News @ M-Media

Tag: Jordan

  • ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    -ဂျော်ဒန်နိုင်ငံဟာ ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်တို့က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေကို ဂျော်ဒန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကာကွယ်ဆေးထိုးပေးခဲ့တာပါ။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီက ဂျော်ဒန်အစိုးရရဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရေး အစီအစဉ်မှာ ဒုက္ခသည်တွေကို ထည့်သွင်းထားတာ ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပြီး တစ်ခြားနိုင်ငံတွေလည်း ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတဲ့နေရာမှာ ဂျော်ဒန်က ဦးဆောင်သူဖြစ်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံရေးအပါအဝင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မယ့် ကျန်းမာရေး အစီအစဉ်တိုင်းမှာ ဂျော်ဒန်ဟာ ဒုက္ခသည်တွေကို ပါဝင်စေပြီး လူတိုင်း အန္တရာယ်ကင်းရေး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ပမာပြလိုက်တာလည်းဖြစ်ပါတယ်”

    ဂျော်ဒန်ဟာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းထားသူတွေအပါအဝင် နိုင်ငံအတွင်း လူဦးရေရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးဖို့ စီစဉ်ထားတာပါ။

    ဒုက္ခသည် ၇ သိန်း ၄ သောင်းကျော်ကို ဂျော်ဒန်က လက်ခံထားပြီး ​၆ သိန်းကျော်က ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးရေးအစီအစဉ်အရ ဒုက္ခသည် အနည်းဆုံး ၁၀၀ လောက် ထိုးနှံခွင့် ရရှိထားပါတယ်။

    ဂျော်ဒန်ရဲ့ ကိုဗစ်ကူးစက်မှုဟာ နိုဝင်ဘာလက အမြင့်ဆုံးကို ရောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ သိသိသာသာ ကျဆင်းသွားပြီ​ ဖြစ်ပါတယ်။

    Ref: Middle East Eye

  • ပါလက်စတိုင်းပိုင်နက်များကို ထပ်မံသိမ်းပိုက်ရန် အစ္စရေး၏ စီစဉ်မှုအတွက် ဂျော်ဒန် သတိပေး

    ပါလက်စတိုင်းပိုင်နက်များကို ထပ်မံသိမ်းပိုက်ရန် အစ္စရေး၏ စီစဉ်မှုအတွက် ဂျော်ဒန် သတိပေး

    မေ ၁၆၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမယ်ဆိုရင် ကြီးမားတဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ ဂျော်ဒန်ဘုရင် အဘ်ဒူလာက အစ္စရေးကို သတိပေးလိုက်ပါတယ်။

    အနောက်ဖက်ကမ်းမှာ တရားမဝင် ဂျူးအခြေချအိမ်ယာ တော်တော်များများ ဆောက်လုပ်ထားတဲ့ အစ္စရေးဟာ အဲဒီအိမ်ယာတွေနဲ့ ဂျော်ဒန် ချိုင့်ဝှမ်းဒေသကို ပိုင်နက်ထဲသွတ်သွင်းဖို့ စီစဉ်နေတာပါ။

    ဂျာမနီ မဂ္ဂဇင်း Der Spiegel နဲ့ သောကြာနေ့က အင်တာဗျူးမှာ ဂျော်ဒန်ဘုရင် အဘ်ဒူလာက အစ္စရေးရဲ့ ဒီအစီအစဉ်အတွက် ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

    “တစ်နိုင်ငံတည်းသာ တည်ရှိဖို့အတွက် လှုံ့ဆော်နေတဲ့ ခေါင်းဆောင်တွေဟာ သူတို့ ဘာကိုလုပ်နေလဲဆိုတာ နားမလည်ကြပါဘူး။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပြိုလဲသွားရင် ဘာဖြစ်သွားမယ်ထင်လဲ။ ဒေသတွင်းမှာ အစွန်းရောက်ဝါဒတွေ၊ ၀ရုန်းသုန်းကားဖြစ်မှုတွေ ပိုဖြစ်လာမှာပါ။ အနောက်ဖက်ကမ်းကို အစ္စရေးက ဇူလိုင်လမှာ သူတို့ပိုင်နက်ထဲ သွတ်သွင်းလို့ကတော့ ဂျော်ဒန်ဘုရင့်နိုင်ငံနဲ့ ပဋိပက္ခ အကြီးအကျယ်ဖြစ်တဲ့အထိ ဦးတည်သွားပါလိမ့်မယ်”

