News @ M-Media

Tag: Laliga 2019-20

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၃၀၊ ၂၀၁၉
    M-Media

    FILE PHOTO: Soccer Football – Premier League – Manchester City v Tottenham Hotspur – Etihad Stadium, Manchester, Britain – August 17, 2019 Tottenham Hotspur manager Mauricio Pochettino before the match REUTERS/Phil Noble/File Photo

    စပါးမှ ထွက်မည်ဆိုသည့်သတင်း ပိုချက်တီနို ငြင်း
    =====================
    တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနဲ့ ဒါဘီပွဲပြီးရင် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေဟာ ရူးနှမ်းတဲ့ သတင်းတွေ ဖြစ်တယ်လို့ စပါးအသင်းနည်းပြ မောင်ရီစီယိုပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ စပါးကနေ ပိုချက်တီနိုထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာကြောင့် လောင်းကစားဒိုင်တွေ ကြေးဖွင့်ထားမှု ပိတ်တာတွေ ဖြစ်ခဲ့ပါတယ်။ ပိုချက်တီနိုကတော့ ဒီသတင်းဟာ တကယ်မရှိတဲ့ ပြဿနာကြီးတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

    ဆာလာဟ်ကို လူမျိုးရေးစော်ကားသည့် အဲဗာတန်ပရိတ်သတ် ထောင်ကျ
    =================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အပေါ် Twitter မှာ ဘာသာရေး၊ လူမျိုးရေး စော်ကားရေးသားတဲ့ အဲဗာတန်ပရိတ်သတ်တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၆ ပတ် ချမှတ်လိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂါရီ ဟီလန်ဆိုတဲ့ အဲဒီအမျိုးသားဟာ သြဂုတ်လ ၆ ရက်နေ့ကစလို့ ဆာလာဟ်အပေါ် စော်ကားပြောဆိုတဲ့ ပို့စ်တွေ ရေးသားခဲ့တာဖြစ်ပါတယ်။ ထောင်ဒဏ်အပြင် ကွင်းအတွင်း ဘောလုံးပွဲကြည့်ခွင့် တစ်နှစ် ပိတ်ပင်ခံရပြီး၊ လခမရတဲ့ အလုပ် နာရီ ၂၀၀ လည်း လုပ်ပေးရမှာပါ။ ဒါ့အပြင်ပညာပေးသင်တန်းတစ်ခုကိုလည်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

    ဘာစီလိုနာနည်းပြဟောင်း၏ သမီးငယ် အရိုးကင်ဆာဖြင့် ကွယ်လွန်
    =========================
    ဘာစီလိုနာနဲ့ စပိန်အသင်းတို့မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ လူးဝစ် အန်းရစ်ရဲ့အသက် ၉ နှစ်အရွယ် သမီးငယ်ဟာ အရိုးကင်ဆာကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဇာနာလို့အမည်ရတဲ့ သမီးငယ်လေးဟာ ရောဂါဒဏ်ကို ၅ လကြာ ခံစားခဲ့ရပြီး သမီးဖြစ်သူကို အချိန်ပေးဖို့အတွက် အန်းရစ်ဟာ စပိန်နည်းပြအဖြစ်ကနေ ဇွန်လမှာ နှုတ်ထွက်ခဲ့ပါတယ်။ ဇာနာလေး နေမကောင်းဖြစ်ချိန်နဲ့ ဆေးရုံတက်ချိန်မှာ ဂရုစိုက်ပေးကြသူတွေအားလုံးကျေးဇူးတင်ကြောင်း၊ သမီးငယ်လေးကို အမြဲတမ်း သတိရနေမှာဖြစ်ကြောင်းအန်းရစ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ


    သြဂုတ် ၂၈၊ ၂၀၁၉
    M-Media 

    မန်ယူကွင်းလယ်လူဟောင်း ကန်တိုနာကို Uefa President’s Award ချီးမြှင့်မည်
    ======================
    မန်ယူအသင်းရဲ့ ဂန္တ၀င်ကွင်းလယ်လူ အဲရစ်ကန်တိုနာရဲ့ ပရဟိတလုပ်ဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က Uefa President’s Award ကို လာမယ့် ကြာသာပတေးနေ့ မိုနာကိုမှာ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ 

    မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ FA ဖလား ၂ ကြိမ်ရခဲ့တဲ့ ကန်တိုနာဟာ အသက် ၃၀ အရွယ်၁၉၉၇ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပြီးတဲ့နောက် ပရဟိတလုပ်ငန်းတွေကို အစဉ်တစ်စိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကန်တိုနာဟာ လက်ရှိမှာ အသက် ၅၃ နှစ် ရှိနေပါပြီ။ 

    UEFA ဥက္ကဌ အလက်ဇန်ဒါး ကဖီရင်က ဒီဆုဟာ ကန်တိုနာရဲ့ စားသမားဘ၀ အောင်မြင်မှုကိုသာမကဘဲ၊ သူရဲ့ ဖြစ်တည်မှုကို ဂုဏ်ပြုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်မှုကို အသိအမှတ်ပြုတဲ့ Uefa President’s Award ကို အရင်က ဒေးဗစ်ဘက်ခမ်း၊ ဂျိုဟန်ခရိုက်ဖ်၊ ဘောဘီချာလ်တန်၊ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ၊ ဘော်ဘီရော့ဘ်ဆန်နဲ့ ပါဘလို မာလ်ဒီနီတို့လည်း ရရှိခဲ့ဖူးပါတယ်။ 

    နေးမာကို ပြန်ခေါ်ရေး ပီအက်စ်ဂျီနှင့် ဘာကာဆွေးနွေး
    =================
    နေးမာကို ပြန်ခေါ်ရေးအတွက် ဘာစီလိုနာဟာ ဒီကနေ့ ပဲရစ်မှာ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ပြီး တိုးတက်မှုတွေ ရှိပေမယ့် ဆက်လက်ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ နေးမာကို ပီအက်စ်ဂျီက ၂၀၁၇ ခုနှစ်မှာ ကမ္ဘ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာက ၁၅၃ သန်းနဲ့ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။ နေးမာကလည်း ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ရေး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ 

    Ref: BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ


    သြဂုတ် ၂၇၊ ၂၀၁၉
    M-Media

    ပြိုင်ဘက်ကို မလေးမစားလုပ်မိသည့်အတွက် ဘာစီလိုနာ ပြန်တောင်းပန်
    ===============
    ပြိုင်ဘက် ရီးယဲလ်ဘက်တစ်ကို လှောင်ပြောင်သလိုဖြစ်သွားခဲ့တဲ့ ဆိုရှယ်မီဒီယာပို့စ်အတွက်ဘာစီလိုနာအသင်းက လူသိရှင်ကြား ပြန်လည်တောင်းပန်လိုက်ပါတယ်။ မနေ့က အိမ်ကွင်းမှာ ကစားခဲ့တဲ့လာလီဂါပွဲမှာ ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် နောက်ခံလူ ဂျူနီယာ ဖီရ်ပို လက် ၅ ချောင်းထောင်ထားတဲ့ပုံကို’ဂျူနီယာတောင် သိနေတယ်’ ဆိုတဲ့ စာသားနဲ့တွဲကာဘာစီလိုနာက သူတို့ရဲ့ Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။ ဂျူနီယာဟာ အခုလအတွင်းကမှ ရီးယဲလ်ဘက်တစ်က ပြောင်းလာတာဖြစ်ပြီး ဒီလိုလွှင့်တင်မှုကြောင့် ပြိုက်ဘက်အသင်းကို မလေးမစားလုပ်တယ်ဆိုတဲ့ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒီပို့စ်ကို မလေးစားတဲ့ သဘောနဲ့တင်ခဲ့တာမဟုတ်ကြောင်း ဒီလိုတင်မိခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါကြောင်း ပြန်လည် ရေးသားခဲ့ပါတယ်။

