News @ M-Media

Tag: Kachin State

  • ကချင်စစ်ဘေးရှောင်များဘ၀ မလုံခြုံဟု Joint Strategy အဖွဲ့ပြော

    ကချင်စစ်ဘေးရှောင်များဘ၀ မလုံခြုံဟု Joint Strategy အဖွဲ့ပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၇
    M-Media

    နယ်စပ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများ

    – ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ထွက်ပြေးနေရသော ကချင်စစ်ဘေးရှောင်ပြည်သူများ၏ ဘေးအန္တရာယ်ကင်းမှုအတွက် စိုးရိမ်နေရသည်ဟု ကချင်အရပ်ဖက်အဖွဲ့နှင့် ဘာသာရေးအခြေပြုအဖွဲ့အစည်းများ ပေါင်းစည်းထားသည့် Joint Strategy Team က ပြောကြားလိုက်သည်။

    ကချင်ပြည်သူများမှာ တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှု၊ အခြားတစ်ဖက်တွင် ခိုလှုံခွင့်မပေးမှုတို့ကြောင့် မြန်မာတရုတ်နယ်စပ်ရှိ လူသူအရောက်အပေါက်နည်းသော ဝေးလံခေါင်းဖျား ဒေသများတွင် ပိတ်မိနေကြသည်။

    “နယ်စပ်ဖြတ်ဖို့ ကြိုစားတဲ့ စစ်ဘေးရှောင်တွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာဖက်ပြန်ဖို့ပြောပါတယ်။ သူတို့ဟာ လုံခြုံတဲ့နေရာမှာ ရှိမနေပါဘူး။ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအ လုံခြုံတယ်လို့လည်း မခံစားရပါဘူး” ဟု Joint Strategy Team မှ ပြောရေးဆိုခွင့်ရှိသူ Gum Sha Awng က ပြောကြားခဲ့သည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights က ဇန်န၀ါရီ ၁၃ ရက်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်၌ စစ်ဘေးရှောင်ပြည်သူအချို့ကို အစပိုင်းတွင် နယ်စပ်ဖြတ်ကျော်ခွင့် ပေးသော်လည်း နောက်ပိုင်း များပြားလာသည့်အခါတွင် တရုတ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက မြန်မာဖက်သို့ပြန်ရန် ဖိအားပေးခဲ့ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သား ၂၃၀၀၀၀ ခန့်မှာ ထွက်ပြေးခဲ့ရသည်ဟုလည်း အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

    Joint Strategy Team ကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ၀င်ရောက်ခိုလှုံရန် ကြိုးစားခဲ့သည့် စစ်ဘေးရှောင်ပြည်သူများမှာ လက်ရှိတွင် လိုင်ဇာသို့ ပြန်လာနေကြပြီဟု ဆိုသည်။

    Ref: mmtimes

  • မတရားပြုကျင့်မှုကို ကာကွယ်နိုင်ရေး မြန်မာတိုင်းရင်းသူများ ကရာတေးသင်ယူနေ

    မတရားပြုကျင့်မှုကို ကာကွယ်နိုင်ရေး မြန်မာတိုင်းရင်းသူများ ကရာတေးသင်ယူနေ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    girl
    အရှက်နှင့်သိက္ခာကို ကာကွယ်ရန် ကရာတေးသင်ယူနေသည့် တိုင်းရင်းသူလေးများ

    – ၂၀၁၀ ခုနှစ်ကတည်းကစ၍ မြန်မာစစ်တပ်မှ တိုင်းရင်းသူအမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်းနှင့် လိင်စော်ကားခြင်း အမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းပြုစုထားပြီဖြစ်ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် Women’s League of Burma က ဆိုသည်။

    ရပ်ရွာစွန့်ကလေးသူငယ်များအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ဆယ်ကျော်သက်မိန်းကလေး ဒါဇင်ပေါင်းများစွာတို့သည် အ၀ါရောင်၊ အပြာရောင်၊ အဖြူရောင် စသည့် ခါးပတ်အရောင်ပါ အဖြူရောင်တူညီဝတ်စုံများဆင်ယင်လျက် နေ့လည်ခင်းတိုင်း ကွင်းပြင်ပေါ် တန်းစီလိုက်ကြသည်။ ဂျပန်လိုဟစ်အော်ကာ လေထုထဲ လက်သီးထိုးခြင်း၊ ခုန်ပျံအမြင့်ကန်ခြင်း လေ့ကျင့်ခန်းတို့ကို အားရရွှင်မြူးစွာ ရပ်နားချိန်အထိ ပြုလုပ်နေကြသည်။

    ဤသင်တန်းမှ မိန်းကလေးများစွာ၏ ရည်ရွယ်ချက်မှာ အခိုင်အမာတစ်ခုတည်းဖြစ်၏။ သူတို့သည် အမိမြေမှ အစိုးရစစ်တပ်၏ စော်ကားမှုများမှ အကာအကွယ်ရရန် ဆန္ဒပြင်းပြနေခြင်းပင်။

    အများစုမှာ ကချင်ပြည်နယ်မှ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်ကြားအရွယ်ဖြစ်သည်။ ကာလရှည်ပြည်တွင်းစစ်ကြောင့် သူတို့သည် အိုးအိမ်မဲ့သူများ၊ မိသားစု ဆုံးရှုံးရသူများဖြစ်ခဲ့ရသည်။ ယင်းပြည်တွင်းစစ်ပွဲကာလတစ်လျှောက် အစိုးရစစ်သားတို့က မိန်းမပျိုနှင့်အမျိုးသမီးများကို မုဒိန်းကျင့်လျက်ရှိကြောင်း ကျော်ကြားသည်။ သို့သော် ယင်းပြစ်မှုများအပေါ် တရားစီရင်ခြင်းကား မဆိုစလောက် နည်းပါးလွန်းနေသည်။ ဤကရာတေးသင်တန်းသည် အဆိုပါ ကယ်ရာမဲ့များအတွက် အတိုင်းအတာတစ်ရပ်အထိ နည်းပင်နည်းငြား ခွန်အားတစ်ရပ်ဖြစ်ထွန်းစေသည်။

    “မိမိအပေါ် လိင်အကြမ်းဖက်မှုပြုလုပ်လာလျှင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရမယ့်ပုံ၊ ပြန်လည်ရင်ဆိုင်တိုက်ခိုက်ပုံတွေကို မိန်းကလေးများအားလုံးအတွက် ကျွန်တော်တို့ သင်ကြားပေးနေပါတယ်။ ပြည်တွင်းက အိုးအိမ်စွန့်ခွာ ကလေးငယ်အားလုံးတွေဆီ တစ်စုံတစ်ရာ အားရကျေနပ်မှုဖြစ်စေမယ့်အခွင့်အရေးနဲ့ မိမိကိုယ်ကိုယုံကြည်မှုကို ကျွန်တော်တို့ အခိုင်အမာ ပေးကမ်းချင်နေခဲ့တာ ကြာပါပြီ” ဟု နည်းပြဆရာ ခွန်နော်က ပြောကြားသည်။

    မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လူတစ်သိန်းကျော်မှာ အစိုးရစစ်တပ်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ကချင်တပ်ဖွဲ့များသည် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့သည်။ ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲထားမှုက ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်သွားပြီး တိုက်ပွဲများမှာ ပြန်လည်ဖြစ်ပွားလာသည်။

    အသက် ၁၆ နှစ်အရွယ် ခေါင်ရာ သည် လူဦးရေ ၈၀၀၀ ကျော်ရှိသော ဒုက္ခသည်ဦးရေအများဆုံး ဂျီယန်းစခန်းမှ မိန်းမငယ်လေးဖြစ်သည်။ သူမသည် လွန်ခဲ့သည့် ၅ နှစ် အသက် ၁၁ နှစ်အရွယ် ကျောင်းတက်နေစဉ် တိုက်ပွဲဖြစ်ပွားသဖြင့် သူမ၏ရွာ မန်ဒန်းမှ အသက်လုပြေးထွက်လာရသည်။ ထိုအချိန်ကစပြီး သူမ၏မိဘများကို ပြန်မတွေ့ရတော့ပေ။

    သူနာပြုတစ်ဦးဖြစ်ရန် တစ်ချိန်က စိတ်ကူးယဉ်ခဲ့သော်လည်း ယခုတွင်မူ အလျဉ်းပြောင်းလဲသွားပြီဖြစ်သည်။ “နိုင်ငံရေးအခြေအနေနဲ့ ပြည်တွင်းစစ်ကြောင့် ကျွန်မဖြစ်လိုတာ မဖြစ်နိုင်တော့ဘူး။ အဲ့ဒီအတွက်လည်း လုံးဝ စိတ်မပျက်ပါဘူး” ဟု သူမက ဆိုသည်။

