News @ M-Media

Tag: Kachin State

  • လူ့အခွင့်အရေး မတိုးတက်မချင်း မြန်မာကို ဆက်လက်စောင့်ကြည့်မည်ဟု ယန်ဟီးလီပြော

    လူ့အခွင့်အရေး မတိုးတက်မချင်း မြန်မာကို ဆက်လက်စောင့်ကြည့်မည်ဟု ယန်ဟီးလီပြော

    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နေ့ချင်းညချင်း ဖြစ်လာဖို့ ဘယ်သူကမှ မျှော်လင့်မထားပေမယ့် လူ့အခွင့်အရေးမှာတော့ အမှန်တကယ် တိုးတက်မှုတွေ ရှိရမယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက မနေ့က OHCHR ကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    “အရင်အစိုးရက ချမှတ်ခဲ့တဲ့ နည်းလမ်းတွေကို ဆက်လက်အသုံးပြုနေတာကို မြင်ရတဲ့အတွက် စိတ်ပျက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ နေ့ချင်းညချင်း ဖြစ်လာမယ်လို့ မမျှော်လင့်ဖို့ ကျွန်မတို့ကိုပြောတယ်ရှင့်။ အဲဒီလိုပဲ ကုလရဲ့ အနီးကပ်စောင့်ကြည့်မှု၊ အထူးလေ့လာရေး လုပ်ငန်းတွေကို နေ့ချင်းညချင်း ရပ်ပစ်လိုက်မယ်ဆိုပြီး မြန်မာနိုင်ငံက မျှော်လင့်မထားဖို့ လိုပါတယ်။ လူ့အခွင့်အရေးမှာ စစ်မှန်တဲ့ တိုးတက်မှုတွေကို မမြင်ရမချင်း ဒီလိုစောင့်ကြည့်မှုတွေက ဆက်ရှိသွားမှာပါ” လို့ ယန်းဟီလီက တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာအာဏာပိုင်တွေဟာ တိုင်းပြည်ရဲ့ ‘လုံခြုံရေးအခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုကို ဘေးချိတ်ထားတယ်’ လို့လည်း သူမက ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ယန်းဟီးလီဟာ မြန်မာနိုင်ငံကို မကြာသေးခင်ကပဲ ၁၂ ရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့ပါတယ်။ သူမဟာ အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့အခြေအနေနဲ့ပတ်သက်လို့ သူမအနေနဲ့ စိုးရိမ်မိပြီး အစိုးရဲ့ လုံခြုံရေးဆောင်ရွက်မှုဟာ ရခိုင်တွေအတွက်သာကမဘဲ မွတ်စလင်လူ့အဖွဲ့အစည်းတွေအတွက်လည်း ဆောင်ရွက်ပေးရမယ်လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး အရပ်သားတွေဟာ လိုအပ်တဲ့ အထောက်အပံ့တွေကို မရဘူးလို သတင်းတွေထွက်နေတဲ့ ရှမ်းပြည်နယ်က အခြေအနေတွေအတွက် တုန်လှုပ်ရတယ်လို့လည်း သူမက ဆိုပါတယ်။

    “လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ လူသားတံတိုင်းအဖြစ် အသုံးချမှုတွေတောင် ရှိတယ်ဆိုတဲ့ သတင်းတွေကြားရပြီး ဒီကိစ္စတွေကို သတင်းပို့ရင် နောက်ထပ် ညှင်းပမ်းမှုတွေ ထပ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိကြောင်းလည်း ကျွန်မ သိရပါတယ်”

    သူမရဲ့ ခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေက ဟန့်တားတဲ့လုပ်ရပ်အတွက် ယန်ဟီးလီက ဝေဖန်ခဲ့ပြီး အထူးစီးပွားရေးဇုန် ဆောက်မယ့်ကိစ္စအတွက် လယ်သမားတွေဆီက လယ်မြေတွေ မတရားသိမ်တဲ့ကိစ္စကိုလည်း ထောက်ပြခဲ့ပါတယ်။

    အခုခရီးစဉ်မှာ သူမရဲ့တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ကုလအထွေထွေညီလာခံမှာ ယန်းဟီးလီက အစီရင်ခံစာတင်သွင်းဖို့ ရှိနေပါတယ်။

    Ref: UN.org

  • ဘ၀အခြေကျရေး အလှမ်းဝေးနေသေးသည့် မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ ဒုက္ခသည်များ

    ဘ၀အခြေကျရေး အလှမ်းဝေးနေသေးသည့် မြန်မာပြည်မြောက်ပိုင်းမှ အမေ့ခံ ဒုက္ခသည်များ

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    အသက် ၇၃ နှစ်အတွက် လာဘန်လူတစ်ယောက် စစ်သားတွေက သူ့အိမ် မီးဖိုဆောင်ကို ပစ်တဲ့အချိန်ကျမှ အိမ်က ထွက်ပြေးလာသူပါ။ မိတ်ဆွေတွေအားလုံးဟာ အရင်ကတည်းက ထွက်သွားခဲ့ကြသလို၊ မိသားစုကလည်း သူ့ကို ထားသွားကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားတာ ကြာပါပြီ။

