါ် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုး ရှိတယ်လို့ ကာယကံရှင်တွေက ပြောကြားလိုက်ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP နဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့ RSS တို့ကို ထောက်ခံသူတွေက စတင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ လူ ၅၀ ကျော်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ပါတယ်။ ဗလီတွေ၊ မွတ်စင်လင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ကို ကန့်ကွက်တဲ့ ထိုင်သပိတ်ကို ဒီလူအုပ်စုက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မွတ်စလင်​ေတွရှိရာ ရပ်ကွက်တွေကို ပစ်မှတ်ထားခဲ့ကြတာပါ။ ဒါဟာ နှစ်ပေါင်း ၄၀ အတွင်း ဒေလီမှာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    ဒီအမှုမှာ မွတ်စလင်တွေဖက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်တာ၊ စီးနင်းတာတွေလည်း ရှိနေပါတယ်။

    ဒေလီက အသက် ၅၆ နှစ်အရွယ် ရှေ့နေ မဟ်မူးဒ် ပရာချာက ပြည်ထဲရေးဝန်ကြီး အေမစ်ရှားနဲ့ ပတ်သက်နိုင်တဲ့ အမှုတွေကို သူက ကိုင်တွယ်ထားတာကြောင့် သူ့အပေါ် အစိုးရက ပစ်မှတ်ထားလာတွေ ရှိတယ်လို့ ပြောပါတယ်။

    ပရာချာရဲ့ရုံးခန်းကို ပြီးခဲ့တဲ့လမှာ ဒေလီရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဒါဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    “ကျွန်တော်ရထားတဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်စီးနင်းတာပါ။ ပြည်ထဲရေး၊ ဒေလီရဲတပ်ဖွဲ့၊ RSS နဲ့ BJP ကေဒါတွေရဲ့ ပါဝင်ပတ်သက်မှုကို မဖော်ထုတ်နိုင်အောင်ပါ။ သူတို့ရဲ့အစီအစဉ်မှာ ကျွန်တော့်ကို လုပ်ကြံဖို့လည်း ပါဝင်ပါတယ်” လို့ ပရာချာက ပြောပါတယ်။

    BJP ပြောရေးဆိုခွင့်ရှိသူ ဟာရစ်ရှ် ကူရာနာက ပရာချာရဲ့ ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီး လူတွေအာရုံစိုက်လာအောင် လုပ်ဆောင်နေတာလို့ တုန့်​ပြန်ခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေလည်း ခြိမ်းခြောက်ခံရ

    မွတ်စလင်တွေကိုပစ်မှတ်ထားတဲ့ ဒေလီကအကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေကလည်း အမှုပိတ်ဖို့ ရဲတပ်ဖွဲ့က သူတို့ကို ဖိအားပေးတာမျိုး၊ ဒီလိုမလုပ်ရပ် နောက်ဆက်တွဲဆိုးကျိုး ခံစားရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ရှိတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။

    ပရာချာရဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နောက်တစ်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိခိုက်ခံစားရသူတွေက ရှေ့နေဟာ မမှန်မကန်ထွက်ဆိုခိုင်းတယ်ဆိုတဲ့ ခံဝန်ကို လက်မှတ်ထိုးဖို့ ရဲတပ်ဖွဲ့က သူတို့ကို ဖိအားပေးခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ ပရာချာက တုန့်ပြန်ခဲ့ပြီး ရဲတွေဟာ အမှုသည်တွေပေးထားတဲ့ အထောက်အထားတွေကို ဖျက်ဆီးဖို့ လုပ်နေကြောင်း၊ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အခြားရှေ့နေတွေကို ရဲတပ်ဖွဲ့က ခြိမ်းခြောက်တာတွေရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေလီအကြမ်းဖက်မှုမှာ ထိခိုက်ခံစားရသူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ တာမာနာ ပန်ကက်ရှ်ကလည်း ဒီကိစ္စမှာ ပါဝင်တဲ့ ရှေ့နေတွေအပေါ် အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတာကို ရဲတပ်ဖွဲ့က မြင်သာအောင် ပြနေတယ်လို့ ဆိုပါတယ်။

