News @ M-Media

Tag: Law

  • ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဧည့်စာရင်း ပယ်ဖျက်ပြီးနောက်.. ခရီးသွားတိုင်း လ.ဝ.က ကို အကြောင်းကြားပြီးမှ သွားရတော့မှာလား?

    ဒီဇင်ဘာ ၃ ၊ ၂၀၁၆
    M-Media
    ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။

    အမှန်တကယ်တော့ ဧည့်စာရင်းပြဌာန်းချက်ကို ရုပ်သိမ်းတော့မည့်အခြေအနေပေါ်လာတဲ့ အခါကတည်းက ဧည့်စာရင်းမတိုင်ကြားလျှင် အရေးယူသကဲ့သို့ အရေးယူနိုင်တဲ့ ဥပဒေများကို ကျင့်သုံးလာတာကိုတွေ့ရှိရပါတယ်။ ယခင်က ခရီးသွားလာတဲ့အခါ နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားရသေးသူများ၊ လျှောက်ထားဆဲများ၊ ပျောက်ဆုံးများ၊ ယာယီသက်သေခံကတ်ပြား အသစ် မထုတ်ရသေးသူများ၊ ယာယီသက်သေခံ ကတ်ပြားတစ်ခုခု မရှိသူများအား ရပ်/ကျေး ထောက်ခံချက်များဖြင့် ခရီးသွားလာကြပါတယ်။ ရပ်/ကျေးထောက်ခံချက်များကို ပြသသော်လည်း အဆိုပါပုဂ္ဂိုလ်များကို ယခုတလော အရေးယူလာတာ တွေ့ရှိရပါတယ်။ နိုင်ကတ် ကိုင်ဆောင် ထားသူများကိုလည်း အရေးယူကြောင်းသိရှိရပါတယ်။

    ဥပဒေအသစ်ဖြင့် အစားထိုးခြင်းတော့ မဟုတ်ပါ။ ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေနဲ့ အရေးယူနေတာ ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအ တွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ- ၂၅၊ ၂၆၊၂၈ တို့ကို ဖောက်ဖျက်ရင် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူပြီး ပြစ်ဒဏ် ၂ နှစ် အထိ/ ငွေဒဏ်ချမှတ်နိုင်ပါတယ်။

    အမှန်တကယ်တော့ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေဟာ ၁၉၄၉ ခုနှစ်၊ ၁၉၅၁ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်လို့ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိစ္စနဲ့ ပတ်သက်တာထင်ရှားပါတယ်။ အဲ့ဒီဥပဒေ၊ နည်းဥပဒေများကို လေ့လာကြည့်ရင်ပေါ်လွင်ပါတယ်။ နည်းဥပဒေ ၂၅ ရဲ့ ဆိုလိုရင်းက မိမိမှတ်ပုံတင်ထားတဲ့လိပ်စာက ထွက်ခွာရင်သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားရမယ်။

    နည်းဥပဒေ ၂၆ ရဲ့ဆိုလိုရင်းက မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်းလည်း သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားရမယ်။ နည်းဥပဒေ ၂၈ အရ သက်သေခံကတ်ပြားတစ်ခုခု မရှိရင် လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ၁၉၄၉ခုနှစ်၊ ၁၉၅၁ ခုနှစ်များမှာ ပြဌာန်းခဲ့သော်လည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ခရီးသွားရင် မှတ်ပုံတင်ကတ်ပြားများနဲ့ သွားလာခဲ့ကြတာ ပဲ။ လဝက ကိုအကြောင်းကြားခဲ့ရတာမျိုးမရှိခဲ့ပါဘူး။

    အချုပ်အားဖြင့်တင်ပြရရင်တော့ ခရီးသွားရင် မှတ်ပုံတင် ကတ်ပြား တစ်ခုခုပြသနိုင်ရုံနဲ့ မရတော့ပါဘူး။ သက်ဆိုင်ရာ လဝက များကို အကြောင်းကြားပြီးမှ ခရီးသွားလို့ ရမယ်လို့ ဖြစ်လာပါပြီ။ ကုန်ကုန်ပြောရရင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ ခရီးသွားရင်တောင် သက်ဆိုင်ရာ လဝက ကို အကြောင်းကြား ခွင့်ပြုချက်ယူပြီးမှ ခရီးသွားလို့ရမယ် လို့ အဲဒီဥပဒေ၊ နည်းဥပဒေတွေကို ကိုးကားပြီး လ.ဝ.က မှ တာဝန်ရှိသူတွေ ပြောနေပါပြီ။

    အဲဒီတော့ ဧည့်စာရင်းတိုင်ကြားခြင်း ကိစ္စကို ပယ်ဖျက်လိုက်တော့ ၁၉၄၉ခုနှစ်  မြန်မာနိုင်ငံအတွင်းနေထိုင်သူများ ဥပဒေနဲ့ အရေးယူနေပြီပေါ့။ ဧည့်စာရင်း တိုင်ကြားခြင်း ဥပဒေ တစ်မျိုးဖြစ်နေပြီလား။ သတိပြုကြပါကုန်။

  • “လူကိုကြည့်ပြီး၊ တရားစီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီး ဆုံးဖြတ်မှာလား?”

    “လူကိုကြည့်ပြီး၊ တရားစီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီး ဆုံးဖြတ်မှာလား?”

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    ရေးသားသူ-ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

    rule of law
    မြေကွက်တစ်ကွက်အတွင်းမှာ(က)နှင့်(ခ)ဆိုတဲ့ သီးခြားစီအဆောက်အဦး ၂ခု ရှိပါတယ်။ အဆောက် အဦးနံပါတ်မတူပါ။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေရဲ့ပိုင်ရှင်တွေက A ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီအဆောက်အဦးတွေကို လက်ရှိထားစီမံခန့်ခွဲနေသူတွေကတော့ B ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေကဖြစ်ပေါ်လာတဲ့ အကျိုးအမြတ်အသီးအပွင့်တွေကိုလည်း A နှင့် B ပုဂ္ဂိုလ်များက ခံစားရယူနေကြသည်ဆိုပါစို့။

    ဒီအဆောက်အဦး(က)ဟာ အများပြည်သူဝင်ထွက်အသုံးပြုရာ နေရာတစ်ခုဖြစ်ပြီး A နှင့် B အုပ်စုက ပုဂ္ဂိုလ်များလက်ရှိထား စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲ လျှက်ရှိပါတယ်။ အဆောက်အဦး(ခ)ကတော့ ကျောင်း အိပ် ကျောင်းစား၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ A နှင့် B အုပ်စုကပုဂ္ဂိုလ်တွေကပဲ လက်ရှိထား စီမံခန့်ခွဲအုပ်ချုပ် လျှက်ရှိပါတယ်။ ဒီမြေကွက်နဲ့အဆောက်အဦး ၂ခုမှာရှိတဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေကလည်း A နှင့် B အုပ်စုက ပုဂ္ဂိုလ်များပိုင်ဆိုင်ခြင်း၊ လက်ရှိထားခြင်း၊စီမံခန့်ခွဲအသုံးပြုခြင်း ပြုလုပ်လျှက်ရှိပါတယ်။

    ဒီအဆောက်အဦး(ခ)မှာ ကျောင်းတက်တဲ့ကျောင်းသားတွေနဲ့ ပြင်ပကပုဂ္ဂိုလ်တွေဟာ အဆောက်အဦး (က)မှာ A နှင့် B တို့ရဲ့ခွင့်ပြုချက်နဲ့ အတူဝင်ထွက်သွားလာ အသုံးပြုကြပါတယ်။ အဆောက်အဦး(ခ) မှာတော့ ကျောင်းသားများနေထိုင်၊ စာသင်ကြားကြ ပါတယ်။ ကျောင်းပိတ်တဲ့ ကာလမှာ ကျောင်းသားတွေဟာ ကိုယ့်မိဘရပ်ထံပြန်ကြပါတယ်။ စာသင်ဆရာတွေကလည်း တာဝန်ပြီးဆုံး လို့ ပြန်ကြပါတယ်။ စာသင်ဆရာတွေကိုတော့ တစ်နှစ်တစ်ကြိမ်ကျောင်းပြန်ဖွင့်ရင် အလုပ်ပြန်လျှောက်ထားချက်အရ ခန့်တဲ့
    စနစ်ကိုကျင့်သုံးပါတယ်။ ကျောင်းပိတ်တဲ့ကာလမှာ လုပ်ခ၊ လစာ ခံစားခွင့်မရရှိကြတော့ပါဘူး။

    ကျောင်းပိတ်တဲ့ကာလမှာသာမန်အားဖြင့် နှစ်စဉ်ဝါတွင်းကာလဖြစ်ပါတယ်။ ၀ါတွင်းကာလ ကုန်ဆုံးရင်ကျောင်းပြန်ဖွင့်ပြီး၊ ကျောင်းပြန် အပ်ကြရပါတယ်။ စာသင်ဆရာတွေလည်း အလုပ်ပြန်ဝင်ကြရပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B တို့က တာဝန်ခွဲဝေ သတ်မှတ်ပေးပါတယ်။ ယခုကျောင်းပိတ်ရက်က တော့ ပုံမှန်ကျောင်းပိတ်ရက်မဟုတ်ဘဲ အရေးပေါ် အခြေအနေ တစ်ခုကြောင့် ကျောင်းပိတ် ထားခြင်းဖြစ်ပြီး၊ ကာလသတ်မှတ်ချက်မရှိပါဘူး၊ တာဝန်ရှိသူတွေက ဆက်သွယ် အကြောင်းကြားမှ ကျောင်းပြန်တက်ကြရမှာ ဖြစ်ပါတယ်။