    သို့သော် ဒေသတွင်း အမျိုးသမီးများပေါ် မုဒိန်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းအကြောင်း ကြားသိပြီးနောက် ခေါင်ရာသည် ကရာတေးပညာကို လေ့လာသင်ကြားလျက်ရှိသည်။ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားချိန်မှစပြီး KIA လက်အောက်မှ လူထုအခြေပြုအဖွဲ့အစည်းတစ်ခုသည် ကချင်တို့၏ထိန်းချုပ်နယ်မြေများတွင် ကရာတေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နေသည်။ ဆယ်ကျော်သက် မိန်းကလေးနှင့်ယောက်ျားလေးများအတွက် မိမိကိုယ်ကိုကာကွယ်နိုင်ရန်၊ မိမိကိုယ်ကိုယုံကြည်စိတ်ရှိရန် ထိုသို့ သင်ကြားပေးခြင်းဖြစ်သည်။

    “သူတို့(တပ်မတော်)က အမျိုးသမီးတွေကို မုဒိန်းကျင့်ကြတယ်။ ဒါကြောင့် ကျွန်မ ကရာတေးပညာကို သင်ကြားဖို့ စိတ်ဝင်စားပြီး ဆုံးဖြတ်ခဲ့တယ်။ အနိမ့်ဆုံးအားဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ပါ” ဟု ခေါင်ရာက ဆိုသည်။

    စစ်တပ်သည် မုဒိန်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချနေသည်မှာ အချိန်ကာလကြာရှည်နေပြီဟု အမျိုးသမီးများဆိုင်ရာ အဖွဲ့အစည်းများက ပြောကြသည်။ ၂၀၁၀ ခုနှစ်ကတည်းကစ၍ မြန်မာစစ်တပ်မှ တိုင်းရင်းအမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်းနှင့် လိင်စော်ကားခြင်း အမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းပြုစုထားပြီဖြစ်ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် Women’s League of Burma က ဆိုသည်။ မြန်မာအစိုးရနှင့် တပ်မတော်ကမူ ဤအရေးကိစ္စနှင့်စပ်လျဉ်း၍ စိုးစဉ်းမျှ အသံမထွက်ဘဲ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။

    ယခုနှစ်ဆောင်းဦးကာလအတွင်း ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ လူနည်းစုဝင်များအား တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ထပ်ဖန်တလဲ မုဒိန်းမှု ကျူးလွန်နေကြောင်း ရိုဟင်ဂျာမွတ်စ်လင်မ်များနှင့် လူ့အခွင့်အရေးအုပ်စုများက ဆိုသည်။ အမျိုးအမည်မသိ တိုက်ခိုက်ရေးသမားများမှ နယ်စပ်စောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးအား သတ်ဖြတ်ခဲ့သော အောက်တိုဘာလကတည်းက အာဏာပိုင်တို့သည် အဆိုပါဒေသတစ်ခွင်၌ နယ်မြေရှင်းလင်းရေးကို ပြုလုပ်ခဲ့ကြသည်။ ဒေသတွင်းသို့ နိုင်ငံခြားမီဒီယာများ မ၀င်ရောက်နိုင်အောင် အစိုးရက ပိတ်ဆို့ထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်ဖက် အလွတ်ရုန်းထွက်ပြေးသွားနိုင်ခဲ့ကြသည့် ရိုဟင်ဂျာတို့က လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းအကြောင်း သတင်းပေးဖော်ပြကြသည်သာမက ဂြိုဟ်တုပုံရိပ်များက ဖော်ပြနေသည့် ရွာလုံးကျွတ်မီးလောင်တိုက်သွင်းမှုများကလည်း ထိုသူတို့၏စကားကို ခိုင်မာသွားစေသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ စိုးနိုင်ဦးက ရခိုင်ပြည်နယ်အတွင်း တပ်မတော်သားများက လူ့အခွင့်အရေးချိုးဖောက်မှုသော်လည်းကောင်း၊ လိင်အကြမ်းဖက်မှုသော်လည်း အလျဉ်း မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။

    ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများအဖွဲ့အစည်းနှင့် ဥပဒေရေးရာကူညီရေးကွန်ရက်သည် ယမန်နှစ်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၎င်း၌ ၂၀၁၅ ခုနှစ် ကချင်လူမျိုး ပရဟိတဆရာမနှစ်ဦးကို ရက်စက်စွာ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုပျက်ကွက်ကြောင်း ဖော်ပြထားသည်။ အဆိုပါ မုဒိန်းမြင်ကွင်းအနီးတွင် ဒါဇင်နှင့်ချီသော တပ်မတော်သားများစွာ ရှိနေကြပြီး အလောင်းရှာမတွေ့မီ အသီးသီးထွက်ခွာသွားကြသဖြင့် မည်သည့် မသင်္ကာသူကိုမျှ မဖော်ထုတ်နိုင်ခဲ့ကြချေ။

    ယင်းသို့ကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု မရှိသလောက်သာ ဖြစ်နေသည်။ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့်သည့်အမှုဖြင့် တပ်မတော်သားတစ်ဦးအား ထောင် ၇ နှစ်ပြစ်ဒဏ် စီရင်ချမှတ်ခဲ့သည်။ မြန်မာစစ်သားတို့ကို စစ်ခုံရုံးတွင်သာ စစ်ဆေးစီရင်လေ့ရှိသော်လည်း အဆိုပါအမှုတွင် ဥပဒေဘက်တော်သားရှေ့နေများက ပြည်သူ့တရားခုံရုံးတင်နိုင်အောင် ဖိအားပေးကြိုးပမ်းနိုင်ခဲ့ကြသည်။

    ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လူနည်းစုဝင်တိုင်းရင်းသားတို့မှ ရွေးချယ်ခံအစိုးရသစ်တစ်ရပ် ဖြစ်ထွန်းလာရေးအတွက် သောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်။ သို့သော် စစ်တပ်လွှမ်းမိုးသည့် အစိုးရသာ ဖြစ်နေခဲ့ပြီး၊ ယခုအခါ အစိုးရ၏ တိုင်းရင်းသားပဋိပက္ခဖြေရှင်းမှုဆောင်ရွက်ချက်များအပေါ် အများအပြားက စိတ်ပျက်လာကြသည့်အပြင် စစ်တပ်ကို ဘေးမဲ့ပေးထားသည်ဟု အမြင်ရှိနေကြပေသည်။

    “လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မပြောဆိုရင်၊ မတရားခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတကို လျစ်လျူရှုထားရင် ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ထွန်းလာမှာ မဟုတ်ဘူး” ဟု Women’s League of Burma ၏ အတွင်းရေးမှူး ဂျူလီယာမာရစ်ပ် က ပြောကြားလိုက်သည်။

    တပ်မတော်သားတို့၏ အကျင့်ဆိုးများကို ကိုင်တွယ်ထိန်းချုပ်ရန် မျှော်လင့်ချက် နည်းပါးလှသည်ဖြစ်၍ ကရာတေးသင်တန်းသူ မိန်းကလေးငယ်တို့က အနိမ့်ဆုံးအားဖြင့် မိမိတို့အပေါ် ၎င်းတို့၏ကျူးလွန်စော်ကားခြင်းမှ ဟန့်တားနိုင်ရေးကိုသာ မျှော်လင့်နေကြရပေသည်။ သူတို့သည် အချင်းချင်း ယှဉ်ပြိုင်နေကြရင်း အချို့ကမူ တိုက်ခိုက်ရေးပညာကို သက်မွေးဝမ်းကြောင်းအဆင့်အထိ မျှော်မှန်းထားကြ၏။

    “ကျွန်မတို့ နိုင်ငံရပ်ခြားထိသွားပြီး ပိုမိုအဆင့်မြင့်အောင် သင်ယူနိုင်တယ်လို့ ကျွန်မတို့ရဲ့ နည်းပြဆရာကပြောတယ်။ ကျွန်မလည်း ပြည်ပထွက်သွားချင်တယ်၊ ပြီးတော့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား ဖြစ်ချင်ပါတယ်” ဟု နုဂျာ က ပြောကြားသည်။

    “မိမိကိုယ်ကို ဘယ်လိုခုခံကာကွယ်ရမယ်လို့ သူတို့ သိလာချိန်မှာ သူတို့ရဲ့မိသားစုဝင်တွေ၊ သူတို့လူမျိုးတွေနဲ့ နိုင်ငံကို သူတို့တစ်တွေ ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်” ဟူ၍ နည်းပြဆရာ ခွန်နော်က ပြောကြားလိုက်ပါသည်။