    “အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအချို့၊ ဆန္ဒပြမှုမှာ ပါဝင်တဲ့ လူအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။ ​ထောင်ချောက်ထဲဝင်အောင် လုပ်တာမျိုးပါ”

    အကြမ်းဖက်မှုမှာ ဖခင်ဖြစ်သူ အသတ်ခံခဲ့ရတဲ့ ဆာဟီလ် ပါရ်ဗက်ဇ်က သူဖွင့်ထားတဲ့ အမှုကို ပိတ်ဖို့ ရဲတွေက သူ့ကို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ပါရ်ဗက်ဇ်ရဲ့ ထွက်ဆိုချက်ကြောင့် ဟိန္ဒူအစွန်းရောက်အဖွဲ့ RSS အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူသတ်မှု၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု အပါအဝင် စွဲချက်များစွာနဲ့ တရားစွဲ ခံထားရပါတယ်။

    “ငါတို့ပြောတဲ့အတိုင်းမလုပ်ရင် တစ်ခြားအမှုတွေမှာ မင်းကို ဆွဲထည့်မယ်လို့ ရဲတွေက ပြောပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဆက်စပ်မှု ရှိပါတယ်။ ကျူးလွန်သူတွေက ပြောခိုင်းလို့ လာပြောတဲ့ပုံစံမျိုး ကျွန်တော်တို့ကို ရဲက ပြောတာပါ”

    ​BJP လွှတ်တော်အမတ်က ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံသွားရောက်ကာ ကူညီပေးမယ်လို့ ပြောကြားခဲ့တဲ့အတွက် တရားမျှတမှုကို မျှော်လင့်လို့မရဘူးလို့လည်း ပါရ်ဗက်ဇ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အကြမ်းဖက်မှုအတွင်း မျက်စိမှာဒဏ်ရာရရခဲ့တဲ့ မိုဟာမက် နာဆီရ်က တရားရုံးက အမှုဖွင့်ပေးဖို့ အမိန့်ပေးထားပေမယ့် ရဲတပ်ဖွဲ့က သူ့ရဲ့ တိုင်ကြားမှုကို အခုအချိန်အထိ လက်မခံဘူးလို့ ဆိုပါတယ်။

    “အမှုမဖွင့်ပေးတဲ့အပြင် မတိုင်ဖို့ပါ သူတို့က ကျွန်တော့်ကို ဖိအားပေးပါတယ်”

    ရှေ့နေ မဟ်မူးဒ် ပရာချာရဲ့ ရုံးခန်းကို ဝင်မစီးခင်မှာ ရဲတပ်ဖွဲ့က လာရောက်ပြီး ရှေ့နေပြောင်းဖို့၊ မပြောင်းရင် တစ်ခြားအမှုတွေမှာ ဆွဲထည့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း နာဆီရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူတွေဖက်ပင်းတာမျိုး၊ အမှုကို ဖျက်လိုဖျက်ဆီးဖြစ်အောင် လုပ်တာမျိုး ရှိတယ်လို့လည်း ဝေဖန်ပြောကြားခဲ့ကြပါတယ်။

    ဒေလီရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အနီလ်မစ်တဲလ်က ဒီကိစ္စကို သူတို့ မသိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    ဇန်နဝါရီ ၂၊ ၂၀၂၁
    M-Media

    အင်ဒိုရီခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု မြင်ကွင်း

    -နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်မြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အနည်းဆုံး ၃ ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၅၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်း ဆောက်လုပ်နိုင်ရေး ဟိန္ဒူလက်ယာစွန်းရောက်အုပ်စုတွေက လူစုပြီး ရန်ပုံငွေကောက်ခံမှုအတွင်း ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

    အင်္ဂါနေ့ အင်ဒိုရီခရိုင်က မွတ်စလင်အများစုနေထိုင်တဲ့ ကျေးရွာတစ်ခုကိုရောက်စဉ် ရန်ပုံငွေ လှည့်လည်ကောက်ခံတဲ့ ဟိန္ဒူလူအုပ်ဟာ ဗလီအရှေ့မှာရပ်ပြီး ဟိန္ဒူဘုရားစာတွေရွတ်တာ၊ အော်ဟစ်ရန်စတာတွေ လုပ်ဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဗလီကို လူအုပ်က စီးနင်းကာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။