    ကျောင်းပြန်ဖွင့်မယ်လို့သတင်းရပြီး  တဆင့်စကားတဆင့်ကြားသိရှိကြတဲ့ကျောင်းသား အချို့ကျောင်းကို ရောက်လာကြ ပါတယ်။ ကျောင်းသားကြီးအချို့ကအဆောက်အဦး(က)မှာ ကျောင်းသားငယ်အချို့ကို ယာယီနေရာချထားပေး ပါတယ်။ ကျောင်း အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကျောင်းမဖွင့်သေးလို့ ကြိုတင်ရောက်နေတဲ့ ကျောင်းသားတွေကို အဆောက်အဦး(က)မှာ သင့်သလို အဆင်ပြေရန် ခေတ္တယာယီနေထိုင်ဖို့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ စာသင်ဆရာတွေကတော့ မရောက်ရှိကြသေးသလို အလုပ်တာဝန်ခန့်အပ်ခြင်း၊ တာဝန်ပေးထားခြင်းလည်း မရှိသေးပါဘူး။ ကြိုတင်ရောက်နေတဲ့ ကျောင်းသား အချို့ရဲ့နေထိုင်စားသောက်ရေးကို ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B ပုဂ္ဂိုလ်များကစီစဉ်ပေးပါတယ်။ ကျောင်းလဲ မဖွင့်ရသေး။ စာလည်းမသင်ရသေးပါဘူး။

    ကျောင်းသားအချို့ရောက်ပြီး ၂ရက်၊ ၃ရက်လောက်အကြာ၊ ညသန်းခေါင်ကျော် နောက်တစ်နေ့အကူးလောက်မှာ အဆောက်အဦး(က)ရဲ့မီးအားမြှင့်စက်ထားတဲ့အခန်းကစပြီး မီးလောင်မှုဖြစ်ပါတယ်။ ကံအကြောင်းမလှလို့အဆောက်အဦး(က)မှာ ယာယီညအိပ်တဲ့ကျောင်းသားငယ်တွေထဲက ဆယ်ယောက်ကျော်မီးလောင်မှုကြောင့် အသက်သေဆုံးခဲ့ကြရပါတယ်။ အချိန်ကာလကတော့လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအကြမ်းဖက်မှုတွေဖြစ်နေတဲ့ကာလလို့ဘဲဆိုကြပါစို့။ ယခုလိုဧပြီလ နွေရာသီကာလဆိုပါစို့။

    တာဝန်ရှိသူတွေက မီးအားမြှင့်စက်အပူရှိန်လွန်ကဲရာမှမီးလောင်မှုဖြစ်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ မီးလောင်မှုနဲ့လူသေမှုအရ အမှုဖွင့်လှစ်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရမီးလောင်တဲ့ညက ညအိပ်ရောက်ရှိနေတဲ့ဆရာ C နဲ့ D ကိုဖမ်းဆီး အရေးယူတရားစွဲခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး၊ သေဆုံးသူ ကျောင်းသားများရဲ့မိဘများက ကံအကြောင်းမလှလို့ သူတို့ရဲ့ကလေးတွေသေရခြင်းဖြစ်ပြီး စွပ်စွဲခံရတဲ့ဆရာ C နဲ့ D ရဲ့ပြုလုပ်မှုကြောင့်မဟုတ်၍ တရားနှင့်ဖြေခွင့်လွှတ်ပြီး ဆရာတွေအပေါ် အပြစ်ပေးအရေးယူခြင်း မပြုစေလိုသဖြင့် အမှုကြေအေးလွှာများ လက်မှတ်ရေးထိုးတင်ပြခဲ့ပါတယ်။ သက်သေခံဝင်ထားပါတယ်။

    အမှုမှာတရားလိုဘက်မှတရားလိုပြသက်သေအယောက်(၄၀)ကျော် အစစ်ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေတွေထဲမှာ ရဲအရာရှိတွေ၊ မီးသတ်အရာရှိတွေ၊ လျှပ်စစ်ဌာနမှတာဝန်ရှိသူတွေ၊ မီးလောင်တဲ့အဆောက်အဦးက တာဝန်ရှိအုပ်ချုပ်သူတွေနဲ့ ၀န်ထမ်းဟောင်းအချို့၊ မီးလောင်စဉ်ကရှိနေတဲ့ကျောင်းသား အချို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတွေ၊ လမ်းလုံခြုံရေးတွေ၊ ကြက်ခြေနီနဲ့ရှာဖွေပုံစံသက်သေတွေပါဝင်ပါတယ်။ တရားလိုဘက်သက်သေများ အစစ်ခံထွက်ဆိုချက်များ အရ အောက်ပါ အချက်အလက် များပေါ်ပေါက်ပါတယ်။

    – အပူရှိန်မြင့်တက်ရာမှ မီးစတင်လောင်ကျွမ်းပါတယ်ဆိုတဲ့ မီးအားမြှင့်စက်ကိုစွပ်စွဲခံရသူ C နဲ့ D ကပိုင်ဆိုင် ခြင်း၊ လက်ရှိထားခြင်း၊ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်းဖြစ်ကြောင်း သက်သေခံချက်မရှိဘဲ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူ A နှင့် B ပုဂ္ဂိုလ်များကပိုင်ဆိုင်၊ လက်ရှိထား၊ အသုံးပြုခြင်းဖြစ်ကြောင်း

    – အခင်းဖြစ်ချိန်ကကျောင်းပြန်မဖွင့်သေးဘဲ၊ ကျောင်းသားအချို့ ကြိုတင်ရောက်နေပြီး စွပ်စွဲခံရသူဆရာ(၂)ဦး C နဲ့ D မှာအခင်းဖြစ်ညကအဆောက်အဦး(က)သို့လာရာမှ တပည့်များဝိုင်းဝန်းတောင်းဆိုမေတ္တာရပ်ခံချက်အရ၊ ဆရာ C ကမီးလောင်တဲ့ အဆောက်အဦး(က)ရဲ့ အောက်ထပ်မှာကျောင်းသားငယ်အချို့နှင့် ညအိပ်ခဲ့ပြီး၊ ဆရာ D ကတော့မီးမလောင်တဲ့ သီးခြားအဆောက်အဦး(ခ)အပေါ်ထပ်မှာ ကျောင်းသားကြီးအချို့နှင့်ညအိပ်ခဲ့ကြောင်း

    – ဆရာ C နဲ့ D တို့သည်အခင်းဖြစ်ချိန်က ကျောင်းမဖွင့်သေး၍ ဆရာအဖြစ်ပြန်လည်လျှောက်ထားခြင်း၊ ဆရာအဖြစ်ခန့်ထား ခံရခြင်းမရှိသေးသဖြင့် တာဝန်မရှိသေးကြောင်း၊ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ဟာအချင်းဖြစ်ကာလကတာဝန်ရှိ လစာစားဝန်ထမ်းများမဟုတ်ကြောင်း ကျောင်းအုပ်ချုပ်ရေးအကြီးအကဲရဲ့ထွက်ဆိုချက်ရှိကြောင်း

    – ဆရာ C နဲ့ D တို့အခင်းဖြစ်ချိန်က ကြီးကြပ်သူဆရာများအဖြစ်တာဝန်ရှိကြောင်း တရားဝင်ခန့်အပ်ပြီးသောဝန်ထမ်းဖြစ်ကြောင်း သက်သေခံချက်တစ်စုံတစ်ရာ တင်ပြထားနိုင်ခြင်းမရှိကြောင်း

    – မီးစတင်လောင်သည့်အဆောက်အဦးမှာ သီးခြားအဆောက်အဦး(က)ဖြစ်ပြီး၊ ကျောင်းဆောင်(ခ)မှာမီးလုံးဝလောင်ခြင်းမရှိသည့် သီးခြားအဆောက်အဦးဖြစ်ကြောင်း

    – အခင်းဖြစ်ကာလက အဆောက်အဦး(က) နှင့် (ခ) မှာအုပ်ချုပ်သူများဖြစ်ကြသည့် A နှင့် B ပုဂ္ဂိုလ်များ လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်လျှက်ရှိကြောင်း

    – အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ထားရာ အခန်းတွင်ဒီဇယ်ဆီပုံးတွေ့ရှိသည်ဆိုရာတွင် ဒီဇယ်ဆီပုံးကို စွပ်စွဲခံရသူဆရာ C နဲ့ D က၀ယ်ယူထားရှိခြင်းဖြစ်ကြောင်း၊ ထိုသို့ထားရှိသည်ကိုသိကြောင်းလည်း လုံးဝသက်သေခံချက် မပေါ်ပေါက်ကြောင်း

    – အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ကို အခင်းဖြစ်ညကစွပ်စွဲခံရသူဆရာ C နဲ့ D တို့ကကိုင်တွယ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သက်သေခံချက်များလုံးဝမပေါ်ပေါက်ကြောင်း

    – စွပ်စွဲခံရသူ (C) နဲ့ (D) တို့၏ မဆင်မခြင်ပေါ့ဆစွာပြုလုပ်မှုကြောင့် မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

    – စာသင်သားကလေးများသေဆုံးရခြင်းမှာ စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပြုလုပ်မှုကြောင့်၊ မဆင်မခြင်ပေါ့ဆမှုကြောင့် မီးလောင်သေဆုံးရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

    – စွပ်စွဲအရေးယူခြင်းခံရသည့်ဆရာ (၂)ဦးအနက်ဆရာ (C) ညအိပ်သည့်အဆောက်အဦး(က)သာ မီးလောင်ခြင်းဖြစ်ပြီး ဆရာ (D)ညအိပ်သည့် သီးခြားကျောင်းဆောင်(ခ) မှာလုံးဝမီးမလောင်ကြောင်း

    – မီးလောင်သည့်အဆောက်အဦး(က)နှင့် မီးမလောင်သည့်ကျောင်းဆောင်(ခ)တို့မှာ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်ကြီးကြပ်နေသော ပစ္စည်းလည်းမဟုတ်ကြောင်း

    – မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဆိုသော်လည်း အမှန်တကယ်မည်သည့်နေရာက မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တိကျသေချာသည့် မျက်မြင်သက်သေအထောက်အထားလည်းမရှိ၊ မီးလောင်ကျွမ်းပြီးမှ သိမ်းဆည်းထားသောသက်သေခံမီးအားမြှင့်စက်မှာလည်း မီးအားမြင့်တက်ခဲ့ကြောင်း တိကျခိုင်လုံသည့် သိပ္ပံနည်းကျသက်သေခံချက်လည်းမရှိဘဲ ထင်မြင်ယူဆချက်သာရှိကြောင်း

    – အခင်းဖြစ်မီးလောင်မှုတွင် စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပေါ့ဆစွာမဆင်မခြင်ပြုလုပ်မှုကြောင့်ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးမျှမရှိကြောင်း၊ ကွင်းဆက်ပြတ်နေသောထင်မြင်ယူဆချက်သာရှိကြောင်း

