News @ M-Media

Tag: Islam in Spain

  • စပိန်တွင် နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ မွတ်စလင်သုဿန်တစ်ခု တွေ့ရှိ

    စပိန်တွင် နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ မွတ်စလင်သုဿန်တစ်ခု တွေ့ရှိ

    နိုဝင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း အရာဂွန်ဒေသမှာ နှစ်ပေါင်း ၁၂၀၀ လောက် သက်တမ်းရှိတဲ့ မွတ်စလင်သုဿာန်တစ်ခုကို ရှေးဟောင်းပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး လူသားရုပ်ကြွင်းတွေကို တူးဖော်လေ့လာနေကြပါတယ်။

    ဇာရာဂိုဇာမြို့အနီး တော့စ်တီမြို့က အဲဒီ သုဿာန်ဟာ ၈ ရာစုလောက်က တည်ရှိခဲ့တာပါ။ ရုပ်ကြွင်းပေါင်း ၄၅၀၀ လောက်ရှိပြီး လက်ရှိအချိန်အထိ အုတ်ဂူပေါင်း ၄၀၀ လောက်ကို ပညာရှင်တွေက တူးဖော်ထားပါတယ်။

    သက္ကရာဇ် ၇၁၁ ခုနှစ်မှာ အာရပ်တွေဟာ အိုက်ဘေးရီးယန်းကျွန်းဆွယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ၇၀၀ လောက် စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ ၁၄၉၂ ခုနှစ်မှာ ဥရောပဘုရင်တွေကို ရှုံးနိမ့်ပြီး အာရပ်တွေရဲ့ အိုက်ဘေးရီးယားကို စိုးမိုးမှုလည်း အဆုံးသတ်ခဲ့ရပါတယ်။

    Basque Country တက္ကသိုလ်က သုတေသန ပညာရှင်တွေကတော့ တော့စ်တီမြို့အပါအဝင် စပိန်မှာရှိခဲ့တဲ့ အာရပ်မွတ်စလင်တွေရဲ့ အမွေအနှစ်တွေဟာ ဖျောက်ဖျက်ခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တော့စ်တီမြို့က ဒီ မွတ်စလင်သုဿာန်ကို ၂၀၁၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ကနဦးမှာ ရုပ်ကြွင်း ၄၄ ခု ကို တူးဖော်ခဲ့ပါယ်။ နောက်ပိုင်းမှာတော့ ၅ ဧကအကျယ်ရှိတဲ့ ဒီသုဿာန်ကို အသေးစိတ် တူးဖော်မှုတွေလုပ်ဖို့ အာဏာပိုင်တွေက စီစဉ်ခဲ့ပါတယ်။ အခုအချိန်အထိ ရုပ်အလောင်း ၄၀၀ လောက်ကို တူးဖော်ထားနိုင်ပါတယ်။

    “ဒီလိုတူးဖော်တာမျိုးက ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်ပါတယ်။ အံ့ဩစရာပါပဲ” လို့ El Patiaz ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ အစ္စလာမ်သုဿာနများတူဖော်လေ့လာမှုဆိုင်ရာ အကြီးအကဲ မနုဿဗေဒပညာရှင် မီရီယမ် ပီနာ ပါဒို့စ်က ပြောကြားခဲ့ပါတယ်။

    ရုပ်ကြွင်းအားလုံးကို အစ္စလာမ့်ထုံးစံဖြစ်တဲ့ မက္ကာမြို့ဖက်ကို မျက်နှာမူကာ မြှုပ်နှံထားတာလို့လည်း သူမက ပြောပါတယ်။

    ဒီလိုတူးဖော်တွေ့ရှိမှုကြောင့် ဒေသတွင်းမှာ ပျောက်ကွယ်နေတဲ့ အာရပ်မွတ်စလင်တွေရဲ့ အမွေအနှစ်တွေကို ပိုမိုသိရှိဖော်ထုတ်နိုင်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    “ဒီဒေသအတွင်း အစ္စလာမ်ဘာသာနဲ့ အစ္စလာမ့်ယဉ်ကျေးမှု တည်ရှိခဲ့တာတွေဟာ ကျွန်မတို့ ထင်ထားတာထက် ပိုပြီး နက်နဲတယ်ဆိုတာ တွေ့လာရပါတယ်။ မွတ်စလင်တွေ စပိန်ကို စရောက်လာပြီးနောက်ပိုင်း တော့စ်တီဒေသမှာ ကြီးမားတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခု ရှိခဲ့တယ်ဆိုတာ ကျွန်မတို့ မြင်ရတယ်။ ရုပ်ကြွင်း ၄၀၀ လောက် တူးဖော်ရရှိတာကိုကြည့်ရင် မွတ်စလင်တွေဟာ ဒီဒေသမှာ ရာစုနှစ်ချီ နေထိုင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်”

