News @ M-Media

Tag: LifeStyle

  • မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    ဇူလိုင် ၅ ၊ ၂၀၁၆
    M-Media
    133695783_14125794092911n
    အစ္စလာမ်သာသနာဝင် ကမ္ဘာ့မွတ်စ်လင်မ်များအဖို့ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်တစ်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသ်ွရ်” လို့ခေါ်တဲ့ ၀ါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တစ်ရက်သာ ကျင်းပကြပေမယ့် ၂ ရက် သို့မဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပတဲ့ နေရာဒေသအချို့လည်း ရှိပါတယ်။

    ဒီနေ့ကို အစ်နေ့ သို့မဟုတ် အစ်ကလေး သို့မဟုတ် စမိုင်/ရှမိုင်အစ် လို့ အလွယ်တကူ ခေါ်ဆိုတတ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသော်လည်း လုပ်ငန်းရှင်အများစုကတော့ မွတ်စ်လင်မ်လုပ်သား ၀န်ထမ်းတွေအပေါ် နားလည်မှုပေးပြီး လိုလိုလားလား ခွင့်ရက် ပေးလေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် လစာ မဖြတ်တောက်တဲ့အပြင် မိမိတို့ရဲ့ မွတ်စ်လင်မ်ဝန်ထမ်းများဆီကို အခြားဘာသာဝင် ၀န်ထမ်းများနဲ့အတူ အလုပ်ချိန်မှာပင် တကူးတက အချိန်ယူ သွားရောက်လည်ပတ် အားပေးလေ့ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။

    မြန်မာနိုင်ငံမှာ တစ်မျိုးတည်းသော ဆုံးဖြတ်ချက် ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်း ဆိုတာ မရှိတာကြောင့် အီးဒ်နေ့ သို့မဟုတ် ရမဿွာန်(ဥပုသ်ဆောက်တည်ရတဲ့လ) အစပြုရက်အတွက် လမြင်ခြင်း/မမြင်ခြင်းနဲ့ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ဖို့ ရံဖန်ရံခါ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့်လည်း မြို့ငယ်လေးဖြစ်စေ၊ ကျေးရွာမှာပင်ဖြစ်စေ အီးဒ်နေ့ စတင်ကျင်းပတဲ့နေ့က ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ အိးဒုလ် ဖိသ်ွရ် နေ့မြတ်ကို အစဉ်အဆက် အစိုးရဖက်က အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ခက်ခဲမှုရှိနေတာလည်း ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။ (အများပြည်သူအားလပ်ရက်ဆိုတာ တင်ကြိုသတ်မှတ်ပေးရတာပါ)။

    ဒါပေမယ့်လည်း အစ္စလာမ်ရဲ့ အီးဒ်ပွဲတော်နေ့ ၂ မျိုးအနက် အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ “အီးဒုလ် အဿွ်ဟာ” နေ့မြတ်ကိုတော့ အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအဖို့ ဆင်နွှဲကျင်းပခွင့် ရကြပါတယ်။ ဒီ အီးဒုလ်အဿွ်ဟာ (တစ်နည်း) ကုရ်ဘာနီအစ်နေ့ကို တစ်ရက်တည်းသာ ကျင်းပလေ့ရှိတာက တစ်ကြောင်း၊ လမြင် လကြည့်ကိစ္စကို ဆယ်ရက်အလျင် ပြုလုပ်ပြီး ရက်သတ်မှတ်ထားနိုင်တာက တစ်ကြောင်း၊ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ (သို့) ၁၁ (သို့) ၁၂ ရက် – ၃ ရက်အထိ ပြုလုပ်နိုင်တာကတစ်ကြောင်းကြောင့် မြန်မာအာဏာပိုင်များအတွက် အားလပ်ရက်အဖြစ် ကြေငြာပေးဖို့ လွယ်ကူမှု ရှိပါတယ်။ ဟဂ်ျ ကိစ္စက မွတ်စ်လင်မ်အားလုံးအတွက် ပိုမိုအရေးကြီးတဲ့အတွက် ဆော်ဒီအစိုးရရဲ့သတ်မှတ်ရက်အတိုင်း လိုက်နာကြတာများပါတယ်။

