News @ M-Media

Tag: Lebanon

  • Vero (သို့) တစ်မူထူးတဲ့ တည်ထောင်သူနဲ့ တစ်မူထူးမယ့် ဆိုရှယ်မီဒီယာသစ်

    Vero (သို့) တစ်မူထူးတဲ့ တည်ထောင်သူနဲ့ တစ်မူထူးမယ့် ဆိုရှယ်မီဒီယာသစ်

    မတ် ၅၊ ၂၀၁၈
    M-Media

    – အေမန် ဟာရီရီဆိုသူဟာ သာမန် နည်းပညာလုပ်ငန်း တည်ထောင်သူမျိုး မဟုတ်ပါဘူး။ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းရဲ့သား၊ လက်ရှိဝန်ကြီးချုပ်ရဲ့ အဖေတူမအေကွဲညီအစ်ကို ဘီလီယံနာ ဖြစ်ပါတယ်။

    အခုအချိန်မှာတော့ ဟာရီရီဟာ လတ်တလော အပေါက်ဆုံး ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း Vero ရဲ့ ပဲ့ကိုင်ရှင် ဖြစ်နေပါတယ်။

    Vero ကို မဖန်တီးခင်အရင်က ဟာရီရီဟာ မိသားစု ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစီးခဲ့ဖူးပါတယ်။ သူရဲ့အဖေ လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံခံရတဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်း ပြိုလဲမှုဟာ ဟာရီရီကို Vero နဲ့ နီးကပ်စေခဲ့တာပါ။ Vero ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟော့အဖြစ်ဆုံး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာပါတယ်။

    Facebook နဲ့ Instagram တို့ရဲ့ ကိုယ်ပွားအဖြစ် Vero ကို ၂၀၁၅ ခုနှစ်မှာ ဖြန့်ချီခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ လူကြိုက်များမှုဟာ သိသိသာသာ တက်လာပါတယ်။ အင်္ဂါနေ့ကဆိုရင် Apple ရဲ့ App Store မှာ ပေါ်ပျူလာအဖြစ်ဆုံး ဖြစ်ခဲ့ပါတယ်။

    Facebook၊ Instagram တို့နဲ့ မတူတာက ပို့စ်တွေကို သောင်းပြောင်းမြင်ရမှာမျိုးမဟုတ်ဘဲ အစဉ်လိုက်ပုံစံနဲ့ ပြသပေးတာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းမှာ ကြော်ငြာတွေလည်း မပါဝင်ပါဘူး။

    အေမန် ဟာရီရီဆိုသူဟာ သာမန် နည်းပညာလုပ်ငန်း တည်ထောင်သူမျိုး မဟုတ်ပါဘူး။

    အသက် ၃၉ နှစ်အရွယ် ဟာရီရီက Facebook မှာ သူငယ်ချင်းတွေဟာ “တကယ့်အပြင်မှာ သိတဲ့အနေအထားမျိုးနဲ့ မတူတဲ့ပုံစံ ဖြစ်နေတယ်” ဆိုတာကို သတိပြုမိလာခဲ့ပြီးတဲ့နောက် Vero ကို ဖန်တီးဖို့ အကြံရခဲ့တာဖြစ်တယ်လို့ CNN ကို ပြောကြားခဲ့ပါတယ်။

    “တကယ့်လက်တွေ့ဘ၀မှာ ကျွန်တော်ဟာ ပရိတ်သတ်တွေ မရှိပါဘူး။ ခင်မင်ရင်းနှီးမှု အတိုင်းအတာကိုလိုက်ပြီး လူတွေကို တစ်ယောက်တစ်မျိုးစီ ဆက်ဆံကြတာပါ။ အပြင်လောကမှာ ရှိနေတဲ့ ပုံစံမျိုးအတိုင်း လုပ်ထားမှသာ စစ်မှန်တဲ့ ဆိုရှယ်မီဒီယာမျိုး ဖြစ်မှာပါ”

    Vero က ဒီသဘောတရားကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

    ဟာရီရီဟာ သူ့အဖေဆီက အမွေကောင်းကောင်းရခဲ့ပြီး လက်ရှိ သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ကန်ဒေါ်လာ ၁.၃၃ ဘီလီယံရှိတယ်လို့ Forbes က ဆိုပါတယ်။