    – အပြင်ကမ္ဘာက တော်တော်များများ မသိကြတဲ့ မြန်မာနိုင်ငံက တစ်မြေ့မြေ့လောင်ကျွမ်းနေတဲ့ ကာလရှည်ပဋိပက္ခတွေကြောင့် ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်သူ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    လက်ရှိ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း ပြည်သူတွေက ဆက်လက် ထွက်ပြေးနေရပြီး အသက်ရှင်ရပ်တည်မှုကို ထိခိုက်တာ၊ ရွာလုံးကျွတ် ပျက်ဆီးဆုံးရှုံးတာတွေလည်း ဖြစ်နေပါတယ်။

    ၂၀၁၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ခုဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ‘ကမ္ဘာပေါ်က အရှည်ကြာဆုံး ပြည်တွင်းစစ်’ လို့ တစ်ချို့တွေက ခေါ်တဲ့ တိုက်ပွဲတွေကို ရပ်တန့်ရေး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီသဘောတူညီချက်မှာ မပါဝင်ပါဘူး။

    ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ကရင်ပြည်နယ်အတွင်း ပဋိပက္ခတစ်သစ်တစ်ခု ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ပါတယ်။

    ကိုယ့်အိုးကိုယ့်ကို သံယောဇဉ်ရှိတာပေါ့

    အသက် ၇၃ နှစ်အတွက် လာဘန်လူတစ်ယောက် စစ်သားတွေက သူ့အိမ် မီးဖိုဆောင်ကို ပစ်တဲ့အချိန်ကျမှ အိမ်က ထွက်ပြေးလာသူပါ။ မိတ်ဆွေတွေအားလုံးဟာ အရင်ကတည်းက ထွက်သွားခဲ့ကြသလို၊ မိသားစုကလည်း သူ့ကို ထားသွားကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားတာ ကြာပါပြီ။

    လက်ရှိမှာ လာဘန်လူဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ ဒုက္ခသည်စခန်းတွေထဲက တစ်ခုမှာ နေထိုင်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရတပ်တို့အကြား ၁၉ နှစ်တာရရှိခဲ့တဲ့ အပစ်ရပ်ရေးဟာ ၂၀၁၁ ခုနှစ်မှာ ပျက်ဆီးသွားခဲ့ပြီး ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လာဘန်လူဟာ သူ့ကလေးတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့၊ လွန်ခဲ့တဲ့ ၁၆ နှစ် သူ့ခင်ပွန်းကို မြှုပ်ခဲ့တဲ့ သူသံယောဇဉ်အရှိဆုံးရွာကို စွန့်ခွာခဲ့ရပါတယ်။

    “ထွက်ပြေးရတော့မယ်ဆိုတာ အဖွားသိပါတယ်။ အဖွားပြင်ဆင်ထားတဲ့ အိတ်ကလေးတောင် ယူသွားချိန် မရလိုက်ပါဘူး”

    သူမဟာ ပိုင်ဆိုင်သမျှ အားလုံးကို ထားပြီး တစ်ယောက်တည်း ပြေးခဲ့ရတာပါ။

    “ဗန်းမော်မှာ မသေချင်ဘူး။ အိမ်ကိုပဲ မြန်မြန်ပြန်ချင်တယ်။ ခင်ပွန်းရဲ့ဘေးမှာပဲ ခေါင်းချချင်ပါတယ်” လို့ လာဘန်လူက ပြောကြားခဲ့ပါတယ်။

    အေးအေးလူလူမနေရ

    ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါ်အေးရွှေဟာ ခင်ပွန်း၊ ကလေးလေးယောက်တို့နဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မှာ အသက် ၃၄ နှစ်အရွယ် ဒေါ်အေးရွှေဟာ ကလေးတွေနဲ့ မုဆိုးမဖြစ်ပြီး ဗန်းမော်မြို့က ရောဘတ်ဒုက္ခသည်စခန်းမှာ နေထိုင်နေရပါတယ်။

    ရှမ်းပြည်နယ်က တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့သူ သူမဟာ တရုတ်နွယ်ဖွားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်မှာ သူမဟာ ခင်ပွန်း၊ ကလေးတွေနဲ့အတူ သူမရဲ့ဇာတိရွာက ထွက်ပြေးလာခဲ့ရပါတယ်။

    သူတို့မိသားစုဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြောက်ပိုင်း ကချင်ပြည်နယ်က မိုင်းခေါင်မြို့ကို ထွက်လာခဲ့ကြတာပါ။ အဲဒီမြို့မှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီ လယ်ငှားကာ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။

    ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါ်အေးရွှေဟာ ခင်ပွန်း၊ ကလေးလေးယောက်တို့နဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရပါတယ်။