    Ref : Associated Press

  • ယနေ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လုံးခင်းမှ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်၏ မှတ်တမ်းနေ့စွဲများ

    ယနေ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လုံးခင်းမှ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်၏ မှတ်တမ်းနေ့စွဲများ

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media
    သီဟ- စုစည်းတင်ပြပါသည်။
    .
    ၁၉၉၀ ခုနှစ်
    ——————-
    ကချင်ပြည်နယ်-ဖားကန့် မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လယ်ပြင်ကျေးရွာတွင် ဒေသခံဖြစ်သူဦးရဲမောင် လှူဒါန်းသည့် မြေနေရာတွင်၊ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင် တထပ်အဆောက်အဦး အားဆောက်လုပ်၍ နေ့စဉ် (၅) ကြိမ် ဝတ်ပြုခဲ့၊
    .
    ၁၉၉၁ ခုနှစ်
    —————–
    ၁၂.၉.၁၉၉၁ တွင် ဝတ်ပြုဆောင်တည်ရှိရာ မြေပုံနှင့် မြေကွက်လှူဒါန်းသည့် စာချူပ်ဖြင့် မြိုနယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနသို့ အခွန်လွတ် အစ္စလာမ် ဝတ်ကျောင်းမြေအဖြစ် လျောက်ထားခဲ့
    .
    ၂၀၁၃ ခုနှစ်ထိ
    —————
    တံတား မဆောက်ခင် ထိ ဒေသခံများနှင့် မည့်သည့် ပြသနာ မှ ဖြစ်ပွားခြင်း မရှိဘဲ အစဉ်အဆက် အေးချမ်းစွာ ရှိခဲ့
    .
    ၂၀၁၄ ခုနှစ်
    ————–
    ဥရုချောင်း တံတား တည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများထားဖို့ ဝတ်ပြုဆောင် ခြံစည်းရိုး ဖျက်ပေးခဲ့၊ ဂိုဒေါင်နှင့် ဝန်ထမ်းများနေထိုင်ဖို့ အဆောက်အဦးများကို ဝတ်ပြုဆောင် ဧရိယာအတွင်း ဆောက်လုပ်ခွင့်ပေးခဲ့၊
    တံတားဆောက်လုပ်ရေးဘက်မှ တံတားဆောက်လုပ်ပြီးစီးသည့်အခါ အဆိုပါ အဆောက်အအုံများကို ဝတ်ပြုဆောင် သုံးရန် ပေးအပ်ခဲ့၊
    .
    ၂၀၁၆ ခုနှစ်
    ————
    မတ်လ။ ။ တံတားဖွင့်ပွဲလုပ်၊ မြေနေရာဈေးများ အဆမတန် ထိုးတက်ခဲ့၊
    လုံခင်းဘက်မှ ရပ်မိရပ်ဖများမှ မွတ်စလင်မ်များ လှူထားသည် ဝတ်ပြုဆောင်ပိုင် ဝန်းကျင်ရှိ မြေများကို ၄င်းတို့အားပေးရန်ပြော၊ မွတ်စလင်မ်များဘက်မှ လက်မခံခဲ့
    .
    ဇွန် ၁၇။ ။ အပိုဆောင် ၃ ခုဖျက်ဖို့ ရပ်/ကျေးမှ စာထွက်
    .
    ဇွန် ၁၈ ။ ။အပိုဆောင် ၃ ခု ( ဗလီဆရာ အိမ်အပါအ၀င်) ဖျက်ပေးခဲ့၊
    .
    ဇွန် ၂၀။ ။ လူအင်အာ ၅၀၀ ခန့် ၀တ်ပြုဆောင်ကိုဖျက်ရန်လာ၊ ရဲ နှင့်ရွာသား ၅၀ တားဆီးထိမ်းသိမ်းပေး
    .
    ဇွန် ၂၁။ ။ မြို့နယ်ထွေအုပ် မှ ၀တ်ပြုဆောင်ကို ဖျက်ရန် လက်မှတ်ထိုးခိုင်း၊
    .
    ဇွန် ၂၂ ။ ။ ၂၂ ၇က်နေမှ စ၍ နေ့စဉ် ဗလီမှတာဝန်ရှိသူများကို ဖိအားပေးဖျက်ခိုင်း၊
    .
    ဇွန် ၂၃/၂၄။ ။ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ အသနားခံစာ လက်ရောက်ပေး
    .
    ဇွန် ၂၅/၂၆။ ။ သမ္မတ၊ နိုင်ငံတော်၏အကြံပေး၊ သာ/ယဉ်၊ ပြည်ထဲရေးကို မိတ္တူပို့
    .
    ဇွန် ၂၇။ ။ အဖွဲ့ကြီး ၅ ဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ထံသို့ မေတ္တာရပ်ခံလွှာပေးပို့
    .
    ဇွန် ၂၉။ ။ မြို့နယ်ထွေအုပ်မှ အတတ်နိုင်ဆုံး တားပေးမည်ဟုပြောကြား၊ ညနေပိုင်းမှစတင်ပြီး လုံခြုံရေးပေး၊
    .
    ဇူလိုင် ၁(မနက်)။ ။ ညနေ ၆ နာရီထားပြီး ဝတ်ပြုဆောင်အား ချိတ်ပိတ်ပေးရန်၊ သော့အား အာဏာပိုင်များပေးရန် ထပ်ပြော ၊မွတ်စလင်မ်များဘက်မှ ရပ်ရွာတည်ငြိမ်ရေးကို ရှေးရှုပြီး လက်မှတ်ထိုးပေး လိုက်လျောခဲ့၊
    .
    ဇူလိုင် ၁ (ညနေ ၄ နာရီခွဲ)။ ။ ဗုဒ်ဓဘာသာ သာသနာ့အလံများ လွှင်ထူထားသော ၊သံဃာတော် များအပါဝင် ၊ လူအင်အားအများအပြားဖြင့် ဝတ်ပြုဆောင်အားဖျက်ဆီးခဲ့၊ ရဲအင်အား ၁၀၀ ကျော်ရှိသော်လည်း မတားဆီး၊
    .
    ဇူလိုင် ၁ (ညနေ ၆ နာရီ)။ ။ ဝတ်ပြုဆောင် တခုလုံးအားမီးရှို့၊ သတင်းထောက်များ ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းယူခွင့်မရ

    SweSwe2

    13552574_561778280661503_815100588_n 13563577_561778370661494_791872855_n 13563677_561777553994909_865732093_n

    13494751_601187626721958_6497197539599680135_n

    5

    13532917_562714970567834_7644166360658287804_n51   13567155_562726227233375_8099709838777985448_n

    13592761_562751757230822_1839057534151297113_n

    13537620_562751810564150_6404216582616135506_n13567279_1121554254553710_2533845039589861936_n 13579012_1791326877755286_1520203995_n 13590247_1121554707886998_3574671664909472215_n 13592254_1121554534553682_704860451950510418_n 13592421_1121554774553658_4142600802250936010_n

  • ချိတ်ပိတ်သိမ်းဖို့အတွက် သဘောတူထားသော်လည်း လုံးခင်းမှ ဘာသာရေး ဝတ်ပြုဆောင် မီးရှို့ ဖျက်ဆီးခံရ

    ချိတ်ပိတ်သိမ်းဖို့အတွက် သဘောတူထားသော်လည်း လုံးခင်းမှ ဘာသာရေး ဝတ်ပြုဆောင် မီးရှို့ ဖျက်ဆီးခံရ

    ဇူလိုင် ၁ ၊ ၂၀၁၆
    M-Media
    သတင်း- ဖြူလေး
    13567279_1121554254553710_2533845039589861936_n
    ကချင်ပြည်နယ် ဖားကန့် လုံးခင်းကျေးရွာရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းအား ယနေ့ ဇူလိုင်လ (၁) ရက်နေ့ ညနေ လေးနာရီခွဲ အချိန်တွင် လူအင်အား အများအပြား နှင့် ဘုန်းကြီးများ စတင်ဖျက်ဆီးနေကြောင်း သိရပါတယ်။ လုံခြုံရေး (၁၀၀) ကျော် ချထားသော်လည်း ထိန်းမရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါတယ်။

    ရဲများမှာလည်း ဖျက်ဆီးနေသည့် သူများကို ဝင်ရောက်တားဆီးခြင်းများလည်း မရှိကြောင်း ဒေသခံမျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။