    အနောက်နိုင်ငံတွေနဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ ဂျော်ဒန်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ အာရပ်နိုင်ငံ နှစ်ခုတည်းက တစ်ခု ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမှုက ဒီသဘောတူညီချက်ကို ထိခိုက်စေမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ဂျော်ဒန်ဘုရင်က ငြင်းဆိုခဲ့ပါတယ်။

    “ခြိမ်းခြောက်တာတွေ ကျွန်တော် မလုပ်ချင်သလို ရန်စောင်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် နည်းလမ်းအားလုံးကို ကျွန်တော်တို့ စဉ်းစားထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ အင်အားသုံးတဲ့ ဝါဒမျိုး မကျင့်သုံးသင့်ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ ဥရောပနိုင်ငံတော်တော်များများနဲ့လည်း သဘောတူထားပါတယ်”

    ဥရောသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း သူတို့အနေနဲ့ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ ထောက်ခံတယ်လို့ မနေ့က ဗီဒီယိုကနေတစ်ဆင့် ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်းနဲ့ ယူအေအီးတို့အကြား သံတမန်ရေးရာ ​ချဉ်းကပ်ဖြေရှင်းမှုတွေ လာမယ့်ရက်ပိုင်းအတွင်း လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး​တွေက သဘောတူခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -အစ္စရေးကို ဆယ်စုနှစ်ချီ လယ်ယာလုပ်ပိုင်ခွင့်ပေးထားတဲ့ ဒေသနှစ်ခုကို ဂျော်ဒန်က မနေ့မှာ ပြန်လည် သိမ်းယူလိုက်ပါတယ်။

    အစ္စရေးနဲ့ကပ်နေတဲ့ al-Baqoura နဲ့ al-Ghumar ဒေသတွေဖြစ်ပြီး ၁၉၉၄ ခုနှစ် အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဒီဒေသတွေရဲ့ အချုပ်အခြာအာဏာကို ဂျော်ဒန်က ပိုင်ဆိုင်ပေမယ့် အစ္စရေးလယ်သမားတွေကို လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက်ကို သက်တမ်းမတိုးတော့ဖို့ ဂျော်ဒန်ပြည်သူတွေက ဖိအားပေးလာတာကြောင့် ၂၀၁၈ ခုနှစ်မှာ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က အစ္စရေးကို ၁ နှစ် အချိန်ပေးခဲ့ပါတယ်။

    ငြိမ်ချမ်းရေးစာချုပ် ချုပ်ဆိုထားပေမယ့် အစ္စရေးနဲ့ ဂျော်ဒန်တို့အကြား ပြီးခဲ့တဲ့နှစ်တွေမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဂျော်ဒန်ဟာ ပါလက်စတိုင်းနိုင်ငံ တူထောင်နိုင်ငံရေး အပြည့်အဝေ ထောက်ခံထားပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့လမှာ ဂျော်ဒန်ဟာ အစ္စရေးက သူတို့ရဲ့သံမတ်ကို ခေတ္တ ပြန်လည်ခေါ်ယူခဲ့ပြီး ဂျော်ဒန်နိုင်ငံသား ၂ ဦးကို အစ္စရေးက တရားလက်လွတ် ဖမ်းဆီးမှုအတွက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဂျော်ဒန်မြို့တော် အမ်နန်က အစ္စရေးသံရုံးရဲ့ လုံခြုံရေးအစောင့်ဟာ ဂျော်ဒန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