    “တောထဲမှာ မလုံခြုံဘူးလို့ ခံစားရပါတယ်။ စားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်ပါဘူး။ သေတော့မှာပဲဆိုပြီး ကြောက်ရွံ့ခဲ့ရပါတယ်” လို့ သူမက ပြန်ပြာင်းပြောကြားခဲ့ပါတယ်။ အိမ်မှာ ပြန်လာနေလိုက်၊ တောထဲထွက်ပြေးလိုက်နဲ့ သူတို့ဟာ လတော်တော်များများ ဒီလိုပဲ နေခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာတော့ ရောဘတ် ဒုက္ခသည်စခန်းကို ရောက်လာပါတယ်။

    “ကလေးတွေအတွက် ကျွန်မ အရမ်းစိုးရိမ်ပါတယ်။ ကျွန်မရဲ့ အကြီးမားဆုံး အိပ်မက်က ကလေးတွေ ပညာသင်နိုင်ဖို့ပါ။ မြန်မာနိုင်ငံကို အနာဂတ်မှာ ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    တစ်ရွာလုံးထွက်ပြေးရ

    ငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နှစ်ပေါင်း ၂၀ ကြာမြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီ ကရင်အမျိုးသမီးလေးဟာ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။

    ငြိမ်းရဲ့ နုနုနယ်နယ် မျက်နှာလေးဟာ သူဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေကို မထင်ဟပ်ပါဘူး။ အိမ်ကနေ ပထမဆုံး ထွက်ပြေးခဲ့ရတဲ့အချိန်ကို သူမက မှတ်မိနေပါတယ်။

    “တိုက်ပွဲတွေနီးလာတဲ့အချိန်တိုင်း တစ်ရွာလုံးက တောထဲကို ထွက်ပြေးရပါတယ်”

    အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် သူဟာ ခဏခဏ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိုက်ခိုက်မှုအရှိန် အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ တစ်ရွာလုံးက မိသားစု ၆၀ လောက်ဟာ တောထဲမှာ ၃ လလောက် ပုန်းနေရပါတယ်။

    ၂၀၀၅ ခုနှစ်မှာတော့ ငြိမ်းဟာ ရွာကထွက်ပြီး ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နွေရာသီမှာတော့ သူမဟာ ဇာတိရွာကို ပြန်ရောက်လာခဲ့ပါတယ်။

    “အစိုးရသစ်က ကရင်အမျိုးသားအစည်းအရုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် ပြန်လာရင် အန္တရာယ်ကင်းမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးရချင်တယ်။ လွတ်လပ်စွာ သွားလာချင်တယ်။ ပြည်သူတွေကြားထဲမှာ နှစ်ပေါင်းများစွာရှိလာတဲ့ မယုံသင်္ကာမှုတွေ ပပျောက်စေချင်နေပါပြီ”

    အိုးအိမ်စွန့်ရမယ်လို့ မထင်

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းမောင်ဟာ ငယ်ငယ်တုန်းက လယ်ယာလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ သူဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက် ဖြစ်လို့နေပါတယ်။

    အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းမောင်ဟာ ငယ်ငယ်တုန်းက လယ်ယာလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ သူဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက် ဖြစ်လို့နေပါတယ်။

    ၂၀၁၁ ခုနှစ်မှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

    “အနာဂတ်အတွက် မျှော်လင့်ချက် များများစားစား မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရွာကို ကျွန်တော် ပြန်ချင်တယ်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်။ ဒါမှ အလုပ်မလုပ်နိုင်တဲ့အချိန် သုံးနိုင်စွဲနိုင်ဖို့ ပိုက်ဆံစုနိုင်မှာပါ”

    ကျောင်းတက်ချင်တယ်

    အသက် ၈ နှစ်အရွယ် အောင်လတ်နဲ့ သူရဲ့ညီ ၃ နှစ်အရွယ် နော်အောင်တို့ဟာ ကချင်ပြည်နယ်က မန်စီဒုက္ခသည်စခန်းမှာ မိခင်၊ အမတို့နဲ့ နေထိုင်နေရသူပါ။

    အသက် ၈ နှစ်အရွယ် အောင်လတ်နဲ့ သူရဲ့ညီ ၃ နှစ်အရွယ် နော်အောင်တို့ဟာ ကချင်ပြည်နယ်က မန်စီဒုက္ခသည်စခန်းမှာ မိခင်၊ အမတို့နဲ့ နေထိုင်နေရသူပါ။

    မိခင်ဖြစ်သူ အသက် ၃၀ အရွယ် လာရှီရွိုင်ဂျာက သူမဟာ လယ်ယတစ်ခုမှာ အလုပ်လုပ်ပြီး ကလေးတွေနဲ့ နေထိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ ကချင်စစ်တပ်က စစ်သားတစ်ယောက်ပါ။