    ဖျက်ဆီးပြီးနောက် ညနေ ၆ နာရီလောက်မှာ  ဝတ်ကျောင်းတော်ကို မီးရို့ဖျက်ဆီး ခဲ့ကြပါတယ်။ ညနေ ခြောက်နာရီခွဲလောက်မှာတော့ ဝတ်ကျောင်းတော် တစ်ခုလုံး ပျက်ဆီးသွားပြီဖြစ်ပြီး ဒေသခံများရဲ လုံခြုံရေးကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    အဆိုပါ ဝတ်ပြုကျောင်းကို ယနေ့ ညနေ ခြောက်နာရီတွင် နောက်ဆုံးထားပြီး ချိတ်ပေးပေးရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏပိုင်များက ပြောဆိုထားသော်လည်း ညနေ လေးနာရီခွဲအချိန်တွင် ဝတ်ကျောင်းတော်အား ဖျက်ဆီးခံနေရခြင်း ဖြစ်ပါတယ်။

    13592421_1121554774553658_4142600802250936010_n

    13579012_1791326877755286_1520203995_n

    13590247_1121554707886998_3574671664909472215_n

    13592254_1121554534553682_704860451950510418_n

  • မြန်မာ့ကိုယ်ပျောက် ကျောက်စိမ်း၏ ဒေါ်လာ ၈ ဘီလီယံ အိပ်မက်ဆိုး (ဘာသာပြန်- Special Report)

    အောက်တိုဘာ၊ ၁၊ ၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    Hand-pickers search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    မိမိလက်မှာကိုင်ထားဆဲ လက်တစ်ဝါးစာကျောက်စိမ်းကို ညစ်ထေးထေးရာဘာစနဲ့ ပွတ်တိုက်လို့ တစ်ညတာ အချိန်ကုန်လွန်ခဲ့ပြီ။ အဲ့ဒါဟာ သူ့ကို အပုံအပင် ကြွယ်ဝချမ်းသာစေလိမ့်မယ်လို့ တင်ထွန်းက မျှော်လင့်နေတယ်။ ဒီလိုအဖြစ်မျိုးလည်း ရှိနေခဲ့တယ်လေ။

    “ ယမန်နှစ်က ကျပ် သန်း ၅၀ တန်တဲ့ ကျောက်ကို ကျွန်တော် ရရှိခဲ့တယ် ” လို့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ကျောက်စိမ်းတူးဖော်ရေးတောင်ကုန်းဟောင်းတွေတစ်ကြော လမ်းလျှောက်ယင်း သူက ပြောပြခဲ့တယ်။ အဲ့ဒီကျောက်ဟာ ဒေါ်လာ ၅ သောင်းနီးပါးရရှိပြီး အသက် ၃၈ နှစ်အရွယ် တင်ထွန်းအတွက် မိမိဇာတိကျေးရွာမှာ ကိုယ်ပိုင်အိမ်ကိုယ်ပိုင်မြေနဲ့ ဖြစ်သွားစေတဲ့အပြင် ပိုလျှံစေခဲ့ပါတယ်။

    တင်ထွန်းလို အချိန်တိုတိုအတွင်း မထင်မှတ်ပဲ ရှာတွေ့ရရှိသွားသူများကတော့ အလွန်အင်မတန် နည်းပါးပါတယ်။ စက်ရုံထောင်ထုတ်လုပ်နေတဲ့ မြန်မာစစ်တပ်၊ ကျောက်စိမ်းသည်းခြေကြိုက်တရုတ်ပြည်နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေကသာ တစ်အုံတစ်ကျင်း ထုတ်ယူသွားကြပြီး မတန်တဆ ကြွယ်ဝချမ်းသာကုန်ကြတာပါဘဲ။

    A hand-picker washes himself after searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    ကျောက်စိမ်းအားလုံးရဲ့ထက်ဝက်လောက်ဟာ တရားမ၀င်လမ်းကြောင်းထဲကရောင်းချမှု ဖြစ်နေတယ်။ အခွန်လုံးဝမဆောင်ဘဲ ဒါမှမဟုတ် ဟန်ပြအခွန်ဆောင်ချက်လောက်နဲ့ နယ်စပ်ကနေ တရုတ်ပြည်ထဲ ရောက်ကုန်ကြတယ်။ နိုင်ငံတော်အကျိုးမြတ်မှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးသွားစေတယ်။ ရာစုနှစ်ဝက်လောက် စစ်အာဏာရှင်စံနစ်ကြောင့် ကျိုးပဲ့ကြေမွနေတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ရေးမှာ ဒီငွေတွေ အသုံးပြုရမှာဖြစ်တယ်။

    တရားဝင်စာရင်းဇယားများအရ ဒေါ်လာဘီလီယံများစွာ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ဧပြီ – ၂၀၁၂ မတ် ကာလအတွင်း မြန်မာနိုင်ငံက ကျောက်စိမ်းကို ကီလိုဂရမ် ၄၃ သန်းအထိ ထုတ်လုပ်ခဲ့တယ်။ တစ်ကီလိုကို ဒေါ်လာ ၁၀၀ နှုန်းနဲ့အကြမ်းဖျင်းဖြစ်သလိုတွက်ကြည့်ယင် တန်ကြေးက ဒေါ်လာ ၄.၃ ဘီလီယံရှိနေပါပြီ။ ဒါပေမယ့် တရားဝင်ကျောက်စိမ်းတင်ပို့မှုမှာ ဒေါ်လာ ၃၄ သန်းမျှသာ စာရင်းရှိနေပါတယ်။

    Hand-pickers return from searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    တရုတ်ပြည်ရဲ့ တရားဝင်စာရင်းအင်းတွေကလည်း ပဟေဠိလုပ်ထားတုန်းပါဘဲ။ မြန်မာပြည်ကကျောက်စိမ်းတွေကို ဘယ်ရွေ့ဘယ်မျှအထိ တင်သွင်းကြောင်း တရုတ်နိုင်ငံအနေနဲ့ အများသိသတင်းထုတ်ပြန်မှု ပြုလေ့မရှိပါဘူး။ သို့သော်လည်း ကျောက်မျက်ရတနာနဲ့သတ္ထုပစ္စည်းဆိုင်ရာ တရားဝင်သွင်းကုန်တွေထဲမှာ ကျောက်စိမ်းက အပါအ၀င် တစ်ခုဖြစ်ပြီး ၂၀၁၂ မှာ ဒေါ်လာ ၂၉၃ သန်းအထိ တန်ကြေးရှိတယ်လို့ဆိုနေပေမယ့် ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိတဲ့ မြန်မာ့ကျောက်စိမ်းတွေ ဘယ်ရောက်ကုန်ပြီလဲဆိုတာ ရှင်းပြလို့မရနိုင်အောင်ဖြစ်နေရတယ်။

    ဒီလို ဓနပြုန်းတီးမှုက မြန်မာနိုင်ငံအတွက် စိန်ခေါ်ချက် ပိုမိုကြီးထွားစေပါတယ်။ ရေနံ၊ ကျွန်းသစ်၊ အဖိုးတန်သတ္ထုများ အပါအ၀င် သဘာဝသယံဇာတပေါကြွယ်လှပြီး ဆင်းရဲတွင်းနက်လှတဲ့နိုင်ငံမှာ လက်နက်စွဲကိုင်ပဋိပက္ခ သက်ဆိုးရှည်လာလေ အာဏာချုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ အုပ်စုတွေကို ဆထက်ထမ်းပိုး ကြွယ်ဝလာစေလေ ဖြစ်လို့နေပါတယ်။ ဖားကန့်မှာရှိနေတဲ့ မြန်မာ့သတ္တုတွင်းလုပ်ငန်းတည်ရှိတဲ့နေရာဆီ ရိုက်တာသတင်းဌာနမှ ကြုံတောင့်ကြုံခဲ ရောက်ရှိခဲ့တယ်။ တော်လှန်သူလူမျိုးစုတွေနဲ့စစ်တပ်တို့ ပြဿနာဖြစ်နေတဲ့ အဲ့ဒီဒေသမှာ ဥပဒေစိုးမိုးမှု မရှိကြောင်း တွေ့ရတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးက တရုတ်ကုန်သည်များကလည်း ဘိန်းစွဲနေတဲ့ လက်ကိုင်ဒုတ်များနဲ့အတူ ခေါင်းပုံဖြတ်နေကြတာ တွေ့ခဲ့ရတယ်။ အဲ့ဒီလက်ကိုင်ဒုတ်တွေက ကျောက်စိမ်းရှာဖွေရရှိရေး အတွက် ရှင်လျက်နဲ့သေပေးနေရသူတွေပါ။

    Hand-pickers return from searching for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    မြန်မာသတ္ထုတွင်းဝန်ကြီး ဦးမြင့်အောင်က ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်းနဲ့လူမှုရေးရာတွေမှာ ပျောက်ဆုံးနေသော ငွေသန်းပေါင်းများစွာနဲ့ပတ်သက်လို့ ရိုက်တာက စာရေးမေးမြန်းတဲ့အပေါ် ဖြေကြားမှု မရှိပါဘူး။