    Vero ကို အသုံးပြုဖို့ sign up လုပ်ရာမှာ ဒီအက်ပလီကေးရှင်းထဲ ရှိနေတဲ့ သူတွေရဲ့ ဖုန်းနံပါတ်တွေကို ထည့်ရပြီး ‘friend’ ‘acquaintance’ ‘close friend’ ‘follower’ စသဖြင့် အဆင့်သတ်မှတ်ပေးရပါတယ်။

    သီချင်း၊ ၀ဘ်လိပ်စာ၊ ရုပ်ရှင်၊ ဗီဒီယို၊ စာအုပ်၊ တည်နေရာနဲ့ ဓာတ်ပုံတွေကို တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလိုက် မျှဝေလို့ ရပါတယ်။

    ဟာရီရီက နောက်ပိုင်းမှာ အသုံးပြုသူတွေကို ပိုက်ဆံကောက်ခံသွားဖို့ရှိနေပမယ့် ပထမဆုံးအသုံးပြုတဲ့ လူ ၁ သန်းက အခမဲ့ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ကောက်ခံမလဲဆိုတာကိုတော့ သူက ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ‘ဒီမိုကရေစီနည်းကျတဲ့ ၀န်ဆောင်မှုမျိုး’ ပေးသွားမယ်လို့ ဆိုပါတယ်။

    လက်ရှိ Vero ဟာ သုံးစွဲသူ တစ်သန်းနား ကပ်နေပြီလို့လည်း ဟာရီရီက ပြောပါတယ်။

    ဒီအက်ပလီကေးရှင်းကို လူကြိုက်များမှု မြင့်တက်လာပေမယ့် rating ကတော့ ၂.၁ ပဲ ရှိပါသေတယ်။ သုံစွဲရအဆင်မပြေတာ၊ နှေးတာတွေလို စောဒကတက်တာတွေလည်း ရှိပါတယ်။

    ဒီ အက်ပလီကေးရှင်းဟာ ဘာ့ကြောင့် လူကြိုက်များသွားလဲဆိုတာ တိတိကျကျ မသိရသေးဘဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြန့်နှံ့သွားတာဖြစ်မယ်လို့ ဟာရီရီက ယုံကြည်နေပါတယ်။

    Vero ဟာ လက်ရှိ Instagram မှာ ကြေငြာတာတွေ လုပ်နေပါတယ်။

    ဟာရီရီရဲ့ မိသားစုဟာ ဆော်ဒီအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Saudi Oger တည်ထောင်ထားပေမယ့် ၂၀၁၇ ခုနှစ်မှာ ပိတ်ပစ်ခဲ့ရပါတယ်။

    ဂျော့ဂ်ျတောင်း တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရခဲ့တဲ့ ဟာရီရီဟာ ပြဿနာတွေကို နည်းပညာနဲ့ဖြေရှင်းရတာ ၀ါသနာပါသူပါ။ ၂၀၀၁ ခုနှစ်မှာ Epok လို့ခေါ်တဲ့ ဆော့ဖ်ဝဲ စီမံမှု ကုမ္ပဏီအသေးလေးတစ်ခုကို စကော့ ဘီရ်ဘန်ဆိုသူ ဓနရှင်တစ်ဦးနဲ့ ပူးပေါင်း တည်ထောင်ခဲ့ပါတယ်။ စကော့ဟာ Vero ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်တာဟာ ဟာရီရီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ Peach၊ Ello တို့လို ကြေငြာကင်းတဲ့ အက်ပလီကေးရှင်းတွေ ပေါ်လာသေးပေမယ့် နောက်ပိုင်းမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

    Ref : CNN

  • ခရစ်ယာန်ဘာသာအား ပုတ်ခတ်သူကို ကုရ်အာန်မှ မေရီသခင်မနှင့် ခရစ်တော်အကြောင်း လေ့လာရန် လက်ဘနွန်တရားရုံး ဆုံးဖြတ်

