News @ M-Media

Tag: Islam in US

  • အမေရိကန်တရားရေးတွင် မှတ်တမ်းသစ် ရေးထိုးလိုက်သည့် ဘင်္ဂါလီအမျိုးသမီး

    အမေရိကန်တရားရေးတွင် မှတ်တမ်းသစ် ရေးထိုးလိုက်သည့် ဘင်္ဂါလီအမျိုးသမီး

    ဇွန် ၁၈၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ရှေ့နေ နူဆရတ် ဂျာဟန် ချောင်ဒရီကို ပြည်ထောင်စုအဆင့် တရားသူကြီးအဖြစ် အမေရိကန်အထက်လွှတ်တော်က ကြာသာပေးနေ့မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ 

    ဒီခန့်အပ်မှုကြောင့် အမေရိကန်မွတ်စလင်သမိုင်းမှာ ပထဆုံး ပြည်ထောင်စုအဆင့် မွတ်စလင်အမျိုးသမီး တရားသူကြီးအဖြစ် မှတ်တမ်း၀င်လာပါတယ်။ 

    နူဆရတ်ဟာ နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စု တရားသူကြီးအဖြစ် တာ၀န်ယူရမှာပါ။ 

    “နူဆရတ် ချောင်ဒရီကို ဖက်ဒရယ်တရားသူကြီးအဖြစ် အတည်ပြု ခန့်အပ်ရာမှာ သမိုင်းတွင်မယ့် အကြောင်းအရင်း များစွာ ရှိပါတယ်။ သူမဟာ ကျွန်တော်တို့ရဲ့ တရားရေးစနစ်အောက်မှာ ပြည်သူတွေ မျှမျှတတ ဆက်ဆံခံရဖို့ သက်တမ်းတစ်လျှောက်လုံး စိတ်နှစ်မြှုပ် ဆောင်ရွက်ခဲ့သူပါ” လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Muslim Advocacy အကြီးအကဲ အိုမာရ် ဖာရာက ပြောပါတယ်။ 

    သမ္မတဘိုင်ဒန်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဇန်န၀ါရီ ဖက်ဒရယ် တရားသူကြီးများ အမည်စာရင်းတင်သွင်းမှုမှာ နူဆရတ် ချောင်ဒရီ ပါ၀င်လာတာ ဖြစ်ပါတယ်။ 

    နူဆရတ်ဟာ အမေရိကန် နိုင်ငံသားအခွင့်အရေးဆိုင်ရာ သမဂ္ဂ ACLU ရဲ့ အီလီနွိုက်စ်ပြည်နယ်အဖွဲ့ခွဲမှာ ဥပဒေရေးရာ ဒါရိုက်တာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး ရာဇ၀တ်မှု၊ ရဲလုပ်ငန်းစဥ် စတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ခဲ့ပါတယ်။ 

    ဖက်ဒရယ်တရားသူကြီး အမည်စာရင်းမှာ နူဆရတ်ပါ၀င်လာမှုကို အမေရိကန် နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ကြိုဆိုခဲ့ကြပါတယ်။ 

    “သူမဟာ နိုင်ငံတစ်၀ှမ်းလုံးမှာ မျှတတဲ့ တရားရေးစနစ် ထွန်းကားရေးအတွက် အကြံသစ်ဉာဏ်သစ်တွေနဲ့  အားထုတ်လုပ်ဆောင်တဲ့ ထူးခြားတဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်” လို့ ACLU ရဲ့ အမှုဆောင်ဒါရိုက်တာ အန်တိုနီ ဒီ ရိုမဲရိုးက ပြောပါတယ်။ 

    အီလီနွိုက်စ်ပြည်နယ်အတွင်းက ငွေကြေးမပြည့်စုံသူတွေ ဥပဒေရဲ့ ကာကွယ်မှု အပြည့်အ၀ရရှိရေးအတွက် နူဆရတ်က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်လို့လည်း ရိုမဲရိုးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အထက်လွှတ်တော်က ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင် ချက် ရှူးမားက နူဆရတ်ရဲ့အောင်မြင်မှုကို Twitter စာမျက်နှာကနေ ချီးကျူးခဲ့ပါတယ်။

