News @ M-Media

Tag: Japan

  • မြောက်ကိုရီးယား၏ ရန်စမှုကို သည်းခံတော့မည်မဟုတ်ဟု ဂျပန်ပြော

    မြောက်ကိုရီးယား၏ ရန်စမှုကို သည်းခံတော့မည်မဟုတ်ဟု ဂျပန်ပြော

    မေ ၂၉၊ ၂၀၁၇
    M-Media

    – ယနေ့မနက်ပိုင်းတွင် မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲသို့ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်များကို ထိထိရောက်ရောက် တုန့်ပြန်ရန်အတွက် အမေရိကန်နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ စကဒ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သီတင်းပတ်များအတွင်း ၃ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ခြင်းဖြစ်ကာ၊ ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက်လည်း ဖြစ်သည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက အကြိမ်ကြိမ်သတိပေးမှုကို လစ်လျူရှုပြီး မြောက်ကိုရီးယားက ဆက်လက်ရန်စနေတာကို ကျွန်တော်တို့ သည်းခံတော့မှာ မဟုတ်ပါဘူး။ G7 ထိပ်သီးအစည်းအဝေးမှာ သဘောတူ ညီထားတဲ့အတိုင်း မြောက်ကိုရီးယားနဲ့ ပြဿနာဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ မြောက်ကိုရီးယားကို တားဆီးဖို့အတွက် အမေရိကန်နဲ့အတူ ကျွန်တော်တို့ ထိထိရောက်ရောက် တုန့်ပြန်မှု ပြုလုပ်သွားမှာပါ” ဟု အာဘေးက မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပြီး သိပ်မကြာခင်မှာပင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည့် ၃ ပတ်အတွင်း သီတင်းပတ်တိုင်းနီးပါးတွင် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့မနက်က ပြုလုပ်ခဲ့သည့် တာတိုပစ် စကဒ်ဒုံးကျည်မှာ ကီလိုမီတာ ၄၅၀ ခန့် ပျံသန်းသွားပြီးနောက် ကိုရီးယားနှင့် ဂျပန်အကြား ဂျပန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့သည်ဟု အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က
    ပြောကြားခဲ့သည်။

    အဆိုပါ ဒုံးကျည်မှာ ယခုနှစ်အတွင်း ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံအနီးသို့ ကျရောက်ခဲ့သည့် ဒုတိယမြောက် ဒုံးကျည်ဖြစ်သည်။

    Ref: Aljazeera

  • အချစ်အတွက် အဆောင်အယောင်စွန့်တော့မယ့် ဂျပန်တော်ဝင်မင်းသမီး

    အချစ်အတွက် အဆောင်အယောင်စွန့်တော့မယ့် ဂျပန်တော်ဝင်မင်းသမီး

    မေ ၁၇၊ ၂၀၁၇
    M-Media

    – ဂျပန်ဘုရင်ကြီး အကီဟီတိုရဲ့ အကြီးဆုံး မြေးဖြစ်သူ တော်ဝင်မင်းသမီး မာကိုဟာ သာမန်ပြည်သူတစ်ဦးကို လက်ထပ်ဖို့အတွက် အဆောင်အယောင်အားလုံးကို စွန့်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

    အသက် ၈၃ နှစ်အရွယ် ဘုရင်ကြီး အကီဟီတိုက သူ့အနေနဲ့ အသက်အရွယ် အလွန်ကြီးရင့်နေတာကြောင့် တိုင်းပြည်တာဝန်ကို ဆက်လက် မထမ်းဆောင်နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြောကြားထားပြီး သူ့ကို ဘုရင်ရာထူးကနေ ဖယ်ရှားမယ့် မူကြမ်းကို အခုတစ်ပတ် သောကြာနေ့မှာ ဂျပန် ကက်ဘိနတ်က
    အတည်ပြုဖို့ ရှိနေပါတယ်။