    နယ်စပ်ကမြေတွေကို ပြန်သိမ်းခဲ့ပေမယ့် ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ သာသနိက အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်နေရတာကြောင့် ဂျော်ဒန်ဟာ အစ္စရေးနဲ့ ဆက်လက်ပတ်သက်နေရအုံးမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အလ်-အက္ကဆွာဗလီ  စီးနင်းဝင်ရောက်မှုအတွက် ဂျော်ဒန်က အစ္စရေးသံအမတ်ကို ဆင့်ခေါ် သတိပေး

    အလ်-အက္ကဆွာဗလီ စီးနင်းဝင်ရောက်မှုအတွက် ဂျော်ဒန်က အစ္စရေးသံအမတ်ကို ဆင့်ခေါ် သတိပေး

    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media

    အလ်-အက္ကဆွာ ဗလီပရဝုဏ်အတွင်းမှ အစ္စရေးစစ်သားများ

    -ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ အစ္စရေးရဲ့ ကျူးလွန်မှု၊ ဥပဒေချိုးဖောက်မှုတွေအတွက် အစ္စရေးသံအမတ်ကို ဆင့်ခေါ် ကန့်ကွက်ခဲ့တယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဂျော်ဒန်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တစ်ခုတည်းသော အာရပ်နိုင်ငံဖြစ်ပြီး အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော် အပါအ၀င် ဂျေရုစလင်က အစ္စလာမ့် သာသနိက အဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူထားတာပါ။

    ပြီးခဲ့တဲ့တစ်ပတ် အီဒွလ် အသွဟာ အီးဒ်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ အလ်-အက္ကဆွာ ဗလီထဲ ၀င်ရောင်စီးနင်းကာ ၀တ်ပြုသူတွေကို ရာဘာကျည်နဲ့ပစ်တာ၊ မျက်ရည်ယိုဗုံးကြဲတာ၊ အသံဗုံး ကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂျော်ဒန်က အစ္စရေးသံအမတ် အေမီ ၀စ္စဘရော့ဒ်ကို တနင်္ဂနွေနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က အစ္စရေးစစ်သားတွေရဲ့ လုပ်ရပ်အပြင်၊ အစ္စရေးတပ်ဖွဲ့တွေက ဗလီရဲ့ ဂိတ်ပေါက်တွေကို ပိတ်ထားတာ၊၀တ်ပြုသူတွေကို ၀င်ခွင့်မပေးတာတွေလို ကန့်သတ်ချုပ်ချယ်မှုတွေကိုလည်း ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီကလည်း သူ့အနေနဲ့ တနင်္ဂနွေနေ့မနက်မှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်က မြင့်မြတ်ရာ အဆောက်အဦးတွေမှာ အစ္စရေးရဲ့ ဥပဒေ ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးပေးဖို့ တောင်းဆိုခဲ့ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆွဖ်ယန် ကူဒါက ၀န်ကြီးဌာနရဲ့ အထွေထွေ အတွင်းရေးမှူး ဇိုက် အလ်-လော်ဇီဟာ အစ္စရေးသံအမတ်ကို သတိထောက်လွှာ ပေးအပ်ခဲ့ပြီး အစ္စရေးအစိုးရထံ ချက်ခြင်း ပို့ဆောင်ပေးဖို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ အရှေ့ဂျေရုစလင်ကို အစ္စရေးက ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး သူတို့ပိုင်နက်အဖြစ် နောက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

    အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို တတိယမြောက် အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် အစ္စလာမ်ဘာသာဝင်တွေက သတ်မှတ်ထားပါတယ်။

    အစ္စရေးက ဂျူးတွေကတော့ ဒီဗလီနေရာဟာ သမ္မကျမ်းစာထဲက ဂျူးဘုရားကျောင်း ၂ ခုရဲ့ နေရာဖြစ်တယ်လို့ဆိုကာ မကြာခဏ စီးနင်းဝင်ရောက်မှုတွေ ပြုလုပ်တဲ့အတွက် ပါလက်စတိုင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားကြပါတယ်။