    အခုတွေ့ရှိတဲ့ သုဿာန်ကနေ တူးဖော်ရရှိတဲ့ ရုပ်ကြွင်းတွေကို စနစ်တကျသိမ်းဆည်းကာ သုတေသန ပြုလုပ်သွားမယ်လို့ ပီနာ ပါဒို့စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • ဆီးဗီးလ်မြို့၏ ပထမဆုံး ဗလီအတွက် ကနူတေးဦးဆောင်ကာ ရန်ပုံငွေရှာဖွေ

    ဆီးဗီးလ်မြို့၏ ပထမဆုံး ဗလီအတွက် ကနူတေးဦးဆောင်ကာ ရန်ပုံငွေရှာဖွေ

    မေ ၇၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံတောင်ပိုင်းက ဆီဗီးလ်မြို့မှာ ပထမဆုံး ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့်စင်တာ တည်ဆောက်နိုင်ရေးအတွက် လာလီဂါကလပ် ဆီးဗီးလားအသင်း တိုက်စစ်မှူးဟောင်း ဖရက်ဒီ ကနူတေးက ဦးဆောင်ကာ ရန်ပုံငွေ ရှာဖွေနေပါတယ်။

    Kanoute 4 Seville Mosque ဆိုတဲ့အမည်နဲ့ အဲဒီ ရန်ပုံငွေ ရှာဖွေမှုကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၁ သန်း ရရှိဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ဒေါ်လာ ၇၅၀၀၀၀ နီးပါး ရရှိထားပြီး ဖြစ်ပါတယ်။

    “ဘောလုံးကစားတာဟာ ကျွန်တော့်ရဲ့ ဝါသနာပါ။ ဘောလုံးကစားနေရတာကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော့်ရဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဘုရားသခင်နဲ့တွေ့တဲ့ တစ်နေ့ကျရင် ဘယ်နှစ်ဂိုးသွင်းခဲ့လဲလို့ ဘုရားက မေးမှာ မဟုတ်ပါဘူး” လို့ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနူတေးက ပြောကြားခဲ့ပါတယ်။

    ကနူတေးတို့အဖွဲ့ တည်ဆောက်မယ့် ဗလီဝတ်ကျောင်းတော်ဟာ စပိန်နိုင်ငံတောင်ပိုင်းကို အာရပ်တွေ အုပ်စိုးမှု အဆုံးသတ်ပြီးတဲ့နောက် နှစ်ပါင်း ၇၀၀ အတွင်း ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမှာပါ။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် မြေနေရာကို သတ်မှတ်ထားပြီး ၃ ထပ်အဆောက်အဦး ဆောက်လုပ်မှာ ဖြစ်ပါတယ်။

    ၂၀၀၇ ခုနှစ်မှာ အာဖရိက အကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့တဲ့ မာလီကစားသမား ကနူတေးဟာ ပြင်သစ်ကလပ် လိုင်ယွန်၊ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ စပါးတို့မှာ ကစားခဲ့ဖူးပြီး လာလီဂါကလပ် ဆီးဗီးလားအသင်းမှာ ကစားခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်တာကာလဟာ ကစားသမားဘ၀ အအောင်မြင်ဆုံးအချိန်တွေ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကနူတေးဟာ ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။

    ဆီးဗီးလ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်း ငှားရမ်းပြီး ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေတဲ့ နေရာတစ်ခုကို ပိုင်ရှင်က ရောင်းချဖို့ စီစဉ်တဲ့အချိန် ၂၀၀၇ ခုနှစ်က ကနူတေးဟာ အဲဒီနေရာကို ဝယ်ယူနိုင်ဖို့အတွက် Seville Mosque ဖောင်ဒေးရှင်းအဖွဲ့ကို ဒေါ်လာ ၇ သိန်း လှူဒါန်းခဲ့ပါတယ်။

