News @ M-Media

အမျိုးသမီးများ ပျော်ရွှင်နေမှုကို မမြင်ချင်၍ ဓားဖြင့်လိုက်ထိုးမှု ဂျပန်တွင် ဖြစ်ပွား

ဩဂုတ် ၇၊ ၂၀၂၁

M-Media 

-ဂျပန်နိုင်ငံ တိုကျိုမြို့က ရထားတစ်ခုအတွင်းမှာ အမျိုးသားတစ်ဦးက ဓားနဲ့လိုက်ထိုးတာကြောင့် အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

သောကြာ​နေ့ည ဒေသစံတော်ချိန် ၉ နာရီလောက်က Seijogakuen ဆိုတဲ့ ဘူတာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၃၀ ကျော် အမျိုးသားဟာ ရုတ်တရက် အတူစီးလာတဲ့ ခရီးသည်တွေကို ဓားနဲ့ လိုက်ထိုးတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီအမျိုးသားဟာ အမျိုးသမီးတွေ ပျော်ရွှင်နေတာကို မမြင်ချင်ဘဲ ပျော်နေတဲ့အမျိုးသမီးတွေကို တွေ့ရင် သတ်ဖြတ်ချင်စိတ်ပေါ်လာရာကနေ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ အမျိုးသမီး ၁၀ ဦးမှာ တစ်ဦးက ဒဏ်ရပြင်းထန်ပြီး အခြား ၉ ဦးကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ 

တိုက်ခိုက်သူဟာ ရထားပေါ်ကခုန်ဆင်းကာ လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်း ကုန်စုံဆိုင်တစ်ခုထဲဝင်ကာ စျေးရောင်းတဲ့သူကို သူဟာ သတင်းကကြေငြာနေတဲ့ ဓားသမားဖြစ်ကြောင်း၊ ထပ်ပြီး မပြေးချင်တော့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့က ဒီအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ကို မပြောခဲ့ပါဘူး။ 

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဓားနဲ့တိုက်ခိုက်မှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ကာဝါဆာကီမြို့မှာ ဘတ်စ်ကားစောင့်နေတဲ့ ကျောင်းသားတွေကို အမျိုးသားတစ်ဦးက ဓားနဲ့ တိုက်ခိုက်တာကြောင့် ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: BBC