    ဒါဟာ ရာစုနှစ် ၂ ခုနီးပါးအတွင်း ပထမဆုံး နန်းစွန့်မယ့် ဂျပန်ဘုရင် ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီဥပဒေမူကြမ်းမှာ ထီးမွေနန်းလျာကို ယောက်ျာလေးသာ ဆက်ခံရမယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ် အမျိုးသမီးက ထီးနန်းဆက်ခံနိုင်စေဖို့ လမ်းခင်းပေးမယ့် တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေ အိမ်ထောင်ပြုပြီးရင် အဆောင်အယောင်အတိုင်း ဆက်ထားဖို့ကိစ္စတွေ မပါဝင်ပါဘူး။

    လက်ရှိမှာ တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေအနေနဲ့ သာမန်လူတွေနဲ့ လက်ထပ်မယ်ဆိုရင် အဆောင်ယောင်အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုရဲ့ ခင်ပွန်းလောင်းက ကီကိုမူရိုဖြစ်ပြီး သူနဲ့ ကျောင်းနေဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်ထပ်မယ့်ကိစ္စ ထွက်ပေါ်လာပြီးနောက်ပိုင်း ကီကိုမူရိုဟာ သူအလုပ်လုပ်တဲ့ တိုကျိုက ဥပဒေရုံးရဲ အပြင်ဘက်မှာ ဒီနေ့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တော်ဝင်အိမ်တော်အေဂျင်စီကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    “အခုအချိန်ဟာ ပြောရမယ့်အချိန် မဟုတ်သေးပါဘူး။ ဒါပေမယ့် အချိန်တန်တဲ့အခါ ပြောမှာပါ” လို့ အသက် ၂၅ နှစ်အရွယ် ကိုမူရိုက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မနေ့က မာကိုနဲ့ စကာနည်းနည်းပြောခဲ့သေးတယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

    လက်ရှိ ဂျပန်ထီးနန်းကို ဆက်ခံမယ့်သူက ၄ ဦးသာရှိပြီး ဧကရာဇ် အကီဟီတိုရဲ့ လူလတ်ပိုင်း သားနှစ်ဦး၊ သူ့ရဲ့ အသက် ၈၀ ကျော်အရွယ်ညီ၊ အကီဟီတိုရဲ့ သားအငယ်ကမွေးတဲ့ အသက် ၁၀ နှစ်အရွယ် ဟီဆာဟီတိုတို့ ဖြစ်ပါတယ်။

    ဧကရာဇ်ရဲ့ မြေးကလည်း ၄ ဦးသာရှိပြီး မာကိုနဲ့ ကျန်တဲ့နှစ်ယောက် အမျိုးသမီးတွေ ဖြစ်တာကြောင့် ထီးနန်းဆက်ခံလို့ မရပါဘူး။

    မျိုးဆက်ပြတ်တဲ့ ပြဿနာဟာ တော်ဝင်အသိုင်းအ၀ိုင်းအပါအ၀င် ဂျပန်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရိုက်ခတ်နေပြီး မြေးအငယ်ဆုံး ဆာဟီတိုလေးနောက်ပိုင်းမှာ ထီးနန်းစိုးစံဖို့လူ မရှိမယ့်အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

    မာကိုဟာ သူ့ရဲ့ ခင်ပွန်းလောင်းလိုပဲ နိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်က ဘွဲ့ရခဲ့တာဖြစ်ပြီး မဟာဘွဲ့ကိုတော့ အင်္ဂလန်က လက်စတာ တက္ကသိုလ်ကနေ ရယူခဲ့ပါတယ်။ လက်ရှိမှာ မင်းသမီးဟာ ပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။

    Ref: Independent

  • မွတ်စလင်ဈေးကွက်ကို ပစ်မှတ်ထားလာတဲ့ ဂျပန် ခရီးသွားလုပ်ငန်း

    မွတ်စလင်ဈေးကွက်ကို ပစ်မှတ်ထားလာတဲ့ ဂျပန် ခရီးသွားလုပ်ငန်း

    မေ ၁၅၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံဟာ ဟိုတယ်တွေမှာ ကစ်ဗလာ (မွတ်စလင်များ ၀တ်ပြုလျှင် မျက်နှာလှည့်သည့်အရပ်) ကို ညွှန်ပြထားတာ၊ လေဆိပ်တွေနဲ့ စီးပွားရေး အဆောက်အဦးတွေမှာ ၀တ်ပြုဆောင်တွေ ထားရှိပေးတာ၊ စားသောက်ဆိုင်တွေ၊ မွတ်စလင်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကော်ဖီဆိုင်တွေမှာ ဟာလာလ်အစားအသောက်ကို ပုံမှန် ဟင်းလျာအဖြစ် ထည့်သွင်းလာတာ စသဖြင့် မွတ်စလင်နိုင်ငံတွေက ဧည့်သည်တွေကို စွဲဆောင်နိုင်ရေး ကြိုးစားလာပါတယ်။

    ဂျပန်နိုင်ငံကို မွတ်စလင်ခရီးသွားတွေ လာရောက်လည်ပတ်မှုကလည်း ပုံမှန် တိုးတက်လာနေပြီး ဟာလာလ် အစားအသောက်တွေကို လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုလောက်ကတည်းက ရရှိပေမယ့် အခုနောက်ပိုင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုဟာ ရောင်းလိုအား၊ ၀ယ်လိုအားကို ပိုမိုမြင့်တက်စေပါတယ်။

    ၂၀၁၆ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသွားအရေအတွက်ဟာ ၂၄ သန်း ကျော်သွားခဲ့ပြီး အစိုးရက ၂၀၂၀ ရောက်ရင် ခရီးသွားဧည့်သည် သန်း ၂၀ ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ကောင်းကောင်းကြီး ကျော်သွားတာပါ။ လာရောက်သူတွေထဲမှာ မွတ်စလင်နိုင်ငံတွေက ခရီးသွား အရေအတွက်ဟာလည်း မြင့်တက်လာပါတယ်။

    ဂျပန် အမျိုးသား ခရီးသွားလာရေးအဖွဲ့ (JNTO) က ၂၀၁၆ ခုနှစ်မှာ ဂျန်ပနိုင်ငံကို အင်ဒိုနီးရှားက ခရီးသွား ၂၇၁၀၀၀ လာရောက်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်က ၆၃၀၀၀ သာ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး မလေးရှားက ခရီးသွားအရေအတွက်ကလည်း ၃၉၄၀၀၀ အထိ မြင့်တက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကဆိုရင် ၈၉၀၀၀ လောက်သာ ရှိတာပါ။

    အရှေ့တောင်အာရှက ခရီးသွားတွေ ဒီလို သိသိသာသာ မြင့်တက်လာတဲ့ အကြောင်းအရင်းက ဂျပန်အစိုးရဟာ ဗီဇာလိုအပ်ချက်တွေကို လျှော့ချပေးတာ၊ ဂျပန်ကို ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေ ပေါများလာတာ၊ အလတ်အလတ် လူတန်းစားတွေ ၀င်ငွေတိုးလာတာတွေကြောင့် ဖြစ်တယ်လို့ JNTO က ဆိုပါတယ်။ မွတ်စလင်ခရီးသွားတွေ မြင့်တက်လာရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့်ပါ။

    “ဒီ အားရစရာကောင်းတဲ့ အချက်အလက်တွေနောက်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ယန်းငွေဈေးနှုန်း ကျဆင်းတာကြောင့် အထူးသဖြင့် အရှေ့တောင်အာရှကလူတွေ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် ပိုပြီး တတ်နိုင်စေမယ့် အချက်လည်း ပါဝင်ပါတယ်” လို့ စင်ကာပူ JNTO ရုံးက လက်ထောက်ဒါရိုက် ဆူဆန်အွန်က ပြောပါတယ်။

    “ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားခရီးသွားတွေရဲ့ လက်ခံမှုကို ပိုမိုရရှိလာတယ်လို့ ကျွန်မ ထင်ပါတယ်”

    မစ္စတာ ရှီဂီရူ ယာမာရှီတာဆိုတဲ့ ဂျပန်လူမျိုးတစ်ဦးက မွတ်စလင်ခရီးသွားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရှရီအာနည်းကျ ဟိုတယ် Hotel Fujisan ကို ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။

    “မွတ်စလင်တွေ ဂျပန်ကို လာရောက်လည်ပတ်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် ကျွန်တော် ဒီဟိုတယ်ကို ဖွင့်လှစ်ခဲ့တာပါ။ ကျွန်တော်တို့ဆီက ဟင်းလျာတွေအားလုံးက ဂျပန်ဟင်းလျာတွေပါ။ ဒါပေမယ့် ဟာလာလ်ပစ္စည်းတွေကို အသုံးပြုပြီး ချက်ပြုတ်တာ ဖြစ်ပါတယ်။ အခန်းတိုင်းမှာ ကစ်ဗလာဘက်ကို ညွှန်ပြထားတာ ရှိပြီး ၀တ်ပြုဆောင်တစ်ခုကိုလည်း သပ်သပ် ထားရှိပေးထားပါတယ်” လို့ ယာမာရှီတာက ဆိုပါတယ်။

    နေရာကျယ်တဲ့ လူနေအိမ်တစ်လုံးကို ပြင်ဆင်ဖွင့်လှစ်ထားတဲ့ ဒီဟိုတယ်ဟာ ဂျပန်ရောက်ရင် မသွားမဖြစ်နေရာတွေထဲက တစ်ခုဖြစ်တဲ့ နာမည်ကျော် ဖူဂျီတောင်ခြေက ကာဝါဂူချီကို ရေကန်ရဲ့ အနီးမှာ ရှိနေပါတယ်။

    “အခုအချိန်အထိ ကျွန်တော်တို့ဆီမှာ မွတ်စလင်ဧည်သည့် ၃၀၀ လောက် လာရောက်တည်းခိုခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားရေးက အစပဲ ရှိပါသေးတယ်။ ဒီကဏ္ဍဟာ တိုးတက်လာပြီး လာမယ့်နှစ်တွေမှာ မွတ်စလင်တွေဟာ ဂျပန်နိုင်ငံကို တော်တော်များများ လာရောက်ကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    အခြားသော စီးပွားရေးလုပ်ငန်းတွေကလည်း မွတ်စလင်စားသုံးသူတွေဟာ အခွင့်အလမ်းကောင်း တစ်ခုလို့ ရှုမြင်နေကြပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက တိုကျိုမြို့မှာ Tokyo Modest Fashion ပွဲနဲ့အတူ ၂ ရက်တာ ပြုလုပ်ခဲ့တဲ့ ဟာလာလ်ကုန်စည်ပြပွဲ Halal Expo ကို လူပေါင်း ၇၀၀၀ ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလို အခမ်းအနားမျိုးကို မေလအတွင်း အိုဆာကာမြို့နဲ့ နိုဝင်ဘာအတွင်း တိုကျိုမြို့တွေမှာ ထပ်လုပ်သွားဖို့လည်း ရှိနေပါတယ်။

    အိုကာယာမာ ပြည်နယ်မှာဆိုရင် ကျန်းမာရေးနဲ့ ခရီးသွားလာရေးအသင်းဟာ မွတ်စလင်အတွက် သင့်လျော်မယ့် နေရာထိုင်ခင်းတွေ၊ အစားအသောက်တွေကို ၀န်ဆောင်မှုပေးတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအနေနဲ့ သီးသန့်လိုဂိုတစ်ခု ထားရှိရေး အစီအစဉ်ကို အခုနှစ်အစောပိုင်းမှာ စီစဉ်ခဲ့ပါတယ်။ ၀က်သားမရောင်းဘဲ၊ မွတ်စလင်တွေစားလို့ရတဲ့ နည်းလမ်းနဲ့ ချက်ပြုတ်တဲ့ စားသောက်ဆိုင်တွေ၊ ၀တ်ပြုရာနေရာ ထားပေးထားတဲ့ ဟိုတယ်တွေဟာ ဒီလိုဂိုရရှိဖို့ လျှောက်ထားနိုင်ပါတယ်။

    ချီဘာပြည်နယ်က Shisui Premium Outlets ဈေးဝယ်စင်တာမှာဆိုရင် ၂၀၁၄ ခုနှစ်ကတည်းက မွတ်စလင်တွေ ၀တ်ပြုဖို့အတွက် ၀တ်ပြုဆောင်တစ်ခုကို ထားရှိပေးခဲ့ပြီး၊ တာကာရှီယာမာ ဦးစီးတဲ့ Shinjuku စတိုးဆိုင်မှာလည်း ၀တ်ပြုရာနေရာတစ်ခုကို ထားရှိပေးခဲ့ပါတယ်။ ဆာပိုရိုက Shiroi Koibito ကစားကွင်းမှာလည်း အခုနှစ်အစောပိုင်းက ၀တ်ပြုခန်းတစ်ခုကို ပြုလုပ်ပေးထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဒီကစားကွင်းကို လာရောက်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံသားဦးရေဟာ ၂၄၀၀၀ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နဲ့ယှဉ်ရင် ၇၄ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။

    ဒီလိုအစီအစဉ်တွေကို ရေရှည်အတွက် ရည်ရွယ်ပြီး ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ၂၀၂၄ မှာ နိုင်ငံခြားကျောင်းသားအရေအတွက်ကို ၂၀၀၀ အထိ တိုးလာအောင် စီစဉ်ထားတဲ့ တိုကျိုက Rikkyo တက္ကသိုလ်မှာဆိုရင် ဧပြီလမှာ ၀တ်ပြုဆောင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ‘အစ္စလာမ့်ထုံးစံတွေကို ဂျပန်ကျောင်းသားတွေ လေ့လာနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်’ လို့ တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။

    မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတွေက ကျောင်းသား ၅၀ နီးပါး တက်ရောက်နေတဲ့ အနီးအနားက Sophia တက္ကသိုလ်မှာ ဟာလာလ်အစားအသောက်တွေကို ၀န်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    သံထည်ပစ္စည်းတွေ ထုတ်လုပ်တဲ့ YKK Corp လုပ်ငန်းဟာ သူတို့ရဲ့လုပ်ငန်းခွင်မှာ အလုပ်သင်လာရောက်ကြတဲ့ မွတ်စလင်ကျောင်းသားအရေအတွက် မြင့်တက်လာတာကြောင့် ကူရိုဘီမြို့ စက်ရုံက ကော်ဖီဆိုင်မှာ ဟာလာလ် အစားအသောက် ရရှိအောင် စီစဉ်ပေးထားပါတယ်။ ဒီလုပ်ငန်းဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၇၁ ခုမှာလည်း စက်ရုံတွေ ဖွင့်လှစ်ထားပါတယ်။

    မစ္စတာ မိုဟာမက် နာဂျီ မာတာဟာ အိုဆာကာမြို့အခြေစိုက် မီယာကိုနိုင်ငံတကာ ခရီးသွား ကုမ္ပဏီကို ဆီးရီးယားကနေ လွန်ခဲ့တဲ့ လေးနှစ်က ရောက်ရှိလာခဲ့သူပါ။ ကုမ္ပဏီရဲ့ မွတ်စလင်ရေးရာကဏ္ဍကို သူက စတင်တာဝန်ယူပြီး ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေက မွတ်စလင်ခရီးသွားတွေ လာရောက်တာကို မြင်ခဲ့ကြရတယ်။ ဒါပေမယ့် အခုအချိန်မှာဆိုရင် ဒူဘိုင်း၊ ဆော်ဒီအာရေဗျနဲ့ အရှေ့အလယ်ပိုင်းက အခြားနိုင်ငံတွေကလည်း ဂျပန်ကို လာလည်ဖို့ စိတ်ဝင်စားတယ်ဆိုတာ တွေ့လာရပါတယ်” လို့ နာဂျီမာတာက ပြောကြားခဲ့ပါတယ်။

    Ref: Today Online

  • တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရာတွင် အကူအညီပေးနိုင်မည့် စက်ရု့တစ်ခုကို ယခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်တင်သွားမည်ဟု ကမ္ဘာ့ နံပါတ် ၂ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီ တိုယိုတာက ယနေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါ ပြန်လည်ထူထောင်ရေးစက်ရုပ်ကို ၁၀ စုနှစ်တစ်ခုကြာ ဖန်တီးခဲ့ပြီးနောက် လက်ရှိတွင် ဈေးကွက်တင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

    အောက်ပိုင်းသေနေသည့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနိုင်မည့် ထိုစက်ရုပ်ကို ဆေးရုံများနှင့် အခြားသော စောင့်ရှောက်ရေးစင်တာများက တစ်လလျှင် ယန်း ၃၅၀၀၀၀ (ကန်ဒေါ်လာ ၃၁၉၆.၉၃) ဖြင့် ငှားရမ်းသုံးစွဲနိုင်မည်ဖြစ်ပြီး ကနဦးတွင် ယန်း ၁ သန်း ပေးသွင်းရမည်ဖြစ်သည်။

    “ဒီဟာ (စနစ်) က သက်ကြီးရွယ်အိုတွေကို ကူညီနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဘ၀တွေကို ပိုမို လွတ်လပ်စေကာ သူတို့ကို စောင့်ရှောက်နေသူတွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု တိုယိုတာက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြိုင်ဘက်ဟွန်ဒါကမူ ထိုကဲ့သို့ စက်ရုပ်များကို လွန်ခဲ့သည့် ၂ နှစ်အရင်ကတည်းက ဈေးကွက်တင်ခဲ့ပြီးဖြစ်သည်။

    ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအများဆုံး တိုင်းပြည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၆.၇ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့် အထက် ဖြစ်နေသည်။

    အလုပ်အကိုင်လုပ်နိုင်သည့် လူဦးရေ လျှော့ကျလာမှုကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခဲ့သည်။

    Ref: CNA

  • ဂျပန် နှင်းတောင်အဖန်းဖြေစခန်းတွင် နှင်းထုပြိုကျမှု လူသေဆုံးမှုရှိ

    ဂျပန် နှင်းတောင်အဖန်းဖြေစခန်းတွင် နှင်းထုပြိုကျမှု လူသေဆုံးမှုရှိ

    မတ် ၂၇၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံအလယ်ပိုင်း တိုချီဂီ စီရင်စုရှိ တောင်တစ်ခုတွင် နှင်းထုပြိုကျမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးဖွယ်ရှိနေပြီး ၂ ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေသည်ဟု သိရသည်။

    နာဆူအပန်းဖြေစခန်းရှိ နှင်းလျှောစီးသည့်နေရာအနီးတွင် အထက်တန်းကျောင်းသား ၅၂ ဦးနှင့် ဆရာ ၁၁ ဦးတို့ တောင်တက်နေစဉ် ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားအများစုမှာ နှင်းလျှောစီးသည့် တောင်စောင်းတွင် ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါကျောင်းသားများနှင့် ဆရာများမှာ တိုချီဂီစီရင်စုရှိ အထက်တန်းကျောင်း ၇ ခုမှ ဖြစ်သည်။

    NHK သတင်းဌာနကမူ အသက်ရှင်သည့်လက္ခဏာ မတွေ့ရှိရသူများအတွင်း အနည်းဆုံး ၆ ဦးမှာ ကျောင်းသားများဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဂျပန်အာဏာပိုင်များက ဆရာဝန်က သေဆုံးသည်ဟု အတည်မပြုမချင်း သေဆုံးမှုစာရင်းကို ထုတ်ပြန်လေ့ မရှိပေ။

    အဆိုပါ နာဆူ အပန်းဖြေစခန်းတွင် နှင်းထုပြိုကျမှုမှာ တစ်နှစ်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်ခန့် ဖြစ်ပွားသော်လည်း ယခုကဲ့သို့ ကြီးမားသည့် အဖြစ်အပျက်မျိုး ယခင်က မဖြစ်ပျက်ခဲ့ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    လက်ရှိတွင် အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် လုပ်ငန်းများ နှောင့်နှေးနေသည်။

    Ref: Aljazeera