News @ M-Media

Tag: Japan

  • ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ပြည်သူများကို ဒုံးကျည်ရန်မှ ကယ်ဆယ်ရေး ပထမဆုံး လေ့ကျင့်မှုကို ယနေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် တစ်ပတ်ကျော်က မြောက်ကိုရီးယားမှ ပစ်လွှတ်စမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းမှာ ဂျပန်အနောက်မြောက်ဖက် ကမ်းရိုးတန်းသို့ ကျရောက်ခဲ့ပြီး ထိုအထဲမှ တစ်ခုမှာ အိုဂါမြို့နှင့် ကီလိုမီတာ ၂၀၀ ခန့်အကွာသို့ ရောက်ရှိခဲ့သည်။

    ယနေ့ပြုလုပ်သည့် ကယ်ဆယ်ရေးလေ့ကျင့်ခန်းမှာ မြောက်ကိုရီးယားက ဂျပန်ကျွန်းများအပေါ် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်မှုကို အခြေခံ၍ လေ့ကျင့်ခြင်းဖြစ်သည်။

    “ဒုံးကျည်ဟာ အိုဂါကျွန်းဆွယ်အနောက်ဖက် ကီလိုမီတာ ၂၀ အတွင်း ကျရောက်တယ်လို့ ယူဆရပါတယ်။ အစိုးရဟာ လက်ရှိမှာ အပျက်အဆီးကို ဆန်းစစ်နေပါတယ်” ဟု လေ့ကျင့်နေစဉ်အတွင်း ပြည်သူများအား အသိပေးသည့် စပီကာများမှ ပြောကြားခဲ့သည်။

    လေ့ကျင့်မှုအတွင်း ပြည်သူများမှာ အရေးပေါ်ပစ္စည်းများ၊ ကာကွယ်ရေး ၀တ်စုံများ ထားရှိပေးထားသည့် သတ်မှတ် ကယ်ဆယ်ရေးစင်တာများသို့ သွားရောက်ခဲ့ရသည်။ ထိုလေ့ကျင့်မှုတွင် ကျောင်းသားများအား ကယ်ထုတ်ရေး အစီအစဉ်လည်း ပါဝင်ခဲ့သည်။

    ဂျပန်အစိုးရ တာဝန်ရှိသူများကမူ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေတွင် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီရက်တွေမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုအမူကို မှန်းဆလို့မရဘူးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်” ဟု အိုဂါမြို့တည်ရှိရာ အကီတာပြည်နယ်မှ လုံခြုံရေးဆိုင်ရာ အကြီးအကဲ အိုဆာမူ ဆိုင်တိုက ပြောကြားခဲ့သည်။

    Ref: CNA

  • တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ အကြီးဆုံး စစ်သင်္ဘော လှည့်လည်မည်

    တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ အကြီးဆုံး စစ်သင်္ဘော လှည့်လည်မည်

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဂျပန်မှာ ၎င်းတို့၏ အကြီးဆုံး စစ်သင်္ဘောကြီးကို တောင်တရုတ်ပင်လယ်ကိုဖြတ်၍ ၃ လကြာမည့် လှည့်လည့်သွားလာမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒေသတွင်း ဂျပန်၏ အကြီးဆုံး ရေတပ်အင်အားပြမှု ဖြစ်လာမည်ဖြစ်သည်။

    လွန်ခဲ့သည့် ၂ နှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့သည့် Izumo ရဟတ်ယာဉ်တင် သင်္ဘောဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာတို့တွင် အသီးသီး ရပ်နားသွားမည်ဖြစ်ကာ ဇူလိုင်လတွင် အိန္ဒိယသမုဒ္ဒရာ၌ အိန္ဒိယနှင့် အမေရိကန်ရေတပ်တို့က ပြုလုပ်မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။

    ထို့နောက်တွင် အဆိုပါသင်္ဘောမှာ ဂျပန်နိုင်ငံသို့ ပြန်ရန် စီစဉ်ထားသည်။

    ၂၄၉ မီတာ ရှည်လျားသည့် Izumo လေယာဉ်တင်သင်္ဘောမှာ ဂျပန်၏ ဒုတိယကမ္ဘာစစ်ကာလ သင်္ဘောကြီးများလောက် ရှိနေပြီး ရဟတ်ယာဉ် ၉ စင်းကို တင်ဆောင်နိုင်သည်။

    အဆိုပါသင်္ဘောမှာ အမေရိကန် မရိန်းတပ်ဖွဲ့က အသုံးပြုသည့် သင်္ဘောများနှင့် ဆင်တူသော်လည်း စွမ်းဆောင်ရည်တွင် အနည်းငယ် အားနည်းသည်။

    တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အခြားသောနိုင်ငံများမှာ ပိုင်နက် အငြင်းပွားမှုများ ရှိနေပြီး ပင်လယ်အတွင်း တရုတ်၏ စစ်ရေးချဲ့ထွင်မှုများက ဂျပန်နှင့် အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို မြင့်တက်စေသည်။

    ဂျပန်မှာ တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားမှု မရှိသော်လည်း အရှေ့တရုတ်ပင်လယ်တွင်မူ အငြင်းပွားမှု ရှိနေသည်။

    Ref: Aljazeera

  • တရုတ်နှင့် အငြင်းပွားကျွန်းအတွက် အပြည့်အ၀ကာကွယ်ပေးမည်ဟု ဂျပန်ကို ထရမ့် ကတိပေး

    တရုတ်နှင့် အငြင်းပွားကျွန်းအတွက် အပြည့်အ၀ကာကွယ်ပေးမည်ဟု ဂျပန်ကို ထရမ့် ကတိပေး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ဆန်ကာကူကျွန်းပါ အကျုံးဝင်စေမည့် ကာကွယ်ရေး သဘောတူညီချက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ထပ်မံ အာမခံပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံမှုအတွင်း ထရမ့်က ယခုကဲ့သို့ အာမခံပေးခဲ့ခြင်းဖြစ်ပြီး၊ တွေ့ဆုံမှုပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေငြာချက်တွင် အမေရိကန်အနေဖြင့် သာမန် စစ်အင်အား၊ နျူကလီးယား စစ်အင်အားတို့မှတစ်ဆင့် ဂျပန်နိုင်ငံကာ ကာကွယ်ရေး ကတိက၀တ်ကို ထပ်မံ အတည်ပြုသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် အဆိုပါ ဆန်ကာကူကျွန်းအား ဂျပန်၏ ထိန်းချုပ်စီမံမှုကို ပျက်စီးစေမည့် မည်သည့် တစ်ဖက်သက် လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားကာ တရုတ်နိုင်ငံအား ဒေါသထွက်စေမည်ဖြစ်သည်။

    ရှင်ဇိုအာဘေး၏ အမေရိကန်သို့ ၂ ရက်တာ ခရီးစဉ်မှာ တရုတ်က ကြီးထွားလာနေသော်လည်း အမေရိကန်နှင့် ဂျပန်တို့အကြား ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် မဟာမိတ်ဖြစ်မှုမှာ မပျက်သုဉ်းနိုင်ဆိုသည့် သတင်းစကားကို ပြသလိုခြင်း ဖြစ်သည်။

    ထရမ့်ကလည်း အမေရိကန်နှင့် ဂျပန်တို့အကြား မဟာမိတ်ဖြစ်မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါကြောင်း ပြောကြားခဲ့ပြီး ထိုစကားက ဂျပန်အနေဖြင့် အမေရိက်တပ်ဖွဲ့များအတွက် အကုန်အကျခံပေးရမည်ဆိုသည့် ရွေးကောက်ပွဲကတိစကား ပျက်ပြယ်သွားခြင်းလည်းဖြစ်သည်။

    Ref: Aljazeera

  • တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    china-2
    တရုတ်လေတပ်မှ လေယာဉ်တစ်စီး

    – အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်ပြင်တို့တွင် တရုတ်စစ်လေယာဉ်များ ပျံသန်းခဲ့သောကြောင့် ဂျပန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များက ပျံတက် စောင့်ကြည့်ခဲ့ရသည်ဟု သိရသည်။

    ယနေ့တွင် တရုတ်စစ်လေယာဉ် ၈ စီးက တူရှီမာ ရေလက်ကြားမှ အသွားအပြန် ပျံသန်းခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်လေယာဉ်များလည်း ပျံတက်ကာ အခြေအနေကို ကြည့်ခဲ့ရသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    သို့သော်လည်း တရုတ်လေယာဉ်များမှာ ဂျပန်လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းမရှိဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

    တရုတ်လေယာဉ်အုပ်စုတွင် H-6 ဗုံးကျဲလေယာဉ် ၆ စီး၊ ရှေ့ပြေးလေယာဉ်တစ်ဦးနှင့် ထောက်လှမ်းရေးလေယာဉ်တစ်စီးတို့ ပါဝင်သည်ဟု ဂျပန်က ပြောကြားခဲ့သည်။