    အခင်းဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က ရှိနေပေမယ့် လူအုပ်နဲ့ ရဲအင်အား မ​မျှတဲ့အတွက် တားဆီးဟန့်တားနိုင်မှု မရှိခဲ့ဘူးလို့ အိန္ဒိယရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ယိုဂတ်ရှ် ဒက်ရှ်မွခ်က ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှက်စရာကောင်းပြီး တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းတာဝန်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လူ ၂၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    မဒ်ယာပရာဒက်ရှ်ပြည်နယ် အူဂျန်ခရိုင်က မွတ်စလင်အများစုရှိတဲ့ ဘေဂွန်ဘဂ် ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က အလားတူဖြစ်ရပ်မျိုး​ ဖြစ်ပွားခဲ့ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီရဲ့ လူငယ်အဖွဲ့ BJYM ဟာ ဖျက်ဆီးခံ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်လုပ်ဖို့ လူစုပြီး ရန်ပုံငွေကောက်ခံစဉ် ဘေဂွန်ဘဂ်ရွက်ကွက်အတွင်း အကြိမ်ကြိမ်လှည့်လည်ကာ ဆဲဆို စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    အဲဒီနောက် BJYM လူအုပ်နဲ့ ဒေသခံတွေ အပြန်အလှန် ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့ပြီး ဘေဂွန်ဘဂ်ရပ်ကွက်က ဆိုင်ကယ်တွေ၊ ကားတွေ၊ ဆေးခန်းတစ်ခုနဲ့ အဆောက်အဦးတစ်ချို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    မန်ဆူရ်ခရိုင်မှာလည်း အင်္ဂါနေ့က ဟိန္ဒူလူအုပ်ဟာ ဗလီတစ်လုံးရဲ့ မင်နာရတ်မျှော်စင်ကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေအတွက် ရဲ့တပ်ဖွဲ့က လူ ၁၀၀ ကို အမှုဖွင့်ထားပြီး ၅၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    အတိုက်အခံ All India Majlis-e-Ittehadul Muslimeen ပါတီ အကြီးအကဲ အဆာအွတ်ဒင် အိုဝိုက်ဆီက အစိုးရကိုယ်တိုင် လူတွေကို အစွန်းရောက်အောင် လုပ်ဆောင်နေပြီး၊ အကြမ်းဖက်ဖို့ လှုံဆော်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ​မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရဲ့ BJP အစိုးရအဖွဲ့က တာဝန်ရှိသူ ရဂျ်နက်ရှ် အဂ်ရာဝါလ်က ရာဇဝတ်မှုကျူးလွန်သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    နိုဝင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီရ်ဟာရ်ပြည်နယ်မှာ မွတ်စလင်အမျိုးသမီးငယ်ကို ဟိန္ဒူအမျိုးသားတစ်ဦးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ဒီကိစ္စမှာ တရားမျှတမှု ဆောင်ကျဉ်းပေးရေးအတွက် အိန္ဒိယပြည်သူတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုနေကြပါတယ်။

    အသက် ၂၀ အရွယ် ဂူလ်နက်ဇ်ခါတွန်ဆိုတဲ့ အမျိုးသမီးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ရေနံဆီလောင်း မီးရှိုးခံခဲ့ရတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်း မီးလောင်ခဲ့တဲ့သူမဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ရရှိတဲ့ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသား ဆာတစ်ရှ် ကူးမားရ် ရိုင်နဲ့ သူငယ်ချင်း ၂ ယောက်ဟာ မိမိကို လမ်းမှာ တားဆီးဟာ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်ခဲ့ကြောင်း၊ အခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းပြီး မိမိနဲ့လက်ထပ်ဖို့ ကူးမားရ်က တောင်းဆိုခဲ့သလို သူမဖက်က ငြင်းဆိုခဲ့အခါမှာတော့ ရေနံဆီလောင်းပြီး မီးရှို့ခဲ့ကြောင်း ဂူလ်နက်ဇ်ခါတွန်က မကွယ်လွန်ခင်ပြုလုပ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

