News @ M-Media

Tag: Lebanon

  • လက်ဘနွန်နိုင်ငံမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးပြယုဂ်ဟု ခရစ်ယာန်နှင့် မွတ်စလင်ခေါင်းဆောင်များ ချီးကျူး

    လက်ဘနွန်နိုင်ငံမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးပြယုဂ်ဟု ခရစ်ယာန်နှင့် မွတ်စလင်ခေါင်းဆောင်များ ချီးကျူး

    ဇူလိုင် ၄၊ ၂၀၁၇
    M-Media

    ဘေရွတ်ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များ

    – လက်ဘနွန်နိုင်ငံဟာ အရှေ့နဲ့ အနောက်ကမ္ဘာအတွက် လွတ်လပ်မှု၊ ဗဟုဝါဒတို့ရဲ့ ဥပမာတစ်ခုဖြစ်ပြီး အာရပ်ဒေသနဲ့ ကမ္ဘာတစ်ဝှမ်းလုံးအတွက် မျှော်လင့်ချက် သတင်းစကားတစ်ခုကို ပေးနေတယ်လို့ ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    အီဂျစ်နိုင်ငံက အစ္စလာမ့်ရေးရာ အမြင့်ဆုံး ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံးဆွေးနွေးမှုနှစ်ခုရဲ့ နောက်ဆက်တွဲအဖြစ် ဇူလိုင်လ ၁ ရက်နေ့က ဘေရွတ်မြို့ Notre Dame တက္ကသိုလ်မှာ တွေ့ဆုံစဉ် ဒီလို ပြောကြားလိုက်တာပါ။

    ဒီတွေဆုံပွဲကို လက်ဘနွန်ကာဒီနယ် ဘက်ချရာရိုင်း၊ လက်ဘနွန်ဆိုင်ရာ ဘာတီကန် သံတမန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂါဘရီယဲလ်လီ ကက်စီယာ၊ အလ်-အဇ်ဟာရ်တက္ကသိုလ် လက်ထောက်အီမာမ်ကြီး ရှိခ်အဘတ်စ်ရှူးမန်းတို့ အပါအ၀င် ဆွန်နီ၊ ရှီအာ ခေါင်းဆောင်တွေ၊ လက်ဘနွန်က ဒရူဇီလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ရေးရာ ကျွမ်းကျင်သူတွေ၊ လက်ဘနွန်အစိုးရက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

    တွေဆုံမှုနောက်ပိုင်း ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ လက်ဘနွန်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုအတွက် အတုယူစရာနိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြရမှာဖြစ်ကြောင်း၊ လက်ဘနွန်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ ဒီမိုကရေစီဟာ အာရပ်ဒေသနဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် သတင်းစကားဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ငြိမ်းချမ်းရေးအတွက်လည်း ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပြီး၊ ပါလက်စတိုင်းပြည်သူတွေနဲ့ သူတို့ရဲ့ အမျိုးသားအခွင့်အရေး၊ မြင့်မြတ်ရာဒေသမှာ ခရစ်ယာန်တွေ ဆက်လက်ရှိနေစေရေး ထောက်ပံ့ကူညီကြဖို့ ဆော်သြခဲ့ကြပါတယ်။

    ဧပြီလက အလ်-အဇ်ဟာရ်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ပုပ်ရဟန်းမင်းကြီးက ဘာသာတရားဆိုတာ ‘ပြဿနာမဟုတ်ဘဲ လူပီသတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးကို သင်ကြားပေးဖို့ လူသားတွေရဲ့ နှလုံးသားကို ဘုရားသခင်နဲ့ နီးစပ်စေတာကြောင့် ဘာသာတရားဟာ အဖြေတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း’ ပြောကြားခဲ့ပါတယ်။