    ဆီးဗီလ်းမြို့မှာ အစ္စလာမ်ဘာသာဝင် ၃ သောင်းဝန်းကျင်လောက် ရှိပေမယ့် ဝတ်ပြုရာနေရာတစ်ခု တည်ဆောက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေး မရှိကြပါဘူး။

    “ကျွန်တော် ဒီမြို့မှာ နေခဲ့တုန်းက ဝတ်ပြုရာနေရာတစ်ခု ဆုံးရှုံးမယ့် အခြေအနေကို မြင်ခဲ့ရပြီး ကူလည်း ကူညီနိုင်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ မြင့်တက်လာတဲ့ ဒီမြို့မှာ ပိုပြီး ကြီးမားတဲ့ ဝတ်ပြုရာနေရာတစ်ခု လိုအပ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဗလီရန်ပုံငွေရှာဖွေမှုအတွက် ရည်ရွယ်တဲ့ ဗီဒီယိုမှာ ကနူတေးက ပြောကြားခဲ့ပါတယ်။

    အခု ဆောက်လုပ်မယ့် ဗလီဝတ်ကျောင်းတော်ဟာ မျိုးဆက်သစ်တွေ ဘာသာတရားကို ကောင်းမွန်စွာ လေ့လာနိုင်မယ့် နေရာတစ်ခု ဖြစ်ရုံသာမက၊ လူ့အဖွဲ့အစည်းတွေအကြား အပြန်အလှန် ပေါင်းကူးပေးမယ့် နေရာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တယ်လို့လည်း သူက ဆိုပါတယ်။

    Ref: The National

  • တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    မတ် ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ၁၃ ရာစု မွတ်စလင် တိုင်းရင်းဆေးပညာရှင် မာလာဂါမြို့မှ အလ်-ဘေတာ၏ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    – လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဥယျာဉ်ပန်းခြံတွေဟာ သိပ္ပံဆိုင်ရာ မြေပြင်ဓာတ်ခွဲခန်းတွေ ဖြစ်ခဲ့ပြီး အပင်တွေရဲ့ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေနဲ့ပတ်သက်လို့ လမ်းညွှန်ကျမ်းတွေ ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီးတွေ ပျော်မွေ့ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ သစ်ပင်ပန်းမာလ်တွေကနေ စီမံဖော်ထုတ်တဲ့ ဆေးတွေဟာ သီးခြားဆေးဝါးတစ်ခုလို့ ရှုမြင်ခြင်းမခံရဘဲ လက်တွေ့အသုံးချ ဆေးပညာမှာ အင်မတန်အရေးပါခဲ့ပြီး ဆေးရုံတော်တော်များများဟာ ကုသမှုမှာ အသုံးပြုဖို့ ဆေးဘက်ဝင်အပင်တွေကို ပန်းခြံအပြည့် တယုတယစိုက်ထားကြကာ အဲဒီအပင်တွေကနေ ဆေးဝါးတွေ ဖော်စပ်ထုတ်လုပ်တာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။

    အပင်တွေကနေ ဆေးဝါးထုတ်လုပ်တာမျိုးတွေကို လူ့ယဉ်ကျေးမှု အစကတည်းက လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ  စာအရေးအသား မပေါ်ခင်ကတည်းက သစ်ပင်ပန်းပင်တွေကနေ ဆေးဝါးထုတ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ အနောက်နိုင်ငံမှာတော့ ပထမဆုံး ‘တိုင်းရင်းဆေးကျမ်း’ (ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို စုစည်းရှင်းပြထားတဲ့စာအုပ်) ဟာ ဂရိနိုင်ငံမှာ ပေါ်ထွက်လာခဲ့ပြီး ခရစ်တော်မပေါ်ခင် တတိယရာစုမှာ ဒီယိုကလီစ် အော့ဖ် ကာရီစတုစ် (Diocles of Carystus) က ရေးသားခဲ့ပြီး၊ ဘီစီ ၁ ရာစုမှာတော့ ကရာတေယက်စ် (Crteuas) ဆိုတဲ့ ပညာရှင်တစ်ဦးကလည်း ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ ဂရိတွေရဲ့ တိုင်းရင်းဆေးကျမ်းတွေထဲက လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ကျမ်းကတော့ ဒီအိုစကိုရီဒီစ် (Dioscorides) က အေဒီ ၆၅ မှာ ရေးသားခဲ့တဲ့ De Materia Medica ကျမ်း ဖြစ်ပါတယ်။ ဒီအိုစကိုရီဒီစ်ဟာ ဂရိနဲ့ ရောမ ပညာရှင်တွေထဲမှာ တိုင်းရင်းဆေးအပေါ် လွှမ်းမိုးမှုအရှိဆုံး ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