    “ဖက်ဒရယ်အဆင့်မှာ အာရှ-အမေရိကန်နွယ်ဖွား ၂၁ ဦးကို ခန့်အပ်လိုက်ကြောင်း အထက်လွှတ်တော် ဒီမိုကရက်တစ်အဖွဲ့က အတည်ပြုပါတယ်။ ဒါဟာ သမ္မတ အိုဘားမားလက်ထက်က အာရှနွယ်ဖွားတွေ အများဆုံး ခန့်အပ်ခဲ့တဲ့ အရေအတွက်နဲ့ တန်းတူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက် သွားကြပါမယ်”

    Ref: Aljazeera 

  • အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    မတ် ၂၅၊ ၂၀၂၃

    M-Media 


    -နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

    ဒါဟာ အမေရိကန်တရားရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။ 

    ဆီးရီးယားနွယ်ဖွားဖြစ်တဲ့ နာဒီယာဟာ မိသားစုနဲ့ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး ကြာသာပတေးနေ့မှာ နယူးဂျာစီပြည်နယ် အထက်ခုံရုံးရဲ့ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

    နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက သူမကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    နယူးဂျာစီပြည်နယ်မှာ အခြား မွတ်စလင်အမျိုးသမီး တရားသူကြီးတွေ ရှိပေမယ့် နာဒီယာက ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ ပထမဆုံးတရားသူကြီး ဖြစ်ပါတယ်။ 

    နာဒီယာဟာ အမေရိကန်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ CAIR ရဲ့ နယူးဂျာစီအဖွဲ့ခွဲ ဘုတ်အဖွဲ့၀င် ဖြစ်ပါတယ်။ 

    အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးတွေခံစားနေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ အကျိုးအမြတ်မယူတဲ့ Wafa House အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေးအဖြစ်လည်း နာဒီယာက တာ၀န်ယူထားပါတယ်။ 

    Ref: Daily Sabah

  • ရူ၀ါ ရွမ်မန် (သို့) လက်ညှိုးထိုးခံဘ၀မှ လက်ခုပ်သံမစဲသူ ဘ၀သို့

    ရူ၀ါ ရွမ်မန် (သို့) လက်ညှိုးထိုးခံဘ၀မှ လက်ခုပ်သံမစဲသူ ဘ၀သို့

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်မှာ ကျင်းပြုလုပ်တဲ့ သက်တမ်း၀က် ရွေးကောက်ပွဲမှာ ဂျော်ဂျီပြည်နယ်က သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ လွှတ်တော်အမတ်တစ်ယောက် ပေါ်လာပါတယ်။

    သူကတော့ အသက် ၂၉ နှစ်အရွယ် ပါလက်စတိုင်းနွယ်ဖွား အမျိုးသမီး ရူ၀ါ ရွမ်မန်ဖြစ်ပြီး ပြည်နယ်အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။ 

    ဂျော်ဂျီယာပြည်နယ် အစိုးရအဖွဲ့အစည်းမှာ ခန့်အပ်ခံရတဲ့ ပထမဆုံး ပါလက်စတိုင်းနွယ်ဖွား၊ ပြည်နယ်အောက်လွှတ်တော်မှာ ရွေးချယ်ခံရတဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီးအမတ်အဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    ရွမ်မန်ရဲ့ မိဘတွေဟာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဌာနေပါလက်စတိုင်းမှာ ဒုက္ခသည်ဘ၀ရောက်ပြီး အမေရိကန်ကို အပို့ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ 

    ခွဲခြားမှုခံရ

    —————–

    သူမရဲ့ ငယ်ဘ၀ဟာ ပန်းခင်းသောလမ်း မဟုတ်ခဲ့ပါဘူး။

    “ဗုံးစက်ရုံကြီး နောက်မှာပါလာတယ်ဟေ့” ဆိုပြီး ကျောင်းကားပေါ်မှာ အခြားကျောင်းသားတွေ သူမကို လက်ညှိုးထိုးစနောက်မှုကို ရွမ်မန်တစ်ယောက် အသက် ၈ နှစ်အရွယ်ကတည်းက ခံခဲ့ရပါတယ်။