    ခရစ်ယာန်ဘာသာအား ပုတ်ခတ်သူကို ကုရ်အာန်မှ မေရီသခင်မနှင့် ခရစ်တော်အကြောင်း လေ့လာရန် လက်ဘနွန်တရားရုံး ဆုံးဖြတ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    ကုန်အာန်ကျမ်းစာတွင် မယ်တော်မေရီသခင်မနှင့် ခရစ်တော်တို့အကြောင်း ဖော်ပြထားမှုအချို့ (ကျမ်းချက်ခရက်ဒစ် – http://quran.mmsy.info/app/)

    – ခရစ်ယာန်သာသနာကို ပုတ်ခတ်ခဲ့တဲ့ လူငယ် ၃ ဦးကို အပြစ်ပေးတဲ့အနေနဲ့ ကုန်အာန်ကျမ်းစာထဲမှာ ချီးကျူးဖော်ပြထားတဲ့ မယ်တော် မေရီသခင်မနဲ့ ခရစ်တော်တို့အကြောင်း ကျက်မှတ်လေ့လာဖို့ လက်ဘနွန် ခုံရုံးတစ်ခုက အမိန့်ချခဲ့ပါတယ်။

    သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ်ပြစ်ဒဏ်အစား တရားသူကြီး ဂျိုစီလင်း မတ္တာက ကျမ်းချမ်းတွေကို ကျက်မှတ်လေ့လာပြီးမှ အချုပ်ကနေလွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

    ကုရ်အာန်ကျမ်းစာထဲမှာ မယ်တော်မေရီကို မရ်ယမ်သခင်မအဖြစ်၊ ခရစ်တော်ကို တမန်တော်အီစာအဖြစ် ဖော်ပြထားပြီး အပျိုစင် မရ်ယမ်သခင်မဟာ အလ္လာအရှင်မြတ်လို့ မွတ်စလင်တွေခေါ်ဝေါ်တဲ့ ထာဝရဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ တမန်တော်အီစာကို မေထုံမဲ့ဖွားမြင်မှု၊ တမန်တော်အီစာ ပြသခဲ့တဲ့ သဘာဝလွန် တန်ခိုးတွေအကြောင်းလည်း ပါဝင်ပါတယ်။

    မရ်ယမ်သခင်နဲ့ တမန်တော် အီစာ၊ ဒီပုဂ္ဂိုလ်ထူးတွေရဲ့ သဘာဝလွန် အဖြစ်အပျက်တွေကို မယုံကြည်ဘူးဆိုရင် အလ္လာအရှင်မြတ်ကို ယုံကြည်သူ (မွတ်စလင်) မဖြစ်နိုင်ဘူးလို့ အစ္စလာမ်သာသနာက သတ်မှတ်ထားတာပါ။

    နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့က တရားရုံးမှာ ပြစ်ဒဏ်ကို ဖတ်ကြားမှုအတွင်း တရားသူကြီး မတ္တာက သူမအနေနဲ့ ဒီလို ပြစ်ဒဏ် ချမှတ်တာဟာ အစ္စလာမ်သာသနာရဲ့ ဘာသာရေးသည်းခံနိုင်စွမ်း၊ မေရီသခင်မနဲ့ ခရစ်တော်တို့အပေါ် ချစ်မြတ်နိုးမှု စတာတွေကို ဒီလူငယ်တွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဥပဒေဆိုတာ ပြစ်ဒဏ်ပေးရုံတင်မဟုတ်ပါဘူး။ ပညာပေးဖို့လည်း ဖြစ်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    မတ္တာရဲ့ ဒီဆုံးဖြတ်ချက်ကို လက်ဘနွန်ဝန်ကြီးချုပ် စအဒ်ဟာရီရီက ချီးကျူးခဲ့ပြီး တရားမျှတမှု၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေအကြား အပြန်အလှန် ဆက်နွယ်မှုတွေကို ထင်ဟပ်စေတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခြစားမှုတိုက်ဖျက်ရေးဝန်ကြီး နီကိုလက်စ် တူနီကလည်း တရားသူကြီး မတ္တာကို ချီးကျူးခဲ့ပြီး လူမှုရေးပြဿနာတွေ၊ ဘာသာရေး သည်းမခံနိုင်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတဲ့ ဆန်းသစ်တဲ့ တရားရေးနည်းလမ်းကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: Alarabya