    ၁၅ ရာစု အာရဘီ ရုက္ခဗေဒကျမ်းမှ စာမျက်နှာတစ်ခု

    မွတ်စလင်တွေရဲ့ နယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ မွတ်စလင်ကုန်သည်တွေ၊ ခရီသွားတွေဟာ ယခင်က သူတို့မသိကြတဲ့ တိုင်းတစ်ပါးက အပင်တွေ၊ မျိုးစေ့တွေ၊ မျိုးစိတ်တွေနဲ့ ထိတွေ့လာခဲ့ကြပြီး၊ ကုန်ကြမ်း အများအပြားနဲ့ သူတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ပညာရပ်တွေ၊ အချက်အလက်တွေကိုပါ ဆောင်ကျဉ်းလာခဲ့ကြကာ အာရှက မြေပြန့်လွင်ပြင်ကြီးတွေကနေ ဥရောပက တောင်တန်းကြီးတွေအထိ ရှာဖွေရေးခရီးအတွက် ခြေဆန့်ခဲ့ကြပါတယ်။ စက္ကူကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှုကလည်း သူတို့ရဲ့ ခရီးစဉ်အသေးစိတ်ကို ရောက်ရှိရာနေရာမှာပဲ မဆိုင်းမတွ မှတ်တမ်းတင်ခွင့်ရခဲ့သလို စူးစမ်းဖော်ထုတ်မှုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

    ဒီလို အချက်အလက်တွေနဲ့ အသုံးဝင်ပစ္စည်းတွေ စုဆောင်းမှုနဲ့ သူတို့ရဲ့ သိပ္ပံနည်းကျ ဆေးဝါးဆိုင်ရာ အသိပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တိုင်းရင်းဆေးဝါးအသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ လေ့လာမှုတွေကြောင့် အချက်အလက်တွေ တော်တော်များများကို စုဆောင်းရမိခဲ့သလို အင်မတန် ကြီးကျယ်တဲ့ အလုပ်များစွာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

    အေဒီ ၁၀၀၂ မှာ ကွယ်လွန်ခဲ့တဲ့ အစ်ဗနေ့ ဆာမာဂျွန် (Ibn Smajun) ဟာ Collection of Simples, Medicinal Plants and Resulting Medicines (တွေ့ရလွယ်သည့် ဆေးဖက်ဝင်အပင်များနှင့် ဆေးဖော်စပ်မှုများစုစည်းမှု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဒီကျမ်းဟာ သူ့ရဲ့အရင်က သမားတော်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို အခြေခံကာ အပင်တွေနဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို ခွဲခြမ်းစိတ်ဖြာ ဖော်ပြထားတဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၁၁ ရာစုမှာလည်း အစ်ဗနေ့ ဆီနာ (Ibn Sina) ဟာ သူ့ရဲ့ Cannon ကျမ်းကြီးထဲမှာ ဆေးဘက်ဝင်အပင်တွေကနေ ဖော်စပ်တဲ့ ဆေးနည်းပေါင်း ၁၄၂ ခုကို ဖော်ပြခဲ့ပါတယ်။

    ရုက္ခဗေဒလို့ခေါ်ပြီး အပင်တွေ၊ အပင်တွေရဲ့ ဆေးဘက်ဝင်မှုကို လေ့လာတဲ့ ဒီပညာရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ‘ခေတ်သစ် ရုက္ခဗေဒပညာရပ်ရဲ့ ဖခင်ကြီး’ လို့ ခေါ်တဲ့ အဘူ ဟာနီဖာ အလ်-ဒီနာဝါရီ (Abu Hanif al-Dinawari) ဟာ A Treatise on Plants (အပင်ဆိုင်ရာကျမ်း) ဆိုတဲ့စာအုပ်မှာ ဆေးဖက်ဝင်အပင်ပေါင်း မြောက်များစွာရဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ၁၀ ရာစုက မွတ်စလင်ဆေးပညာရှင်ကြီး အလ်-ရာဇီ (Al-Razi) လို အခြား မွတ်စလင်ပညာရှင်တွေက ဒူလာရောဂါကို ကုသရာမှာ ကံကုမံပင်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ပါတယ်။

