News @ M-Media

Tag: Japan

  • အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’

    – အိန္ဒိယနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ၀န်ကြီးချုပ်မိုဒီက နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ဗလီဝတ်ကျောင်းတော်ကို ခေါ်ဆောင် ပြသသွားမယ်လို့ သိရပါတယ်။

    ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ဆောက်လုပ်မယ့် မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကီလိုမီတာ ၂၅၀ ရှိတဲ့ ကျည်ဆံရထားလိုင်း အုတ်မြစ်ချပွဲအတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    အဟ်မဒ်ဒါဘတ်လေဆိပ်ကို ရောက်ရှိလာမယ့် အာဘေးကို မိုဒီက ကြိုဆိုကာ ပထမဆုံးအနေနဲ့ မဟတ္တမဂန္ဒီနေထိုင်ခဲ့တဲ့ နေရာကို သွားရောက်လည်ပတ်မှာပါ။

    ညနေပိုင်းမှာတော့ ခေါင်းဆောင်နှစ်ဦးဟာ နိုင်ငံရဲ့ သမိုင်းဝင် ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ၁၆ ရာစုက ဆောင်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ရဲ့ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်၊ ဗိသုကာလက်ရာတွေကို မိုဒီကိုယ်တိုင် အာဘေးကို ရှင်းပြသွားမယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    ဘာဘေးနဲ့ မိုဒီတို့ဟာ ကြာသာပတေးနေ့မှာ မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကျည်ဆံရထားလမ်း အုတ်မြစ်ချပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယရူပီး ကုဋေ ၁၁၀,၀၀၀ ကုန်ကျမယ့် ဒီစီမံကိန်းအတွက် ဂျပန်နိုင်ငံက ကုဋေ ၈၈,၀၀၀ ကို အနည်းဆုံးအတိုးနှုန်းနဲ့ နှစ်ရှည် ထုတ်ချေးပေးမှာပါ။ စီမံကိန်းကိုတော့ ၂၀၂၃ ခုမှာ ပြီးစီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သက္ကရာဇ် ၁၅၇၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် တစ်ခုလုံးမှာ ထွင်းထုထားတဲ့ ကနုတ်ပန်းလက်ရာတွေရဲ့ လှပမှု၊ အနုစိတ်မှု၊ ရုပ်လုံးကြွမှုတွေကြောင့် အဓိက ကျော်ကြားပါတယ်။

    Ref: ndtv

  • အရပ်သားနှင့် စေ့စပ်ခဲ့သည့် ဂျပန်တော်ဝင်မင်းသမီး ထီးမွေနန်းလျာစွန့်ရန် သေချာ

    အရပ်သားနှင့် စေ့စပ်ခဲ့သည့် ဂျပန်တော်ဝင်မင်းသမီး ထီးမွေနန်းလျာစွန့်ရန် သေချာ

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ဂျပန်တော်ဝင်မင်းသမီး မာကိုနှင့် သူမ၏ ခင်ပွန်းလောင်း ကူမိုရို

    – ဂျပန်တော်ဝင်မင်းသမီး မာကိုမှာ ဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက် ရယူခဲ့ပြီးနောက် တော်ဝင်သွေးမပါသည့် သာမန် ပြည်သူတစ်ဦးနှင့် စေ့စပ်ကြောင်း ယမန်နေ့တွင် တရားဝင်ကြေငြာခဲ့သည်။

    ဂျပန်၏ ရာဇဥပဒေအရ တော်ဝင်အသိုင်းအ၀ိုင်းမှ အမျိုးသားများမှာ သာမန်ပြည်သူတစ်ဦးကို လက်ထပ်ပါက မည်သည့်ကန့်သတ်ချက်မှ မရှိသော်လည်း အမျိုးသမီးများမှာ အရပ်သားကို လက်ထပ်ပါက ထီးမွေနန်းလျာကို စွန့်လွှတ်ရမည်ဖြစ်သောကြောင့် မင်းသမီး မာကိုမှာ သူမ၏ မင်းသမီးဘွဲ့ကို စွန့်ရမည်ဖြစ်သည်။

    မင်သမီးမာကို လက်ထပ်မည့်သူမှာ အသက် ၂၅ နှစ်အရွယ် ကီ ကိုမူရိုဖြစ်ပြီး ရှေ့နေတစ်ဦးဖြစ်သည်။ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မာကိုက “နေမင်းကဲ့သို့ တောက်ပသည့် ကိုမူရို၏ အပြုံး” က သူမကို မြင်မြင်ချင်း စွဲလမ်းသွားစေသည်ဟု ပြောကြားခဲ့သည်။