    ဂူလ်နက်ဇ်ခါတွန်ရဲ့ မိဘတေတွက ကူးမားရ်ဟာ လွန်ခဲ့တဲ့ ၃၊ ၄ လလောက်ကတည်းက သမီးဖြစ်သူကို လိုက်လံနှောက်ယှက်ခဲ့ပြီး မိဘတွေကိုသွားပြောပေမယ့် ​ဘာမှလုပ်ဆောင်ပေးတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကျူးလွန်သူတွေဟာ လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးဖို့အတွက် အဖွဲ့ ၃ ခု ဖွဲ့စည်းထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူကို ဖမ်းဆီးဖို့ အားထုတ်လုပ်ဆောင်တာမရှိဘူးလို့ သေဆုံးသူရဲ့ မိဘတွေက စွပ်စွဲထားပါတယ်။ အခင်းဖြစ်ပွားရာဒေသရဲ့ ရဲတပ်ဖွဲ့အကြီးအကဲဟာ ဒီကိစ္စကို လစ်လျူရှုမှုအတွက် ရာထူးကနေ ရပ်စဲခံထားရပါတယ်။

    ဂူလ်နက်ဇ်ခါတွန် ကွယ်လွန်သွားပြီးတဲ့နောက် မိသားစုဟာ အစိုးရရုံးရှေ့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အခင်းဖြစ်ပွားမှုကို အသေးစိတ်ပြောပြထားတဲ့ ဂူလ်နက်ခါတွန်ရဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံသွားပြီးတဲ့နောက် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ဒီကိစ္စ အဖြစ်မှန်ပေါ်လာအောင် ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ဘာဘရီဗလီ အကြမ်းဖက်ဖျက်ဆီးခံရမှုအတွက် စွပ်စွဲခံထားရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    ဘာဘရီဗလီ အကြမ်းဖက်ဖျက်ဆီးခံရမှုအတွက် စွပ်စွဲခံထားရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    စက်တင်ဘာ ၃၀၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီ ဖျက်ဆိးခံရမှု မြင်ကွင်း

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဘာဘရီဗလီကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးက ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးမှုမှာ ပူးပေါင်းပါဝင်တာ၊ သွေးထိုးလှုံ့ဆော်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ၃၂ ဦးကို အိန္ဒိအထူးတရားရုံးက ဒီကနေ့မှာ တရားသေ လွှတ်​ပေးခဲ့ပါတယ်။

    အခု လွတ်လာတဲ့သူတွေထဲမှာ ဝန်ကြီးချုပ် နရန်ဒရာမိုဒီ ကြည်ညိုတဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း အသက် ၉၂ နှစ်အရွယ် လာ ခရစ်ရှ်နာ အဒ်ဗာနီနဲ့အတူ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တာဝန်ရှိသူတစ်ချို့ ပါဝင်ပါတယ်။

    အိန္ဒိယ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ (CBI) က ဖွဲ့စည်းစစ်ဆေးတဲ့ အထူးတရားရုံးက ၁၉၉၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဘာဘရီဗလီ ဖျက်ဆီးခံရမှုဟာ ကြိုတင် စီစဉ်ထားတာမျိုးမဟုတ်ဘဲ စွပ်စွဲခံရသူတွေအတွက် တင်ပြလာတဲ့ အထောက်အထားကလည်း မပြည့်စုံဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဗလီအဖြိုခံရမှုဟာ လူထုဆန့်ကျင်ရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတာမျိုးဖြစ်ပြီး အခုစွပ်စွဲခံထားရတဲ့ ခေါင်းဆောင်တွေက တားဆီးမှုတွေ လုပ်ခဲ့တယ်လို့လည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယမွတ်စလင် ရှေ့နေများအဖွဲ့က ရှေ့နေ ဇာဖာရ်ယဘ် ဂျီလာနီက တရားရုံးဟာ သက်သေအထောက်အထားအားလုံးကို လစ်လျှူရှုခဲ့ပြီး ဒီဆုံးဖြတ်ချက်အတွက် တရားရုံးချုပ်ကို အယူခံတင်သွားမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ၁၆ ရာစုက ဆောက်လုပ်ထားတဲ့ ဘာဘရီဗလီဟာ ရာမနတ်ဘုရား မွေးဖွားရာနေရာလို့ ဟိန္ဒူတွေက ၁၉ ရာစုအစောပိုင်းမှာ စတင်စွပ်စွဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ ဟိန္ဒူတစ်ဦးက နတ်ဘုရားရုပ်တစ်ရုပ် ဗလီထဲကို သွားထားခဲ့ပြီးတဲ့နောက် ဗလီအပိတ်ခံခဲ့ရပါတယ်။

    ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်ဟာ ဘာဘရီဗလီကို ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။ ဗလီနေရာ ရရှိရေးအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့ နှစ် ၇၀ ကြာ တရားရင်ဆိုင်မှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။

    အိန္ဒိယ တရားရုံးချုပ်က ဘာဘရီဗလီနေရာကို ဟိန္ဒူတွေထံ ပေးခဲ့ပြီး ဘာဘရီဗလီအစား နောက်ထပ်ထပ်ဗလီတစ်လုံး ဆောက်လုပ်ဖို့ အယွဒ္ဒယမြို့မှာ ၅ ဧကအကျယ်မြေ ပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: Alajazeera

  • အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -အိန္ဒိယနိုင်ငံမှာ အစိုးရကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်တွေအပေါ် အမုန်းတရားတွေဖြစ်လာအောင် ဦးဆောင်ပြုလုပ်နေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပြီး၊ ကက်ရှ်မီးယားက ဖိနှိပ်ညှင်းပမ်းနေတဲ့ အခြေအနေတွေအတွက်လည်း ရှုတ်ချခဲ့ပါတယ်။

    “ပြောရမှာ အားနာပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ်ကြောက်ရောဂါကို အစိုးရက စပွန်ဆာပေးလုပ်ခိုင်းတဲ့ တိုင်းပြည်တစ်ခုရှိနေတယ် ဒါကတော့ အိန္ဒိယပါ။ RSS (ဟိန္ဒူအစွန်းရောက်) အ​တွေးအခေါ်ဟာ ဒီကနေ့အိန္ဒိယကို ချယ်လှယ်နေတာဟာ ဒီနောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။ အိန္ဒိယဟာ ဟိန္ဒူတွေအတွက် သီးသန့်ဖြစ်ပြီး ဟိန္ဒူမဟုတ်တဲ့ အခြားသူတွေက ဒုတိယတန်းစား နိုင်ငံသားသာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်” လို့ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းကာ စစ်တပ်အမြောက်အများချပြီး ဒေသကို ပိတ်ဆို့ ထိန်းချုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေဟာ ဒေသခံတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ နေအိမ်တွေကို ဝင်ရောက်စီးနင်းတာ၊ ရိုက်နှက်တာစတဲ့ ညှင်းပမ်းမှုတွေ ရှိတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ဒေသခံတွေကလည်း ဒီလုပ်ရပ်တွေကို ဆန္ဒပြခဲ့ကြပါတယ်။

    အင်မရန်းခန်းက ဒီချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုအခြေခံကာ ကက်ရှ်မီးယားကိစ္စ မဖြေရှင်းသမျှ ကာလပတ်လုံး တောင်အာရှမှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိမှာ မဟုတ်ဘူးလို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတော်တော်များများမှာ လွတ်လပ်စွာပြောဆိုခွင့်ကို အခြေခံပြီး မွတ်စလင်ကိုပစ်မှတ်ထားစော်ကာတာကိုလည်း ခန်းက ရှုတ်ချခဲ့ပါတယ်။

    “Charlie Hebdo မဂ္ဂဇင်းက ဘာသာရေးစော်ကားတဲ့ ကာတွန်းအပါအဝင် ဥရောပက လတ်တလောအဖြစ်အပျက်တွေကိုကြည့်ရင် ဒါကို သိနိုင်ပါတယ်”

    ပြင်သစ်မဂ္ဂဇင်းဖြစ်တဲ့ Charlie Hebdo ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ပုံနှိပ်ခဲ့တဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းကို အခုလမှာ ပြန်လည်ပုံနှိပ် ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera