News @ M-Media

Tag: Japan

  • ကိုဗစ်ထိခိုက်မှုကြောင့် ပြည်သူ တစ်ဦးချင်းစီကို ဂျပန်က ဒေါ်လာ ၉၃၀ ထောက်ပံ့မည်

    ကိုဗစ်ထိခိုက်မှုကြောင့် ပြည်သူ တစ်ဦးချင်းစီကို ဂျပန်က ဒေါ်လာ ၉၃၀ ထောက်ပံ့မည်

    ဧပြီ ၁၇၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်နေချိန်မှာ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ပြည်သူတစ်ဦးကို ယန်း ၁ သိန်း (ဒေါ်လာ ၉၃၀) ထောက်ပံ့ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မနေ့မှာ ကတိပြုလိုက်ပါတယ်။

    ပြည်နယ် ၇ ခုနှစ်မှာ အရေးပေါ်အခြေအနေ ကြေငြာထားမှု တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပြောင်းလဲလိုက်ကြောင်း မနေ့က ရုပ်သံကနေတစ်ဆင့် အသိပေးမှုမှာအာဘေးက ကပ်ရောဂါပြန့်နှံ့မှုအတွင်း ထိခိုက်ဆုံးရှုံးမှုတွေဟာ ရှုပ်ထွေးပြီး ပြည်သူတွေအတွက် နစ်နာစရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိုးမှာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အရေးပေါ်အခြေအနေကြောင့် နိုင်ငံတစ်ဝှမ်း ထိခိုက်ခံစားရတဲ့ ပြည်သူတိုင်းကို ယန်ငွေတစ်သိန်းစီ ပံ့ပိုးပေးသွားဖို့ ကျွန်တော်တို့ ညွန့်ပေါင်းအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်”

    ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အာဘေးက မပြောခဲ့ပါဘူး။ ကလေးငယ်တွေအပါအဝင် တစ်နိုင်ငံလုံးက လူတစ်ဦးချင်းစီကို ယန်းငွေ တစ်သိန်းစီ ပေးမယ်ဆိုရင် စုစုပေါင်း ယန်း ၁၂.၇ ထရီလီယံ ကုန်ကျမှာဖြစ်ပြီး ဒါဟာ ဂျပန်နိုင်ငံ GDP ရဲ့ ၂ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။

    ဂျပန်မှာ Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၉ ထောင်ကျော်ရှိနေပြီး သေဆုံးသူ ၁၄၈ ဦး၊ ပြန်လည်သက်သာသူ ၉၁၈ ဦး ရှိပါတယ်။

    Ref: Financial Times

  • ကိုရိုနာဗိုင်းရပ်စ်ကိုရှောင်ရန် ဂျပန်တွင် စက်ရုပ်များဖြင့် ဘွဲ့ယူ

    ကိုရိုနာဗိုင်းရပ်စ်ကိုရှောင်ရန် ဂျပန်တွင် စက်ရုပ်များဖြင့် ဘွဲ့ယူ

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -ဂျပန်မှာ COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် ဘွဲ့နှင်းဘသင် အခမ်းအနားတွေကို ရပ်ဆိုင်းလိုက်ပေမယ့် နည်းပညာကို အသုံးချပြီး အဝေးကနေ ဘွဲ့ယူတဲ့ နည်းလမ်းကို အသုံးပြုလာကြပါတယ်။

    တိုကျိုမြို့က Business Breakthrough တက္ကသိုလ်ရဲ့ မကြာသေးခင်က ဘွဲ့နှင်းသဘင် အခမ်းအနားမှာ စက်ရုပ်တွေက ဘွဲ့ဝတ်စုံတွေဝတ်ပြီး ဘွဲ့တက်ယူခဲ့ကြပါတယ်။

    Newme လို့ အမည်ပေးထားတဲ့ အဲဒီ စက်ရုပ်တွေကို ANA Holdings ကုမ္ပဏီက တီထွင်ထုတ်လုပ်တာပါ။ စက်ရုပ်တွေကို ဘွဲ့ယူမယ့် ကျောင်းသားတွေက အိမ်ကနေ ထိန်းချုပ်တာဖြစ်ပြီး၊ စက်ရုပ်မျက်နှာနေရာမှာရှိတဲ့ တက်ဘလက်တွေမှာ ကျောင်းသားတွေရဲ့ မျက်နှာတွေ ပေါ်နေပါတယ်။

    တက္ကသိုလ် ဥက္ကဌ ကီနီချီ အိုမေက စက်ရုပ်လက်မှာ တပ်ထားတဲ့ ဗန်းထဲကို ဘွဲ့လက်မှတ် ချိတ်ပေးပြီးတဲ့ အခါမှာတော့ တက္ကသိုလ်ဝန်ထမ်းတွေက လက်ခုပ်တီး ဩဘာပေးခဲ့ကြပါတယ်။

    “အိမ်မှာထိုင်နေရင်း လူအများရှေ့မှာ ဒီလို ဘွဲ့ယူရတာဟာ ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံပါ” လို့ ဘွဲ့ယူပြီးတဲ့နောက် ကျောင်းသား ကာဇူကီ တာမူရာက စက်ရုပ်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

    ဂျပန်က အခြားတက္ကသိုလ်တွေမှာလည်း လူစုလူဝေး ရှောင်ကျဉ်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုဖို့ စဉ်းစားနေကြပါတယ်။

    စက်ရုပ်အရေအတွက်အရ Business Breakthrough တက္ကသိုလ်ဟာ ကျောင်းသား ၄ ဦးကိုသာ ဘွဲ့ပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA



  • ဂျပန်တွင် Covid-19 အရေးပေါ်အခြေအနေ ကြေငြာ

    ဂျပန်တွင် Covid-19 အရေးပေါ်အခြေအနေ ကြေငြာ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ထိထိရောက်ရောက် တားဆီးဟန့်တားနိုင်ဖို့အတွက် ဂျပန်က ပြည်နယ်တစ်ချို့မှာ ဒီကနေ့ အရေးပေါ်အခြအနေ ကြေငြာလိုက်ပါတယ်။

    မြို့တော်တိုကျို၊ အိုဆာကာမြို့နဲ့ အခြား ပြည်နယ် ၆ ခုမှာဖြစ်ပြီး တစ်လတာကြာမြင့်မယ့် အဲဒီ အရေးပေါ်အခြေအနေဟာ ဂျပန်ပြည်သူ ၄၄ ရာခိုင်နှုန်းအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံနေမှုက ပြည်သူလူထုရဲ့ဘ၀နဲ့ တိုင်းပြည်စီးပွားရေးအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိတာကြောင့် ဒီလို အရေးပေါ်အခြေအနေ​ ကြေငြာဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

    အာဘေးအစိုးရဟာ တိုင်းပြည်စီးပွားရေးကို ကျားကန်ဖို့အတွက် ဂျပန်ယန်း ၁၀၈ ထရီလီယံ (ဒေါ်လာ ဘီလီယံ ၉၀၀) တန်ဖိုးရှိတဲ့ အစီအစဉ်တစ်ခုကိုလည်း ကြေငြာခဲ့ပါတယ်။

    ဂျပန်မှာ ဧပြီလ ၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၀၀၀ ကျော်လာကာ သေဆုံးကတော့ ၉၃ ဦး ရှိပါတယ်။

    Ref: CNA

  • COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ သတင်းထွက်နေတဲ့ Avigan ဆေးကို ရောဂါပြန့်နှံ့နေတဲ့ နိုင်ငံတွေထံ အခမဲ့ ပေးပို့သွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်က Fujifilm ကုမ္ပဏီကနေ တုပ်ကွေးကုသဖို့ ထုတ်လုပ်ခဲ့တဲ့ favipiravir အမျိုးအစား အဲဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကုသရမှာ ထိရောက်မှုရှိတယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက မတ်လအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံက ဒီဆေး ၂ သန်းကို မှာထားပြီး၊ တရုတ်ကနေရရှိကာ စမ်းသပ်ကုသနေတဲ့ တူရကီကလည်း ဒီဆေးကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။ အီတလီနဲ့ စပိန်အပါအဝင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ နိုင်ငံတွေမှာလည်း စမ်းသပ်သုံးစွဲနေပြီး၊ ဂျာမနီကလည်း သန်းနဲ့ချီဝယ်ဖို့ စီစဉ်နေပါတယ်။

    ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဒီ ဆူဂါက ​နိုင်ငံပေါင်း ၃၀ လောက်ဟာ ဒီဆေးကို ရယူဖို့အတွက် သံတမန်လမ်းကြောင်းနဲ့ ပြောဆိုထားတာတွေ ရှိတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒီဆေးကို အခမဲ့ ပေးသွားဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”

    ဒီလိုပေးအပ်ခြင်းအားဖြင့် စမ်းသပ်ကုသမှုတွေကို ပိုမို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းဆူဂါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Avigan ဆေးကို COVID-19 ကုသရေး အလားအလာရှိတဲ့ဆေးအဖြစ် ခွင့်ပြုကာ စမ်းသပ်ကုသနိုင်ဖို့ အမေရိကန်အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ရောဂါကူးစက်သူအများဆုံးနိုင်ငံ ဖြစ်လာတာပါ။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက Avigan ဆေးကို COVID-19 ကုသနိုင်တဲ့ဆေးအဖြစ် သတ်မှတ်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံကိုပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asian

  • Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    မတ် ၃၀၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

    -တုပ်ကွေးပျောက်ဆေး Avigan ကို ကိုရိုနာဗိုင်းရပ်စ် ကုသ​ဆေးအဖြစ် အတည်ပြုတော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ Fujifilm ကုမ္ပဏီက ထုတ်လုပ်ပြီး တုပ်ကွေးပျောက်စေဖို့ ရည်ရွယ်တဲ့ Avigan ဆေးဟာ COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရ ကျန်းမာရေးအာဏာပိုင်အဖွဲ့က မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မတ်လ ၂၀ ရက်နေ့မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သူတို့အစိုးရဟာ ဂျပန်နိုင်ငံကနေ Avigan ဆေး သန်းနဲ့ချီတင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီမှာလည်း ဒီဆေးကို စမ်းသပ်သုံးစွဲနေသလို၊ ထိုင်းနိုင်ငံက ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကုသရာမျာ အခြားဆေးဝါးတွေနဲ့အတူ ဒီဆေးကို အသုံးပြုနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက COVID-19 ကြောင့် ထိခိုက်လာတဲ့ စီးပွားရေးကို ကျားကန်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ အခွန်လျှော့ပေါ့မှုတွေအပါအဝင် ပြောင်းလဲမှုအချို့ လုပ်ဆောင်သွားမယ်လို့ မနေ့ပြောကြားခဲ့ပါတယ်။

    မိမိတို့ဟာ ​အတိမ်းအစောင်းမခံတဲ့အခြေအနေတစ်ခုကို ရောက်ရှိနေပြီး ရေရှည်တိုက်ရမယ့် တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ လိုကြောင်း သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့သလို၊ Avigan ကို COVID-19 ကုသဆေးအဖြစ် အတည်ပြု သတ်မှတ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    Ref: Nikkei Asian