    – သေဆုံးသူစာသင်သားကျောင်းသားများကို စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့ကစီမံခန့်ခွဲနေရာချထားပေးပြီး တာဝန်ယူကြီးကြပ်လျှက် ရှိစဉ် သေဆုံးရခြင်းဖြစ်သည်ဟု တရားဝင်တာဝန်ရှိကြောင်း၊ အထောက်အထားသက်သေ ခံချက်မရှိကြောင်း

    – စွပ်စွဲခံရသူဆရာ (D) ညအိပ်သည့်သီးခြားကျောင်းဆောင်အဆောက်အဦး(ခ)မှာ မီးမလောင်သည့်အပြင် ကျောင်းသား တစ်ဦးမျှသေဆုံးခြင်းမရှိကြောင်း

    – စွပ်စွဲခံရသူဆရာ(၂)ဦးသည် မီးငြိမ်းသတ်ရေးနှင့် ကျောင်းသားများလွတ်မြောက်ရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း

    – အထက်ပါသက်သေခံချက်များပေါ်ပေါက်နေပါလျှက် ဆရာ(C)နှင့်(D)တို့သည် ဆရာဟောင်းမဖြစ်ကြ၍ မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးထားရှိသည်ကို မသိနိုင်စရာအကြောင်းမရှိကြောင်းနှင့် မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးကိုစစ်ဆေးရန်ပျက်ကွက်ကြောင်း သုံးသပ်ပြီး အပြစ်ပေးထားကြောင်း

    အကယ်၍သင်သာတရားသူကြီးဖြစ်သည်ဆိုလျှင် ဤအချက်များပေါ်ပေါက်နေပါက စွဲချက်တင်မည်လား?

    စွပ်စွဲခံရသူဆရာ(၂)ဦးစလုံးကိုပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပိုဒ်)နှင့် ပုဒ်မ-၃၀၄(က)တို့အရ  စွဲချက်တင်ခဲ့သည်ဆိုပါစို့။ ဆရာ(၂)ဦးက အပြစ်မရှိကြောင်းငြင်းဆိုပြီး သက်သေအဖြစ် အစစ်ခံခဲ့ကာ တရားခံပြသက်သေများတင်ပြခဲ့ပါတယ်။ တရားခံပြသက်သေများက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ် ထောက် ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေ အများစုရဲ့ထွက်ချက်နဲ့လည်း ထပ်တူဖြစ်နေတာရှိပါတယ်

    ဒီအချက်တွေကိုတရားခံတွေရဲ့ ရှေ့နေကအသေးစိတ်ထောက်ပြပြီးဥပဒေပြဌာန်းချက်၊ စီရင်ထုံးတွေနဲ့ အညီ အပြစ် မပေးထိုက်ကြောင်းလျှောက်လဲ တင်ပြခဲ့တယ်လို့ ဆိုပါစို့။

    တရားရုံးက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)အရအလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ၊ ပုဒ်မ-၃၀၄(က)အရအလုပ်နှင့်ထောင်ဒဏ်(၆)နှစ်စီကို သီးခြားစီကျခံစေရန် အမိန့် ချမှတ်ခဲ့လို့ ဆရာ(၂)ဦး ဟာ ပြစ်ဒဏ်(၈)နှစ်စီကျခံနေရသည်ဆိုပါစို့။

    ဆရာ(၂)ဟာအထက်တရားရုံးအဆင့်ဆင့်သို့ အယူခံနှင့်ပြင်ဆင်မှုတွေ ၀င်ရောက်ရာမှာလည်းပယ်ခြင်း၊ ပလပ်ခြင်းခံရပြီး ယခုအထူးခုံရုံး(စုံညီ) ၀င်ရောက်ခွင့်သာ ကျန်ရှိတော့သည်ဆိုပါစို့။

    ကဲ……ဒီလိုဆို

    – ဒီအဆာက်အဦး(က) မီးလောင်မှုမှာအဆောက်အဦး(၂)ခု၌ တာဝန်မရှိဘဲ သီးခြားစီညအိပ်ခဲ့မိတဲ့ဆရာ (၂)ဦးမှာတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – မီးမလောင်၊ လူမသေတဲ့သီးခြားအဆောက်အဦး(ခ)မှာ တာဝန်မရှိသေးဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(D)မှာ ရောတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – ဆရာ(၂)ဦးမှာအပြစ်မရှိဘူးလို့ယူဆရင် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ? (မဖြေဘဲနေနိုင်ပါသည်။)

    – မီးလောင်၊ လူသေတဲ့အဆောက်အဦး(က) မှာတာဝန်မရှိဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(C)မှာရော တာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – ဒီဆရာ(၂)ဦးဟာမီးစတင်လောင်သည်ဆိုသည့် မီးအားမြှင့်စက်ကိုပေါ့ဆစွာမဆင်မခြင်အသုံးပြုခဲ့ကြ တယ်။ မီးမြှင့်စက်နဲ့ ဒီဇယ်ပုံးကိုစစ်ဆေးရန်ပျက်ကွက်ခဲ့ကြတယ်လို့စွပ်စွဲ၊ သုံးသပ်ချက်ဟာအထက်ပါ ပေါ်ပေါက်ချက်များအရ ခိုင်လုံပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

    – မိဘတွေကကျေအေးလွှာတင်ထားပါလျှက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဘာကြောင့်လို့ထင်ပါလဲ?

    – တစ်ဆက်တည်းဖြစ်တဲ့ဖြစ်ရပ်(၂)ခုအတွက် ပြစ်ဒဏ်ကိုသီးခြားစီကျခံခိုင်းတာရော၊ တရားပါသလား?  မှန်ပါသလား?

    – ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)မှာ မီးကြောင့်လူ့အသက်အန္တရာယ်ဖြစ်စေလျှက် ပြစ်ဒဏ်ပေး ရန်သတ်မှတ် ထားခြင်းဖြစ်ကြောင်း ထင်ရှားနေရာယခုဖြစ်ရပ်မှာလည်း မီးလောင်မှုကြောင့်အသက်ဆုံးရှုံး ရသည့် တစ်ဆက်တည်းဖြစ်ရပ်ဖြစ်ခြင်းကြောင့် ယင်းပုဒ်မဖြင့်သာစီရင်နိုင်ပါလျှက် ပုဒ်မ-၃၀၄(က) လူ သေမှုဖြင့် သီးခြားပြစ်ဒဏ်ထပ်ပေးသင့်ပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

    – ပုဒ်မ-၃၀၄(က)မှာ မီးကြောင့်လူသေစေမှုမဟုတ်ဘဲယင်းပုဒ်မပါ အရမ်း သို့မဟုတ် မဆင်မခြင်ပေါ့လျှော့ သောပြုလုပ်မှုဆိုသည့် စကားရပ်သည် ပုဒ်မ-၂၈၅တွင်ပါဝင်ပြီးဖြစ်ရာ မီးကြောင့်လူသေရခြင်းသည်  ပုဒ်မ-၂၅၈(ဒုတိယပိုဒ်) အပြင်ပုဒ်မ-၃၀၄(က) တွင်ပါအကြုံးဝင်နေပါသလား?

    – စွပ်စွဲခံရသူတွေပြုလုပ်မှုကြောင့်၊ ပေါ့ဆမှုကြောင့်၊ မဆင်မခြင်ပြုလုပ်မှုကြောင့်၊ တရားဝင်တာဝန်ရှိမှု  ကြောင့်မီးလောင်မှု၊ လူသေရမှုဖြစ်ကြောင်းတိုက်ရိုက်မျက်မြင်သက်သေခံချက်မရှိဘဲ ထင်မြင်ချက်၊ ယူဆချက်ဖြင့် ကွင်းဆက်ပြတ်နေသော သက်သေခံချက်ကို ထင်ကြေးဖြင့်ပြစ်ဒဏ်ချမှတ်လျှင် ဥပဒေနဲ့ညီညွှတ်ပါသလား? မှန်ပါသလား? ဘာသာရေးကိုနိုင်ငံရေး အတွက်အလွဲသုံးစားပြုခြင်း ဖြစ်ပါသလား?

    အကယ်၍စာဖတ်သူလူကြီးမင်းသာ ဒီအမှုကိုတရားစီရင်ရမယ်ဆိုရင်ဘ…….

    – လူကိုကြည့်ပြီး၊ စီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီးဆုံးဖြတ်မှာလား? အပြစ်ဒဏ်ချမှတ်မှာလား။?

    – လူကြီးမင်းသာရှေ့နေဆိုရင်ရော ဘာဆက်လုပ်မလဲ။? ဒီပုစ္ဆာကိုဖြေပါ။

    * ထည့်သွင်းလေ့လာသုံးသပ်ရမည့် ဥပဒေပြဌာန်းချက်ကတော့
    ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)
    ပုဒ်မ-၂၈၅(ဒုတိယပိုဒ်)
    (၁) တရားခံသည်မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကို လက်ရှိဖြစ်ခြင်း
    (၂) မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကြောင့် လူ့အသက်အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် လုံလောက်အောင် နေရာတကျမထားဘဲပျက်ကွက်ခြင်း
    (၃) ယင်းပျက်ကွက်မှုသည် သိလျက်နှင့်သော်လည်းကောင်း၊ ပေါ့ဆ၍သော်လည်းကောင်းဖြစ်ခြင်း

    စီရက်ထုံးများ
    (၁) “အခင်းဖြစ်နေရာမှစတင်၍မီးလောင်မှုဖြစ်ပွားသည့် အကြောင်းကြောင့်တရားခံသည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်ဟု ယူဆရန်မဟုတ်ကြောင်း”

    အစိုးရနှင့် မအုန်း၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၁၃၄အမှု။
    အစိုးရနှင့် မောင်စိန်၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၅၆၉အမှု။