    “၅ နှစ်လောက် အဲဒီစစ်တပ်မှာ သူ ပါခဲ့တယ်။ တစ်ခါရှေ့တန်းထွက်ရင် ၃ လကနေ ၆ လအထိ ကြပါတယ်”

    ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာတော့ သူတို့ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “မြစ်ရိုးတစ်လျှောက် သေနတ်ပစ်သံတွေကြားရတုန်းက ကျွန်မ လယ်ထဲမှာ ကောက်ရိတ်နေတဲ့အချိန်ပါ။ အ၀တ်အစားတစ်ချို့နဲ့ အစားအသောက်အနည်းငယ်ကို ထုပ်ပိုးပြီး တောင်ပေါ်ကို ထွက်ပြေးခဲ့ရပါတယ်။ တစ်ရွာလုံးလည်း အဲဒီအချိန်မှာ ပြေးရတာပါပဲ”

    သူတို့ဟာ တောင်တွေပေါ်မှာ ၃ နှစ်လောက် နေခဲ့ရပြီးနောက်ပိုင်း မန်စီစခန်းကို ရောက်လာတာပါ။ ၂ နှစ်အရင်က လာရှီရွိုင်ဂျာဟာ သူမရဲ့ ခင်ပွန်း တိုက်ပွဲမှာ ကျသွားတယ်ဆိုတဲ့ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတယ်။

    “သူ့ကို ကျွန်မ သတိရတယ်။ ဒါပေမယ့် ဘာမှမလုပ်နိုင်ပါဘူး။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် သူ့ကို သိပ်သတိရတာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူက ကျွန်မကို အမြဲတမ်း အားပေးတယ်လေ”

    ဘယ်တော့ အိမ်ပြန်ရောက်မလဲဆိုတာကိုတော့ လာရှီတစ်ယောက် မသိပါဘူး။

    “ငြိမ်းချမ်းပြီး၊ သေနတ်သံတွေ ထပ်မကြားရတော့တဲ့ အချိန်မှာ ကျွန်မ အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနမှ The faces of Myanmar’s internally displaced ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လူ့အခွင့်အရေးကိစ္စငြင်းလျှင် သိက္ခာမဲ့နိုင်ငံစာရင်းတွင် ပါဝင်မည်ဟု မြန်မာကို Human Rights Watch သတိပေး

    လူ့အခွင့်အရေးကိစ္စငြင်းလျှင် သိက္ခာမဲ့နိုင်ငံစာရင်းတွင် ပါဝင်မည်ဟု မြန်မာကို Human Rights Watch သတိပေး

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    ယန်ဟီးလီကို ရခိုင်ဒေသခံများ ဆန္ဒပြနေကြစဉ်

    – ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းမယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ငြင်းပယ်လိုက်တာဟာ နိုင်ငံအတွင်း အခွင့်အရေးချိုးဖောက်ခံရသူတွေကို ‘ပါးရိုက်လိုက်တာ’ ဖြစ်ပြီး၊ သိက္ခာမဲ့တဲ့ တိုင်းပြည်တွေစာရင်းမှာ ပါဝင်သွားနိုင်တယ်လို့ နိုင်ငံတကာ ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန်မှာ ဒီလိုရှုတ်ချမှု ထွက်ပေါ်လာတာပါ။ ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ လက်ရှိ ရခိုင်ပြယ်ကို သွားရောက်နေတဲ့ ယန်းဟီးလီဟာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒပြမှုနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

    အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပါအ၀င်၊ မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် အချက်အလက်ရှာဖွေရေးဆောင်ရွက်ဖို့ ကုလလူ့အခွင့်အရေးကောင်စီက အဖွဲ့တစ်ခုလွှတ်ဖို့ စီစဉ်ခဲ့တာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိတို့အစိုးရအနေနဲ့ ဒီအဖွဲ့ကို လက်ခံမှာမဟုတ်ဘဲ ဒီလိုဆောင်ရွက်မှုမျိုးက ရခိုင်ပြည်နယ်မှာ သဘောထားတင်းမာမှုတွေကို ပိုမိုဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်ဝင်ခွင့်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ Human Rights Watch ရဲ့ ဒါရိုက်တာ ဂျွန်ဖစ်ရှာက မြန်မာအစိုးရအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် နိုင်ငံတကာရဲ့ ပြစ်တင်ပြောဆိုမှုကို ခံရမှာဖြစ်ကြောင်း၊ ကုလအဖွဲ့ကို ဒီလို ပြည်ဝင်ခွင့် ပိတ်ပင်တာဟာ “အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု ခံနေရသူတွေရဲ့ ပါးကို ရိုက်လိုက်တာမျိုးသာ ဖြစ်ကြောင်း” မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ငြင်းပယ်ခဲ့တဲ့ လက်တစ်ဆုပ်စာ သိက္ခာမဲ့တိုင်းပြည်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တကယ်ပါချင်နေတာလား။ မြောက်ကိုရီးယား၊ အီရစ်ထရီယာ၊ ဆီးရီးယားနဲ့ ဘူရန်ဒီတို့ဟာ လူ့အခွင့်အရေးကို အလေးမထားတဲ့နိုင်ငံတွေဖြစ်ပြီး၊ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေအတွက် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပိတ်ပင်ခဲ့တဲ့နိုင်ငံတွေပါ။ မြန်မာနိုင်ငံက ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ NLD အစိုးရအတွက် ကဲ့ရဲ့စရာ ဖြစ်လာပါလိမ့်မယ်” လို့ ဖစ်ရှာက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ချက်ခြင်း ဗီဇာထုတ်ပေးဖို့၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    ကုလရဲ့ အဲဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက ၀င်ရောက်ခွင်ပြုဖို့ အမေရိကန်သံအမတ် နစ်ကီဟာလေးက တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို လစ်လျူရှုထားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: RFA