    ရုက္ခဗေဒဟာ သိပ္ပံပညာရပ်တစ်ခု ဖြစ်လာတဲ့အချိန် ဓာတုဗေဒပညာရပ်ဟာ အံ့မခန်းနှုန်းနဲ့ တိုးတက်လာခဲ့ပြီး ဒီပညာရပ်နှစ်ခုစလုံး တိုးတက်ထွန်းကားလာမှုက တိုင်းရင်းဆေးပညာကို ဆေးဘက်ဆိုင်ရာ အဓိကရေစီးကြောင်းထဲရောက်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ ၁၀ ရာစုမှာ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ ရေတင်စက်တွေ၊ ရေသွင်းစိုက်ပျိုးတဲ့နည်းလမ်းသစ်တွေ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သုတေသနဥယျာဉ်တွေ၊ ဆေးဘက်ဝင်အပင်စိုက်ပျိုးမှုတွေကလည်း  အလျိုအလျို ပေါ်ထွက်လာခဲ့ပါတယ်။

    စပိန်က မွတ်စလင်အုပ်စိုးတဲ့ အလ်-အန်ဒါလုစ်ဒေသဟာ တိုင်းရင်းဆေးပညာအခြေတည်ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ၁၁ ရာစုမှာ စပိန်က တော်လေဒိုမြို့၊ ဥရောပရဲ့ ပထမဆုံး တော်ဝင် ရုက္ခဗေဒဥယျာဉ်တွေရှိရာဒေသလို့ တင်စားခြင်းခံရတဲ့ ဆီးဗီးလ်မြို့တွေမှာလည်း ဒီလို ဆေးဖက်ဝင်အပင်တွေ အုံနဲ့ကျင်းနဲ့ စိုက်ပျိုးတာတွေ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဥယျာဉ်ပန်းခြံ တစ်ခုအဖြစ်သာ ကျေနပ်ကြပေမယ့် နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်းက ယူဆောင်လာတဲ့ ဆေးဖက်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးရာနေရာတွေ ဖြစ်ခဲ့ပါတယ်။

    မွတ်စလင် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ မာလာဂါမြို့က အစ်ဗနေ့-အလ်-ဘေတာ (Ibn al-Baytar) ဟာ Dictionary of Simple Remedies and Food (ဆေးမြီတိုများနှင့် အဟာရ အဘိဓာန်) ကို ပြုစုခဲ့ပြီး အဲဒီကျမ်းဟာ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်သလို အလ်-ဘေတာရဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင်မှုကို ရောင်ပြန်ဟပ်စေတဲ့ ကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်ဘေတာဟာ အပင်ပေါင်း ၃၀၀၀ ကျော်နဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို လေ့လာဖော်ထုတ်ထားပါတယ်။

    ဆေးဖက်ဝင်အပင်ဆိုင်ရာ အကျော်ကြားဆုံး စာအုပ်ကိုတော့ သက္ကရာဇ် ၁၁၆၅ ခုနှစ်မှာ မွတ်စလင်ပညာရှင် အလ်-ဂါဖီကီ (Al Ghafiqui) က ရေးသားခဲ့ပြီး The Book of Simple Durgs (ရိုးရှင်းသေားဆေးဝါးများ) ဆိုတဲ့ ဒီကျမ်းဟာ တော်တော်လေး တိကျပြည့်စုံကာ ၁၉၃၂ ခုနှစ်က အီဂျစ်မှာ မက်စ် မီယာရုဖ် (Max Meyerhof) က ပြန်လည် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