    (၂) “တရားခံက အရမ်းပြုမူ၊ ပေါ့လျော့မှု သို့မဟုတ် ပြုသင့်သည်ကိုမပြုဘဲ ပျက်ကွက်မှုကြောင့်ဖြစ်သည် ဟု တရားလိုဘက်မှ သက်သေအထင်အရှားတင်ပြရန်လိုသည်။”
    အစိုးရနှင့်မောင်ဏ(၁၉၀၂-၀၃)၊ အတွဲ-၁၊ အထက်မြန်မာပြည်စီရင်ထုံး၊ ၇ (ပြစ်မှု)။
    မတင်ရွှေနှင့်ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၆၅၀

    ပုဒ်မ-၃၀၄(က)
    “မည်သူမဆိုပြစ်မှုပြစ်ဒဏ်ထိုက်သောလူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော်လည်း၊ အပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သောအရမ်းပြုလုပ်မှုကိုသို့တည်းမဟုတ် ပေါ့လျော့သောပြုလုပ်မှု ကိုပြု၍ လူကိုသေစေလျှင်ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။”

    စီရင်ထုံးများ
    ————–
    (၃) “လူသေသည့်အမှုတိုင်းတွင် တရားခံ၏အရမ်းပြုလုပ်မှုကြောင့်ဖြစ်ရသည် ဟုတထစ်ချ ယူဆရန်မဟုတ်ကြောင်း၊ တရားခံ၏အရမ်း သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုကြောင့်သေဆုံးရကြောင်း သက်သေအခိုင်အလုံတင်ပြရန်လိုကြောင်း၊ ထို့အပြင်အခြားလူ တစ်ဦး၏ပေါ့လျော့မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ တရားခံ၏ပြုလုပ်မှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းပြသရန်လိုသည်။”
    မောင်ဘိုကေနှင့် ပြည်ထောင်စု၊ ၁၉၅၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၀၁(လွှတ်တော်)

    * အရမ်း သို့မဟုတ် ပေါ့လျော့သောပြုလုပ်မှုအဓိပ္ပါယ်
    “အရမ်းသို့မဟုတ်ပေါ့လျော့သော ပြုလုပ်မှုဆိုသည်မှာ ဆင်ခြင်တုံတရားရှိသည့် သာမန်အသိဥာဏ်ရှိသောသူတစ်ဦး၏ ပြုလုပ်မှုမျိုးကို မပြုလုပ်ဘဲပျက်ကွက်ခြင်း သို့မဟုတ် တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌
    ထိုကဲ့သို့သောသူမျိုး ပြုလုပ်လိမ့်မည်မဟုတ်သည့် ပြုမူမှုများကိုပြုလုပ်ခြင်းကို ဆိုလိုသည်။” မောင်ဘိုကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၇၊ မြည်မာပြည်စီရင်ထုံး၊ စာ-၅၆၅

    စီရင်ထုံးများ
    ————–
    (၁) “ပြစ်မှုမြောက်စေမည့်အကြောင်းအင်္ဂါရပ်များစုံလင်အောင် တင်ပြသက်သေထူရန် မူလရုံးတရားလိုဘက်၌ တာဝန်ရှိသည်။ ကွင်းဆက်ပြတ်နေပါက ထိုကွင်းဆက်ကိုထင်ကြေးဖြင့် မဆက်နိုင်ပေ”
    မောင်ဟန်စိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၈၀၊ မတစ၊ ၆(အထူး)

    (၂) “တရားခံသည်၊ တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေမရှိဘဲ သံသယကြောင်းဖြင့် ၎င်းအားပြစ်ဒဏ် စီရင်ခြင်းမပြုနိုင်…”
    အော်ဒရော်ဖမန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ ၅၃၈

    (၃) “လျှောက်ထားသူများသည် အမှန်တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေအထောက် အထားမရှိဘဲ သံသယနှင့်အပြစ်ဒဏ်စီရင်မည့်အစား တရားလိုဘက်မှ တရားခံအပြစ်ရှိကြောင်း သက်သေ
    ထူရန်ပျက်ကွက်သည် ဟု သုံးသပ်၍ တရားခံသက်သာစေမည့် ကောက်ချက်ကို လက်ခံခြင်းဖြင့်ပို၍ တရား မျှတ ရာရောက်မည်။”
    အမ်အေအာ ရာဇ်နှင့် နိုင်ငံတော် (၁၉၇၀၊ အထူးအယူခံအဖွဲ့၊ ၁၆)

    * ၁၉၇၃-ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ-၂၂

    “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအ ရပြစ်မှုမြောက်လျှင် ပြစ်မှု ကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရ”

    ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

  • လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ

    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသည်။

    3069019.large

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ၌လွှတ်တော် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် (၁) ပြည်သူ့လွှတ်တော်၊ (၂) အမျိုးသားလွှတ်တော် (၃) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ပုဒ်မခွဲ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်သို့ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုသော် လည်းကောင်း….. ဟုဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံနိုင်ခြင်း အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေတို့အရ ကန့်ကွက်ခွင့်ရှိသူမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ရွေးကောက်ခံမည့် မဲဆန္ဒနယ်မြေမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကသာ လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    အဆိုပါပြဌာန်းချက် အရ ကန့်ကွက်သူသည် ၎င်းမဲဆန္ဒ နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းသာ ဖြစ်ရမည့် အပြင် ကန့်ကွက်ရာတွင်လည်း လုံလောက်သော အထောက်အထား (Sufficient Documents) များဖြင့် တင်ပြ ကန့်ကွက် ရမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ ခိုင်လုံသော အထောက်အထားမဲ့ ကန့်ကွက်ခွင့်ရှိကြောင်း ပြဌာန်းချက်လုံးဝ မပါရှိပါ။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ကန့်ကွက်သူမှာ (လ.ဝ.က) ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်နေပါက ယင်းကန့်ကွက်ချက်မှာ ဥပဒေနှင့်အညီ ညီညွတ်ခြင်း မရှိကြောင်း မြင်သာပါသည်။ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကသာ စိစစ်ပြီး အမိန့် ချမှတ်နိုင်ပါသည်။

    ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံသားဖြစ်မှု ပုဒ်မ-၁၀ ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်။သီခြားနိုင်ငံသားဟူ၍ မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာရှိရမည် ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် ထိုဥပဒေကို ပြဌာန်း အတည်ပြုချိန်က နိုင်ငံခြားသား မဟုတ်သော၊ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သော၊ နိုင်ငံသားအဖြစ် ရွေးချယ်ရန် မလိုအပ်သောသူအားလုံး နိုင်ငံသားဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ခုနှစ်အရ ထင်ရှားပါသည်။ နိုင်ငံခြားသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုလိုနီ အုပ်ချုပ်ရေးခေတ် ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ (The Foreigners Act) ကို ပြဌာန်းခဲ့ပါသည်။

    ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ ခရီးသွားခြင်းတို့ကို တားဆီးရန် အတွက် ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ (၁) ၌ “နိုင်ငံခြားသား “ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟု အတိအလင်းပြဌာန်း ထားပါသည်။ ယင်းဥပဒေပုဒ်မ ၆ တွင် ပုဒ်မ(၅) အရ ကြေငြာထားသည့် အရပ်ဒေသသို့ ရောက်ရှိ လာသော နိုင်ငံခြားသားများသည် ယင်းဥပဒေအရ ခန့်အပ်ထားသော အရာရှိထံ သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းဥပဒေအရ အဆိုပါ နိုင်ငံခြားသားကို လတ်မှတ်ထုတ်ပေးရပြီး၊ လတ်မှတ်မပါဘဲ သွားလာနေထိုင်သူ နိုင်ငံခြားသားများအား မည်သို့ အရေးယူနိုင်ကြောင်း ပြဌာန်းထားပါသည်။ ဖောက်ဖျက်သူနိုင်ငံခြားသားအား ပြည်နှင်နိုင်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံလူဦးရေကို ယနေ့လူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားကို မည်သို့ထိန်းချုပ်ခဲ့ကြောင်း မြင်သာပါသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသား လက်မှတ် မကိုင်ဆောင်သောသူများကို နိုင်ငံသားအဖြစ် မှတ်ယူနိုင်ကြောင်း မြင်သာပါသည်။

    ၁၉၄၀ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၇ဖြင့် (၂၃.၃.၁၉၄၀) ရက်တွင် နိုင်ငံခြားသားများ မှတ်ပုံတင်အက်ဥပဒေ (The Registration of Foreigners Act) ကို (၂၈.၃.၁၉၄၀) ရက်တွင် အာဏာ တည်စေခဲ့ပါသည်။ လွတ်လပ်ရေး မတိုင်ခင်ကာလဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၂ (က) တွင် “နိုင်ငံခြားသား” ဟူသည် နိုင်ငံခြားသားများဥပဒေ (၁၈၆၄) တွင် အဓိပယ် ဖော်ပြထားသည့် “နိုင်ငံခြားသား” ကို ဆိုလိုကြောင်း အတိအလင်းပြဌာန်းထားပါသည်။ ယင်းဥပဒေအရ ထိုအချိန်က မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံခြားသားများ မှတ်ပုံတင်ပြီးဖြစ်ရာ နိုင်ငံခြားသား မှတ်ပုံတင်မကိုင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၀ အရ တစ်မျိုးတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ နိုင်ငံခြားသား မဟုတ်ကြောင်း သက်သေ ထင်ရှားပြနိုင်သူများသည် နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ဥပဒေအရ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ လွတ်လပ်ရေး ကာလဖြစ်ပါသည်။ ယင်း ဥပဒေသည် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ (၄.၁.၁၉၄၉) ရက်တွင် စတင်အာဏာတည်ခဲ့ပါသည်။ ယင်းနည်း ဥပဒေ အရ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်သော နိုင်ငံခြားသားများကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားသား မှတ်ပုံတင် မကိုင်ဆောင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ နိုင်ငံသားများသာဖြစ်ကြောင်း မြင်သာပါသည်။

    ထို့နောက် (၁၉၄၇) ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်) များ အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေ ပုဒ်မ-၂ (င) အရ “နိုင်ငံခြားသား” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သဖြင့် ထိုအချိန်က ရ နိုင်ငံခြားသားမဟုတ်သူများသည် “နိုင်ငံသား” ဖြစ်ကြောင်း မြင်သာပါသည်။ ယင်းဥပဒေပုဒ်မ-၂ (ဆ) အရ နိုင်ငံခြားသားများအား “ပြည်တွင်း ဝင်ရောက်နေထိုင်ခွင့် လက်မှတ်”  ထုတ်ပေးသဖြင့် ယင်းလတ်မှတ် ကိုင်ဆောင်သူ မဟုတ်သူများသည် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထိုအချိန်အထိ နိုင်ငံသားများသည် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ရခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။