    လူမျိုးရေးခွဲခြားမှုကြောင့် ကစားသမားက ပရိတ်သတ်ကို တိုက်ခိုက်လာနိုင်သည်ဟု သတိပေး
    =====================
    လူမျိုးရေးခွဲခြားမှုတွေကို အဏာပိုင်တွေက ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် မန်ယူကွင်းလယ်လူဟောင်း အဲရစ်ကန်တိုနာလို ရုပ်ပျက်ဆင်းပျက် အနေအထားမျိုးအထိ ဖြစ်လာနိုင်တယ်လို့ လူရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Kick It Out က တာဝန်ရှိသူ ဂါ့သ် ကရုစ်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ပင်နယ်တီမ၀င်တာကြောင့် ဆိုရှယ်မီဒီယာမှာ လူမျိုးရေး ခွဲခြား စော်ကားခံခဲ့ရပါတယ်။ ကရုစ်ကတော့စော်ကားတဲ့ ပရိတ်သတ်ကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့တဲ့ ကန်တိုနာရဲ့ ၁၉၉၅ ခုနှစ်က အဖြစ်အပျက်မျိုးထပ်ဖြစ်လာမယ်ဆိုရင် အပြစ်တင်ရမယ့်သူတွေက ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: BBC

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၂၃၊ ၂၀၁၉
    M-Media

    လီဗာပူးလ်တိုက်စစ်မှူဟောင်း တောရက်စ် ဘောလုံးလောကမှ အနားယူ
    ========================
    အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်နဲ့ ချယ်ဆီးအသင်းတို့မှာ ကစားခဲ့ပြီး စပိန်အသင်းနဲ့အတူကမ္ဘ္ဘာ့ဖလား၊ ဥရောပဖလားတွေ ရရှိခဲ့ဖူးတဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ ဒီကနေ့မှာဘောလုံးလောကကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီး ဂျပန်ကလပ် Sagan Tosu မှာ ကစားနေတဲ့ တော်ရက်စ်ဟာ ဒီကနေ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးပွဲကို စားခဲ့ပါတယ်။ သူဟာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ဇွန်လကတည်းက ကြေငြာထားတာပါ။

    အမုန်းစကားတားဆီးရန် ဆိုရှယ်မီဒီယာကို ဆိုးလ်ရှားတိုက်တွန်း
    =====================
    ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ အွန်လိုင်းမှာ အမုန်းစကား ပြန့်နှံ့နေတာကို တားဆီးဖို့ လိုအပ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပြီး ကွင်းလယ်လူပေါ့ဘာလူမျိုးရေးခွဲခြားခံရမှုကို တုန့်ပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပရီးမီးယားလိဂ်ကကစားသမား ၃ ဦး အွန်လိုင်းမှာ အကြီးအကျယ် လူမျိုးရေးခွဲခြား ခံခဲ့ရပါတယ်။ ဆိုးလ်ရှားက ဒါမျိုးတွေအတွက် အာဏာပိုင်တွေက တစ်ခုခု လုပ်သင့်တယ်လို့ ဆိုပါတယ်။ ပေါ့ဘာ လူမျိုးရေးခွဲခြားခံရမှုအတွက်မန်ယူကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့၊ မက်ဂွီရီ၊ နောက်ခံလူဟောင်း ဖီးလ်နဗီးလ်တို့ကလည်းဆိုရှယ်မီဒီယာတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြပါတယ်။

    ပီအက်စ်ဂျီမှ နေးမာကို ကြားဖြတ်ခေါ်ယူရန် ရီးယဲလ် ကြိုးစားလာ
    =====================
    ပီအက်စ်ဂျီကနေ ဘရာဇီးလ်တိုက်စစ်မှူး နေးမာကို ခေါ်ယူဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အပြင် ဂျိမ်းစ်ရော်ဒရီဂက်စ်၊ ဘေးလ်နဲ့ ဂိုးသမား ကီလာ နာဗက်စ်တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ စပိန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ နေးမာကို ဘာစီလိုနာက ပြန်လိုချင်ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေပါဘူး။ စပိန်အားကစားသတင်းစာ Marca က ရီးယဲလ်တာဝန်ရှိသူတွေဟာ ပဲရစ်ကို ရောက်ရှိနေပြီး
    ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