    ပြန်လည်ပြုပြင်ရေးအစိုးရတက်လာချိန် ၂၀၁၁ ခုနှစ် မတ်လကစပြီး မြန်မာနိုင်ငံဟာ မိမိရဲ့စီးပွားရေးမျှော်လင့်ချက်ကို ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့အကူအညီတွေပေါ်မှာ အားထားလာခဲ့တယ်။ ဒါပေမယ့် စီးပွားရေးကျွမ်းကျင်ပညာရှင်အချို့က မြန်မာနိုင်ငံရဲ့ကြွယ်ဝမှုနဲ့ညီညွတ်မှုက ထုတ်ဖော်ပြောဆိုချက်တွေထက် ကုန်ကြမ်းကရရှိတဲ့အကျိုးအမြတ်တွေအပေါ် မူတည်နေပါတယ်လို့ ဆိုကြတယ်။

    တရားမ၀င်ပြည်ပပို့မှုအပါအ၀င် ကျောက်စိမ်းရောင်းချခြင်းအားလုံးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အချက်အလက် အချို့ရှိနေပါတယ်။ မြန်မာနိုင်ငံအရပ်သားတစ်ပိုင်းအစိုးရကို အကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ The Harvard Ash Center ဆီမှာ အကောင်းဆုံး အချက်အလက်တွေ ရရှိထားပါတယ်။

    ဒီနှစ်အတွင်း ဒီဒေသဆီ သုတေသီတွေကို ပို့လွှတ်ပြီးတဲ့နောက်မှာ The Harvard Ash Center က ဇူလိုင်လအတွင်း အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရာမှာ ၂၀၁၁ ခုနှစ်က မြန်မာ့ကျောက်စိမ်းရောင်းချမှုတန်ဖိုး ဒေါ်လာ ၈ ဘီလီယံ ၀န်းကျင်ရှိတယ်လို့ ဆိုထားတယ်။ အဲ့ဒီပမာဏဟာ သဘာဝဓာတ်ငွေ့ရောင်းချမှုအမြတ်အစွန်းထက် ၂ ဆကျော် များပြားနေပြီး၊ ၂၀၁၁ ခုနှစ် GDP ရဲ့ ၆ ပုံ ၁ ပုံ နီးပါးရှိနေတာကို တွေ့ခဲ့ရတယ်။

    “ အစိုးရဖက်က လုပ်ဆောင်ပေးတာ ဘာမှကို မရှိကြောင်း တွေ့ရတယ်။ တူးဖော်ရေးတွင်းတွေကို သိမ်းယူထားတဲ့ အာဏာပိုင်ထဲမှာ လူထုထောက်ပံ့ရေးခေတ်မှီစံနစ်တစ်ရပ်ရှိဖို့ လိုအပ်နေတယ် ” လို့ အစီရင်ခံစာ တွဲဖက်ရေးသားသူ  David Dapice က ရိုက်တာကို ပြောပြခဲ့ပါတယ်။

    ကိုယ်ပျောက်ကျောက်စိမ်းများ
    ———————————
    တရုတ်လူမျိုးတွေက ကျောက်စိမ်းရဲ့အလှအပနဲ့အမှတ်လက္ခဏာတွေပေါ်မူတည်ပြီး ဈေးကောင်းပေးတတ်တာ နှစ်ထောင်ပေါင်းများစွာကတည်းကပါပဲ။ ကျောက်စိမ်းကိုလက်ဝတ်ရတနာအဖြစ် ဆင်ယင်ခြင်းက ကံကောင်းခြင်း၊ ဥစ္စာတိုးပွားကြွယ်ဝခြင်း နဲ့ သက်ရှည်ကျန်းမာခြင်းကို သယ်ဆောင်လာပေးတယ်လို့ အတော်များများ ယုံကြည်ယူဆကြတယ်။ တရုတ်ရဲ့ချဉ်ခြင်းကြောင့်  မြန်မာကျောက်စိမ်းအပေါ် ရင်းနှီးမြှုပ်နှံမှုဖြစ်လာစေတဲ့ အဓိကအကြောင်းတစ်ချက်လို့ ဆိုရမှာပါ။ “ ရွှေကအဖိုးတန်တယ်။ သို့သော် ကျောက်စိမ်းက တန်ဖိုးမဖြတ်နိုင် ” လို့ တရုတ်ရှေးစကားပုံတစ်ခု ရှိနေတယ်။

    Hand-pickers search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    ကျောက်စိမ်းက တန်ကြေးမြင့်ပစ္စည်းဖြစ်သော်လည်း သယ်ဆောင်ရတာ လွယ်ကူတယ်။
    “ ရောင်းချပွဲနဲ့ပြတိုက်ဆီရောက်တဲ့ကျောက်စိမ်းတွေကိုသာ သူတို့ အမြင်ခံကြပါတယ် ” လို့ အသက် ၅၃ နှစ်အရွယ် ကျောက်စိမ်းကုန်သည် ဦးတင်စိုးက နေပြည်တော်ကျောက်မျက်ရတနာခင်းကျင်းပြသရောင်းချပွဲကို ရည်ညွှန်းပြီးပြောဆိုခဲ့တယ်။

    ကျန်ရှိသမျှတွေအဖို့ မြန်မာစစ်တပ်ပိုင်နက်ကနေဖြစ်စေ၊ ကချင်လွတ်လပ်ရေးတပ်မတော် –  Kachin Independence Army (KIA) နယ်မြေကနေဖြစ်စေ သက်ဆိုင်ရာအကျိုးအတွက် တရုတ်ပြည်ကို ထရပ်ကားနဲ့ အတုံးအရုန်း တိတ်တဆိတ် တင်ပို့တာခံရတယ်။ ဘေဂျင်းအခြေစိုက် အာဏာပိုင်ကျောထောက်နောက်ခံဖြစ်တဲ့ တရုတ်ကျောက်စိမ်းကုန်သွယ်ရေးအဖွဲ့ကြီး All China Jade Trade Association ဟာ အင်တာဗျူးအတွက် မေတ္တာရပ်ခံမှုကို အကြိမ်ကြိမ် ရှောင်လွှဲနေခဲ့တယ်။

    ကချင်ပြည်နယ်ထဲရှိတဲ့ ဖားကန့်ဟာ တရုတ် နဲ့ အိန္ဒိယနိုင်ငံအကြားမှာ မဟာဗျူဟာမြောက်နယ်မြေအဖြစ် တည်ရှိနေပါတယ်။ အဲ့ဒီလို အရည်အသွေးရော အရေအတွက်ပါ ထွက်ရှိတဲ့ဒေသဆိုလို့ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိပါဘူး။ တိုင်းပြည်ဘဏ္ဍာတိုးဖို့ မြေလွှာကိုဖွင့်လှစ်စို့ လို့အဓိပ္ပာယ်သက်ရောက်တဲ့စာတန်းတွေကို ဖားကန့်မြို့၊ သတ္ထုတွင်းဝန်ကြီးဌာနရုံးပြင်ဖက်တွေမှာ တွေ့ကြရပါလိမ့်မယ်။

    တကယ်တမ်းကျတော့ အရည်အသွေးမြင့်မားလှတဲ့ မြန်မာ့သဘာဝသယံဇာတကနေ နိုင်ငံကို အကျိုးဖြစ်ထွန်းစေတဲ့ အခန်းကဏ္ဍဆိုလို့ မဆိုစလောက်လေးသာ တွေ့နေရတယ်။ ဖားကန့်သွားတဲ့လမ်းက ချိုင့်ခွက်ချိုင့်ပေါက်တွေဆိုယင် လေးဘီးယက်ကားဘီးတွေထက်တောင် ကြီးမားနေပါတယ်။ မိုးတွင်းကာလမှာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားကနေ ၁၁၀ ကီလိုမီတာ(၆၈ မိုင်)သာကွာဝေးတဲ့ ဖားကန့်ကိုရောက်ဖို့ ကိုးနာရီကျော်ကြာမြင့်ရတယ်။