    ၁၀ ရာစုမှာတော့ အစ်ဗနေ့ ဂျူလ်ဂျူလ် (Ibn Juljul) က ဒီအိုစကိုရီဒီစ်ရဲ့ နှစ်ပေါင်း ၉၀၀ ကြာမြင့်နေပြီ ဖြစ်တဲ့ De Materia Medica ကျမ်း ရှင်းလင်းချက်ကို ရေးသားခဲ့ပြီး အာရဘီဘာသာစကားကို ပြန်ဆိုခဲ့ကာ မန်ကျီး၊ ပရုပ်၊ စန္ဒကူးနဲ့ ဖာလာတို့လို အပင်တွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းတွေကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ် နောက်ပြီး အပင်သစ်တော်တော်များများနဲ့ အမျိုးမျိုးသော ရောဂါဘယတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကိုလည်း အဲဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    တိုင်းရင်းဆေးသမိုင်းမှာ မွတ်စလင်တွေ ဆောင်ရွက်ပေးခဲ့ပြီး အင်မတန်မှ ရိုးရှင်းထိရောက်တဲ့ ဆောင်ရွက်ချက်တစ်ခုက ဆေးဘက်ဝင်အပင်တွေဟာ လူနာတွေအပေါ် ဘယ်လို ထိခိုက်လည်းဆိုတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒါက လုပ်ဖို့ အင်မတန်ထင်ရှားတဲ့ ကိစ္စလို့ ထင်ရပေမယ့် အဲဒီခေတ်ကာလတုန်းကတော့ ဒါကို စမ်းသပ်ဖို့၊ စူးစမ်းဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်းတွေကိုသာ မှီခို အသုံးပြုရတာပါ။

    စပိန်နိုင်ငံ မာလာဂါမြို့တွင် ဂုဏ်ပြုထုတ်လုပ်ထားသော မွတ်စလင်တိုင်းရင်းဆေးဆရာကြီး အလ်-ဘေတာ၏ ရုပ်ထုကို

    အလယ်ခေတ်ဥရောပမှာ ဆေးဘက်ဝင်အပင်ဆိုင်ရာကျမ်းတွေဟာ တော်တော်လေးနည်းပါးပြီး ပညာရှင် အနည်းငယ်လောက်ကသာ သိရှိကြပါတယ်။ ၁၅ ရာစု အဆုံးပိုင်းလောက်အထိ ဥရောပသားတွေဟာ အာရဘီဆေးကျမ်းတွေ၊ ဂရိကျမ်းတွေကို အာရဘီလို ပြန်ဆိုထားတဲ့ စာအုပ်တွေကို လက်တင်ဘာသာကို ပြန်ဆိုပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။။ သက္ကရာဇ် ၁၅၀၀ နဲ့ ၁၆၀၀ အကြားမှာ ဂရိပညာရှင်ကြီး ဒီအိုစကိုရီဒီစ်ရဲ့ ဆေးကျမ်းကို တည်းဖြတ်ထုတ်ဝေမှု ၇၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

    ဥရောပ တိုင်းရင်းဆေးပညာရှင်တွေရဲ့ အောင်မြင်မှုကို မွတ်စလင် ရုက္ခဗေဒပညာရှင်တွေဆီက ဘယ်လောက်အတုခိုးနိုင်လဲ၊ ဒီအိုစကိုရီဒီစ်ကို ဘယ်လောက် နာမည်ပိုကြီးအောင် လုပ်နိုင်မလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် ဒါဟာလည်း အမြဲတမ်းတော့ အလုပ်ဖြစ်နေတာမဟုတ်ပါဘူး။ အလယ်ခေတ် အီတလီမှာ ကျော်ကြားခဲ့တဲ့ ဆဲလ်လာနို (Salerno) ဆေးတက္ကသိုလ်ကြီးဟာ လက်တင်၊ ဂရိနဲ့ အာရဘီ ဘာသာစကားတွေအပေါ်မှာ နားလည်တတ်ကျွမ်းမှုမရှိတာ၊ ဘာသာပြန်ပေါ် ဘာသာပြန် ထပ်နေတဲ့ ဂရိတိုင်းရင်ဆေးကျမ်းတွေကို အပြည့်အ၀ နားမလည်တာကြောင့် သြဇာအရှိန်အ၀ါ ကျဆင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဥရောပက တိုင်းရင်းဆေးပညာရှင်တွေဟာ အသိပညာမကြွယ်ဝမှု၊ လက်တွေ့ဆောက်ရွက်မှု မရှိတာ၊ စောစောပိုင်း ဆိုးရွာတဲ့ ဂရိဘာသာပြန်တွေ၊ ဒေသသုံးအမည်တွေနဲ့ မှည့်ခေါ်ထားတဲ့အတွက် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ အပင်တွေကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ခြင်း မရှိတာကြောင့် တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၆ ရာစု အင်္ဂလန် သံတမန်နဲ့ ပညာရှင် ဆာ သောမတ်စ် အဲလ်ယွတ် (Sir Thomas Elyot) က သူအနေနဲ့ ရှေးဟောင်း တိုင်းရင်းဆေးပညာရပ်တွေကနေ ဘာမှ နားမလည်ဘဲ ‘ဒါတွေဟာ ကျန်းမာရေးအတွက် နည်းနည်းမှ အကျိုးမရှိဘူး’ လို့ ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းဆေးပညာဟာ ပြန်ထွန်းခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဥရောပမှာ မရှိမဖြစ် ကုသနည်းတစ်ခု ဖြစ်နေပါပြီ။ ယူကေပြည်သူ ၅ ဦးမှာ တစ်ဦးဟာ အခြားဆေးကုသနည်းတွေကို အသုံးပြုနေကြပြီး မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်ပြည်သူ ၁၀ ဦးမှာ ၁ ဦးက တိုင်းရင်းဆေးဝါး၊ ဒါမှမဟတ် ဓာတ်ကြမ်းတိုက်ကုသနည်းတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးဝါး လုပ်ငန်းရဲ့ တန်ဖိုးဟာလည်း နှစ်စဉ် တိုးတက်လာနေပါတယ်။ မွတ်စလင်ကမ္ဘာမှာလည်း တိုင်းရင်းဆေးဝါးရဲ့ အရေးပါမှုဟာ ပြန်လည် ရှင်သန်လာပြီး တိုင်းရင်းဆေးသမားတော်ကြီးတွေလည်း ပြန်လည် ပေါ်ထွက်လာနေပါတယ်။ ကမ္ဘာတစ်ဝှမ်း ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီ တိုင်းရင်းဆေးဟာ ရာစုနှစ်ပေါင်းများစွာ ရိုးရာတစ်ခုအနေနဲ့ ရှိနေခဲ့၊ ရှိနေဆဲ ဖြစ်ပါတယ်။