    တောင်ဖက်ပိုင်းကျတဲ့ ဂျော်ဂျီယာပြည်နယ်ဟာ ရှေးရိုးစွဲခရစ်ယာန်ဘာသာ အားကောင်းတဲ့ ဒေသဖြစ်ပြီး သူမကို ခွဲခြားစော်ကားသူတွေထဲမှာ ကျောင်းက ဆရာတွေလည်း ပါ၀င်ပါတယ်။

    “ကျွန်မကြုံခဲ့ရတာတွေဆိုရင် စာအုပ်ထုတ်လို့တောင်ရတယ်။ စကားရည်လုပွဲမှာ ဆရာတွေက ကျွန်မကို အမြဲတမ်းရွေးတယ်။ ပြီးရင် အစ္စလာမ်နဲ့ မွတ်စလင်တွေကို ကာကွယ်တဲ့ဖက်မှာထားပြီး ပြောခိုင်းတယ်။ အတန်းထဲမှာက ဒီအကြောင်းတွေကို အမှားတွေပဲ ပြောထားတာ။ ဒီစိတ်ခံစားချက်က ကျွန်မဘ၀တစ်ခုလုံးကို အရောင်ဆိုးတော့တာပဲ”

    ဒီလို ခွဲခြားဆက်ဆံခံရမှုတွေက လူ့အဖွဲ့အစည်းနဲ့ အထူးသဖြင့် ဖယ်ကျဥ်ခံအသိုင်းအ၀ိုင်းနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ သူမကို အင်အား ဖြစ်စေခဲ့ပါတယ်။

    နိုင်ငံရေးလောက

    —————-

    ၂၀၁၅ ခုနှစ်မှာ သူမဟာ Georgia Muslim Voter Project မှာ စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲမှာ အမေရိကန်မွတ်စလင်တွေ မဲထည့်မှု ပိုမိုမြင့်တက်လာရေး ဆောင်ရွက်ခဲ့ပါတယ်။ 

    အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ ဂျော်ဂျီယာပြည်နယ်အဖွဲ့ခွဲ ပေါ်ပေါက်လာရေးကို ရွမ်မန်က ဦးဆောင်ခဲ့ပါတယ်။ 

    ၂၀၁၄ ခုနှစ်ကစပြီး ရွေးကောက်ပွဲတွေမှာ စေတနာ့၀န်ထမ်းအဖြစ် ပါ၀င်ကူညီပေးခဲ့ပါတယ်။ 

    နိုင်ငံရေးသမားဖြစ်ရန် ဆန္ဒမရှိ 

    ————

    နိုင်ရေးလုပ်ငန်းစဥ်တွေမှာ ပါ၀င်ကူညီဖို့ စိတ်အားထက်သန်ပေမယ့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ အစပိုင်းမှာ ရည်ရွယ်ချက်မရှိဘူးလို့ ရွမ်မန်က ပြောပါတယ်။ 

    Georgia Muslim Voter Project မှာ သင်တန်းတက်နေရင်း ဂျာနယ်လစ်တစ်ယောက်က သူ့ကို အင်တာဗျူးပြီး သူ့အကြောင်း ဆောင်းပါးတစ်ပုဒ်ရေးလိုက်ရာကနေ လွှတ်တော်အမတ်လုပ်ဖို့ စိတ်ကူးရသွားတာပါ။  

    အင်တာဗျူးမှာ နိုင်ငံရေးသမားလုပ်မလားဆိုတဲ့ အမေးကို ‘မလုပ်ဘူး’ လို့ ဖြေလိုက်ပေမယ့် ‘ရူ၀ါ ရွမ်မန် လွှတ်တော်အမတ်လုပ်ဖို့ စဥ်စားနေပြီလား’ ဆိုတဲ့ခေါင်းစဥ်နဲ့ ဆောင်းပါးထွက်လာပြီး အဲဒီမှာ လူ့အဖွဲ့အစည်းက သူ့ကို ပိုသိကာ နိုင်ငံရေးသမားလုပ်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ 