    အခု ဘေရွတ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်တွေက ဗာတီကန်၊ ခရစ်ယာန်နဲ့ အစ္စလာမ်အသင်းအဖွဲ့တွေနဲ့ ရှေ့ဆက် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ကြေငြာခဲ့သလို၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ချစ်ကြည်ရေး ကမ္ဘာလုံးဆိုင်ရာ စင်တာတစ်ခုအနေနဲ့ လက်ဘနွန်နိုင်ငံကို ဖန်တီးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ ရဲ့ ကြေငြာချက်ဖြစ်တဲ့ “လက်ဘနွန်ဟာ နိုင်ငံတစ်ခုထက်ပိုပြီး အရှေ့နဲ့ အနောက်တို့အတွက် ဗဟုဝါဒနဲ့ပတ်သက်ရင် နမူနာယူစရာဖြစ်တယ်” ဆိုတဲ့ ကြေငြာချက်ကိုလည်း မွတ်စလင်၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ရည်ညွန်းခဲ့ပြီး၊ မွတ်စလင်-ခရစ်ယာန် ပူးပေါင်းဆောင်ရွက်ကြဖို့
    တိုက်တွန်းခဲ့ကြပါတယ်။

    Ref: Cruxnow

  • အစ္စရေး သူလျှို ၅ ဦးကို လက်ဘနွန်ဖမ်းဆီး

    အစ္စရေး သူလျှို ၅ ဦးကို လက်ဘနွန်ဖမ်းဆီး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media

    လက်ဘနွန် လုံခြုံရေးဆိုင်ရာ အတွင်းဝန်ရုံး၏ တံဆိပ်

    – အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဖြစ်သော မော့ဆက်အတွက် အလုပ်လုပ်ပေးနေသူ သူလျှို ၅ ဦးကို မိမိတို့က ဖမ်းဆီးလိုက်သည်ဟု လက်ဘနွန် လုံခြုံရေးဆိုင်ရာ အတွင်းဝန်ရုံး မီဒီယာဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    လက်ဘနွန်နိုင်ငံသား ၂ ဦး၊ လက်ဘနွန်တွင် မွေးဖွားသည့် ပါလက်စတိုင်း ဒုက္ခသည်တစ်ဦး၊ နီပေါနိုင်ငံသား ၂ ဦးတို့ ဖြစ်ကြပြီး တူရကီ၊ ဂျော်ဒန်၊ ဗြိတိန်နှင့် နီပေါနိုင်ငံများရှိ အစ္စရေးသံရုံးများမှတစ်ဆင့် သတင်းအချက်အလက်များကို ပေးပို့ခဲ့သည်ဟု ၎င်းတို့က ၀န်ခံခဲ့ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    သူလျှိုကွန်ယက်များကို ဖြိုခွဲရေး ဆောင်ရွက်မှုအဖြစ် လက်ဘနွန်နိုင်ငံအတွင်း မော့ဆက်အဖွဲ့၏ ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းများကို အသေအချာ စောင့်ကြည့်လေ့လာပြီးနောက်ပိုင်း အဆိုပါစပိုင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ နီပေါမှ သူလျှိုနှစ်ဦးမှာ လက်ဘနွန်ရှိ အခြားသော နီပေါအလုပ်သမားများကို လူသစ်စုဆောင်းနေသည်ဟု ဆိုသည်။

    “စစ်ကြောမှုပြီးတဲ့နောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေကို အစ္စရေးစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် တရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး အခြားပါဝင်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Press TV

  • လက်ဘနွန် သမ္မတသစ်အဖြစ် စစ်တပ် အကြီးအကဲဟောင်းကို ရွေးချယ်

    လက်ဘနွန် သမ္မတသစ်အဖြစ် စစ်တပ် အကြီးအကဲဟောင်းကို ရွေးချယ်

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    lebnon

    – လက်ဘနွန်နိုင်ငံ၏ စစ်တပ်အကြီးအကဲဟောင်း မီချဲလ် အိုအန်မှာ နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂ နှစ်ကျော်လကြာ လစ်လပ်နေသည့် သမ္မတနေရာအတွက် လိပ်ခဲတည်းလည်း ဖြစ်နေမှုမှာ အဆုံးသတ်သွားပြီဖြစ်သည်။

    အသက် ၈၁ နှစ်အရွယ်ရှိ အိုအန်ကို လွှတ်တော်က ယနေ့တွင် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလိုအပ်သည့် မဲအရေအတွက် ၆၅ ရာခိုင်နှုန်းကို ကျော်လွန်ကာ မဲရရှိခဲ့သည်။ အဆိုပါ မဲပေးရွေးချယ်မှုကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။