  • အစ္စရေးသူလျှိုလုပ်နေသည့် နာမည်ကြီးရုပ်ရှင်မင်းသားကို လက်ဘနွန်ဖမ်းဆီး

    အစ္စရေးသူလျှိုလုပ်နေသည့် နာမည်ကြီးရုပ်ရှင်မင်းသားကို လက်ဘနွန်ဖမ်းဆီး

    နိုဝင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်းရှိ နိုင်ငံရေးခေါင်းဆောင်များအား သတ်ဖြန်ရန် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုကာ နာမည်ကြီး ရုပ်ရှင်မင်းသားနှင့် ပြဇာတ်မင်းသား ဇီအဒ် အီတာနီကို လက်ဘနွန်က ဖမ်းဆီးလိုက်သည်။

    အီတာနီမှာ လက်ဘနွန်၏ လက်ရှိ အကြီးအကဲများ၊ အကြီးအကဲဟောင်းများကို လုပ်ကြံသတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်တွင် ပါဝင်ကူညီပေးနေသည်ဟု လက်ဘနွန် နိုင်ငံတော်လုံခြုံရေးအဖွဲ့မှ ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    ထို့ပြင် ၎င်းမှာ ရုပ်ရှင်မင်းသားသက်တမ်းတစ်လျှောက်လုံးတွင် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးပြန်ရရန် ကြိုးပမ်းခဲ့သည်ဟုလည်း ဆိုသည်။

    အီတာနီ၏ လှုပ်ရှားမှုများအား လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးနောက် ကြာသာပတေးနေ့က ဘေရွတ်မြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စစ်ကြောမှုအတွင်း အီတာနီက ၎င်းမှာ တူရကီတွင် အစ္စရေးထောက်လှမ်းရေးများဖြင့် တွေ့ဆုံခဲ့ကာ ထိပ်တန်းနိုင်ငံရေးသမား ၂ ဦး၏ အသေးစိတ်သတင်းအချက်အလက်များကို ပေးခဲ့ကြောင်း၊ ထို့ပြင် အခြားသော နိုင်ငံရေးသမားများကိုလည်း စောင့်ကြည့်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အစ္စရေး စစ်သင်္ဘောတစ်စီးမှာ လက်ဘနွန် ရေပိုင်နက်ထဲသို့ ၃ ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု လက်ဘနွန် နိုင်ငံပိုင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အီတာနီအား ဖမ်းဆီးသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဆော်ဒီကဖမ်းထားသည်ဟု သတင်းထွက်သည့် လက်ဘနွန်ဝန်ကြီးချုပ် ပြည်တော်ပြန်မည်

    ဆော်ဒီကဖမ်းထားသည်ဟု သတင်းထွက်သည့် လက်ဘနွန်ဝန်ကြီးချုပ် ပြည်တော်ပြန်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ပြင်သစ်သမ္မတနှင့်တွေ့ရသည့် ဟာရီရီ (၀ဲ)

    – ဆော်ဒီသို့ ရောက်ရှိပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သည်ဟု ကြေငြာခဲ့သည့် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း စအဒ် ဟာရီရီမှာ လာမည့်သီတင်းပတ်အတွင်း ပြည်တော်ပြန်မည်ဟု သိရသည်။

    နိုဝင်ဘာ ၂၂ ရက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ရန်အတွက် ပြန်လာမည်ဖြစ်ပြီး လက်ဘနွန်သမ္မတ မီခေးလ် အေအွန်နှင့် လွှတ်တော်ဥက္ကဌ နဘီ ဘာရီတို့က ထိုကိစ္စအတွက် ယနေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။