    ဤကဲ့သို့ မြန်မာနိုင်ငံတွင် “နိုင်ငံသား” နှင့် “နိုင်ငံခြားသား” ကွဲပြားစေရန် ၁၈၆၄- ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေမှသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပြဌာန်းပြီး စတင် အာဏာတည်သည့် (၄-၁-၁၉၄၉) ရက်ထိ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံသား လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) အရ နိုင်ငံသားအဖြစ် တရားဝင်ရပ်တည်နေသူများ ဖြစ်ပါသည်။

    ၎င်းနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ တွင် အဆိုပါ မှတ်ပုံတင် စာရင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်စာရင်းဟုခေါ်တွင် ရမည်ဖြစ်ကြောင်း ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားများရှိရာ နိုင်ငံခြားသားမဟုတ်သူများအား မည်သူဖြစ်ကြောင်း သက်သေခံကဒ်ပြားထုတ်ပေးရန် ပြဌာန်းထားပါသည်။ ပုဒ်မ-၇ အရ သက်သေခံကဒ်ပြားတွင် အမည် ကျား/မ၊ အသက်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာတိုင်းပြည်၊ နိုင်ငံသားစသည့် အကြောင်းအရာ ဖော်ပြချက်များကို ရေးသွင်းရပါသည်။ အမျိုးသား မှတ်ပုံတင်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်အရ နိုင်ငံခြားသား မဟုတ်ကြောင်း ထင်ရှားနေရာ ထိုသူများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း ထင်ရှားသည်။

    ၁၉၁၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေဒပုဒ်မ-၂ (ဃ) အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား (အမျိုးသားမှတ်ပုံတင်) ထုတ်ပေးပါသည်။ ပုဒ်မ ၈ (၁) အရ မှတ်ပုံတင်စာရင်းပုံစံ-၁ ပြုလုပ်ပါသည်။ ပုဒ်မ- ၁၂ (၁)အရ အသက် (၁၂) နှစ်ပြည့်ပြီးသူအားသက်သေခံကဒ်ပြား ထုတ်ပေးပါသည်။ အဆိုပါ သက်သေခံကဒ်ပြားသည် နိုင်ငံခြားသားကို ထုတ်ပေးခြင်းမရှိပါ။ ပုဒ်မ-၃၃ ၌ အထက်ပါနည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံခြားသားများသည် နည်းဥပဒေ ၂၉၊၃၁ မှတစ်ပါး အခြားဥပဒေများနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားပါသည်။

    ယင်းဥပဒေပုဒ်မ ၃၃ (က)(ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင်နည်း ဥပဒေများအရ မှတ်ပုံတင် ထားသည့် နိုင်ငံခြားသားများသည် ဤနည်းဥပေ ဒအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားဖြစ်သည်ဟု ဆိုလိုခြင်းကြောင့် နိုင်ငံခြားသား မှတ်ပုံတင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    နိုင်ငံခြားသားများမှတ်ပုံတင်သည့် နည်းဥပဒေများ အရ ထုတ်ပေးသည့် သက်သေခံလတ်မှတ်သည် ဤနည်းဥပဒေအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြား ဖြစ်သည်ဟုဆိုလိုခြင်းကြောင့် နိုင်ငံခြားသားမှတ်ပုံ တင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံ ကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။

    ၎င်းနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စုသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် – ၂၆ ကို (၃.၈.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ မတိုင်မီအချိန်ထိ ၁၉၄၉ ခုနှစ်အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေတို့အရ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြားကို မည်သူ့ကိုမျှ ထုတ်ပေးခြင်း မရှိသေး၍ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူများမှအပ ကျန်နိုင်ငံသားများ မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခွင့်မရှိသေးကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားမှတ်ပုံတင် (၃-ခေါက်ချိုး) ကို ၁၉၅၆ ခုနှစ်ခန့်ကမှ ထုတ်ပေးသည်ဟု သိရပါသည်။ မှတ်ပုံတင်မရမီသေဆုံးသူများ၏ အထောက်အထားကို တင်ပြနိုင်မည် မဟုတ်သကဲ့သို့ သေဆုံးသည့်အခါ သက်ဆိုင်ရာသို့ အပ်လိုက်ရသူများ၏ အထောက်အထားကိုလည်း တင်ပြနိုင်မည် မဟုတ်ကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန် ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား ခံယူလိုသော နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထား ခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသား လက်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေ ပုဒ်မခွဲ (က) (ခ)(ဂ)(ဃ) (င) နှင့်ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန်ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသားခံယူလိုသော နိုင်ငံသားမဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထားခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသားလတ်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)နှင့် ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။

    ထိုသို့လျှောက်ထားခွင့်ရှိသူများသည် နိုင်ငံခြားသားများသာဖြစ်ကြောင်း ၁၉၄၈-ခုနှစ် နိုင်ငံသားရွေးချယ်ရေးဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ(၃) အရထင်ရှားပါသည်။ ပုဒ်မခွဲ(၃) တွင်လျှောက်ထားသူသည် နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်း မြန်မာနိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း ကျမ်းကျိန် သစ္စာပြုရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရ သိသာထင်ရှားပါသည်။

    ထို့နောက် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၁၉၄၈-ခုနှစ် အက်ဥပဒေ အမှတ်- ၆၆) ကို (၄.၄.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ-၃(၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၁ (က) အလို့ဌာ တိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ၁၉၄၈ခုနှစ် မြန်မနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၁) တွင် ဖော်ပြထားသော လူမျိုးအမည်များ အပြင် ၁၈၂၃-ခုနှစ်မတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများသည်လည်း “မြန်မာနိုင်ငံ တိုင်းရင်းသား” ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဆိုသည်မှာလည်း ယခုတည်ရှိသော နယ်မြေမဟုတ်ဘဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နယ်မြေများကို ရည်ညွှန်းကြောင်းလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) အရမြင်သာပါသည်။ ထိုနယ်မြေဆိုသည်မှာ ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏပျံ့နှံ့ရာနယ်မြေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတော်လွတ်လပ်ရေးအက်ဥပဒေပူဒ်မ-၂(၂) တွင်ဖော်ပြထားသော နယ်မြေများကို ဆိုလိုပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂ (က) အရ “ယခင်ကဘုရင်ခံမှ တဆင့်ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သည်” ဟုဆိုထ်ားပါသည်။

    ထို့ကြောင့် ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁) အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နိုင်ငံသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားများ အဖြစ် တည်ရှိနေသည်ဟု ပြဌာန်းချက် အရလည်း နိုင်ငံသားဖြစ်မှုမှာ အလွန်ရှင်းလင်းပါသည်။ ယင်းဥပဒေများအရ တိုင်းရင်းသားဖြစ်ခွင့်ပင်ရှိသူများကို နိုင်ငံသားခွဲခြားရန် မသင့်ကြောင်း မြင်သာပါသည်။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) ပါနယ်မြေတွင် မွေးဖွားခဲ့သူများသည် ပုဒ်မ-၁၁(ခ) အရ မြန်မာနိုင်ငံတွင်ပါဝင်လတ္တံသော အာဏာ ပိုင်နက်တွင်မွေးဖွားသူများပင် ဖြစ်ပါသည်။ ထိုသူများသည် ပုဒ်မ-၁၁(ဂ) ပါ အာဏာပိုင်နက်တွင် မွေးဖွားသူအဖြစ်လည်း အကျူံးဝင်ပါသည်။ ပုဒ်မ-၁၁(ဃ) အရ အဆိုပါ အာဏာပြန့်ရာနယ်မြေတွင် မွေးဖွားခဲ့ပြီး ယင်းအခြေခံဥပဒေ အာဏာတည်သည့်နေ့ရက် မတိုင်မီ သို့မဟုတ် ၁-၁-၁၉၄၂ ရက်မတိုင်မီ (၁၀) နှစ်အတွင်း အနည်းဆုံး ၈-နှစ် ထို အာဏာပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထာဝရနေထိုင်ရန်ကြံရွယ်၍ နိုင်ငံသား အဖြစ်ရွေးချယ်သူတိုင်းသည်လည်း နိုင်ငံသားဖြစ်ပါသည်။

    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂)အရ၊ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်နေထိုင်ခဲ့သည့် အပြင် မိမိ၏မိဘနှစ်ပါးနှင့် တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဟု မှတ်ယူရမည်ဟု ပြဌာန်းချက်အရ ပြည်ထောင်စု နယ်မြေ တစ်ခုခုတွင် အဘိုး၊အဘွားတို့သည် ပင်ရင်းတိုင်ပြည်အဖြစ် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက်နေထိုင်လာ ခဲ့သည့် အပြင် မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့လျှင် နိုင်ငံသားပင် စီစစ်ရန် အကြောင်းမရှိတော့ဘဲ ယင်းဥပဒေပြဌာန်းချက် အရ မြန်မာနိုင်ငံသားဖြစ်ပြီးသူများသည် ယခုလည်း နိုင်ငံသားပင်ဖြစ်ကြောင်း ထင်ရှားနေပါသည်။

    ထို့ပြင်၁၉၄၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က)(ခ)(ဂ) တို့အရ မွေးဖွားသူများသည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က) အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးမှ မြန်မာနိုင်ငံသား မိဘ တစ်ပါးပါးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွေးဖွားသူသည်လည်း နိုင်ငံသားဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၄၆၌ နိုင်ငံသားဖြစ်ပြီးသူများ အားလုံး နိုင်ငံသားပင်ဖြစ်ကြောင်း ပြဌာန်းချက် အရ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက အထက်ဖော်ပြပါ ဥပဒေများ အရ နိုင်ငံသားဖြစ်ပြီးသူများအား နိုင်ငံသားစီစစ်ရန်ပင် မလိုတော့ဘဲ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့ကြောင့် ထိုသူများနှင့်မိဘနှစ်ပါးအား ၁၉၈၂-ခုနှစ်တွင် နိုင်ငံသား ဥပဒေဖြင့် စီစစ်ရန် မလိုကြောင်း မြင်သာပါသည်။

    လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀ (င) အရ၊ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရဟူသည့် ပြဌာန်းချက်သည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်။ အတိအလင်းနိုင်ငံခြားသားဖြစ်သော မိဘများနှင့်သာ သက်ဆိုင်စေသင့်ပါသည်။ ပုဒ်မ-၈ (က)(ခ)(ဂ) ပါ အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်းချက် အရ (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ယင်းဥပဒေအရ ၁၉၈၉၊ ၁၉၉၀ ခုနှစ်ခန့်က နိုင်ငံသားစီစစ်ခြင်းမပြုမီ ကွယ်လွန်ခဲ့ကြသော အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာ ရှိပါသည်။ အမျိုးသားမှတ်ပုံတင် မပေါ်သေးခင်က ကွယ်လွန်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာလည်း ရှိပါသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ခံ ပိုင်ခွင့်ပြုသည်ဆိုလျှင် အလားတူအခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။

    သာဓကအားဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကာလ (၂၀၁၅) ခုနှစ်တွင် အသက်(၇၀) ခန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအား ၎င်း၏မိဘနှစ်ပါးက ၎င်းအား (၁၉၄၅)  ခုနှစ်ခန့်က မွေးဖွားရမည်ဖြစ်ပါသည်။ ၎င်းကိုမွေးဖွားပြီးနောက် အမျိုးသားမှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်းမတိုင်မီ ၎င်းမိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် မည်သည့် အထောက်အထားမျှ ရှိမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အဆိုပါကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါး၏ မိဘများဖြစ်ကြသော ဘိုးဘွားများမှာ ပို၍ပင် အထောက်အထားရှိရန် အကြောင်းရှိမည် မဟုတ်ပါ။

    ထို့ကြောင့်၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေအရ လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း မှတ်ယူနိုင်သည်ဖြစ်ရာ၊ ၎င်းအားမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြောင်း ထင်ရှားနေပါ သဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ၊ပုဒ်မ-၈ (ခ) နှင့် ညီညွတ်ပါသည်။ ပုဒ်မ-၁၀ (ခ) နှင့် ငြိစွန်းခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။

    သို့ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားဖြစ်ရမည်ဆိုသည့် ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်သည် ယခင်တည်ရှိခဲ့ပြီးသော ဥပဒေများနှင့် ဝိရောဓိမဖြစ်စေရန်နှင့် ယင်းဥပဒေများအရ ရရှိပြီးဖြစ်သော နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေသင့်ကြောင်း တင်ပြအပ်ပါသည်။

  • ကာကွယ်ခုခံ ပိုင်ခွင့်ဆိုင်ရာ ဥပဒေများ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ပြသူ … ကိုကိုလတ်

    နိုင်ငံသားတိုင်း ဥပဒေအသိပညာများကြွယ်ဝနိုင်ရန် ဥပဒေပြဌာန်းချက်များကို အသိပေး ဖြန့်ဝေပေးခြင်း

    the law of self defence

    ကျွန်တော်သည်အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော်၏ ဘိုးဘွားဘီဘင် အဆက်ဆက်သည် မြန်မာနိုင်ငံ တွင်နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာပင် ကွယ်လွန်သေဆုံးခဲ့ကြပြီး ဖြစ်ပါသည်။

    ကျွန်တော်လည်းမြန်မာနိုင်ငံတွင် မွေးဖွားခဲ့သောကြောင့် မြန်မာနိုင်ငံကို ချစ်ပါသည်။ မြန်မာနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူပါသည်။

    မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့အစားအစာ၊ မြန်မာ့ဝတ်စားဆင်ယင်မှု၊ မြန်မာ့ရိုးရာ ဓလေ့ထုံးထမ်းများနှင့် မြန်မာ့တောတောင်ရေမြေ သဘ၀ရှုခင်း အလှများကို အလွန်မြတ်နိုးပါသည်။ နှစ်သက်ပါသည်။ မြန်မာ့ရေကိုသောက်သုံးပြီး မြန်မာ့လေကို ရှုရှိုက်ရင်း ရှင်သန်ခွင့်ရခဲ့ သည့် အတွက် ကျေးဇူးရှင် အမိမြေကို လွန်စွာသံယောဇဉ်ကြီးမား တွယ်တာသူတစ်ဦးလည်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင်ခေတ် အဆက်ဆက်မှ မှီတင်းနေထိုင်လာကြကုန်သော လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းရင်းသားပေါင်းစုံ ညီအစ်ကိုမောင်နှံမ များ အေးချမ်းစွာ အတူ လက်တွဲနေထိုင်ရေးမူကို လက်ခံထားပြီး ငြိမ်းချမ်းရေးကို အစဉ်လို လားသူ တစ်ဦးဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် နိုင်ငံတော်အစိုးရကသတ်မှတ်ပြဌာန်းထားသော ဥပဒေကို လေးစားလိုက်နာရန် တာဝန်ရှိပါသည်။

    Ignorance Of Law Is No Excuse ဟူသော အင်္ဂလိပ်အဆို အမိန်အရ ဥပဒေကို နားမလည်၍ပြစ်မှုကျူးလွန်မိပါသည်ဟု မည်သူမျှ ခုခံချေပ ခွင့်မရှိသကဲ့သို့ ဥပဒေပြဌာန်းချက်များရှိပါလျက် ထိုဥဒေ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့လျှင်ချိုးဖောက်သူအား ဥပဒေအရအရေးယူရမည်သာဖြစ် ပါသည်။

    ယခုအခါ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သောနိုင်ငံသားတိုင်း မသိမဖြစ်သော ဥပဒေပြဌာန်းချက် များကို နားလည် သဘောပေါက်ရန် အရေးပါသည့် အချိန် ကာလသို့ရောက်ရှိနေပြီဖြစ်သည်ကို ကျွန်တော်တွေးမြင်ခံစားမိပါသည်။
    ဥပဒေပြဌာန်းချက်များသည် သက်ဆိုင်ရာ ဥပဒေစာအုပ်များတွင် ပြဌာန်းပါရှိ ပြီးဖြစ်ပါသည်။

    ဥပဒေပညာပေးစာစောင် များ၊ စာအုပ်များ၊ မဂ္ဂဇင်းများ၊ စာတမ်းများကိုနေ့စဉ်နှင့်အမျှ ရေးသားဖော်ပြနေကြသည်ကိုလည်း လေ့လာတွေ့ရှိနေရ ပါသည်။

    သို့သော်လည် နေ့စဉ်တဒူဝ မိမိတို့ ၀မ်းစာရှာဖွေရေးအတွက် ဆင်းရဲ၊ ချမ်းသာမရွေး လူတန်းစားအားလုံးဘ၀ကို နေ့စဉ် ရုန်းကန် လှုပ်ရှားနေရသောကြောင့် အထက်ပါဥပဒေပြဌာန်းချက်များကို ကျကျနန၊ ဃဃ နန လေ့လာနိုင်ရန် မှာ မလွယ်ကူလှပါ။

    အထက်တွင်ကျွန်တော်ရေးသားထားသည့် အတိုင်း ‘Ignorance Of Law Is No Excuse’ ဟူသော အဆိုအမိန့်မှာ ပြင်သစ် ဥပဒေအဆို အမိန့်ကို အင်္ဂလိပ် ဘာ သာဖြင့်ရေးသား ထားသော်လည် တရားဥပဒေ စိုးမိုးသောနိုင်ငံတိုင်း၏နိုင်ငံ သားတိုင်း အတွက် ဤမူ သဘောတရားမှ အကြုံးဝင်နေပါသည်။

    မြန်မာနိုင်ငံတွင်လည်း ဥပဒေကိုမသိ၍ ကျူးလွန်မိရပါသည်ဟုထုချေခွင့် မရှိကြောင်းကို ကျွန်တော်နားလည်းထားပါသည်။ သို့ဖြစ်ပါ၍နိုင်ငံသား အားလုံး ဥပဒေပြဌာန်း ချက် များကို ဖတ်ရှုနား လည်ထားပြီးဖြစ်စေ၊ မဖတ်ရှုမလေ့လာ ရသေးဘဲရှိနေသည် ဖြစ်စေ နိုင်ငံသားအားလုံး ဥပဒေကိုနားလည်ပြီး ဖြစ်သည်ဟု မှတ်ယူရပါသည်။

    အထက်ပါဥပဒေပြဌာန်းချက်ပေါင်းမြောက်မြားစွာအနက် ယခုခေတ်ကာလ အခြေအနေ၊ Hate Speech ဟူသော အမုန်းတရားဟောပြောချက်များ၊ လှုံ့ဆော်မှုများနှင့် မင်းမဲ့စရိုက် ဆန်စွာပြုလုပ်မှုများလျော့ပါးသွားစေရန် ရည်ရွယ်သည်က တစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ နိုင်ငံသားများအား ပြဌာန်းဥပဒေများကို လေးစားလိုက်နာရန် တိုက်တွန်းနှိုးဆော်ချက်များ ကိုတက်ကြွစွာ ကူညီဆောင် ရွက်ပေးလိုသော ဆန္ဒပြင်းပြလာသည်ကတစ်ကြောင်း ထို့ကြောင့်၊ လက်ရှိမြန်မာနိုင်ငံ၏ ခေတ်ကာလ အခြေအနေပေါ်မူတည်ပြီး၊ နိုင်ငံသားတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး၊ မတူကွဲပြားခြားနား သော ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုရှိသူ မရွေးအားလုံးသို့ အောက်ပါ ဥပဒေပြဌာန်းချက်အချို့ကို ကျွန်တော်၏ facebook မှ တဆင့် ဖြန့်ဝေလိုက်ရပါသည်။

    ဤဥပဒေပြဌာန်းချက်များကို နိုင်ငံသားတိုင်း အသေးစိတ်လေ့လာဖတ် ရှု မှတ်သားပြီး ဥပဒေပြဌာန်းချက်ဘောင်ကို မကျော်လွန်မိစေရန်နှင့် ဥပဒေပြဌာန်း ချက်များအရ အကာအကွယ် ပေးထားသော အခွင့်အရေးများကို အပြည့်အ၀အသုံး ချနိုင်ကြစေရန် ဥပဒေပညာကို တစ်ဆင့်ဖြန့်ဖြူးတင်ဆက်လိုက်ရပါသည်။