     

    ၁၅ ရာစု အာရဘီ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • စပိန်ရှိ စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားပေးမည်

    စပိန်ရှိ စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားပေးမည်

    ဧပြီ ၁၁၊ ၂၀၁၆
    M-Media

    spain

    – နိုင်ငံတစ်ဝှမ်းက အစိုးရကျောင်းတွေမှာ အစ္စလာမ်အကြောင်း သင်ကြားပေးခြင်းဖြင့် အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ စပိန်အစိုးရက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ကျောင်းသားတွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး Gatestone တက္ကသိုလ်ကတော့ ဒါဟာ ၁၉၇၈ ခုနှစ် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂၇ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ” နိုင်ငံတော်အနေဖြင့် ကလေးငယ်များ၏ အယူဝါဒနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဘာသာရေးနှင့် ကိုယ်ကျင့်တရား အဆုံးအမများအား သင်ကြားပေးရမည်” ဆိုတဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အစိုးရနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းတွေကြား သဘောတူညီချက်တွေလည်း ရှိနေပြီး လက်ရှိ အစ္စလာမ့်ရေးရာ သင်ကြားမှု လမ်းညွှန်ချက်တွေကို စပိန် အစ္စလာမ့်ရေးရာ ကော်မရှင်က ရေးဆွဲထုတ်ပြန်တာ ဖြစ်ပါတယ်။

    မူကြို၊ မူလတန်း၊ အလယ်တန်းတွေက ကျောင်းသားတွေကို အစ္စလာမ်အကြောင်းသင်ကြားပေးရမယ့် အဲဒီ လမ်းညွှန်ချက်ကို ပညာရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ အစိုးရသတင်းစာမှာ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

    အစ္စလာမ့်ရေးရာနဲ့ပတ်သက်ပြီး သင်ယူချင်တယ်ဆိုရင်တော့ ကျောင်းသားတွေဟာ ကျောင်းက တာဝန်ရှိသူတွေထံ တောင်းဆိုရမှာဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ဆရားတွနဲ့ ပြဌာန်းစာအုပ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

    ဒီသင်ကြားမှုဟာ အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ် မူကြိုကလေးငယ်တွေအထိ ပါဝင်မှာဖြစ်ပြီး အတန်းမြင့်လာတာနဲ့အမျှ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အကြောင်းတွေ၊ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတွေကို တစ်ဆင့်ချင်းဆီ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

    SM/IINA

  • စပိန်တွင် နှစ်ထောင်ချီ သက်တမ်းရှိသည့် မွတ်စလင် သုဿာန်တစ်ခု တွေ့ရှိ

    စပိန်တွင် နှစ်ထောင်ချီ သက်တမ်းရှိသည့် မွတ်စလင် သုဿာန်တစ်ခု တွေ့ရှိ

    သြဂုတ် ၁၅၊ ၂၀၁၄
    M-Media
    The positioning of the bodies, facing towards Mecca, suggests a Muslim graveyard.
    – စပိန်နိုင်ငံရှိ ပြည်နယ်တစ်ခုတွင် လွန်ခဲ့သော နှစ်ပေါင်း ၁ ထောင်ခန့်က ရှိခဲ့သည့် မွတ်စလင် သုဿာန်တစ်ခုကို သုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့သည်ဟု သိရသည်။

    ဆီအူဒက် ရီးယဲလ်ပြည်နယ် အလ်စာဇာ ဒီ ဆန် ဂျူအန် မြို့ရှိ ရှေးဟောင်း နေရာတစ်ခုကို တူးဖော်ခဲ့ရာမှ မွတ်စလင်ဟု ယူဆနိုင်သည့် အလောင်း ၇ ခုကို တွေ့ရှိခဲ့ရခြင်ဖြင်း ထိုအလောင်းများမှာ မက္ကဟ်မြို့သို့ မျက်နှာမူထားကြောင်းကို တွေ့ရှိခဲ့ရပြီးနောက် မွတ်စလင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

    သုတေသနအဖွဲ့ခေါင်းဆောင် လိုပက်ဇ်မန်ချီရိုကမူ ယခုကဲ့သို့ တွေ့ရှိခြင်းမှာ အစ္စလာမ်ဘာသာဝင်များ ကက်စတီလာ လာ မန်ချာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် နေထိုင်ခဲ့ကြောင်း အနည်းငယ်သော အထောက်အထားများမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုနေရာအနီးအတစ်ဝိုက်တွင် ကြေးခေတ်မှ အသုံးအဆောင်ပစ္စည်း အပိုင်းအစများ၊ ရောမခေတ် စာအုပ်များနှင့် အခြားသော ရှေးဟောင်း ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့ရသည်။

    လိုပက်ဇ်ဦးဆောင်သည့် ရှေးဟောင်း သုတေသနအဖွဲ့မှာ ကက်စတီလာ လာ မန်ချာ တက္ကသိုလ်၊ မြို့အာဏာပိုင်များနှင့် ပူးပေါင်းကာ ထိုဒေသတွင် ရှေးဟောင်းသုတေသနလုပ်ငန်းကို ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    စပိန်၏ နယ်နမိတ်အများအပြားကို အာရပ်များက ၇၁၁ ခုနှစ်မှာ ၁၄၉၂ ခုအထိ အုပ်ချုပ်ခဲ့ပြီးနောက် စပိန်ဘုရင် ဖာဒီနန်၏ တပ်များကို ၁၄၉၂ ခုနှစ်တွင် စစ်ရှုံးခဲ့သည်။ ထိုနောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် ဘုရင်ဖာဒီန်က စပိန်အတွင်းရှိ ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များအား ခရစ်ယာန်ဘာသာသို့ပြောင်းရန် ဖိအားပေးခဲ့ပြီး မလိုက်နာပါက ညှင်းပန်းနှိပ်စက်မှုများ သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။

    ထို့ကြောင့် ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များမှာ စပိန်မှ ထွက်ပြေးခဲ့ရပြီး ဂျူးဘုရားကျောင်းများနှင့် မွတ်စလင်တို့၏ ဗလီဝတ်ကျောင်းတော်များမှာလည်း ခရစ်ယာန်ဘုရားကျောင်းအဖြစ် ပြောင်းလဲခံရခြင်း၊ ဖြိုဖျက်ခံရခြင်းတို့နှင့် တွေ့ကြုံခဲ့ရသည်။

    ယခုလက်ရှိတွင် စပိန်နိုင်ငံ လူဦးရေ ၄၇ သန်း၏ ၃.၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ပြီး အစ္စလာမ်မှာ ခရစ်ယာန်ပြီးနောက် စပိန်တွင် ဒုတိယ သက်ဝင်ယုံကြည်မှုအများဆုံး သာသနာဖြစ်သည်။

    onislam.net