    လွှတ်တော်အမတ်လည်းဖြစ်သူ အိုအန်အား သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီးနောက် မြို့တော်ဘေရွတ်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြသည်။

    အစ္စလာမ်ဘာသာဝင်အများစုရှိရာ လက်ဘနွန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးကို လူနည်းစု ခရစ်ယာန်မျိုးနွယ်ဖြစ်သော မာရိုနိုက်မျိုးနွယ်မှ ရွေးချယ်ခန့်အပ်ရခြင်းဖြစ်ပြီး နိုင်ငံအတွင်း အာဏာခွဲဝေမှု ပြယုဂ်လည်းဖြစ်သည်။

    သမ္မတဟောင်း မီချဲလ် ဆူလေမန် ၂၀၁၄ ခုနှစ် မေလ သမ္မတသက်တမ်းကုန်ဆုံးချိန်ကတည်းကစ၍ လက်ဘနွန်တွင် သမ္မတနေရာ လစ်လပ်ခဲ့ခြင်းဖြစ်ပြီး ၂၉ လ ကြာမြင့်ခဲ့ပြီးနောက်မှ ခန့်အပ်နိုင်ခဲ့သည်။ သမ္မတရာထူးအား ခန့်အပ်ရန်အတွက် လွှတ်တော်တွင် ၄၅ ကြိမ်တိုင်တိုင် ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် မရခဲ့ပေ။

    Ref: Aljazeera

  • အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    lebnon

    – အရှေ့အလယ်ပိုင်းဒေသအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖွဲ့အစည်းများမှာ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့ကို ကိုယ်စားမပြုဘဲ၊ ခရစ်ယာန်များနှင့် အတူယှဉ်တွဲနေထိုင်ခြင်းဟူသည့် အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု လက်ဘနွန်နိုင်ငံမှ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ဘက်ချရာ ရာအီက ပြောကြားလိုက်သည်။

    သြဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေအထိ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် ‘ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဖိုရမ်’ မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားတိုင်းပြည်များ၏ မီးထိုးမှုကြောင့် ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲများကို အဆုံးသတ်ရန်နှင့် ပြဿနာများကို အဖြေရှာရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။

    ကာဒီနယ် ရာအီမှာ ဆိုးလ်မှ ကာဒီနယ် အန်ဒရူး ယီအွန် ဆူဂျန်၏ ဖိတ်ကြားမှုကြောင့် အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    အာရပ်နိုင်ငံများတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လည်း ရာအီက အလေးထားပြောကြားခဲ့ပြီး နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားရန်၊ ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။

    ဆော်ဒီနှင့် အီရန်နိုင်ငံအကြား ပြန်လည်သင့်မြတ်ရေး အကူအညီပေးရန်အတွက်လည်း ကာဒီနယ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဆော်သြခဲ့ပြီး၊ ထိုသို့ပြုလုပ်မှသာ ဒေသတွင်း တင်းမာမှုများကို လျော့ချနိုင်မည်ဟု ဆိုသည်။

    ထိုကဲ့သို့ နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားမထားမှုအတွက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးအခြေပြု ဘာသာရေးပဋိပက္ခများ ၂ နှစ်တိုင်တိုင် ဖြစ်ပွားခဲ့မှုကို ကာဒီနယ်က ထောက်ပြခဲ့သည်။ အစ္စလာမ်ဘာသာဝင်အများစုရှိသည့် လက်ဘနွန်နိုင်ငံ၏ လက်ရှိနိုင်ငံရေးစနစ်တွင် သမ္မတတာဝန်ကို မာရိုနိုက်ခရစ်ယာန်များသာ ထမ်းဆောင်ရန် သတ်မှတ်ပေးထားသည်။

    ရာအီကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ထူးခြားကောင်းမွန်သည့် စနစ်မျိုးဖြစ်ပြီး၊ နိုင်ငံသားချင်း တန်းတူညီမျှမှု၊ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ယဉ်ကျေးမှုကို အခြေခံကာ ပုံဖော်ထားသည့် မိမိတို့၏ အခြေခံဥပဒေမှာ အခြားသောနိုင်ငံများ အတုယူရမည့် ပုံစံမျိုးဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး၊ ၎င်းတို့မြေမှ အစ္စရေး၏ နှင်ထုတ်မှုကိုခံရသည့် ပါလက်စတိုင်းပြည်သူများအားလုံး ပြန်လည်ခြေချ နေထိုင်နိုင်ရေး၊ ပါလက်စတိုင်းနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်များအားလုံးကို အသက်သွင်းရေး စသည်တို့အတွက် ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ ဆောင်ရွက်ကြရန်လည်း ကာဒီနယ်က တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Cruxnow.com

  • အစ္စရေးက လက်ဘနွန်နယ်စပ်တွင် စစ်အင်အား အမြောက်အများ ချထား

    အစ္စရေးက လက်ဘနွန်နယ်စပ်တွင် စစ်အင်အား အမြောက်အများ ချထား

    မတ် ၁၁၊ ၂၀၁၆
    M-Media

    israle
    လက်ဘနွန်နယ်စပ်မှ အစ္စရေးစစ်သားများ

    – အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နယ်စပ်တစ်လျှောက်မှာ စစ်သားနဲ့ လက်နက်ကိရိယာတွေ ထူထပ်စွာချထားပြီး စစ်ရေးလှုပ်ရှားမှုတွေလည်း ဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားပြီး လက်ဘနွန်နယ်စပ်မှာရှိတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ ဒုတိယမြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့က ထပ်မံ တိုးမြှင့်ချထားတာဖြစ်ပြီး လက်ဘနွန်ဘက်က သိုးကျောင်းသားတွေနဲ့ လယ်သမားတွေကို အစ္စရေးတပ်သားတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    “ကျွန်တော်တို့က အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေတာပါ။ လူတိုင်းကလည်း ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ အလုပ်လုပ်နေကြတာပါ၊ ပြီးတော့ အစ္စရေးကင်းလှည့်အဖွဲ့တွေကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်၊ အဲ့ဒီမှာ စစ်သားတွေက ကျွန်တော်တို့ကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တော့တာပါပဲ” လို့ သိုးထိန်းသည်တစ်ဦးဖြစ်သူ မွတ်စတာဖာ အဟ်မဒ်က ပြောပါတယ်။

    နယ်စပ်က လက်ဘနွန်ပြည်သူတွေကတော့ အစ္စရေးစစ်တပ်ဟာ မနက်ပိုင်းကတည်းက မျက်ရည်ယိုဗုံးတွေနဲ့ တရစပ်ပစ်ခတ်နေခဲ့ပြီး၊ နောက်ပိုင်းမှာ အစ္စရေးစစ်သားတွေကို ကေဖာကီလာလို့ခေါ်တဲ့ လက်ဘနွန်ရွာက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ တပ်ဖြန့်ချထားလိုက်တယ်လို့ ဆိုပါတယ်။

    မျက်မြင်သက်သေတွေကတော့ အစ္စရေးစစ်သားတွေဟာ သစ်ပင်ချုံနွယ်များနဲ့ ပုန်းကွယ်ပြီး လက်ဘနွန်နိုင်ငံထဲက လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် အလ်-အခ်ဘားရ် သတင်းစာကတော့ အစ္စရေးတွေအနေနဲ့ လက်ဘနွန်ကို တိုက်ခိုက်ဖို့ လမ်းစရှာနေပြီး ဒါကို သတိထားဖို့ အစ္စရေးဆင်တဲ့အကွက်ထဲကို မ၀င်ဖို့ အမေရိကန်အာဏာပိုင်တွေက လက်ဘနွန်ကို အစိုးရခေါင်းဆောင်တွေကို သတိပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစ္စရေးဟာ လက်ဘနွန်နိုင်ငံအပေါ် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၂၀၀၆ ခုနှစ် နွေရာသီမှာ ပြုလုပ်ခဲ့တဲ့ ၃၃ ရက်ကြာစစ်ပွဲမှာ အရပ်သားအများစုအပါအ၀င် လက်ဘနွန်ပြည်သူ ၁၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    လက်ဘနွန်စစ်တပ်အကြီအကဲ ဂျီယန် ခါဝါဂီကတော့ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်ဖို့ မိမိတို့က အပြည့်အ၀ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Presstv