  • မြန်မာပြည်သူတွေကို စည်းလုံးစေချင်ပြီး မြန်မာနိုင်ငံမှာပဲ ခေါင်းချဖို့ရှိနေတဲ့ အောင်လအန်ဆန်း

    မြန်မာပြည်သူတွေကို စည်းလုံးစေချင်ပြီး မြန်မာနိုင်ငံမှာပဲ ခေါင်းချဖို့ရှိနေတဲ့ အောင်လအန်ဆန်း

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – ဘက်စုံကိုယ်ခံပညာသုံး အားကစား MMA ပထမဆုံး မြန်မာချန်ပီယံတစ်ယောက်ဖြစ်ခဲ့ပြီး အချိန်တစ်ပတ်လောက် ကြာသွားပေမယ့် အောင်လအန်ဆန်းတစ်ယောက် နှလုံးပီတိ ဂွမ်းဆီထိနေဆဲပါ။

    ဇွန်လ ၃ ရက်နေ့ ရန်ကုန်က ကြက်သီးထစရာ ဌာနေပရိတ်ရှေ့မှာ အသက် ၂၃ နှစ်အရွယ် အောင်လအန်ဆန်းဟာ ရှုံးပွဲမရှိတဲ့ သူ့ရဲ့ပြိုင်ကို အံ့သြဖွယ် အနိုင်ယူခဲ့ပြီး အာရှရဲ့ အကြီးဆုံး MMA ပြိုင်ပွဲဖြစ်တဲ့ ONE Championship မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံခါးပတ်ကို ရရှိခဲ့ပါတယ်။

    ဒီသမိုင်းဝင် စွမ်းဆောင်မှုဟာ နိုင်ငံရဲ့ အအောင်မြင်ဆုံး အားကစားသမားဆိုတဲ့ အဆင့်ကို ရရှိခဲ့ပြီး သူ့ရဲ့ နိုင်ငံရေးသဘောထားတွေအပေါ် လူထုရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်လာခဲ့ပါတယ်။

    အန်ဆန်းဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ၂၀၁၁ ခုနှစ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားပြီး လူထောင်နဲ့ချီသေဆုံးကာ ၁ သိန်းခွဲလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်နယ် ဇာတိဖြစ်ပါတယ်။

    “ဒီကိစ္စတွေအတွက် ကျွန်တော် ၀မ်းနည်းမိပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း စစ်ပွဲကို ဆန့်ကျင်သူဖြစ်ပြီး ကြားနေမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံရေးပါတီတစ်ခုကို ဝေဖန်သွားမှာမဟုတ်ဘဲ ဒီလိုလုပ်ရင် နိုင်ငံရေးရပ်တည်ချက်ကို ဖော်ပြလိုက်သလို ဖြစ်သွားမှာပါ။ ကျွန်တော် နိုင်ငံရေးသမားတစ်ယောက် မဖြစ်ချင်ပါဘူး။ နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ အားကစားသမား တစ်ယောက်ပါ”

    “တစ်ချိန်တည်းမှာပဲ ပြည်သူတွေနဲ့ နိုင်ငံကို စည်းလုံးအောင်လုပ်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ကျွန်တော့် အလုပ်တာဝန်မှာ ဒါမပါပါဘူး။ ဒါပေမယ့် မြန်မာပြည်သူတွေအပေါ် ကျွန်တော့်ရဲ့ လွှမ်းမိုးမှုကို ကျွန်တော်နားလည်တယ်။ ကျွန်တော် ပိုပြီး ကြိုးစားလာအောင် ဒီအရာက ကျွန်တော့်ကို လှုံ့ဆော်ပေးပါတယ်” လို့ သူက CNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စိတ်နှစ်မြှုပ်ကစားခြင်း

    ဖိလစ်ပိုင်မှာ မန်နီပက်ကွီအိုကို အားပေးသလို မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အသက်တောင်မရှုနိုင်ဘဲ ၀က်ဝက်ကွဲ အားပေးတဲ့ အခြေအနေမျိုး မရောက်ခင် အန်ဆန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကြီးပြင်းခဲ့တဲ့ သာမန်လူတစ်ယောက် ဖြစ်ပါတယ်။

