News @ M-Media

Tag: Italy

  • ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော

    ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အသင်းတော်က ဆက်လက် ဖုံးကွယ်သွားမှာ မဟုတ်ဘဲ ဒီကိစ္စကို အမြစ်ပြတ် တိုက်ဖျက်သွားမယ်လို့ ခရစ်ယာန် ကက်သလစ်ဘာသာရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ အသင်းတော်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေကို ခေါ်ယူပြီး ဗာတီကန်မှာ ကြာသာပတေးနေ့ကတည်းက အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။

    “ကျူးလွန်မှုတွေကို အရင်တုန်းကလိုမျိုး ဖုံးကွယ်ပေးတာ၊ မသိချင်ယောင်ဆောင်ပေးတာမျိုး လုပ်မှာ မဟုတ်တော့ပါဘူး။ ဒီလို ဖုံးကွယ်ပေးတာဟာ အကုသိုလ် ပြန့်ပွားဖို့ အားပေးရာရောက်ပြီး၊ ပြဿနာကို ထပ်ပိုးပေးလိုက်သလိုလည်း ဖြစ်ပါတယ်” လို့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တာဟာ စက်ဆုပ်ဖွယ်ရာကောင်းပြီး ကမ္ဘာမြေပေါ်က ဖယ်ရှားပစ်ရမယ့် ကိစ္စမျိုးဖြစ်ကြောင်း၊ ဒီကိစ္စတွေ အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဖရန်စစ်က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေနဲ့ အဆင့်မြင့် ခရစ်ယာန်ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်တဲ့ ညီလာခံ ဖွင့်ပွဲနေ့မှာ အသင်းတော်အတွင်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို တိုက်ဖျက်ရေး အချက် ၂၁ ချက်ပါ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပုပ်ရဟန်းမင်းက ချပြခဲ့ပါတယ်။

    အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်ဆိုရင် အဆုံးစွန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အွန်လိုင်း ကလေးညစ်ညမ်းကား ကိစ္စနဲ့ပတ်သက်လို့ ဗာတီကန်ရဲ့ စည်းကမ်းဥပဒေတွေကို တင်းကြပ်မယ်ဆိုတာကလွဲလို့ တစ်ခြား အသေးစိတ် ကတိက၀တ်တွေ၊ လုပ်ဆောင်မယ့် အစီအစဉ်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ ရုပ်ပွားဆင်းတု ကိုးကွယ်မှုဓလေ့မှာ ရှိခဲ့တဲ့ လူသားကို ယစ်ပူဇော်တာနဲ့ အတူတူပဲလို့ ဖရန်စစ်က နှိုင်းယှဉ်ခဲ့ပြီး ကျူးလွန်သူတွေကို ‘ဘုရားသခင်ရဲ့ အမျက်တော်’ နဲ့အတူ တုန့်ပြန်သွားမယ်လို့ သန္ဓိဌာန်ပြုထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးအချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသင်းတော် အာဏာပိုင်တွေကလည်း ဒီကိစ္စတွေကို ဖုံးကွယ်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် သြစတေးလျ၊ ချီလီ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေမှာ အစိုးရအာဏာပိုင်တွေက ဒီကိစ္စတွေကို စုံစမ်းကာ လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးကတော့ ကလေးငယ်တွေအပေါ် လိင်စိတ်တိမ်းညွှတ်တဲ့ ဘုန်းကြီးတွေဟာ ‘မာရ်နတ်ရဲ့ ဘက်တော်သားတွေ’ လို့ သမုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media

    – ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေဟာ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိပြီး၊ လိင်ကျွန်ပြုတာတွေတောင် ရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၀န်ခံပြောကြားလိုက်ပါတယ်။

    သီလရှင်တွေအပေါ် ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပထမဆုံး ၀န်ခံလိုက်တာလည်း ဖြစ်ပါတယ်။

    လိင်ကျွန်ပြုမှုကိစ္စတစ်ခုအတွက် ယခင် ပုပ်ဘင်နီဒစ်ဟာ သီလရှင်ကျောင်းတစ်ခုလုံးကို ပိတ်ပစ်ခိုင်းရကြောင်း၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကက်သလစ်အသင်းတော်က ကြိုးစားနေပေမယ့် အခုအချိန်အထိ ဆက်ရှိနေကြောင်း ဖရန်စစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လိင်ပြဿနာကြောင့် ပုပ်ဘန်နီဒစ် ၂၀၀၅ ခုနှစ်က ပိတ်ခိုင်းခဲ့ရတဲ့ သီလရှင်ကျောင်းဟာ ပြင်သစ်က Community of St Jean ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Community of St Jean သီလရှင်ကျောင်းက ဒီကိစ္စကို ၀န်ခံခဲ့ပါတယ်။