    Ref : Aljazeera

  • ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်မှ အရှေ့အလယ်ပိုင်းပြဿနာ ပြေလည်မည်ဟု ဂျော်ဒန်ဘုရင် သတိပေး

    ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်မှ အရှေ့အလယ်ပိုင်းပြဿနာ ပြေလည်မည်ဟု ဂျော်ဒန်ဘုရင် သတိပေး

    မေ ၃၁၊ ၂၀၁၉
    M-Media

    ဂျော်ဒန်ဘုရင်နှင့် ကက်ရှ်နာတို့ တွေ့ဆုံစဉ်

    -အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေးဟာ မပါမဖြစ် ပါဝင်ရမယ့် အရာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အကြံပေး ဂျာရဒ် ကက်ရှ်နာကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ သားမက်လည်းဖြစ်တဲ့ ကက်ရှ်နာဟာ ပါလက်စတိုင်း-အစ္စရေး ပြဿနာဖြေရှင်းရေး အဓိကထား ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ အမေရိကန်ဟာ လာမယ့်လအတွင်း ဒီကိစ္စအတွက် အဆိုပြုချက်တစ်ခု ထုတ်ပြန်ဖို့ရှိနေပြီး အဲဒီအထဲမှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးကိစ္စ ပါဝင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    ကက်ရှ်နာဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဗုဒ္ဓဟူးနေ့က လက်ခံတွေ့ဆုံစဉ် ဘုရင် အဘ်ဒူလာက မထုတ်ပြန်သေးတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိကြောင်း ပြောကြားခဲ့သလို၊ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေကနေ တပ်တွေ ရုပ်သိမ်းပေးရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    “အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး၊ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မတိုင်ခင် ရှိခဲ့တဲ့ နယ်မိတ်အတိုင်း လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာစေမယ့် နှစ်နိုင်ငံတည်ရှိရေးကို အခြေခံ ဆောင်ရွက်မှသာလျှင် ပြီးပြည့်စုံပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်ကြောင်း ဘုရင်မင်းမြတ်က အလေးထား ပြောကြားခဲ့ပါတယ်” လို့ ဂျော်ဒန်နန်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အရှေ့ဂျေရုစလင်၊ ဂါဇာနဲ့ အနောက်ဖက်ကမ်းတို့ ပါဝင်တဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးနဲ့အတူ ယှဉ်တွဲတည်ရှိရေးမူကို ကမ္ဘာ့နိုင်ငံတွေနဲ့အတူ အမေရိကန်က အစဉ်တစ်စိုက် လက်ခံလာပေမယ့် ထရမ့်လက်ထက် ပြီးခဲ့တဲ့နှစ်မှာတော့ ပါလက်စတိုင်းကို အစ္စရေးအောက်မှာ
    သွင်းပြီး ပြဿနာပြေလည်အောင် လုပ်လို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    လာမယ့်လ ဘာရိန်းနိုင်ငံ မာနာမာမှာလုပ်မယ့် စီးပွားရေးဖိုရမ်မှာ အမေရိကန်ရဲ့ ပါလက်စတိုင်း-အစ္စရေးပြဿနာ ဖြေရှင်းရေး အဆိုပြုချက် ပထမပိုင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာက အဲဒီအဆိုပြုချက်ဟာ ကာလကြာရှည် ရှိခဲ့တဲ့ နှစ်နိုင်ငံတည်ရှိရေးမူကို ငြင်းပယ်မှာ စိုးရိမ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ပါလက်စတိုင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ လာမယ့်လထုတ်ပြန်မယ့် အဆိုပြုချက်ဟာလည်း မျှတမမှုရှိမှာမဟုတ်တဲ့အတွက် လက်မခံဘူးလို့ ပါလက်စတိုင်းတွေက ပြောကြားထားပါတယ်။

    Ref: Aljazeera