    ဖားကန့်မှာ ဗမာလူမျိုးမဟုတ်သူများကို အရာရှိအဖြစ်ခန့်အပ်ထားတာမျိုးက တကယ့်ကို ရှားရှားပါးပါးပါပဲ။ ဒါပေမယ့် ဗမာလူမျိုးမဟုတ်တဲ့ အငှားယာဉ်မောင်းသမားတွေကတော့ ပေါများလှတယ်။ သူတို့ဟာ တရုတ်ကုန်သည်များကို မတန်တဆဈေးနှုန်းနဲ့ ဖားကန့်ကို ပို့ဆောင်ပေးကြတယ်။ ရဲတပ်သားတွေ၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို မလိုအပ်ဘဲ လာဘ်ပေးဖြတ်သန်းနေကြရလို့ ဈေးနှုန်းခေါင်ခိုက်နေခြင်းဖြစ်ပါတယ်။ ဖားကန့်လမ်းကြောတင်းကြပ်ရခြင်းက လုံခြုံရေးအရဆိုပြီး အာဏာပိုင်တွေက အကြောင်းပြကြတယ်။ ဖားကန့်လမ်းကြောကိုထိန်းချုပ်နိုင်ဖို့ မြန်မာစစ်တပ် နဲ့ KIA တို့က အပြိုင်အဆိုင်ကြိုးပမ်းနေတာ ကာလကြာရှည်ခဲ့ပါပြီ။ အဲ့ဒီလမ်းကြောမှာ မြေမြှုပ်မိုင်းတွေရှိတယ်လို့လည်း ဆိုကြတယ်။  အဲ့ဒီလိုတင်းကြပ်မှုများဟာ  များပြားလှတဲ့ အလုပ်သမားသေဆုံးမှုတွေ၊ စံချိန်တင်ဘိန်းစွဲမှုတွေ၊ HIV ကူးစက်ပြန့်ပွားမှု စတဲ့ မြန်မာနိုင်ငံက လုပ်ငန်းခွင်လုပ်သားတွေနဲ့ သူတို့ရဲ့လူမှုဘ၀အနေအထားဆိုင်ရာ အချက်အလက်အမှန်ကို ဆန်းစစ်လို့မရအောင် ဖြစ်စေပါတယ်။

    ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းနဲ့ပဋိပက္ခကြားက ထင်ရှားတဲ့ချိတ်ဆက်မှုတွေကိုလည်း တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထက်တန်းအရာရှိဟောင်း သုတေသီ Richard Horsey က ဆိုပါတယ်။ စစ်တပ်နဲ့ KIA    တို့ရဲ့ ၁၇ နှစ် အပစ်အခတ်ရပ်စဲရေးကိစ္စဟာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း တိုက်ခိုက်မှုများကြောင့် အဆုံးသတ်သွားခဲ့တယ်။ စစ်ပြေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်လာခဲ့ပါပြီ။

    “ နှစ်ဖက်နှစ်ဝ လက်ထဲမှာရှိနေကြတဲ့ ဧရာမ အကျိုးအမြတ်တွေကို  ပဋိပက္ခထဲမှာ အသုံးချနေကြတယ်။ လွှမ်းမိုးခြယ်လှယ်ရေးအတွက် ထောက်ပံ့နေကြတယ်။ ဒါက ငြိမ်းချမ်းတဲ့စီးပွားရေးကို ရေရှည်တည်တံ့အောင် တည်ဆောက်ဖို့အတွက် အလွန်ရှုပ်ထွေးနောက်ကျိသွားစေတာပါဘဲ ” လို့ Horsey က ဆိုခဲ့တယ်။

    Hand-pickers walk as they search for jade through rubble dumped by mining companies at a jade mine in Hpakant township, Kachin State

    မြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့အမြတ်ထုတ်နေမှုကို ဖြတ်တောက်သောအားဖြင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား နဲ့ အခြားကျောက်မျက်ရတနာတင်သွင်းမှုကို ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် ဒီပိတ်ပင်ချက်က မထိရောက်ခဲ့ဘူး။ အိမ်နီးချင်းတရုတ်ပြည်အတွက် ၀ယ်လိုအားမြင့်မားသွားစေခဲ့တယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအစိုးရတက်လာတဲ့နောက်မှာတော့ စီးပွားရေးနဲ့နိုင်ငံရေးပိတ်ဆို့မှုအတော်များများကို အမေရိကန်က ရုပ်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့စောင့်ကြည့်ခြင်း ပြုလုပ်ခဲ့တယ်။ အဲ့ဒီထဲမှာ ကျောက်စိမ်းနဲ့ပတ္တမြား ပိတ်ပင်ချက်ကတော့ မပါဝင်ပါဘူး။ ဥပဒေမဲ့မြန်မာကျောက်စိမ်းထုတ်လုပ်မှုဟာ စစ်အုပ်ချုပ်ရေးကာလအတိုင်းသာ ရှိနေဆဲသာဖြစ်နေတယ်လို့ အိမ်ဖြူတော်က သြဂုတ်လ ၇ ရက်မှာ ပြန်လည်သုံးသပ်ခဲ့တယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖြိုလဲမှုသော်လည်းကောင်း အားပေးအားမြှောက်ပြုလုပ်နေတယ် ဆိုပြီး အမေရိကန်ကျောက်မျက်ဌာနက ပြောဆိုခဲ့တယ်။

    နိုင်ငံခြားကုမ္ပဏီတွေကို ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခွင့် မပြုထားဘူး။ သို့ပင်သို့ငြားလည်း သတ္ထုတူးဖော်ရေးဟာ နိုင်ငံတော်ကဏ္ဍလို့ပြောသည့်တိုင် ကချင်ပြည်နယ်ထဲက ကျောက်မျက်ကုန်သည်တွေနဲ့ အခြားလုပ်ငန်းရှင်တွေရဲ့အဆိုအရ ဖားကန့်မှာ ဗြောင်ကျကျလက်သိပ်ထိုးလုပ်ငန်း ၂၀ ထဲကအများစု သို့မဟုတ် အကြီးဆုံးလုပ်ငန်းစဉ်များကို ပိုင်ဆိုင်နေတာက တရုတ်ကုမ္ပဏီတွေ၊ သူတို့ရဲ့ လက်အောက်ခံတွေဖြစ်ကြောင်း သိရတယ်။ “ အာဏာပိုင်အစိုးရဆီ အကျိုးအမြတ်တစ်စိတ်တစ်ဒေသ ရောက်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အများစုကတော့ တရုတ်ပြည်မိသားစုတွေ၊ အာဏာရှင်ဟောင်းမိသားစုဝင်တွေရဲ့ အိတ်ထောင်ထဲ စီးဝင်နေတာပါ ” လို့ ဖားကန့်သတ္ထုတူးဖော်ရေး ထိပ်တန်းကချင်ကုမ္ပဏီကြီး Jadeland Myanmar ရဲ့ဥက္ကဌ Yup Zaw Hkawng က ပြောပြခဲ့ပါတယ်။

    အခြား အကျိုးခံစားနေရသူများကတော့ တစ်နိုင်ငံလုံးအကြောက်ရဆုံးစစ်တပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလက်တံရှည်ကြီး မြန်မာဦးပိုင်လိမီတက် (UMEHL)၊ Max Myanmar ဥက္ကဌ ဦးဇော်ဇော် ကဲ့သို့ စစ်အာဏာရှင်ဟောင်းတို့ရဲ့အကျိုးတူ ပူးပေါင်းသူ ခေါင်းပုံဖြတ်အမြတ်ကြီးစား မြန်မာများသာ ဖြစ်နေကြပါတယ်။

    တရုတ်နှောင်ကြိုး
    ——————
    တူးဖော်ရေးကုမ္မဏီကြီးများကို စစ်သားတွေက စောင့်ကြပ်ပေးထားကြတယ်။ သူတို့ဟာ အချိန်ပိုင်းကျောက်ရှာသမားတို့ကို ခြောက်လှန့်သောအားဖြင့် မကြာခဏ လေထဲ သေနတ်ဖောက်လေ့ရှိကြတယ်။ ကျောက်ကောက်သမားတစ်ဦးဖြစ်တဲ့ တင်ထွန်းက “ သူတို့ကို တွေ့တာနဲ့ ကျွန်တော်တို့ သေပြေးရှင်ပြေးပြေးကြတာပဲဗျ ” လို့ ပြောပြခဲ့တယ်။

    လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဦးပိုင်က ပြတ်ပြတ်သားသား ရေငုံနှုတ်ပိတ်နေနေပါတယ်။ “ ကျွန်တော်တို့ကို ဒုက္ခလာမပေးနဲ့တော့။ ခင်ဗျားတို့ ဒီနေရာကိုလာပြီး ကျွန်တော်တို့အထက်ပိုင်းနဲ့တွေ့ဖို့သာ တတ်နိုင်ကြမယ်။ ဒါက စစ်တပ်ကုမ္ပဏီဖြစ်လို့ တစ်ချို့ကိစ္စတွေကို လျှို့ဝှက်ထားရတယ် ” လို့ ရန်ကုန်မြို့ဦးပိုင်ရုံးချုပ်၊ လူ့အရင်းအမြစ်ဌာနမှူး ဗိုလ်ကြီးမြင့်ဦးက ပြောဆိုပါတယ်။