    ကက်သလစ်အသင်းတော်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သီလရှင်များအဖွဲ့က သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အတားအဆီးတွေ ရှိနေမှုကို ရှုတ်ချကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ပြဿနာရှိနေ

    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဘုန်းကြီးတွေဟာ ကလေးငယ်တွေနဲ့ သီလရှင်တွေကို လိင်ပိုင်ဆိုင်ရာ စော်ကားမှုသတင်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    အင်္ဂါနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီးက ကက်သလစ်အသင်တော်မှာ ပြဿနာရှိနေကြောင်း ၀န်ခံခဲ့ပြီး အကြောင်းအရင်းက လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ဒုတိယတန်းစားအဖြစ် မှတ်ယူထားတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးတွေ၊ ဂိုဏ်းအုပ်ဘုန်းကြီးတွေဟာ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ရှိနေတယ်ဆိုတာကို အသင်းတော်က သိရှိပြီး ဖြေရှင်းနေကာ၊ ကျူးလွန်တဲ့ဘုန်းကြီးတော်တော်များများကို သာသနာ့ဘောင်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖရန်စစ်က ပြောပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ အိန္ဒိယ၊ ချီလီ၊ အီတလီနဲ့ အာဖရိကတို့မှာလည်း ဖြစ်ပွားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံက ကက်သလစ် ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ဦးကို ၁၃ ကြိမ် အဓမ္မကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ချီလီနိုင်ငံမှာလည်း ဘုန်းကြီးတွေက သီလရှင်တွေကို လိင်စော်ကားမှု ကိစ္စအတွက် ဗာတီကန်က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သီလရှင်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စတွေဟာ ကက်သလစ်သာသနာက တစ်ချို့သာသနာ့နယ်မြေတွေ၊ အထူးသဖြင့် အသစ်ပေါ်ထွက်လာတဲ့ နေရာတွေမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အကြမ်းဖက်သည့် လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက ထောင် ၁၂ နှစ်ချ

    အကြမ်းဖက်သည့် လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက ထောင် ၁၂ နှစ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အခုနှစ်အစောပိုင်းမှာ အာဖရိကနွယ်ဖွားတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက မနေ့မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် လူကာ ထရိုင်နီဆိုသူဖြစ်ပြီး နိုက်ဂျီးရီးယား မူးယစ်ဂိုဏ်းက အီတလီအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလက နိုင်ငံအလယ်ပိုင်း မာစီရာသာမြို့မှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

    ထရိုင်နီကို လူသတ်ရန်ကြိုးစားမှု၊ လူမျိုးရေးမုန်းတီးမှု စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    ပစ်ခတ်မှုအတွင်း အာဖရိကနွယ်ဖွား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထရိုင်နီက သူ့အနေနဲ့ လူမျိုးရေးမုန်းတီးစိတ်ကြောင့် ပြုလုပ်တာမဟုတ်ဘဲ မူးယစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှေ့နေအဖွဲ့က ထရိုင်နီဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုကို ခံစားနေရပြီး၊ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူ ဘာလုပ်နေလဲဆိုတာကို သတိမရှိဘူးလို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

    အီတလီအမျိုးသမီးငယ် အသတ်ခံရမှုနဲ့ ထရိုင်နီရဲ့ ပစ်ခတ်မှုအပြီး အီတလီနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မှုကို ဆန့်ကျင်တဲ့ သဘောထားတွေ မြင့်တက်လာသလို၊ ထောက်ခံတဲ့လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။

    ထရိုင်နီကို အားပေးထောက်ခံတဲ့ လူတွေလည်း ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    ဂျီနိုအာ တံတားပြိုကျမှု မြင်ကွင်း

    အီတလီတွင် ဂုံးကျော်တံတားပြိုကျမှုကြောင့် အနည်းဆုံး ၃၀ ကျော်သေဆုံး
    ==================
    အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ဂျီနိုအာမြို့မှာ မနေ့နေ့လည်ပိုင်းက ဂုံးကျော်တံတားတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူရေအတွက်ဟာ ၃၅ ဦးရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ တံတားပြိုကျစဉ်အတွင်း တံတားအောက်က ကား ၃၅ စင်းလောက်ပိမိခဲ့ပြီး တံတားပေါ်က လော်ရီကားတစ်စင်းလည်း အောက်ကို ပြုတ်ကျခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး အနီးအနားအိမ်တွေက မိသားစုတွေကိုတော့ ဘေးလွ
    တ်ရာကို ရွှေ့ပြောင်းထားပါတယ်။