    “ကျွန်တော်က ထူးထူးခြားခြားတော်တာမျိုး၊ အားကစားမှာ ပါရမီပါတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဘ၀ကတော့ သက်တောင့်သက်သာ ရှိခဲ့ပါတယ်။ နိုင်ငံတကာကျောင်းတက်ရတယ်။ အဖေက လူတော်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကို အကောင်းဆုံး ပညာရေးကို ပေးနိုင်တယ်၊ နိုင်ငံခြားမှာ ပညာသင်ဖို့ အခွင့်အလမ်း ဖန်တီးပေးတာကြောင့် ကျွန်တော် ကံကောင်းခဲ့ပါတယ်”

    အသက် ၁၈ နှစ်အရွယ်မှာ အန်ဆန်းတစ်ယောက် မီချီဂန်က အန်ဒရူးတက္ကသိုလ်တက်ဖို့ တစ်ယောက်တည်း သွားခဲ့ပြီး စိုက်ပျိုရေးသိပ္ပံအထူးပြုနဲ့ ကျောင်းတက်ခဲ့ပါတယ်။ ကျောက်စိမ်းကုန်သည်တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ဖခင်ဟာ ကျောင်းစားရိတ်ပေးပြီး ဘာဟီယ ကုန်ကျစားရိတ်အတွက်တော့ အန်ဆန်းဟာ မွေးမြူရေးခြံမှာ အလုပ်လုပ်ခဲ့ပါတယ်။

    အဲဒီမှာ သူဟာ လုပ်ငန်းကျင့်ဝတ်တွေကို သင်ယူနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ် MMA နယ်ပယ်ထဲ ၀င်ရောက်တဲ့အခါမှာတော့ ဒါတွေက သူ့အတွက် အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲ စနွှဲရပေမယ့် ခေတ်သစ် အားကစားသမားအများစု ဆောင်ရွက်ကြတဲ့ ပြင်ဆင်မှုမျိုး သူ့မှာ မရှိပါဘူး။

    ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာ ဘွဲ့ရသွားတဲ့သူဟာ ၂၀၀၇ ခုနှစ်မှာ ပျားမွေးတဲ့လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဟိုဘက်ဒီဘက် အချိန်မျှပေးနေရမှုဟာ သိပ်မကြာလိုက်ဘဲ နောက်ထပ် တစ်နှစ်ခွဲအကြာမှာတော့ အချိန်ပြည့် MMA ကစားသမားအဖြစ် ခြေစုံပစ်ဝင်ခဲ့ပါတယ်။

    အန်ဆန်းဟာ အမေရိကန် နာမည်ကြီးပွဲတွေဖြစ်တဲ့ King of the Cage, Ring of Combat နဲ့ Bellator တို့မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ ပွဲ ၂၀ နိုင် ၁၀ ပွဲ ရှုံးမှတ်တမ်းကို ရရှိထားပါတယ်။

    ၂၀၁၄ ခုနှစ်မှာ ONE Championship ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးပွဲမှာပဲ အလဲထိုးနဲ့ နိုင်ခဲ့ကာ နောက်ထပ် ၅ ပွဲထိုပြီးမှာတော့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလာလုပ်မယ်လို့ ကနဦးက ရည်မှန်းထားပေမယ့် ကျွန်တော်ဟာ MMA ကို ပြောင်းခဲ့ပါတယ်။ ဒီနယ်ပယ်မှာ ကျွန်တော် ပိုပြီး ပျော်ပါတယ်”

    ပရိတ်သတ်များကို လစ်လျူရှုမထား

    အမေရိကန်မှာ အန်ဆန်းဟာ အိမ်ထောင်ကျခဲ့ပြီး အသက် ၂ နှစ်အရွယ် သားလေးတစ်ယောက် ရနေပါပြီ။ အဲဒီသမီးလေးကို ကချင်မျိုးရိုးကို ထိန်းသိမ်းတဲ့အနေနဲ့ အောင်ဒီလို့ အမည်ပေးထားတယ်လို့ အန်ဆန်းက ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

    အန်ဆန်းရဲ့ မိခင်နဲ့ မွေးချင်း ၂ ယောက်ပါဝင်တဲ့ သူတို့မိသားစုဟာ မေရီလန်းက ကချင်လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီး ကချင် နှစ်ခြင်းဘုရားကျောင်းကို သွားတက်လေ့ရှိပါတယ်။ သူတို့ မိသားစု ၄ ဦးစလုံးဟာ ၂၀၀၅ ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပါတယ်။

    အမေရိကန်က သံယောဇဉ်တွေ၊ မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့ အားပေးမှု စတာတွေကို သူ့အတွက် အားသာချက်အဖြစ် အန်ဆန်းက ယုံကြည်စွာ ပြောင်းလဲခဲ့ပါတယ်။