    Ref: BBC, Daily Mail

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများ


    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    ဆာလာသေဆုံးမှု ကာဘွန်မိုနောက်ဆိုက်ကြောင့်ဟု ဆေးစစ်ချက်ထွက်
    ======================
    ဇန်နဝါရီလက လေယာဉ်ပျက်ကျမှုအတွင်း ကာဒစ်ဖ်အသင်းရဲ့ ကစားသမားအီမီလီယာနို ဆာလာဟာ ကာဘွန်မိုနောက်ဆိုက်တွေ အလွန်အမင်း ရှုမိရင်း သတိလစ် သေဆုံးခဲ့တာဖြစ်တယ်လို့ဆေးစစ်ချက်တွေကို ကိုးကားပြီး အင်္ဂလိပ်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။ အာဂျင်တိုင်း တိုက်စစ်မှူးဟာဇန်နဝါရီ ၂၁ ရက်နေ့က ပြင်သစ်ကနေ ကာဒစ်ဖ်ကို လာရောက်ရင်း လေယာဉ်ပျက်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။

    ပြင်သစ်ကလပ် Nantes ကနေ ကာဒစ်ဖ်ကို ပြောင်းရွှေ့ဖို့ စာချုပ်ချုပ်ပြီး ၂ ရက်အကြာမှာ ဒီလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့တာပါ။ ဆာလာရဲ့ မိသားစုကတော့ ဆေးစစ်ချက်သာမက လေယာဉ်ပျက်ကျမှု အသေးစိတ်ကိုပါ သိရှိလိုတယ်လို့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

    လူငယ်ကစားသမားများကို ဥပဒေချိုးဖောက် ခေါ်ယူခဲ့ကြောင်း မန်စီးတီးဝန်ခံ
    =======================
    ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက လူငယ်ကစားသမားတွေ ခေါ်ယူမှုအတွင်း ဖီဖာရဲ့ စည်မျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့မန်စီးတီးအသင်းက ၀န်ခံလိုက်ပါတယ်။ ဒီလိုဝန်ခံတာကြောင့် မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကနေကင်းလွတ်ခဲ့ပြီး ဒဏ်ငွေ ပေါင် ၃၁၅၀၀၀ သာ ပေးဆောင်ခဲ့ရပါတယ်။ မန်စီးတီးကတော့ ဥပဒေကို ဘာသာပြန်အမှားကြောင့် ဒီလိုဖြစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စည်းမျဉ်းတွေကို အပြည့်အ၀ လိုက်နာကြောင်း၊ ဖီဖာရဲ့ စစ်ဆေးမှုကိုလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    နေးမာ၏ အနာဂတ်ကို ဘာကာနှင့် ပီအက်စ်ဂျီတို့ ၄၈ နာရီအတွင်း ဆုံးဖြတ်မည်
    =================
    ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေးမာရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက် ဘာတိုမြူနဲ့ ပီအက်စ်ဂျီ ဥက္ကဌ အလ်-ခါလီဖီတို့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး ၄၈ နာရီအတွင်းအဖြေထွက်မယ်လို့ စပိန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ နေးမာအတွက် ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ ဖီးလစ် ကော်တင်ဟိုကို အလိုက်ပေးကာ ဘာစီလိုနာက ကနဦး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ပယ်ချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ကမ္ဘ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ နေးမာအတွက်ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးများများနဲ့ ကစားသမားအလိုက်များများ လိုချင်နေတာ ဖြစ်ပါတယ်။

    Ref: BBC, Daily Mail