    တရုတ်ကုမ္ပဏီတွေက စစ်တပ်အကူအညီနဲ့ သဘာဝသယံဇာတကို ထင်တိုင်းကြဲစေနေတဲ့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံထဲ အသားကျနေတဲ့အပြင် နက်နက်ရှိုင်းရှိုင်းအငြင်းပွားဖွယ်ရာကိစ္စလည်း ဖြစ်လို့နေပါတယ်။

    ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ လက်ပံတောင်းကြေးနီသတ္တုတွင်းပြင်ပမှာ ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို ခံလိုက်ရတယ်။ စီမံကိန်းကို ကိုင်တွယ်ထားသူနှစ်ဦးကတော့ ဦးပိုင် (UMEHL) နဲ့ မြန်မာဝမ်ပေါင် (Myanmar Wanbao) ဖြစ်တယ်။ Myanmar Wanbao ဟာ တရုတ်နိုင်ငံမြောက်ပိုင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်းက လက်နက်ပစ္စည်းထုတ်လုပ်ရေးရဲ့ လက်ခွဲတစ်ခုပါ။ သူတို့ နှစ်ဦးဟာ မြန်မာအစိုးရအတွက် ၄ % ချန်ပြီး ကျန်တဲ့အကျိုးအမြတ်ကို ဆတူခွဲယူကြပါတယ်။ ပြည်သူလူထုရဲ့ အမျက်ကိုဖြေချဖို့ ဇူလိုင်လမှာ စာချုပ်အသစ်တစ်ခုကို ပြန်လည်ချုပ်ဆိုခဲ့ကြတယ်။ အမြတ်အစွန်းရဲ့
    ၅၁ % ကို အစိုးရအတွက် ၊ ၃၀ % ကို ဦးပိုင်အတွက်၊ ၁၉ % ကို ၀မ်ပေါင်အတွက်ဆိုပြီး သဘောတူညီလိုက်ကြတယ်။

    ကျောက်စိမ်းကုန်သွယ်ရေးအပေါ်တရုတ်ရဲ့လွှမ်းမိုးထားမှုဟာ မြန်မာ့သယံဇာတပြုန်းတီးခြင်းနဲ့ပတ်သက်ပြီး မကျေနပ်မှု ဆက်လက်ကျယ်ပြန့်နေဦးမှာဖြစ်တယ်။ ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားမှာ ဒေါ်လာ ၃.၆ သန်းတန် ဆည်တာတမံတစ်ခုက တရုတ်ဦးဆောင်အစီအစဉ်တစ်ရပ်နဲ့ တည်ဆောက်ခဲ့တယ်။ အဲ့ဒီကထုတ်လုပ်မဲ့ လျှပ်စစ်ဓာတ်အားအများစုကိုတော့ ယူနန်ပြည်နယ်ထဲ ပို့မှာဖြစ်တယ်။ ဒါပေမယ့် လူထုအော်သံ စီညံလာခဲ့တော့ ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က အဲ့ဒီစီမံကိန်းကို ရပ်ဆိုင်းထားစေခဲ့တယ်။

    ဇွန်လက နေပြည်တော်မှာ နှစ်ပတ်တာကျင်းပတဲ့ ကျောက်မျက်ရတနာရောင်းချပွဲမှာ ကျောက်စိမ်းနဲ့ကျောက်မျက်တွေကို ဒေါ်လာ ၂.၆ သန်းအထိ စံချိန်တင်ရောင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် တရားဝင်ရောင်းချမှုရဲ့ ၂၀ % ရာခိုင်နှုန်းသာ အမြတ်ခွန်စာရင်းထဲရောက်လာတယ်။ ပြပွဲပြင်ပက တရားမ၀င်ရောင်းချမှုကိုပါ ထည့်သွင်းမယ်ဆိုယင် မြန်မာ့ကျောက်စိမ်းအားလုံးရဲ့ ၇ % သာ အမြတ်ခွန်အကျိုးသက်ရောက်နေကြောင်း Harvard ရဲ့တွက်ချက်မှုက ဆိုနေပါတယ်။

    အခြားတစ်ဖက်မှာတော့ သတ္ထုတူးဖော်ရေးကုမ္ပဏီတွေအတွက် ၀င်ငွေစီးကြောင်း အလွန်အင်မတန် မြင့်မားနေလျက်ရှိတယ်။ တရားဝင်ရောင်းချမှုစာရင်းဇယားဖြစ်တဲ့ တစ်တန်ကို ဒေါ်လာ ၁၂၆,၀၀၀ နဲ့နှိုင်းစာယင် သူတို့ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ဟာ တစ်တန်ကို ဒေါ်လာ ၄၀၀ မျှသာ ရှိတယ်လို့ အစီရင်ခံချက်က ဆိုပါတယ်။

    “ ကချင်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ သဘာဝသယံဇာတအကျိုးအမြတ်ကို ဒေသခံလူထုတွေနဲ့အတူ သာတူညီမျှရယူခံစားမှု မရှိသေးသရွေ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး ” ဆိုပြီး သုတေသီ Horsey က ပြောဆိုလိုက်ပါတယ်။

    စိတ်ကြိုက်ဘက်လိုက်အမိန့်များ
    ————————————
    ဖားကန့်မှာရှိတဲ့ စိတ်ကြိုက်အမိန့်တွေကို တရုတ်ပြည်ကုန်သည်များက ငွေကြေးနဲ့ဖုံးလွှမ်းထားပါတယ်။ သူတို့ဟာ ဖားကန့်လက်ဖက်ရည်ဆိုင်များမှာ ကျောက်ဝိုင်းစားပွဲခင်းပြီး ကျောက်စိမ်းများကို ၀ယ်ယူနေကြတယ်။ ကျောက်ဝိုင်းများကို ဒိုင်ခံလှုပ်ရှားနေသူများကတော့ လောက်ပန်း(သူဋ္ဌေး)တွေဖြစ်ပြီး အများအားဖြင့် တရုတ်လူမျိုးများဖြစ်ကြတယ်။ သူတို့က တင်ထွန်းလို ကျောက်ကောက်သမားတွေ ရံဖန်ရံခါ တွင်းသားတွေဆီကနေ ၀ယ်ယူလေ့ရှိတယ်။

    ကျောက်ကောက်သမားတွေဟာ အကြွင်းအကျန်လေးသာ ရကြတာပါ။ တူးဖော်ရေးကုမ္ပဏီတွေ စွန့်ပစ်တဲ့ တောင်ပုံရာပုံ ဖြုန်းမြေတွေအကြား ဖြတ်သန်းကျင်လည် ရှာဖွေကြတယ်။ အထူးသဖြင့် မိုးတွင်းကာလရေတိုက်စားမှုကြောင့် မြေပြိုချိန်မှာ သူတို့တစ်တွေအဖို့ အလွန်အန္တရာယ်ကြီးမားပါတယ်။ “ အဲ့ဒါမျိုးကြုံယင် တစ်ကြိမ်မှာ လူ ၁၀ သို့မဟုတ် ၂၀ အထိ ပါဝင်သွားတတ်ကြတယ်။ သူတို့အလောင်းကို ပြန်မတူးနိုင်တဲ့အခါမျိုးလည်းရှိပါတယ်။ ဘာဆက်လုပ်ရမှန်းလည်း ကျွန်တော်တို့ မသိကြပါဘူး ” လို့ ဗန်းမော်ကလာပြီးကျောက်ကောက်နေတဲ့ အသက် ၃၀ အရွယ် ထူးအောင်က ပြောပြတယ်။

    ၂၀၀၂ ခုနှစ် တူးဖော်ရေးဒေသ ရေလွှမ်းမိုးစဉ်က အနည်းဆုံး လူတစ်ထောင်လောက် သေဆုံးရတယ်။ “ လူတွေ သေရတာက ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ကုမ္ပဏီတွေက သိသိကြီးနဲ့ ကာကွယ်ဖို့၊ လုပ်ငန်းကိုဆိုင်းငံ့ဖို့ ပျက်ကွက်နေကြပါတယ် ” လို့ Jadeland Myanmar ဥက္ကဌ  Yup Zaw Hkawng က ရိုက်တာကို ပြောပြခဲ့တယ်။

    ဖားကန့်လူဦးရေတိုးပွားလာတာနဲ့အမျှ ဘိန်းထုတ်လုပ်မှုလည်း မြင့်မားကြီးထွားလာတယ်။ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးယင် ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်တဲ့ တိုင်းပြည် ဖြစ်တယ်။ ကချင်ပြည်နယ်မှာ ဘိန်းဖြူတွေက အလွန်ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူရရှိနိုင်တဲ့အခါ ဖားကန့်လုပ်သားထုထဲ အလွန် အလုပ်ဖြစ်နေပါတယ်။