    တောင်ကိုရီးယား၏ Yonhap သတင်းဌာနကလည်း တရုတ်လေယာဉ် ၁၀ စီးခန့်မှာ ကိုရီးယား လေကြောင်းစောင့် ကြည့်ဇုန်တွင် တနင်္လာနေ့က ၅ နာရီကြာ ၀င်ရောက်ပျံသန်းခဲ့ခြင်းကြောင့် တောင်ကိုရီးယား တိုက်ခိုက်ရေး တိုက်လေယာဉ်များ ပျံတက်ကာ သတိပေးမှု ပြုလုပ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် တရုတ်လေယာဉ်များမှာ ဂျယ်ဂျူးကျွန်း တောင်ဘက်ကမ်းရိုးတမ်းအနီးတွင် အကြိမ်ကြိမ် ပျံသန်းခဲ့သည်ဟုလည်း ဆိုသည်။

    ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်လေယာဉ်များ ပျံသန်းရခြင်း၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် ဆန်းစစ်မှုပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကလည်း တရုတ်စစ်တပ်လေယာဉ်များကို တူရှီမာရေလက်ကြားတွင် တွေ့ခဲ့ရပြီး၊ သြဂုတ်လတွင် လေယာဉ် ၃ စင်းမှာ ထိုဒေသ၌ ခေါက်တုတ်ခေါက်ပြန် ပျံသန်းခဲ့သည်။

    Ref: Aljazeera

  • သမိုင်းကြွေးရှိသည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

    သမိုင်းကြွေးရှိသည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    abe

    – လွန်ခဲ့သည့် ၇၅ နှစ်အရင် ဂျပန်က တိုက်ခိုက်ခဲ့သည့် ပုလဲဆိပ်ကမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယမန်နေ့တွင် သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ဂျပန်၏ ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ပြီး ယခုတွေ့ဆုံမှုမှာ ယခင် ရန်ဘက်ဟောင်းများအကြား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ အာဘေး၏ ထိုသို့သွားရောက်မှုမှာ ရာထူးရှိ ဂျပန်ဝန်ကြီးချုပ်တစ်ဦးက ပုလဲဆိပ်ကမ်းသို့ ပထမဆုံး လည်ပတ်မှုလည်း ဖြစ်သည်။

    အိုဘားမား၏ အာရှရေးရာ ထိပ်တန်းအကြံပေးဖြစ်သူ ဒန်နီယဲလ် ကရီတန်ဘရင့်မူ ယခု ဂျပန်ဝန်ကြီးချုပ် သွားရောက်လည်ပတ်မှုနှင့် ယခုနှစ်အစောပိုင်းက အိုဘားမား၏ ဟီရိုရှီးမားသို့ သွားရောက်မှုမှာ မိမိတို့အစိုးရနှင့် လူ့အဖွဲ့အစည်းအကြား အဆင့်တိုင်းတွင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျဆုံးသွားတဲ့ စစ်သည်တော်တွေ ကောင်းရာသုဂတိလားပါစေ။ ဂျပန်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီနေရာမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ရင်ထဲအသည်းထဲက ပြောပါရစေ။ ဒီလို ကြောက်စရာစစ်မက်မျိုး နောက်ထပ် ဘယ်တော့မှ ဖြစ်လို့မရပါဘူး” ဟု အာဘေးက ပြောကြားခဲ့သည်။

    အိုဘားမားကလည်း အာဘေးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယခုလည်ပတ်မှုမှာ ပြန်လည်ရင်ကြားစေ့ရေးစွမ်းအားကို ဖော်ပြနေသည့် သမိုင်းဝင်အမှတ်အသားဖြစ်သည်ဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရဲ့ မဟာမိတ်ဖြစ်မှုဟာ ဘယ်တုန်းကမှနဲ့မတူအောင် ခိုင်မာလာပါတယ်။ ကမ္ဘာကြီးမှာ စစ်ပွဲထက် ငြိမ်းချမ်းရေးက ပိုပြီး အကျိုးဖြစ်ထွန်းစရာရှိတယ်ဆိုတာကို ကျွန်တော်တို့ နှစ်ယောက်ရဲ့ အတူယှဉ်တွဲတည်ရှိမှုက ကမ္ဘာကြီးကို သတင်းစကားပေးနေတာပါ” ဟု အိုဘားမားက ပြောကြားခဲ့ပြီး ပုလဲဆိပ်ကမ်းမှာ အမေရိကန်များအတွက် မြင့်မြတ်ရာနေရာဖြစ်သည်ဟုလည်း သမုတ်ခဲ့သည်။

    Ref: WSJ, Aljazeera