    ကျွန်တော်၏တင်ပြချက်မှာ တရားဥပဒေစိုးမိုးရေး ကို အမြဲထာဝစဉ်ေ ဟာပြောဆွေနွေးရှင်းလင်းလျက်ရှိပြီး နိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းစွာဖြင့် တိုးတက်ဖွံ့ဖြိုးစေလို သောနိုင်ငံတော် အစိုးရအတွက်လည်း တစ်ဘက်တစ်လမ်းမှ ကူညီပံ့ပိုးပေးရရောက်နိုင်မည်ဟု အပြည့်အ၀ယုံကြည်ပါသည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၄)
    ====================================

    ကာကွယ်ခုခံပိုင်ခွင့်
    ———————-
    ၉၆။ ။ ကာကွယ်ခုခံရာတွင်ပြုလုပ်မှု။
    ကာကွယ် ခုခံပိုင်ခွင့် အရပြုသော ပြုလုပ်မှုသည် ပြစ်မှုမမြောက်။

    ၉၇။ ။ လူ့ကိုယ်နှင့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်

    ပုဒ်မ ၉၉ ပါ ကန့်သတ်ချက်များကို မဆန့်ကျင်ဘဲ မည်သူမဆို –
    ပဌမ။ ။ လူ့ကိုယ်ကို ထိခိုက် ကျူးလွန်သည့် ပြစ်မှုကို တားဆီးရန် မိမိကိုယ်နှင့် အခြားသူ၏ ကိုယ်ကို ကာကွယ်ခုခံ ပိုင်ခွင့်ရှိသည်။

    ဒုတိယ။ ။ ခိုးမှု၊ သို့တည်းမဟုတ် လုယက်မှု၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်းမဟုတ် ရာဇ၀တ်ပြစ်ဒဏ် ထိုက်သောကျော်နင်းမှု ကိုသော်လည်းကောင်း၊ အဆိုပါပြစ်မှုမျိုးကို ကျူးလွန်ရန် အားထုတ်ခြင်းကိုသော် လည်းကောင်းတားဆီးရန် မိမိပိုင်ဖြစ်စေ၊ သူတစ်ပါးပိုင်ဖြစ်စေ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို၊ သို့တည်း မဟုတ် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ၉၈။ ။ စိတ်ပေါ့သွပ်သူ စသည်တို့၏ ပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်။
    ပြုလုပ်မှုတခုသည် အသက်ငယ်ခြင်း၊ အမြော်အမြင် အဆင်အခြင် မပြည့်စုံသေးခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ မူးယစ်ခြင်း၊ ကြောင်းခြင်းရာ အမှန်မသိခြင်း တစ်ခုခုကြောင့်သာ ထိုပြုလုပ်မှုကို ပြုသူအတွက်ပြစ်ဒဏ်မထိုက်သော် လည်း၊ မည်သူမဆို ထိုပြုလုပ်မှုကို တားဆီးရန်ပြစ်မှုမြောက်သော ပြုလုပ်မှု ဖြစ်ဘိသကဲ့သို့ ကာကွယ်ခုခံပိုင်ခွင့်ရှိ သည်။

    ဥပမာများ

    (က) မောင်မဲသည် ရူးသွပ်နေခိုက် မောင်ဖြူကို သတ်မည်ဟု အားထုတ်၏။ မောင်မဲ၌အပြစ်မရှိ၊ သို့ရာတွင် မောင်မဲမရူးသွပ်လျှင် မောင်ဖြူမှာ ကာကွယ်ခုခံပိုင်ခွင့်ရှိသကဲ့သို့ ဤကိစ္စတွင်လည်း ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    (ခ) မောင်ဖြူသည် ဥပဒေနှင့်အညီ ၀င်ခွင့်ရှိသော အိမ်တစ်အိမ်ထဲသို့ ညဥ့်အခါဝင်ရောက်၏ မောင်မဲက မောင်ဖြူကို အိမ်ဖောက်ထွင်းသူဖြစ်မည်ဟု သဘောရိုးနှင့်ထင်၍ မောင်ဖြူအား အန္တရာယ်ပြု၏။ ဤတွင်မောင်မဲမှာ ကြောင်းခြင်းရာ အမှန်ကို မသိခြင်းကြောင့် မောင်ဖြူအား အန္တရာယ်ပြုသော်လည်း ၊ ပြစ်မှုကျူးလွန်ရာမရောက်၊ သို့ရာတွင် မောင်မဲသည် အကြောင်းခြင်းရာ အမှန်ကိုသိလျက်နှင့် အန္တရာယ်ပြုဘိသကဲ့သို့၊ မောင်ဖြူမှာမောင်မဲ၏ အန္တရာယ်ပြုခြင်းကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ၉၉။ ။ ကာကွယ်ခုခံပိုင်ခွင့် မရှိသည့် ပြုလုပ်မှုများ။

    သေဘေးဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန် နာကျင်စေရန်သော်လည်းကောင်းစိုရိမ်လောက်ဘွယ်ရာ အကြောင်း ယုတ္တိမရှိသောပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းကပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ပြုလုပ်လျှင်၊ သို့တည်းမဟုတ်ပြုလုပ်ရန် အားထုတ်လျှင်၊ ထိုသို့ပြုလုပ်ခြင်း၊ အားထုတ်ခြင်းတစ်ခုခုမှာ ဥပဒေအရ ပြုပိုင်ခွင့်အတိ အကျမရှိသော်လည်း၊ ထိုပြုလုပ်မှု၊ အားထုတ်မှုတစ်ခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

    သေဘေးကို ဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန်သော် လည်းကောင်း စိုရိမ်လောက်ဘွယ်ရာ အကြောင်း ယုတ္တိမရှိသောပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ညွှန်ကြား သည့်အတိုင်း တဦးတစ်ယောက်ကပြုလုပ်လျှင်၊ သို့တည်းမဟုတ် ပြုလုပ်ရန်၊ အားထုတ်လျှင်၊ ထိုညွှန်ကြားချက်မှာ ဥပဒေအရပြုပိုင်ခွင့် အတိအကျမရှိသော်လည်း၊ ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

    ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံမှ အကာအကွယ်အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့်အချိန်ရှိသည့် ကိစ္စများ တွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

    ကာကွယ်ခုခံပိုင်ခွင့်ကို မည်မျှ ဆောင်ရွက်နိုင်ခြင်း။
    ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသော သဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည် ထက်ပို၍ပြုခွင့်မရှိ။

    ရှင်းလင်းချက် ၁။ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ပြုသော၊ သို့တည်းမဟုတ် ပြုရန်အား ထုတ်သောသူ သည် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု အပြုခံရသူကမသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင်၊ ထိုသူ သည် ထိုပြည်သူ့ဝန်ထမ်း၏ ပြုလုပ်မှုကို ၊ သို့တည်းမဟုတ် အားထုတ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ရှင်းလင်းချက် ၂။ ပြုသူသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ညွှန်းကြားချက်အရပြုသည်ကိုသော် လည်းကောင်း၊ အားထုတ်သည် ကိုသော် လည်းကောင်း အပြုခံရသူကမသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင်၊ သို့တည်းမဟုတ် မည်သည့် အာဏာအရ ပြုကြောင်းကို ပြုသူကမပြောမဆိုလျှင်၊ သို့တည်း မဟုတ် အာဏာကိုစာဖြင့် ပေးထားရရှိပါလျက် ထိုစာကို တောင်ဆိုသည့်အခါ မပြလျှင်၊ အပြုခံရသူသည် အဆိုပါပြည်သူ့ ၀န်ထမ်း၏ ညွှန်ကြားချက်အရ ပြုသည်ကို သို့တည်မဟုတ် အားထုတ်သည်ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ၁၀၀။ ။ လူကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူသေစေရန် ပြုလုပ်နိုင်ခြင်း။

    အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတခုခုကို အန္တရာယ်ပြုသူကကျူးလွန်ခဲ့လျှင်၊ တဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ ထိုအန္တရာယ်ပြုသူကို သေစေရန် သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တခုခုဖြစ်စေရန်သော်လည်းကောင်း၊ မည်သူမဆို၊ မိမိအလိုအလျောက်ပြု ၍ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ပဌမ။ ။ မကာကွယ်မခုခံလျှင်၊ သေဘေးသို့ရောက်စေခြင်းအတွက် စိုးရိမ်ဘွယ်ရာဖြစ်လောက်အောင် အကြောင်းရှိ သည့် လက်ရောက်မှု။

    ဒုတိယ။ ။ မကာကွယ်မခုခံလျှင်၊ အပြင်းအထန် နာကျင်စေခြင်းအတွက် စိုးရိမ်ဘွယ်ရာဖြစ်လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု။

    တတိယ။။ မုဒိမ်းကျင့်ရန် အကြံအစည်နှင့် ကျူးလွန်သည့် လက်ရောက်မှု။

    စတုတ္ထ။ ။ ကာမရာဂစိတ်ကို ဓမ္မတာအတိုင်းမဟုတ်ဘဲ ရောင့်ရဲအောင်ပြုလုပ်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရာရောက်မှု။

    ပဉ္စမ။ ။ လူကိုခိုးယူရန်အကြံနှင့်သော်လည်းကောင်း၊ သွေးဆောင်ခေါ်ငင်ရန်အကြံနှင့်သော်လည်းကောင်း ကျူးလွန်သည့် လက်ရောက်မှု။

    ဆဋ္ဌမ။ ။ လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့်မရနိုင်ဟု စိုးရိမ်ဘွယ် ရာ ဖြစ်လောက်အောင်အကြောင်းကို ဖြစ်စေ ပြီးလျှင်၊ တစ်ဦးတစ်ယောက်သောသူအားမတရားချုပ်နှောင်ထားရန် အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

    ၁၀၁။ ။ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် မည်သည့်အခါတွင်သေစေခြင်းမှ တပါး၊အခြားဘေးအန္တရာယ်ဖြစ်စေရန် ပြုနိုင်ခြင်း။

    တဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသော အန္တရာယ်ပြုသူက ပြစ်မှုများအနက် တခုခုကို ကျူးလွန်ခဲ့သည်မဟုတ်လျှင်၊ ထိုအန္တရာယ်ပြုသူ သေအောင်မည်သူမဆို၊ မိမိအလိုအလျောက်လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်မရှိ၊
    သို့ရာတွင် ပုဒ်မ ၉၉တွင် ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ အန္တရာယ်ပြုသူကို သေစေခြင်းမှတပါး၊ အခြားဘေးန္တရာယ်ဖြစ်စေရန် မည်သူမဆို၊ မိမိအလိုအလျောက်ပြု၍၊ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ၁၀၂။ ။လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်စတင်ဖြစ်ပေါ်သည့် အခါနှင့်ဆက်လက်တည်ရှိနေမည့်ကာလအပိုင်းအခြား။

    ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း ပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှု မှသော်လည်းကောင်း၊ ခြိမ်းချောက်မှုမှ သော်လည်းကောင်း၊
    လူ့ကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေမှုအတွက် စိုးရိမ်ဘွယ်ရာအကြောင်းပေါ်ပေါက်လာ သည်နှင့် တပြိုင်နက် လူ့ကိုယ်ကို ခုခံပိုင်ခွင့်သည် စတင်ဖြစ်ပေါ်လာသည်။

    ထို့ပြင် အဆိုပါ ဘေးန္တရာယ်အတွက် စိုးရိမ်ဘွယ်ရာ အကြောင်းဆက်လက်တည်ရှိနေသမျှကာလပတ်လုံး လူ့ကိုယ်ကိုကာကွယ် ခုခံပိုင်ခွင့်သည် ဆက်လက် တည်ရှိလျက်နေသည်။

    ၁၀၃။ ။ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူကို သေစေရန် ပြုနိုင်ခြင်း။
    အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကို မတော်မမှန်ပြုသူကကျူးလွန်လျှင်၊ သို့တည်းမဟုတ် ကျူးလွန် ရန် အားထုတ်လျှင်၊ ပုဒ်မ-၉၉ တွင်ဖော်ပြထားသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ၊ ထိုမတော် မမှန်ပြုသူကို သေစေရန်သော် လည်းကောင်းအခြားဘေ အန္တရာယ်ဖြစ်စေရန်သော်လည်းကောင်း၊ မည်သူမဆို၊ မိမိအလို အလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ပဌမ။ ။ လုယက်မှု၊
    ဒုတိယ။ ။ ညဥ့်အခါ အိမ်ဖောက်ထွင်းမှု။
    တတိယ။ ။ လူနေရန်ဖြစ်စေ၊ ဥစ္စာပစ္စည်းထားသိုရန်ဖြစ်စေ အသုံးပြုသည့် တိုက်အိမ်စသည့်အဆောက်အုံ၊ တဲ ရေယာဉ်တခုခုတွင် ကျူးလွန်သည့် မီးဖြင့် အကျိုးဖျက်ဆီးမှု၊
    စတုတ္တ။ ။ မကာကွယ် မခုခံဘဲနေပါက သေဘေးကို၊ သို့မတည်းမဟုတ် အပြင်းအထန်နာကျင်ခြင်းခံရမည် ကို စိုးရိမ်ရန် အကြောင်းရှိအောင် ကျူးလွန်သည့် ခိုးမှု၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်းမဟုတ် အိမ်ကျော်နင်းမှု။

    ၁၀၄။ ။ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်သည့်အခါ နှင့် ဆက်လက်တည်းရှိနေမည့် ကာလအပိုင်းအခြား။

    ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် ပစ္စည်းကို ဘေးအန္တရာယ်ဖြစ်စေမည့်
    စိုးရိမ်ဘွယ်ရာအကြောင်း ဖြစ်ပေါ်လာ သည့်အခါမှအစပြုသည်။ ခိုးမှုမှပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်။ ပြစ်မှုကျူးလွန်သူက ခိုးရာပါ ပစ္စည်းနှင့်တကွ ထွက်ခွါသွားသည့်တိုင်အောင်၊ သို့တည်းမဟုတ်ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့၏ အကူအညီကိုရသည်တိုင်အောင်၊ သို့တည်းမဟုတ်
    ပစ္စည်းကို ပြန်ရသည့်တိုင်အောင်ဆက်လက်တည်နေသည်။ လုယက်မှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက တစ်ဦးတစ်ယောက်သောသူကို သေအောင်သော် လည်းကောင်း၊ မတရားတားဆီးရန်သော်လည်းကောင်း၊ ပြုနေသမျှကာလပတ်လုံး၊သို့တည်းမဟုတ်ပြုရန် အားထုတ်နေသမျှ ကာလပတ်လုံး၊ သို့တည်းမဟုတ် တမုဟုတ်ခြင်းသေရမည်ဟုသော်လည်းကောင်း၊
    တမုဟုတ် ခြင်းနာကျင်ခြင်းခံရမည်ဟု သော်လည်းကောင်း တမုဟုတ်ခြင်း ကိုယ်တိုင်အချုပ်အနှောင်ခံရမည်ဟု သော်လည်း ကောင်း၊ကြောက်ရွံ့ဘွယ်ရာ ဖြစ်အောင် ကျူးလွန်သူက ပြုနေသမျှကာလပတ်လုံး ဆက်လက်တည်နေသည်။
    ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုမှ၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကို၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှုကို ကျူးလွန်နေသမျှကာလပတ်လုံး ဆက်လက်တည်နေသည်။
    ညဥ့်အခါ အိမ်ဖောက်ထွင်းမှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူကအိမ်ကို ဖောက်ထွင်းခြင်းဖြင့် အစပြုသော အိမ်ကျော်နင်းမှု ကျူးလွန်နေသမျှ ကာလပတ်လုံး ဆက်လက်တည်နေသည်။

    ၁၀၆။ ။အပြစ်မရှိသူအားအန္တရာယ်ဖြစ်ကောင်း ဖြစ်နိုင်စေကာမူ သေစေလောက်သောလက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်။

    သေစေရန် စိုးရိမ်ဘွယ်ရာ အကြောင်းရှိသည့် လက်ရောက်မှုမှကာကွယ်ခုခံပိုင်ခွင့်ကို ဆောင်ရွက်ရာတွင်၊ ကာကွယ်ခုခံသူသည် အပြစ်မရှိသူတစ်ဦးတစ်ယောက်အား ဘေးန္တရာယ်မဖြစ်နိုင်စေဘဲ ထိုအခွင့်ကိုဖြစ်မြောက် အောင် မသုံးနိုင်သော အခြေသို့ ရောက်ရှိနေလျှင်၊ထိုအပြစ်မရှိသူအား ဘေးန္တရာယ်ဖြစ်နိုင်စေမည့် အကြောင်းရှိ သော်လည်း၊မိမိ၌ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

    ဥပမာ။ လူတစ်စုသည် မောင်ဖြူကို သတ်ရန် အားထုတ်၍ မောင်ဖြူအား အန္တရာယ်ပြု၏၊
    မောင်ဖြူသည် ထိုလူစုကို သေနတ်နှင့် မပစ်မခတ်ဘဲ ကာကွယ်ခုခံပိုင်ခွင့်ကို ဖြစ်မြောက်အောင် မသုံးနိုင်သည့် အခြေသို့ ရောက်ရှိနေသည်။
    ပစ်ခတ်ပြန်လျှင်လည်း ထိုလူစုနှင့် ရောနှောလျက်ရှိသည့် ကလေးများကို အန္တရာယ်မဖြစ်စေဘဲ မပစ်မခတ်နိုင်သော အခြေသို့ ရောက်ရှိနေပြန်သည်။
    ထိုအခြေတွင် သေနတ်ပစ်ခတ်ခြင်းကြောင့် ကလေးတစ်ယောက်ယောက်ကို ဘေးအန္တရာယ်ဖြစ်စေခဲ့သော်လည်း ကာကွယ်ခုခံသူ မောင်ဖြူသည် ပြစ်မှုကျူးလွန်ရာ မရောက်။

    နိုင်ငံသားတိုင်း ဥပဒေအသိပညာများကြွယ်ဝနိုင်ကြပါစေ

     

    မှတ်ချက်- စာရေးသူမှ M-Media သို့ ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

  • ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်၊ ပုဒ်မ ၃ ခုတွင် ထောင်ဒဏ်များ ထက်ဝက်လျော့ချထား

    ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်၊ ပုဒ်မ ၃ ခုတွင် ထောင်ဒဏ်များ ထက်ဝက်လျော့ချထား

    ဇွန် ၂၅၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန်။       ။  ပြည်ထောင်စုလွှတ်တော်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအား ပြင်ဆင် ပြဌာန်းသည်ကို သမ္မတဦးသိန်းစိန်မှ မနေ့က ဇွန်လ ၂၄ ရက်နေ့မှာ အတည်ပြုပေးကြောင်း လက်မှတ်ရေးထိုးလိုက်ပါပြီ။

    အဆိုပါ ဥပဒေတွင် “ခွင့်ပြုမိန့်” ဆိုသည့် အစား “ခွင့်ပြုချက်”ဆိုသည့်စကားရပ်၊ “ကိုယ်ရေး အချက်အလက်” ဆိုသည့် စကားရပ်အစား ” အမည်နှင့် ဆက်သွယ်ရမည့်နေရပ်လိပ်စာ အပြည့်အစုံ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်ဖြစ်ကြောင်း ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။

    ဒါအပြင် အဆိုပါ ဥပဒေ ပုဒ်မ ၁၇ တွင်ပါရှိသော ပါရှိသော နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် အစား ” တစ်နှစ်ထက်မပိုသော ထောင်ဒဏ်” ၊ ပုဒ်မ ၁၈ တွင်ပါရှိသော တစ်နှစ်ထက်မပိုသော ထောင်ဒဏ်အစား ခြောက်လ ထက်မပိုသော ထောင်ဒဏ်၊ ပုဒ်မ ၁၉ တွင်ပါရှိသော ခြောက်လထက်မပိုသော ထောင်ဒဏ်အစား သုံးလထက်မပိုသော ထောင်ဒဏ် ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးခဲ့တယ်။

    အဆိုပါ ဥပဒေကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် ငါးလကျော်ကြာ ဆွေးနွေးပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။