    “ဒီလို ထောက်ခံအားပေးမှုကို ရရှိတယ်ဆိုတဲ့အသိက လေ့ကျင့်မှုမှာ ကျွန်တော့်ကို အာရုံစူးစိုက်မှု ဖြစ်စေပါတယ်။ ပြီးတော့ ကျွန်တော့ဘ၀မှာ မလိုအပ်တဲ့အရာအားလုံးကို သံယောဇဉ်ဖြတ်ရာမှာလည်း အကူအညီဖြစ်စေပါတယ်”

    အန်ဆန်းဟာ သူ့ကို အားပေးကြတဲ့ မြန်မာပြည်သူတွေကို ပြန်လည်ပေးဆပ်နေသူ တစ်ဦးပါ။ ဒီနှစ်အစောပိုင်းမှာ သူဟာ ရန်ကုန်မှာ ပရဟိတ လေလံပွဲတစ်ခုကို ကျင်းပခဲ့ပြီး ရရှိတဲ့ ကန်ဒေါ်လာ ၆၀၀၀ ကို ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်တဲ့စခန်းကို လှူဒါန်းခဲ့ပါတယ်။

    “လိုအပ်ချက်တွေ ရှိနေတဲ့သူတွေအတွက် ငွေကြေးဟာ အဖြေပါပဲ။ ဆာလောင်နေသူတွေ၊ ငတ်မွတ်နေသူတွေကို ပညာပေးလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့အတွက် အစားအသောက်ဝယ်ပေးတာက ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်” လို့ အန်ဆန်းက ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ဘိုးဘွားတွေနဲ့ ၀မ်းကွဲ ညီအစ်ကို မောင်နှမတွေဟာ ကချင်ပြည်နယ်မှာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နေကြပါတယ်။

    ပြီးခဲ့တဲ့လ သူ့ရဲ့ အောင်မြင်မှုအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ငွေသားချီးမြှင့်မှုကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီငွေအားလုံးကိုလည်း အရင်သူလှူခဲ့တဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းကိုပဲ ထပ်လှူခဲ့ပါတယ်။

    “အစိုးရက ဒီလို ချီးမြှင့်တဲ့အတွက် ကျွန်တော် ကျေးဇူးတင်သလို၊ ဂုဏ်လည်းယူပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ငွေကို ကျွန်တော် မလိုပါဘူး။ အမှန်တကယ်လိုအပ်နေသူတွေ၊ မိသားစုတွေ အကူအညီဖြစ်စေဖို့ ကျွန်တော် ပြန်လည်ပေးအပ်ခဲ့ပါတယ်”

    တိုင်းပြည်ကို စုစည်းစေမည်

    မြစ်ကြီးနားမှာ MMA လေ့ကျင်ရေးစင်တာ ဖွင့်တဲ့အချိန်တုန်းက အန်ဆန်းဟာ ဒီအကြောင်းတွေအားလုံးကို ပြောကြားခဲ့ပြီး စံနမူနာယူစရာ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ မျှော်လင့်နေပါတယ်။

    “ကျွန်တော်ရရှိနေတဲ့ အောင်မြင်မှုအတွက် မာန်မတက်ပါဘူး ဒါပေမယ့် ကျွန်တော်ဟာ စံနမူနာကောင်းတစ်ခု ဖြစ်ချင်ပါတယ်။ ပြောရမယ်ဆိုရင် အမေရိကန်တွေလို မြန်မာပြည်သူတွေမှာ အခွင့်အလမ်းတွေမရှိဘူး။ သူတို့အခြေအနေနဲ့ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ တော်တော်များများက ထင်နေကြပါတယ်။ သူတို့ဟာ မလူးသာမလွန့်သာဖြစ်နေတယ်လို့ ခံစားနေကြတယ်။ တစ်ချို့တွေကြတော့ နိုင်ငံရေးအခြေအနေတွေကို အားမရတာလည်း ရှိပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါး၊ အရက်တွေမှာ ဘ၀ကို ပုံထားပြီး ဒါကိုကျော်လွှားဖို့ အကူအညီတွေလည်း သူတို့မှာ လိုနေပါတယ်”

    “ကိုယ့်ရဲ့ နှလုံးသားစေရာ ဘယ်လိုနယ်ပယ်မျိုးမှာမဆို ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်နိုင်တယ်ဆိုတာ ကျွန်တော် ပြည်သူတွေကို တိုက်တွန်းအားပေးဖို့ မျှော်လင့်ပါတယ်။ အတိတ်ကို ပစ္စုပ္ပန်က ကျော်ဖြတ်နိုင်တယ်။ အဲဒီစိတ်ဓာတ်နဲ့ပဲ ကျွန်တော်ဟာ ကျွန်တော့် ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတယ်လို့ ခံစားရပါတယ်”