    ကျောက်ကောက်သမား/တွင်းသားထက်ဝက်လောက်က ဘိန်းဖြူစွဲနေသူတွေပါ။ ကျန်သူများက ဘိန်းစိမ်း သို့မဟုတ် အရက်သေစာကို မှီဝဲကြတယ်။ အဲ့ဒါတွေ ကင်းလွတ်တဲ့လူဆိုလို့ မရှိသလောက် ရှားပါတယ် လို့ ဒေသခံ NLD ခေါင်းဆောင်တဖြစ်လဲ ကျောက်စိမ်းကုန်သည်ဖြစ်တဲ့ အသက် ၅၃ နှစ် အရွယ် ဦးတင်စိုးက ပြောပြပါတယ်။

    ဖားကန့်မှာ မူးယစ်ဆေးသုံးသူစာရင်း တရားဝင်ရယူဖို့ မလွယ်လှပါဘူး။ ဆေးစွဲသူအများစုနဲ့အလုပ်အတူတူလုပ်နေရတဲ့ ပြည်ပကူညီရေးလုပ်သားအနည်းငယ်ကလည်း တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆိုကြတယ်။ မြန်မာအစိုးရနဲ့ဆက်ဆံရေးမှာ စိတ်ကွက်ငြိုငြင်ခံရမှာစိုးလို့ပါဘဲ။ ဒါပေမယ့် မူးယစ်ဆေးထိုးသွင်းသူများရဲ့ ၄၀ % ခန့်ဟာ HIV ရောဂါပိုးရှိနေသူတွေဖြစ်တယ်။ ဒါက ပျမ်းမျှနှုန်းရဲ့ ၂ ဆ ဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းများထံမှ သိခွင့်ရခဲ့ပါတယ်။

    ၁၉၉၂ ခုနှစ်က ဖားကန့်ကိုရောက်လာတဲ့ စိုးမိုး(၃၉ နှစ်)ဟာ ၃ နှစ်နေပြီးတော့ ဘိန်းဖြူသောက်သုံးလာတယ်။ အဲ့ဒီနောက် ဆေးထိုးသွင်းတဲ့အဆင့်ကို ရောက်ခဲ့တယ်။ သူ့ရှာဖွေမှုက သူ့ရဲ့ဆေးသုံးစွဲမှုအတွက် ဖြစ်နေပါပြီ။

    “ ကျွန်တော် ဆေးသုံးထားယင် ပိုပြီး တက်ကြွပျော်ရွှင်လာတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ ကြိမ်ဖန်များစွာ သွားရောက်ဝယ်ယူသုံးစွဲတဲ့နေရာမှာ လူရာနဲ့ချီပြီးရှိကြတယ်။ ပွဲလမ်းသဘင်အလား ရှုပ်ထွေးစည်ကားလှပါတယ်။ အဖမ်းခံရမှာကို မကြောက်ရွံ့ပါဘူး။ ရောင်းချသူတွေက ရဲတွေကို ငွေပေးလွှတ်လိုက်စမြဲပဲလေ ” ဆိုပြီး သူက ရှင်းပြတယ်။

    ရွေ့လျားနေတဲ့ တောင်တန်းများ
    ————————————
    လွန်ခဲ့တဲ့ နှစ် ၂၀ က ဖားကန့်ဟာ KIA ရဲ့ ချုပ်ထိန်းမှုအောက်မှာရှိခဲ့တယ်။ ကျောက်ကောက်သမားတွေအနေနဲ့ အနည်းအကျဉ်းမျှသာ ဆက်ကြေးပေးခဲ့ရတယ်။ သံပေါက်ချွန်းကိုင် လူ ၄ ဦးစီလောက်သာ မြေကွက်ငယ်လေးမှာနေပြီး ကျောက်ရှာထွက်တာရှိတယ်။ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲမှုနောက်ပိုင်းမှာ ဖားကန့်နယ်အများစုက အစိုးရထိန်းချုပ်မှုအောက်ရောက်ခဲ့တယ်။ မြေကော်စက်၊ မြေတူးစက်၊ ထရပ်ကားရာပေါင်းများစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် နေ့ရောညပါ တူးဖော်မှုတွေ လုပ်လာတယ်။ အခုဆိုယင် တောင်တစ်လုံးတစ်လုံးကို သုံးလလောက်သာ မြင်တွေ့ခွင့် ရနိုင်တော့တယ် ” လို့ မြစ်ကြီးနားက Myanmar Gems and Jewellery Entrepreneurs Association (MGJEA) အဖွဲ့သား Yitnang Ze Lum ကပြောပြတယ်။

    ကချင်စီးပွားရေးသမားများစွာတို့ဟာ အရင်းအနှီး၊ နည်းပညာ မလိုက်နိုင်တော့တဲ့အတွက် အဲ့ဒီ လုပ်ငန်းခွင်ကနေ ခွာတော်မူခဲ့ကြရတယ်။ မြန်မာနိုင်ငံအနှံ့က ကချင်လူမျိုးမဟုတ်တဲ့လုပ်သားများဟာ အလုပ်အကိုင်ရရှိဖို့ နဲ့ ကြွယ်ဝ ချမ်းသာဖို့မျှော်လင့်ချက်တွေနဲ့ ပုံအောရောက်ရှိလာခဲ့ကြတယ်။

    ပဋိပက္ခမီးတောက် ပြန်လည်စတင်တော့ ၂၀၁၂ နှစ်လယ်လောက်မှာ တူးဖော်ရေးတွေ ပိတ်လိုက်တယ်။ KIA တွေ ရှိမယ်ထင်တဲ့နေရာတွေကို မြန်မာစစ်တပ်က ဗုံးကြဲခဲ့ကြတယ်။ ဖားကန့်လမ်းတစ်လျှောက်မှာလည်း KIA ဖက်က လက်စားချေ ခြုံခိုတိုက်ခိုက်မှုတွေ ပြုလုပ်ကြတယ်။ ယမန်နှစ် ကျောက်စိမ်းထုတ်လုပ်မှု ကီလိုဂရမ် ၄၃.၁ သန်းကနေ ၂၀၁၂/၁၃ ဘဏ္ဍာရေးနှစ်မှာ ကီလိုဂရမ် ၁၉.၀၈ သန်းအထိ ကျဆင်းသွားခဲ့တယ်။ ဒါပေမယ့် မေလအတွင်း အစိုးရက ကချင်တော်လှန်ရေးသမားတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ အားထုတ်လာတဲ့အခါ ဖားကန့်တူးဖော်ရေးလုပ်ငန်းတွေကို မိုးရာသီအကုန် အောက်တိုဘာလမှာ ပြန်လည်ဖွင့်လှစ်နိုင်ကောင်းတယ်လို့ ကုန်သည်အချို့က ခန့်မှန်းထားကြတယ်။

    အခြေအနေအနေအထား မတည်ငြိမ်သေးပေမယ့်လည်း ဆီအပြည့်ဖြည့်ထားတဲ့ယာဉ်များနဲ့ ပိတ်ကြပ်လျက်ရှိပြီး ကျောက်စိမ်းများကလည်း ထွက်နေတုန်းဖြစ်တယ်။ အခုလို တူးဖော်ပုံနှုန်းအတိုင်းဆိုယင် နောက်ဆယ်နှစ်အတွင်း ကျောက်စိမ်းတွေ ကုန်ခမ်းသွားတော့မယ်လို့ Yitnang Ze Lum က ဆိုပါတယ်။

    မြစ်ကြီးနားမှာရှိတဲ့ အမည်မဖော်လိုသူ ထိပ်တန်းကျောက်မျက်ကုန်သည်ကြီးတစ်ဦးက ရိုက်တာကို ဒီလို စကားပါးလိုက်ပါတယ်။

    “ မိမိပြည်နယ်ထဲက သယံဇာတတွေ ထုတ်ယူခံနေရခြင်းအပေါ် ကချင်လူမျိုးတိုင်းက ထိခိုက်နာကျင်စွာ ခံစားနေရတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ သူတို့တားဆီးနိုင်စွမ်း မရှိတော့ဘူးဗျ ”။

    ( မြစ်ကြီးနားမှ Andrew R.C. Marshall ၏ သတင်းပေးပို့ချက်၊ ဖားကန့်မှ မင်းဇေယျာဦး၏ သတင်းပေးပို့ချက်၊ ဘေဂျင်းမှ Ben Blanchard ၏ သတင်းပေးပို့ချက်များအား အခြေခံလျက် ရိုက်တာအထူးအစီရင်ခံသတင်းအဖြစ် ရေးသားသော Myanmar old guard clings to $8 billion jade empire သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုသည် )

    Photo-Credit: REUTERS/Minzayar