    ဆော်ဒီမြို့တော် ရီယာ့ဒ်သို နိုဝင်ဘာ ၄ ရက်နေ့က ဆိုက်ရောက်ပြီး မကြာခင်မှာပင် ဟာရီရီမှာ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပြီး ထိုအချိန်မှစ၍ လက်ဘနွန်သို့ ပြန်လာခြင်း မပြုခဲ့ပေ။ ရာထူးမှ နှုတ်ထွက်ခြင်းမှာ ၎င်းတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဟစ်ဇ်ဘိုလာနှင့် အီရန်တို့က ချယ်လှယ်နေခြင်းကြောင့်ဖြစ်သည်ဟု ဟာရီရီက ဆိုသည်။

    ထိုကိစ္စတွင် ဆော်ဒီ၏ ကြိုးကိုင်မှု ရှိနေပြီး ဆော်ဒီက ဟာရီရီအား အကျယ်ချုပ်ချထားသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    ဟာရီရီ၏ပါတီမှ ပါတီဝင်များနှင့် အတိုက်အခံများက ၎င်းအနေဖြင့် တိုင်းပြည်သို့ပြန်လာကာ တရားဝင် နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

    ဟာရီရီမှာ ယနေ့တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေပြီး နိုဝင်ဘာ ၄ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီ၏ အပြင်ဘက်သို ထွက်ခွာခြင်းဖြစ်သည်။

    လက်ဘနွန်သမ္မတ မီခေးလ်အေအွန်က ၀န်ကြီးချုပ်မှာ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်မည်ဟု ၎င်းအား ဖုန်းဆက်ပြောကြားခဲ့ကြောင်း ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • နယ်စပ်ရှိ IS ခြေကုပ်စခန်းများကို လက်ဘနွန် စတင်ရှင်းလင်း

    နယ်စပ်ရှိ IS ခြေကုပ်စခန်းများကို လက်ဘနွန် စတင်ရှင်းလင်း

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနှင့်ကပ်နေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်မှ IS အဖွဲ့အခြေစိုက်ရာ နေရာများကို ထိုးစစ်ဆင်မှု စစ်တင်နေသည်ဟု လက်ဘနွန်စစ်တပ်က ပြောကြားလိုက်သည်။

    လက်ဘနွန်စစ်တပ်မှာ ရက်စ်ဘာလ်ဘက်မြို့အနီးရှိ IS ပစ်မှတ်များကို ဒုံးကျည်များ၊ အမြှောက်များနှင့် ရဟတ်ယာဉ်များ အသုံးပြုကာ IS အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းရန် ရှိနေသည်။ အဆိုပါမြို့မှာ လက်ဘနွန်-ဆီးရီးယားနယ်စပ်တွင် IS က ထိန်းချုပ်ထားသည့် နောက်ဆုံးဒေသဖြစ်သည်။

    “လက်ဘနွန်နိုင်ငံအတွက်၊ ပြန်ပေးဆွဲခံထားရတဲ့ လက်ဘနွန် စစ်သားတွေအတွက်၊ စစ်တပ်က အာဇာနည်တွေအတွက် ဒီစစ်ဆင်ရေးကို စတင်လိုက်တယ်ဆိုတာ ကျွန်တော် ကြေငြာလိုပါတယ်” ဟု လက်ဘနွန်စစ်တပ်၏ စစ်ဦးစီးချုပ် ဂျိုးဆက်ပ် အေအွန်က ပြောကြားခဲ့သည်။

    အခြားစစ်တပ်တာဝန်ရှိသူတစ်ဦးက စစ်ဆင်ရေးကို ယနေ့တွင် စတင်မည်မဟုတ်ဘဲ ၂ ပတ်ကြာ တိုက်ခိုက်သွားရန် စီစဉ်ထားကြောင်း၊ ဆီးရီးယားနှင့်ကပ်နေသည့် နယ်စပ်ဒေသများအားလုံးကို ရှင်းလင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း စစ်ဆင်ရေးကို ဆီးရီးယားစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုတ်ပေ။

    လက်ဘနွန်မှာ ဆီးရီးယားနှင့် ကပ်နေသည့် နယ်စပ်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Jabhat Fateh al-Sham ဆိုသည့် လက်နက်ကိုင်အဖွဲ့ကိုလည်း ရှင်းလင်းခဲ့သည်။

    Ref: Aljazeera