    အတိုက်အခိုက်ရှိ

    ——————-

    ရှေးရိုးစွဲ ခရစ်ယာန်၀ါဒ အားကောင်းတဲ့ ဂျော်ဂျီရာပြည်နယ်မှာ ရွမ်မန်ရဲ့ နိုင်ငံရေးခရီးလမ်းဟာ မဖြောင့်ဖြူးခဲ့ပါဘူး။ 

    ပြည်နယ်လွှတ်တော်အမတ်နေရာ ၀င်ရောက်ယှဥ်ပြိုင်ရာမှာ အတိုက်အခိုက်တွေလည်း ခံခဲ့ရပါတယ်။

    အထူးသဖြင့် ပြိုင်ဘက် ရီပက်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်လောင်း ဂျွန်ချန်ဖြစ်ပါတယ်။ 

    “သူက ကျွန်မနဲ့ပတ်သက်ရင် မွတ်စလင်မုန်းတီးရေးပဲပြောတယ်။ ကျွန်မဟာ အကြမ်းဖက်၀ါဒနဲ့ ခွဲမရဘူးပေါ့။ တစ်ကြိမ်ဆို အကြမ်းဖက်သမား အဆိပ်ပင်ဆိုတာမျိုးအထိ ပြောတာ”

    ချန်ကဖြန့်၀ေတဲ့ မဲဆွယ်လက်ကမ်းစာစောင်တွေမှာလည်း ရွမ်မန်ကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲရေးသားထားပါတယ်။

    လူထုက အနောက်မှာရှိ

    ————-

    ဒီလို အတိုက်အခိုက်ခံရတိုင်း သူမကိုချစ်တဲ့လူထုက အနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးတယ်လို့ ရွမ်မန်က ပြောပါတယ်။ 

    “ကျွန်မမဲဆန္ဒနယ်က ပြည်သူတွေက ‘ဒါမျိုး ငါတို့လက်မခံဘူး။ အကူအညီလိုရင်ပြောနော် ငါတို့ရှိတယ်’ စတဲ့  မက်ဆေ့တွေပို့ပြီး အားပေးကြတယ်။ သိပ်ကို ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ”

    လူထုတာ၀န်ထမ်းဆောင်ရေး၊ တရားမျှတမှုရှိရေး ခံယူချက်တွေ ပေါ်ပေါက်လာတာဟာ ဘာသာတရားနဲ့လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ သူမက မှတ်ချက်ပေးပါတယ်။ 

    “တရားမျှတရေးဆိုတာ အစ္စလာမ်သာသနာရဲ့ အဓိက အနှစ်သာရပါ။ ဒီသွန်သင်ချက်ကြောင့် အိမ်းနီးချင်းတွေနဲ့ အခြားသူတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံလိုစိတ်တွေ၊ ဖယ်ကျဥ်ခံအားနည်းသူတွေကို ကာကွယ်ပေးလိုစိတ်တွေ ပေါ်ပေါက်လာတာပါ”

    တရားမျှမဲ့မှူတွေကို ခါသည်းစွာ ခံစားနေရတဲ့ ပါလက်စတိုင်းလူမျိုးတစ်ဦး ဖြစ်နေတာကလည်း တရားမျှတမှုကို အာရုံစိုက်ဖို့ သူမအတွက် တွန်းအားဖြစ်စေပါတယ်။

    “လူတိုင်းက ဂုဏ်သိက္ခာနဲ့ နေထိုင်ခွင့်ရှိပါတယ်။ အရည်အသွေးကို ထုတ်ပြပြီး၊ ပြင်းပြင်းထန်ထန်ကြိုးစားရင် သမိုင်းရေးထိုးနိုင်တယ်ဆိုတာ ကျွန်မကိုကြည့်ပြီး ကမ္ဘာတစ်၀ှမ်းက ပါလက်စတိုင်းတွေ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်”