    သူ့ရဲ့အောင်မြင်မှုဟာ ဇာတိပြည်နယ်တစ်ခုတည်းအတွက် မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးအတွက် ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်မှာ အနိုင်ရတုန်းက သူဟာ ကချင်အလံနဲ့ အောင်ပွဲခံခဲ့ပေမယ့် ၂၀၁၇ ခုနှစ် ချန်ပီယံအဖြစ် အောင်ပွဲခံမှုမှာ သူဟာ မြန်မာနိုင်ငံတော်အလံကို လွှမ်းခြုံခဲ့ပါတယ်။

    “ကျွန်တော့်ကို အားပေးနေတဲ့ တစ်နိုင်ငံလုံး၊ ကျွန်တော့်ကို အာပေးနေသူတိုင်း ဒီအလံကြောင့် တစ်သားတည်းဖြစ်မှု တွေ့မြင်နိုင်မှာဖြစ်ပြီး၊ စည်းလုံးမှု ညီညွတ်မှုကိုလည်း ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြည်သူတွေကို စည်းလုံးအောင် ကျွန်တော် ဆောင်ရွက်နိုင်မှာပါ” လို့ အောင်လအန်ဆန်းက ပြောကြားခဲ့ပါတယ်။

    အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသေချာပေမယ့် အန်ဆန်းတစ်ယောက် ရှေ့ဆက်လျှာက်ရမယ့်လမ်းကြောင်းကို တိတိကျကျ ယုံယုံကြည်ကြည် သတ်မှတ်ထားပြီး ဒီလမ်းကြောင်းကလည်း ၂၀၁၅ ခုနှစ်က သူရရှိခဲ့တဲ့ အမေရိကန်နိုင်ငံသားနဲ့ မပတ်သက်ပါဘူး။

    “အခုအချိန်မှာ ကျွန်တော်ဟာ မြန်မာနိုင်ငံသား မဟုတ်တော့ပေမယ့် ကျွန်တော့်ဇာတိကို ကျွန်တော် မမေ့ပါဘူး။ ကျွန်တော် ဘယ်ကလာလဲဆိုတာ သိပါတယ်။ အမေရိကန်ကို ပြန်သွားပေမယ့် နောက်ဆုံးမှာ ပြန်လာပြီး ရသလောက်အခွင့်အလမ်းနဲ့ ကျွန်တော့်တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကို ကူညီသွားမှာပါ။ ကျွန်တော့်ရဲ့ အားကစားသမားဘ၀ အဆုံးသတ်သွားတဲ့အချိန်မှာ မြန်မာနိုင်ငံမှာပဲ ကျွန်တော့်ဘ၀ကို ကုန်ဆုံးသွားနိုင်ပါတယ်”

    Ref: CNA

    (CNA သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar’s 1st MMA champ Aung La N Sang: ‘I’m no politician, but I fight for my people’ ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် မုံးကိုးမြို့မှ ခရစ်ယာန်ဘုရားကျောင်း

    – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သြစတေးလျနိုင်ငံက တုန့်ပြန်ဆောင်ရွက်ပေးရန် နိုင်ငံတာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ၎င်းတို့၏ အစီရင်ခံစာသစ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူ့အဖွဲ့အစည်း ခံစားနေရတဲ့ တုန်လှုပ်စရာ ညှင်းပမ်းမှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိနေမြင်နေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က အခြားသော တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားမှုအတွင်း ဒီလို တုန်လှုပ်စရာ အဖြစ်မျိုး ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု Amnesty International အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မက်သယူး ၀ဲလ်စ်က ပြောကြားခဲ့သည်။

    Amnesty International က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကာလရှည် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း၊ ညှင်းပမ်းမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အရပ်သားများနေထိုင်ရာနေရာသို့ ဗုံးကြဲမှုများ ပြုလုပ်သည့်ဆိုသည့် အထောက်ထားများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ၀င်ရောက်ခွင့်ကို မြန်မာစစ်တပ်က ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။

    ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များကလည်း အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအပေါ် အခွန်ကောက်ခြင်း စသည့် အထောက်အထားများလည်း ရှိသည်ဟု ဆိုသည်။

    Amnesty International က ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန်အတွက် ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ သွားရောက်နိုင်ရေး ထောက်ခံရန်လည်း သြစတေးလျအစိုးရကို ဆော်သြခဲ့သည်။

    သြစေတးလျ အတိုက်အခံပါတီ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မူရီက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ သြစတေးလျမှာ ယခင်ကတည်းက ထုတ်ဖော်ပြောဆိုလေ့ ရှိကြောင်း ပြောကြားခဲ့သည်။

    “လူ့အခွင့်အရေးဆိုတာ နိုင်ငံတိုင်းက အလေးထားရမယ့် ကိစ္စပါ”

    မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည့် အစိုးရ၀န်ကြီး ဇဒ် ဆီဆဲလ်ဂျာကလည်း သြစတေးလျမှာ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအပါအ၀င် လူ့အခွင့်အရေးမြှင့်တင်ပေးရန် မိမိတို့၏ အနေအထားကို အမြဲတမ်း အသုံးချခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: News.com.au