    “တစ်ချိန် ကျွန်မ လက်ထပ်ရင် ထီးမွေနန်းလျာကို စွန့်လွှတ်ရမယ်ဆိုတာ ကျွန်မက ငယ်ငယ်လေးကတည်းက သိရှိထားပါတယ်။ မင်းသမီးတစ်ယောက်အဖြစ် ဘုရင်မင်းမြတ်ကို ကူညီပေးခဲ့ပြီး၊ တာဝန်တွေကိုလည်း အတတ်နိုင်ဆုံး ထမ်းဆောင်ပေးခဲ့ပါတယ်။ ကျွန်မရဲ့ဘ၀အတွက် ကျွန်မကျေနပ်ခဲ့ပါတယ်” ဟု မင်းသမီးက ဆိုသည်။

    စေ့စပ်မှုကို ဇူလိုင်လတွင် ပြုလုပ်ရန် မူလက စီစဉ်ထားခဲ့သော်လည်း နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားသည့် သဘာဝဘေးကြောင့် ရက်ရွှေ့ဆိုင်းခဲ့သည်။ မင်္ဂလာအခမ်းအနားကို လာမည့်နှစ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    အသက် ၂၅ နှစ်အရွယ်ရှိ မင်းသမီး မာကိုမှာ ဒုတိယအိမ်ရှေ့မင်းသား ဖူမီဟီတို၏ အကြီးဆုံးသမီးဖြစ်သည်။ ဂျပန်ထီးနန်းကို ဆက်ခံရမည့်သူမှာ အမျိုးသားများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားသောကြောင့် မာကိုမှာ ထီးနန်းဆက်ခံခွင့် မရှိပေ။

    ဂျပန် တော်ဝင်မျိုးဆက်

    Ref: BBC

  • အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကျော်ကာ ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဖက်ပိုင်းကို ကျသွားခဲ့သည်ဟု သိရသည်။

    ယခုစမ်းသပ်ပစ်လွှတ်မှုမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုကျော်က ပစ်လွှတ်သည့် ပထမဆုံး ဒုံးကျည်ဖြစ်ပြီး၊ အမေရိကန်၏ အနီးကပ် မဟာမိတ်နိုင်ငံတစ်ခုအပေါ် ထိုကဲ့သို့ ဆောင်ရွက်ခြင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်သော စစ်ရေးလေ့ကျင့်မှုအပေါ် မနှစ်မြို့ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က ဒုံးကျည်မှာ ၂၇၀၀ ကီလိုမီတာအထိ ပျံသန်းသွားပြီး အမြင့်ဆုံး ၅၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ကျော်၍ ပင်လယ်ပြင်ထဲ ကျဆင်းသွားသည်ဟု ပြောကြားခဲ့သည်။

    ဂျပန်အစိုးရက ဒုံးခွင်းစနစ်ဖြင့် အဆိုပါဒုံးကျည်ကို ဖျက်ဆီးမှု မပြုလုပ်ခဲ့ဘဲ နိုင်ငံမြောက်ပိုင်းရှိ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သတိပေးထားသည်။

    Ref: Aljazeera

  • ဂျပန်ဝန်ကြီးချုပ်က မွတ်စလင်သံတမန်များကို အစ်ဖ်သာရ်ဝါဖြေပွဲဖြင့် တည့်ခင်းဧည့်ခံ

    ဂျပန်ဝန်ကြီးချုပ်က မွတ်စလင်သံတမန်များကို အစ်ဖ်သာရ်ဝါဖြေပွဲဖြင့် တည့်ခင်းဧည့်ခံ

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ယမန်နေ့က ၎င်း၏ရုံးတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ မွတ်စလင်သံတမန်များအား အစ်ဖ်သာရ်ဝါဖြေ ညစာစားပွဲနှင့် တည့်ခင်းဧည့်ခံခဲ့သည်ဟု သိရသည်။

    အဆိုပါ ၀ါဖြေပွဲသို့ သံတမန်များ၊ ဂျပန်အစိုးရတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ်အာဘေးက အစ္စလာမ်သာသနာ၏ အနှစ်သာရမှာ ဂျပန်ပြည်သူများ လိုက်နာကျင့်သုံးကြသည့် လူမှုတန်ဖိုးများနှင့် တူညီသည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၀၅ ခုနှစ် ဂျပန်ဝကြီးချုပ် ဂျူနီချီရို ကိုအိဇုမိလက်ထက်ကတည်းက ၀န်ကြီးချုပ်ရုံး၌ အစ်ဖ်သာရ်ညစာစားပွဲကို နှစ်စဉ် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

    ဂျပန်နိုင်ငံသို့ အစ္စလာမ်သာသနာကို မိတ်ဆက်သူများမှာ နိုင်ငံရပ်ခြားမှဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဂျပန်လူမျိုးများထဲမှ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများမှာ မြင့်တက်လာခဲ့ကာ နိုင်ငံ၏ စီးပွားရေး၊ ခရီးသွားလာရေး ကဏ္ဍများတွင်လည်း မွတ်စလင်များနှင့် လိုက်လျောညီထွေမှုဖြစ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။

    Ref: Japan Today

  • ဂျပန်မှထုတ်မည့် မောင်းသူမဲ့ ကုန်တင်သင်္ဘောများ ၂၀၂၅ တွင် အသုံးပြုနိုင်မည်

    ဂျပန်မှထုတ်မည့် မောင်းသူမဲ့ ကုန်တင်သင်္ဘောများ ၂၀၂၅ တွင် အသုံးပြုနိုင်မည်

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    – မောင်းသူမဲ့ ကုန်တင်သင်္ဘောတွေကို ဂျပန်နိုင်ငံ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီတွေက ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး ၂၀၂၅ လောက်မှာ အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။

    အဲဒီသင်္ဘောတွေမှာ အသိဉာဏ်ရည်တုကို အသုံးပြုမှာဖြစ်ပြီး ဘေးအန္တရာယ်အကင်းဆုံး၊ အချိန်အတိုဆုံး၊ လောင်စာအသက်သာဆုံးနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ စက်ချို့ယွင်းမှုနဲ့ အခြားသော ပြဿနာတွေကို ဒီဉာဏ်ရည်တုက ခန့်မှန်းနိုင်မှာဖြစ်ပြီး၊ ရေကြောင်းမတော်တဆမှုတွေကိုလည်း လျှော့ချနိုင်မှာပါ။

    လက်ရှိမှာ ဂျပန်သင်္ဘောကုမ္ပဏီတွေဖြစ်တဲ့ Mitsui OSK Lines၊ Nippon Yusen တို့ဟာ သင်္ဘောကျင်းတွေနဲ့ပူးပေါင်းပြီး ဒီလို မောင်းသူမဲ့သင်္ဘော ၂၅၀ လောက်ထုတ်လုပ်ဖို့ ဆောင်ရွက်နေကာ ဒီနည်းပညာပေါ်ထွက်လာဖို့အတွက် ကန်ဒေါ်လာ သန်းရာချီ ကုန်ကျမှာ ဖြစ်ပါတယ်။

    Nippon Yusen ကုမ္ပဏီဟာ သင်္ဘောတွေ တိုက်နိုင်ခြေကို သုံးသပ်တဲ့ နည်းပညာတစ်ခုကို တီထွင်ထားပြီး၊ သင်္ဘောရဲ့ အခြေအနေနဲ့ စွမ်းဆေင်နိုင်စွမ်းတွေကို တွက်ချက်တဲ့ နည်းပညာတစ်ခု ပေါ်ထွက်လာဖို့ နော်ဝေက ရေကြောင်းကုမ္ပဏီ DNVGL နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

    အခု ပထမဆုံး မောင်းသူမဲ့ ကုန်တင်သင်္ဘောတွေမှာ သင်္ဘောသားအနည်းငယ် ထည့်သွင်းမှာဖြစ်ပေမယ့် နောက်ပိုင်းကျရင်တော့ လုံးဝ လူမပါတဲ့ သင်္ဘောတွေ ဖြစ်လာရေး ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

    ၂၀၁၆ ခုနှစ်မှာ Rolls-Royce ကုမ္ပဏီက မောင်းသူမဲ့ ကုန်တင်သင်္ဘောတွေ ထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပြီး ၂၀၂၀ လောက်မှာ ရေချနိုင်ဖို့ ပြင်ဆင်နေပါတယ်။

    Ref: BBC