    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လေပိုင်နက် ကန့်သတ်မှုကို ဒူတာတေးဝေဖန်
    ===================
    တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားနေတဲ့ နေရာတွေမှာ တရုတ်က ဝေဟင်ပိုင်နက်ကို စောင့်ကြည့်နေတာ၊ လေယာဉ်တွေကို မောင်းထုတ်တာတွေဟာ တရားနည်းလမ်းမကျဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။ ပိုင်နက်အငြင်းပွားမှုမှာ ဖိလစ်ပိုင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ ပါဝင်နေတာပါ။ တရုတ်ကို ဝေဖန်ခဲတဲ့ ဒူတာတေးက တရုတ်ရဲ့ ဒီလို ကန့်သတ်ချက်တွေကြောင့် အမေရိကန်လို နိုင်ငံမျိုးနဲ့ ထိပ်တိုက်တွေ့နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    1MDB ကိစ္စဖြင့် ဖမ်းဆီးထားသည့် ဇိမ်ခံသင်္ဘောကို မလေးရှားက ပြန်ရောင်းမည်
    ===================
    နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ သိမ်းဆည်းထားတဲ့ ဇိမ်ခံသင်္ဘော Equanimity ကို လာမယ့် ၃၊ ၄ လအတွင်းမှာ ရောင်းချသွားမယ်လို့ မလေးရှား ရှေ့နေချုပ် တွမ်မီသောမတ်စ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီသင်္ဘောဟာ 1MDB ကိစ္စနဲ့ ၀ရမ်းထုတ်ခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂျိုလိုက ပိုင်ဆိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။ ရှေ့နေချုပ်ကတော့ ရောင်းချလို့ရရှိတဲ့ ငွေတွေကို ဘဏ်အကောင့်ဖွင့်ကာ သိမ်းထားပြီး သင်္ဘောကို ပိုင်ဆိုင်ကြောင်း ပြနိုင်သူကို လွှဲပေးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန်တဲ့ အဲဒီသင်္ဘောကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တစ်ပတ်မှာ မလေးရှားကို လွှဲပြောင်းပေးခဲ့တာ ဖြစပါတယ်။

    Ref: Aljazeera, CNA

  • အီတလီတွင် လူဖြူသေနတ်သမားတစ်ဦးက အာဖရိကန်များအား တိုက်ခိုက်

    အီတလီတွင် လူဖြူသေနတ်သမားတစ်ဦးက အာဖရိကန်များအား တိုက်ခိုက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈
    M-Media

    သေနတ်သမား လူကာ ထရိုင်နီ

    – အီတလီနိုင်ငံတွင် အာဖရိကန် ပြောင်းရွှေ့အခြေချသူများအား ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီ လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည် သိရသည်။

    နိုင်ငံအလယ်ပိုင်း မာစီရာတာမြို့တွင် ယမန်နေ့မနက်ပိုင်းက အသက် ၂၈ နှစ်အရွယ် လူဖြူ သေနတ်သမား လူကာ ထရိုင်နီမှာ ဘူတာရုံတစ်ခုအပါအ၀င် နေရာတော်တော်များများတွင် ပစ်ခတ်ခဲ့ပြီး လူမျိုးရေးမုန်းတီးမှုကြောင့် ဆောင်ရွက်ခြင်း ဖြစ်ပုံရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူတစ်ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေသည်။

    လူကာထရိုင်နီမှာ ဖမ်းဆီးခံရချိန်တွင် အီတလီအလံကို လည်ပင်းတွင် ပတ်ထားပြီး ဖက်ဆစ်ပုံစံ အလေးပြုခဲ့သည်ဟု ပြည်တွင်းသတင်းဌာန Ansa က ဖော်ပြခဲ့သည်။

    အသက် ၁၈ နှစ်အရွယ် အီတလီအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရမှုအတွက် နိုက်ဂျီးရီးယားအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အီတလီမှာ မတ်လ ၄ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိနေပြီး ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး သဘောထားမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် အဓိကဖြစ်လာနိုင်သည်ဟု သတိပေးမှုများ ရှိနေသည်။

    ယမန်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့သူ ထရိုင်နီမှာ ပြီးခဲသည့်နှစ် ဒေသန္တရရွေးကောက်ပွဲတွင် ကော်ရီဒိုနီယာမြို့၌ လက်ယာပါတီ Lega မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်ဟု အီတလီမီဒီယာများက ဖော်ပြကြသည်။

    အီတလီဝန်ကြီးချုပ် ပါလို ဂျန်တီလိုနီကမူ အမုန်းတရားနှင့် အကြမ်းဖက်မှုများက မိမိတို့လူ့အဖွဲ့အစည်းကို သွေးခွဲနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera