News @ M-Media

Tag: Islam in India

  • မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    ဒေလီမှဗလီတစ်လုံး အကြမ်းဖက်ခံရမှု

    -ဖေဖော်၀ါရီလက မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အိန္ဒိယရဲတပ်ဖွဲ့က ပူးပေါင်းပါ၀င်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnsty International (AI) က ပြောကြားလိုက်ပါတယ်။

    အဲဒီ တိုက်ခိုက်မှုအတွင်း ၅၃ ဦး သေဆုံးခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဗလီ၀တ်ကျောင်းတော်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒေလီရဲတပ်ဖွဲ့ဟာ ဒီတိုက်ခိုက်မှုတွေကို ပူးပေါင်းပြီး တက်တက်ာကြွကြွ ပါ၀င်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၆ လအတွင်း စုံစမ်းအရေးယူခဲ့တာ မရှိကြောင်း AI အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီကိစ္စအတွက် တိုက်ခိုက်မှုက လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို တွေ့ဆုံ မေးမြန်းခဲ့သလို၊ တိုက်ခိုက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုသုံးသပ်ခဲ့ရာမှာ “ဒေလီရဲတပ်ဖွဲ့ရဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ခဲ့ရတယ်” လို့လည်း AI အဖွဲ့က ပြောပါတယ်။

    ဖေဖော်၀ါရီလက ဒီတိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း နယူးဒေလီမြို့မှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး ဘာသာရေးအခြေပြု တိုက်ခိုက်မှု ဖြစ်ပါတယ်။

    AI အဖွဲ့က ဒီအဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘက်လိုက်မှုမရှိဘဲ သေသေချာချာ စုံစမ်းဖို့ အိန္ဒိယအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။

    အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဒေလီရဲတပ်ဖွဲ့၀င်တွေက အားပေးတာ၊ လစ်လျူရှုတာမျိုးတွေ ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကျူးလွန်သူတွေကို ဖမ်းဆီးမှုမရှိဘဲ အစ္စလာမ်ဘာသာ၀င်တွေကိုသာ ပစ်မှတ်ထား ဖမ်းဆီးတာ၊ ရဲအချုပ်အတွင်း ညှင်းပမ်းတာတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယက AI အဖွဲ့အကြီးအကဲ အာဗီနက်ရှ်ကူးမားရ်က ဒါတွေကို အစိုးရက အရေးမယူတာဟာ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူခံရမှာ ကြောက်စရာမလိုတဲ့ ကျူးလွန်နိုင်တယ်ဆိုတဲ့ သတင်းစကားပေးတာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေလီရဲတပ်ဖွဲ့က တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။

    Ref:Aljazeera

    (ဓာတ်ပုံ – အကြမ်းဖက်ခံရမှု မြင်ကွင်း)

  • ဟိန္ဒူအမျိုးသားရေး၀ါဒီများ၏ အမုန်း၀ါဒဖြန့်မှုကို Facebook က ဖယ်ရှားရန် ပျက်ကွက်ခဲ့

    ဟိန္ဒူအမျိုးသားရေး၀ါဒီများ၏ အမုန်း၀ါဒဖြန့်မှုကို Facebook က ဖယ်ရှားရန် ပျက်ကွက်ခဲ့

    သြဂုတ် ၁၆၊ ၂၀၂၀
    M-Media

    -အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေး ပါတီ (BJP)အဖွဲ့၀င်တွေ၊ ဟိန္ဒူအမျိုးသားရေး အဖွဲ့တွေရဲ့ အမုန်းစကား ပြောဆိုမှုကို Facebook က ခွင့်ပြုခဲ့တယ်လို့ Wall Street Journal က သောကြာနေ့မှာ ဖော်ပြပါတယ်။

    Facebook မှာ အမုန်းစကားတားဆီးရေးမူ၀ါဒ ရှိနေပေမယ့် အိန္ဒိယက Facebook ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ အန်ခီ ဒက်စ်က BJP လွှတ်တော်အမတ် တီရာဂျာဆင်းနဲ့ အနည်းဆုံး ဟိန္ဒူအမျိုးသားရေး၀ါဒီနဲ့ အဖွဲ့ ၃ ခုလောက်ရဲ့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကို ဖျက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ၀န်ထမ်းဟောင်းတွေနဲ့ လက်ရှိ၀န်ထမ်းတွေက Wall Street ကို ပြောကြားခဲ့ပါတယ်။

    ဆင်းဟာ နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်က BJP လွှတ်တော်အမတ်ဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကို အကြီးအကျယ် ရေးသား၀ါဒဖြန့်သူပါ။

    မတ်လအတွင်း ဆင်းတင်ခဲ့တဲ့ ပို့စ်တွေဟာ အမုန်းစကားဟန့်တားရေး မူ၀ါဒတွေကို ချိုးဖောက်ကြောင်း Facebook ပို့စ် စောင့်ကြည့်သုံးသပ်ရေး၀န်ထမ်းတွေက တွေ့ရှိခဲ့ပေမယ့် အမှုဆောင် အန်ခီဒက်စ်က ဒီပို့စ်တွေကို ဖျက်ချဖို့ ခွင့်မပြုခဲ့ပါဘူး။

    ၀န်ကြီးချုပ်မိုဒီရဲ့ ပါတီက နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေကို ဖယ်ရှားတာမျိုးဟာ ကုမ္ပဏီရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ ဒက်စ်က ပြောခဲ့ကြောင်း Wall Street ဂျာနယ်က ရေးပါတယ်။

    Facebook ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုန်းက ဆင်းကို အမုန်း၀ါဒီတစ်ဦး သတ်မှတ်လိုက်ရင် ဖြစ်လာမယ့် နိုင်ငံရေးအခြေအနေတွေကို ဒက်စ်က တင်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Wall Street ဂျာနယ်က မေးမြန်းမှု လုပ်ခဲ့ပြီးတဲ့နောက် ဆင်းရဲ့ ပို့စ်တစ်ချို့ကို ဖယ်ရှားခဲ့ပြီး၊ လူသိများသူတစ်ဦးဖြစ်ကြောင်း ပေးထားတဲ့ အပြာရောင် အမှန်ချစ်အမှတ်အသားကို ရုပ်သိမ်းခဲ့ကြောင်း၊ အကောင့် ဖယ်ရှားရမလားဆိုတဲ့ကိစ္စကိုတော့ စဥ်းစားနေကြောင်း အန်ဒီစတုန်းက ပြောပါတယ်။

    အခြား BJP ပါတီ ခေါင်းဆောင် ၂ ဦးရဲ့ ပို့စ်တွေကိုလည်း Wall Street ဂျာနယ်ရဲ့ ချဥ်းကပ်မှုနောက်ပိုင်း Facebook က ဖယ်ရှားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွအပေါ် အမုန်း၀ါဒဖြန့်မှု အကြမ်းဖက် တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တာပါ။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု နောက်ပိုင်းမှာလည်း မွတ်စလင်တွေဟာ ကိုရိနာဂျီဟတ် စီမံကိန်းနဲ့ ဗိုင်းရပ်စ်ကူးစက်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ ၀ါဒဖြန့်မှုတွေ ပေါ်ပေါက်လာပါတယ်။

    Ref : Aljazeera

  • အိန္ဒိယရှိ ဖျက်ဆီးခံ ဘာဘရီဗလီအစား ဆောက်လုပ်မည့် ဗလီကို အမည်သစ်ပေးမည်

    အိန္ဒိယရှိ ဖျက်ဆီးခံ ဘာဘရီဗလီအစား ဆောက်လုပ်မည့် ဗလီကို အမည်သစ်ပေးမည်

    ဩဂုတ် ၁၅၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီကို ဟိန္ဒူများက ဖျက်ဆီးမှုပုံရိပ်

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့မှာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ဘာဘရီဗလီအစား ဆောက်လုပ်မယ့် ဗလီကို အမည်သစ်ပေးသွားမယ်လို့ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ဗလီသစ်ဆောက်လုပ်ရေးကို အဖွဲ့ဝင် ၁၅ ဦးပါ၀င်တဲ့ အိန္ဒိယ-အစ္စလာမ် ယဉ်ကျေးမှုဖောင်ဒေးရှင်း (IICF) က ကြီး ကြပ်ဆောင်ရွက်နေတာပါ။ ဗလီအမည်ပေးရေးမှာ တည်ရှိရာရွာကိုအစွဲပြုတဲ့ ‘ဒန်ဒီပူးရ် ဗလီ’ အမည်ဟာ ရေပန်းစားနေပြီး ‘ငြိမ်းချမ်းရေးဗလီ’ ‘ဆူဖီဗလီ’ ဆိုတဲ့ အမည်တွေလည်း လျာထားစာရင်းထဲမှာ ပါဝင်နေတယ်လို့ IICF ရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်သာ ဟူစိန်က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယအစိုးရက ပေးထားတဲ့ မြေ ၅ ဧကမှာ ဆောက်လုပ်မယ့် ဒီဗလီသစ်မှာ ဆေးရုံတစ်ရုံ၊ စာသင်ကျောင်းတစ်ခုနဲ့ ဇရပ်တစ်ခုတို့ ပါဝင်မှာ ဖြစ်ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့မှာရှိတဲ့ ဘာဘရီဗလီကို မဂိုဘုရင်လက်ထက် ၁၅၂၈ ခုနှစ်က ဆောက်လုပ်ခဲ့တာပါ။ ဗလီတည်ရှိရာနေရာဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာဖြစ်တယ်လို့ ဟိန္ဒူတွေက ၁၈ ရာစုမှာ စတင်စွပ်စွဲခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က ဗလီကို ဖြိုဖျက်ခဲ့ပါတယ်။

    ဘာဘရီဗလီအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့ တရားရင်ဆိုင်ခဲ့ရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာတော့ ဗလီကို ဟိန္ဒူလူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့ အိန္ဒိယတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ မွတ်စလင်တွေအတွက် ဘာဘရီဗလီနေရာအစား အယွဒ္ဒယမြို့က အခြားနေရာတစ်ခုမှာ မြေ ၅ ဧကပေးအပ်ဖို့လည်း တရားရုံးဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

    အက်သာဟူစိန်က အရင်က အငြင်းပွားခဲ့တဲ့ ကိစ္စကို အနာဂတ်အထိ မသယ်ဆောင်ချင်တာကြောင့် အသစ်ဆောက်မယ့် ဗလီကို ‘ဘာဘရီဗလီ’ လို အမည်မပေးဖို့ စီမံကိန်းစတင်ကတည်းက ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗလီသစ်ကို အိန္ဒိယ-အစ္စလာမ့် ဗိသုကာလက်ရာနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ဗိသုကာအဖွဲ့အစည်းတွေ တင်သွင်းတဲ့ ဒီဇိုင်းတွေထဲကနေ နောက်ဆုံး ဒီဇိုင်းတစ်ခုကို IICF က မ​ကြာခင်မှာ ကြေငြာဖို့ ရှိနေပါတယ်။

    Ref: Hindustan Times

  • နယူးဒေလီမြို့တွင် ဂျာနလစ် ၃ ဦး ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်ခံရ

    နယူးဒေလီမြို့တွင် ဂျာနလစ် ၃ ဦး ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်ခံရ

    ဩဂုတ် ၁၃၊ ၂၀၂၀
    M-Media

    ဖေဖော်ဝါရီလက အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ဒေလီမှ ဗလီတစ်လုံ

    -အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ သတင်းယူနေတဲ့ ဂျာနယ်လစ် ၃ ဦးကို ဟိန္ဒူလူအုပ်က ဘာသာရေးအရ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

    Caravan မဂ္ဂဇင်းက ဂျာနယ်လစ် ရှာဟစ် တန်တရေးနဲ့ လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ဟာ နယူးဒေလီမြို့ ဆင်ခြေဖုံးမှာ သတင်းရိုက်ကူးနေစဉ် ဟိန္ဒူတစ်ချို့က လာရောက်မေးမြန်းခဲ့ကြတာပါ။ ရှာဟစ်ဟာ အစ္စလာမ်ဘာသာဝင်ဖြစ်မှန် သိသွားတဲ့အခါမှာတော့ ထိုးကြိတ်ရိုက်နှိက်တာတွေ လုပ်ခဲ့ပါတယ်။

    ရှာဟစ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်အမျိုးသမီးတစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် အခြားလုပ်ဖော်ကိုင်ဖက် ဆစ်ခ်လူမျိုး ပရာဂျစ်ဆင်းကတော့ တိုက်ခိုက်ခံခဲ့ရပါတယ်။ နောက်ပိုင်း လူ ၁၀၀ နီးပါးလောက်ရှိလာတဲ့ လူအုပ်ကြီးဟာ ရှာဟစ်တို့ ၃ ဦးကို ၁ နာရီခွဲကြာ ဖမ်းဆီးထားခဲ့ပြီး အနီးအနားက ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ကင်တင်ခဲ့ရပါတယ်။

    Caravan မဂ္ဂဇင်းက ရှာဟစ်တို့နဲ့ လိုက်ပါသွားတဲ့ ဂျာနယ်လစ်အမျိုးသမီးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “ဂျာနယ်လစ်တစ်ယောက်ကိုတောင်မှ ဒီလိုလုပ်တယ်ဆိုရင် သာမန်လူတွေဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ ကျွန်တော် တော်တော်လေးကြောက်သွားပြီး အိန္ဒိယမွတ်စလင်တွေအပေါ်မှာရှိနေတဲ့ အန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော် ဆက်လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်” လို့ ရှာဟစ်က ပြောကြားခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေ၊ ဂျာနယ်လစ်တွေက ရှုတ်ချခဲ့ကြပါတယ်။

    နယူးဒေလီမြို့မှာ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ၅၀ ကျော်သေဆုံးကာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေ၊ ဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    Ref : Aljazeera

    (ဓာတ်ပုံ – ဖေဖော်ဝါရီလက အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ဒေလီမှ ဗလီတစ်လုံး)

  • ဟိန္ဒူဘုရားကျောင်းကို ဒေါသထွက်နေသော လူအုပ်ကြီးရန်မှ မွတ်စလင်လူငယ်များက ကာကွယ်ပေး

    ဟိန္ဒူဘုရားကျောင်းကို ဒေါသထွက်နေသော လူအုပ်ကြီးရန်မှ မွတ်စလင်လူငယ်များက ကာကွယ်ပေး

    ဩဂုတ် ၁၂၊ ၂၀၂၀
    M-Media

    မွတ်စလင်လူငယ်များက ဟိန္ဒူဘုရားကျောင်းကို ကာကွယ်ပေးမှု

    -အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားကျောင်းတစ်ခုကို ဒေါသထွက်နေတဲ့ လူအုပ်ရန်ကနေ မွတ်စလင်လူငယ်တွေက ကာကွယ်ပေးတဲ့သတင်းဟာ အိန္ဒိယနိုင်ငံက ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားနေပါတယ်။

    နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ် ဘန်ဂလောရ်မြို့မှာ လွှတ်တော်အမတ် ဆရီနီဗာဆာ မူရ်သီရဲ့တူ ဟိန္ဒူလူငယ်တစ်ဦးက တမန်တော်မုဟမ္မဒ်ကို စော်ကားတဲ့ပို့စ်တစ်ခု ဆိုရှယ်မီဒီယာမှာ လွှင့်တင်ပြီးတဲ့နောက် အင်္ဂါနေ့ညပိုင်းမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီး ပေါ်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် လူ ၃ ဦး သေဆုံးသွားတဲ့အခါ အခြေအနေက ပိုဆိုးသွားခဲ့ပြီး လွှတ်တော်အမတ် မူရ်သီရဲ့နေအိမ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ မြို့လယ်ကောင်က ဟာနုမန် ဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီးတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မွတ်စလင်လူငယ် ၁၀၀ လောက်က ဘုရားကျောင်းအပြင်ဘက်မှာ လူသား တံတိုင်းအ​ဖြစ် လက်ချင်းချိတ် ကာကွယ်ပေးခဲ့ကြပါတယ်။

    “လူငယ်တစ်ချို့ ဆိုင်ကယ်တွေနဲ့ ရောက်ချလာတယ်ဗျ။ ဘုရားကျောင်းကို ဖျက်ဆီးတော့မယ်လို့ ကျွန်တော်တို့ ထင်တာပေါ့။ အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်ဆိုပြီး သူတို့ကိုတားလိုက်တယ်။ ဒေါသထွက်နေတဲ့​လူအုပ်ကြီး နောက်ထပ်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် လူကြီးတွေနဲ့ တိုင်ပင်ပြီး လူသားတံတိုင်းလုပ်ကာ ဘုရားကျောင်းကို ကာကွယ်ပေးခဲ့ပါတယ်။ ဘုရားကျောင်းမှာ ကျွန်တော်တို့ ည ၁ နာရီခွဲလောက်အထိ ရှိခဲ့ပါတယ်” လို့ ကာကွယ်မှုမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း မိုဟာမက် ခါလစ်က ပြောကြားခဲ့ပါတယ်။

    ဘန်ဂလောရ်ရဲတပ်ဖွဲ့က အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့ပြီး တမန်တော် မုဟမ္မဒ်ကို စော်ကားတဲ့ပို့စ် တင်တဲ့သူအပါအဝင် လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆန္ဒပြမှုအပေါ် အိန္ဒိယမွတ်စလင်တစ်ဦး၏ တုန့်ပြန်မှု

    တမန်တော် မုဟမ္မဒ်ကို စော်ကားမှုနဲ့ပတ်သက်ပြီး ဥပဒေဘောင်အတွင်းကနေသာ ဖြေရှင်းကြဖို့၊ သွေးမဆူကြဖို့နဲ့ စိတ်ထိန်းကြဖို့ ဒေသတွင်းနဲ့ နိုင်ငံတစ်ဝှမ်းက မွတ်စလင်ခေါင်းဆောင်တွေ၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက သီးသီး ကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

    Ref: Times of India