    “နိုင်ငံခြားရေးမူ၀ါဒနဲ့ပတ်သက်ပြီး ကျွန်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဒါပေမယ့် ကိုယ်တွေဟာ လူနုံလူအတွေမဟုတ်ဘူး၊ အကြမ်းဖက်သမားတွေမဟုတ်ဘူး၊ လူတွေထင်နေသလိုမျိုး ဆိုးဆိုးရွားရွားတွေမဟုတ်ဘူးဆိုတာ ပါလက်စတိုင်းတွေကို အနည်းဆုံးတော့ ကျွန်မ သတိပေးနိုင်တာပေါ့”

    အမုန်းကင်းသည့် အနာဂတ်

    ————

    သူမ အခုလို ရွေးကောက်တင်မြှောက်ခံရတာဟာ အမုန်းတရားကင်းစင်တဲ့ အနာဂတ်ဆီ သွားနေတဲ့ လက္ခဏာလို့ ရွမ်မန်က ပြောပါတယ်။ 

    “မွတ်စလင်တွေလည်း လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာကို လူတွေ နားလည်သွားတယ်ဆိုတာ ဒါက သက်သေလို့ ကျွန်မ ထင်ပါတယ်။ အစ္စလာမ်ကြောက်ရောဂါအရှိန်လည်း ကျဆင်းစ ပြုလာပါပြီ”  

    Ref: CNN 

  • အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးတဲ့ မွတ်စလင်အမျိုးသမီး

    အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးတဲ့ မွတ်စလင်အမျိုးသမီး

    နို၀င်ဘာ ၁၂၊ ၂၀၂၂

    M-Media 


    -အိန္ဒိယနွယ်ဖွား မွတ်စလင်အမျိုးသမီး နဘီလာ ဆယဒ်ဟာ အခုတစ်ပတ် သက်တမ်း၀က်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

    နာဘီလာဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အမတ်ပါ။ 

    အီလီနွိုက်စ်ပြည်နယ် လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခံရပြီး ပြည်နယ်သမိုင်းမှာ အသက်အငယ်ဆုံးအမတ်၊ ပထမဆုံး တောင်အာရှနွယ်ဖွားအမတ် အဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    နဘီလာဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးတို့နဲ့ ဘွဲ့ရထားပါတယ်။ တန်းတူအခွင့်အရေးရဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခွန်ကိစ္စ ပြဿနာတွေကို ဖြေရှင်းကာ တိုးတက်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိက၀တ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

    နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို နဘီလာက စေတနာ့၀န်ထမ်းအဖြစ် ပြည်သူတွေကို ကူညီပေးနေပြီး၊ မွတ်စလင်အမျိုးသမီးငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရေးလည်း လုပ်ဆောင်နေပါတယ်။ 

    နဘီလာ ကိုယ်စားပြုတဲ့ ၅၁ ခရိုင် မဲဆန္ဒနယ်ဟာ လူဖြူအများစု နေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။ ဖခင် ဆယဒ် မိုဇွတ်ဒင်းက သူ့သမီးဟာ တစ်ခုခု ကြီးကြီးမားမား အောင်မြင်အောင် လုပ်တော့မယ်ဆိုတာ အထက်တန်းကျောင်းသားဘ၀ကတည်း ခန့်မှန်းမိခဲ့တယ်လို့ ပြောပါတယ်။ 

    မိုဇွတ်ဒင်းဟာ ၁၉၈၉ ခုနှစ်က အမေရိကန်ကို အိန္ဒိယကနေ ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းမှာ ဇနီးဖြစ်သူကို ခေါ်ယူကာ ဘ၀ကို အောက်ခြေကနေ ထူထောင်ခဲ့တာလို့ နဘီလာက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။ 

    လူငယ်ဘ၀က နိုင်ငံရေးကို စိတ်မ၀င်စားခဲ့ပေမယ့် သမ္မတထရမ့်လက်ထက် အန္တရာယ်ရှိတဲ့ လှုံ့ဆော်မှုတွေကြောင့် ဒီဖက်ကို အာရုံရောက်လာတာလို့ သူမက ဆိုပါတယ်။ 

    “နိုင်ငံရေးကို နားလည်အောင်လုပ်ရုံသာမကဘဲ ကိုယ်တိုင်လည်း ၀င်ရောက်ပါ၀င်ရမယ်ဆိုတာ ထရမ့် သမ္မတဖြစ်တဲ့အချိန်မှာ သဘောပေါက်လာတာပါ။ အဲဒီလိုမှ မလုပ်ရင်လည်း တစ်ခြားလူတွေက ရေးချင်တာရေး၊ ပြောချင်တာ ပြောကြတော့မှာ”

    Ref: Siasat

  • သမ္မတဂျိုးဘိုင်ဒန်က ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ပြည်ထောင်စုတရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်း

    သမ္မတဂျိုးဘိုင်ဒန်က ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ပြည်ထောင်စုတရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်း

    ဇန်နဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ရှေ့နေ နူဆရတ် ဂျာဟန် ချောင်ဒရီကို ပြည်ထောင်စုတရားရုံး တရားသူကြီးအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီး လွှတ်တော်က အတည်ပြုရင် ဒီရာထူးမှာ တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ဘင်္ဂါလီလူမျိုး၊ ပထမဆုံး အမေရိကန်မွတ်စလင်အမျိုးသမီး ဖြစ်လာမှာ ဖြစ်ပါတယ်။

    ချောင်ဒရီဟာ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံသားအခွင့်အရေး ကာကွယ်မှုဆိုင်ရာ သမဂ္ဂ (ACLU) ရဲ့ အီလီနွိုက်ပြည်နယ် ဌာနခွဲမှာ ဥပဒေရေးရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သမ္မတဘိုင်ဒန် အမည်စာရင်းတင်သွင်းတာက နယူးယောက်ပြည်နယ် ခရိုင်တရားရုံး တရားသူကြီးရာထူးအတွက် ဖြစ်ပါတယ်။

    “ဒီအမည်စာရင်း တင်သွင်းမှုကြောင့် သူမဟာ ပြည်ထောင်စုတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ်-အမေရိကန်နွယ်ဖွား၊ ပထမဆုံး အမေရိကန်မွတ်စလင်အမျိုးသမီး၊ ဒုတိယမြောက် အမေရိကန်မွတ်စလင် ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ အိမ်ဖြူတော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ချောင်ဒရီဟာ ACLU ရဲ့ နယူးယောက်မြို့ လူမျိုးရေးဆိုင်ရာ တရားမျှတမှု အစီအစဉ် အပါအဝင် နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ဥပဒေဆိုင်ရာ ကာကွယ်မှုတွေ ရရှိရေး ​ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတော်တော်များများမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

    နိုင်ငံခြားကလူတွေ ဝင်ခွင့်မပေးတဲ့ No Fly List မူဝါဒ၊ နယူးယောက်ရဲဌာနက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် လျှို့ဝှက်စောင့်ကြည့်မှု စတဲ့ နိုင်ငံသားအခွင့်အရေး ထိပါးမှု ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို တရားစွဲဆို တုန့်ပြန်မှုတွေမှာ ချောင်ဒရီက ပါဝင်ကူညီပေးခဲ့ပါတယ်။

    ပြည်ထောင်စု တရားသူကြီးနေရာမှာ ချောင်ဒရီကို ခန့်အပ်တာဝန်ပေးဖို့အတွက် လွှတ်တော်က ဒီမိုကရက်တစ်အမတ်များအဖွဲ့ ခေါင်းဆောင် ချက်ရှူးမားက ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ထောက်ခံပေးခဲ့ပြီး သူမဟာ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်မှုဆိုင်ရာ ကိစ္စတွေမှာ အထူးကျွမ်းကျင်သူ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    အမေရိကန် တရားရေးစနစ်အရ ပြည်ထောင်စု တရားသူကြီးတွေဟာ နိုင်ငံသားအခွင့်အရေးနဲ့ပတ်သက်တဲ့ တရားစွဲဆိုမှုတွေ၊ ပြည်ထောင်စုအဆင့် ရာဇဝတ်မှုတွေကို ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ​မူဝါဒတွေ၊ ဥပဒေတွေကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက ကျင့်သုံးလာရင် ပယ်ချ၊ ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာလည်း ပြည်ထောင်စုတရားသူကြီးတွေမှာ ရှိပါတယ်။

    Ref: Reuters