    မွတ်စ်လင်မ်များဟာ “သပ်ကဘီရ်” လို့ခေါ်တဲ့ ဖန်ဆင်းရှင်ရဲ့ကြီးမြတ်မှု၊ ဖန်ဆင်းရှင်အပေါ် ချီးမွှမ်းမှု ကို အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှု မစတင်မီအချိန်ကစပြီး ၃ ရက်တာ တစ်လျှောက်လုံး (ငါးကြိမ် ၀တ်ပြုမှု ပြီးလေတိုင်း) အသံထုတ်ရွတ်ဆို သရဇ္ဈာယ်လေ့ရှိကြပါတယ်။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်အများစုက စွန္နီမွတ်စ်လင်မ်ဖြစ်ပြီး ဟနဖီဓမ္မသတ်လမ်းကြောင်းအပေါ် လိုက်နာကြသူများ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအရ အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှုကို ၀ါဂျိဘ် (ဖန်ဆင်းရှင်ရဲ့အမိန့် မဟုတ်သော်လည်း တမန်တော့်ဓလေ့အရ အရေးပေါ်အကြောင်းထူးမရှိဘဲ မပျက်ကွက်အပ်တဲ့တာဝန်)အဖြစ် သတ်မှတ်ကြပါတယ်။ ၀တ်ပြုမှုကို ၂ ရကအသ်(၂ ကျော့)ကို သပ်ကဘီရ်(လက်မြှောက်ခြင်း) အပိုခြောက်ကြိမ်နဲ့ စုပေါင်း ၀တ်ပြုလေ့ရှိပါတယ်။

    933950_630843503615009_1096479696_n
    Photo Credit-Hina FB

    ရပ်ကွက်ထဲ မြို့ထဲက ဗလီဝတ်ကျောင်းတော်များမှာ လူမဆန့်တဲ့အခါမျိုးကျရင် မြို့တွင်း သို့မဟုတ် မြို့ပြင်က ကွင်းပြင်တစ်ခုခုမှာ အီးဒ်နေ့ ၀တ်ပြုမှုကို စုပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ မလိုလားအပ်တဲ့ အခြားတားမြစ်မှု၊ တင်းကြပ်မှုတွေ ရှိကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စည်းလွတ်ဘောင်လွတ်ပျော်ရွှင်မှုမျိုး မဖြစ်အောင်၊ အများကို မထိခိုက်စေအောင်၊ ဂုဏ်သိက္ခာနဲ့ မင်္ဂလာရှိအောင် ကန့်သတ်ပေးခြင်းပါ။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်များအနေနဲ့ ၀ါကျွတ် အီးဒ်ပွဲတော်မှာ ပြုလုပ်ကျွေးမွေးလေ့ရှိတဲ့ စားဖွယ်ရာများကတော့ ဆနွင်းမကင်း၊ ဟာလ၀ါ၊ ဒန်ပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လ္ဘက်သုတ်နဲ့ အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည်များ အပါအ၀င် ဒေသဆိုင်ရာနဲ့ လူမျိုးစုရိုးရာ အစားအသောက်များဖြစ်ကြပါတယ်။

    အီးဒ်နေ့ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စလာမ်ဆိုခြင်း(ငြိမ်းချမ်းစေကြောင်း မေတ္တာပို့သခြင်း)၊ အီးဒ် မုဘာရပ်(မင်္ဂလာ အီးဒ်နေ့မြတ်) စကားနဲ့ နှုတ်ခွန်းဆက်ခြင်း ပြုကြပါတယ်။ အီးဒ်နေ့အထိမ်းအမှတ် ၀တ်ပြုမှုအပြီးမှာ အချို့မွတ်စ်လင်မ်အမျိုးသားများက သင်္ချိုင်းကို သွားရောက်ပြီး ကွယ်လွန်သူများကို တွေ့ဆုံဂါရ၀ပြုတာ၊ ကုသိုလ်ပို့တာ၊ ဆုမွန်ကောင်းတောင်းပေးတာမျိုးလည်း ကျင့်မူလေ့ရှိကြပါတယ်။ ၀ါကျွတ်အီးဒ်ပွဲတော်မှာ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေကို သွားရောက်တွေ့ဆုံနှုတ်ဆက်တာ၊ စားဖွယ်ရာနဲ့ပစ္စည်းတွေကို လက်ဆောင်သွားပို့တာမျိုးကို အစဉ်အလာတစ်ရပ်အနေနဲ့ ပြုလေ့ရှိပါတယ်။ မွတ်စ်လင်မ်မဟုတ်တဲ့ လုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေကိုပင်လျှင် သွားရောက်ဂါရ၀ပြု နှုတ်ဆက်ပေးကမ်းတာမျိုးလည်း ရှိကြပါတယ်။ မိမိရဲ့မိသားစုဝင်တွေ၊ မိမိလက်အောက်ခံ လုပ်သားဝန်ထမ်းတွေကို အ၀တ်အစားသစ်များ ဆင်ယင်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်တွေဟာ မိမိတို့ရဲ့ရင်သွေးများကိုရော အခြားကလေးငယ်တွေကိုပါ ပျော်ရွှင်အောင် “အီတီ” ခေါ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မုန့်ဖိုးတွေ ပေးတတ်ကြပါတယ်။ ကလေးငယ်တွေကလည်း ဆွေမျိုးတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ၊ သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ မွတ်စ်လင်မ်အိမ်မှန်သမျှ အုပ်စုလေးဖွဲ့ပြီး သွားရောက်လည်ပတ်စားသောက်လေ့ရှိတယ်။ နည်းများမဟူ ပေးကမ်းတဲ့ အီတီ မုန့်ဖိုးတွေ ရယူလေ့ရှိပါတယ်။ သက်ငယ်ပိုင်းများကလည်း မိမိတို့မိဘ၊ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေဆီ သွားရောက်တွေ့ဆုံ စလာမ်ဆို နှုတ်ဆက်ကြပါတယ်။ မိမိတို့အချင်းချင်းအကြား အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်တတ်ကြပါတယ်။ မိမိတို့ဖက်က အချိန်ယူပြီး သွားရောက်လည်ပတ်လေ့ရှိသလို လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူမရွေး ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လာရောက်တွေ့ဆုံလည်ပတ်သူများအတွက်လည်း တံခါးဖွင့်ထားပေးကြပါတယ်။

    ဒါဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ၀ါကျွတ် အီးဒ်ပွဲတော် မြင်ကွင်းအကျဉ်း ဖြစ်ပါတယ်။ အာရဗီဝေါဟာရ အီးဒ် ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်းနေ့” ဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များသာမက မြန်မာပြည်လူထုအပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ××××××××××××

    Dr. Ko Ko Gyi’s Burmese Muslims‘ way of celebrating Eid ကို ကိုးကားမှီငြမ်း၍ ဂျူလိုင်ရဲရင့် ရေးသားသည်။

  • နာရီတွေကို မုန်းတယ်

    နာရီတွေကို မုန်းတယ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။

    4413755617_smashing_alarm_clock_300x200_answer_2_xlarge

    “နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..

    “ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”

    “မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”

    “လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”

    “နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”

    “ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”

    “ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

    တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။  ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

    လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။  ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။

    စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။

    နှင်းဆီခင်

  • ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ပါလက်စတိုင်း အနာဂတ် အတွက် တံခါး တစ်ချပ် သို့မဟုတ် Dar Issaf alNashashibi စာဖတ် အသင်း

    ဇန်နဝါရီ ၉၊ ၂၀၁၅
    M-Media
    bc87cb2d-834c-4de5-894e-51f6fd3f6213_16x9_600x338
    – သွေးထွက်သံယိုမှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မကြာသေးမီ လများအတွင်းကပ `အကြမ်းဖက်တိုက်ခိုက်မှု´ နှင့် `ဂျေရုစလင်´ ဟူသည့် စကားလုံးများမှာ သဘောသဘာဝ တူညီခဲ့ကြသည်။ သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားသည့်နှင့် မီဒီယာများ၏ အဆိုပါမြို့အား စိတ်ဝင်စားမှုမှာ မှေးမှိန်ပျောက်ကွယ်ခဲ့လေတော့သည်။

    မည်သို့ပင်ဖြစ်စေကာမူ အရှေ့ဂျေရုစလင်အား အစ္စရေးက ၄၇ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ထားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်မှုများက ထိုဒေသတွင် နေထိုင်သည့် ၃ သိန်း ၆ သောင်းသော ပါလက်စတိုင်းပြည်သူများ၏ လူမှုဘ၀များကို ထိခိုက်လျက်ပင် ရှိနေလေသည်။

    `လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အကျဉ်းထောင်ကြီးတစ်ခုမှာ နေရသလိုပါပဲ´

    ထိုစကားမှာ ပါလက်စတိုင်းလူငယ်များ ပညာရေးတိုးတက်စေရန်အတွက် Dar Issaf alNashashibi စာဖတ်အသင်းကို တည်ထောင်ခဲ့သည့် အဟ်မဒ်က ၎င်းတို့၏ အခြေအနေကို ဖွင့်ဟခဲ့သော စကားပင်ဖြစ်လေ၏။

    `အစ္စရေးရဲ့ နောက်ထပ် အစီအစဉ် တစ်ခုက ပါလက်စတိုင်းတွေရဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ပျက်ပြားစေဖို့ မနားမနေကြိုးစားခြင်းပဲ ဖြစ်ပါတယ်´ ဟု ဆိုကာ အရှေ့ဂျေရုစလင်ရှိ လူငယ်များအား မူးယစ်ဆေးစွဲအောင်လုပ်ခြင်းနှင့် ကလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အစ္စရေး၏ လုပ်ရပ်များကို အဟ်မဒ်က ထောက်ပြခဲ့သည်။

    ရှိခ် ဂျရာမှ ဒါရ်အစ်ဆာ့ဖ် နက်စ်ဟက်ရှ်ဟီဘီ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေစင်တာရှိ ဂျေရုစလင်၏ တစ်ခုတည်းသော ပြည်သူ့စာကြည့် တိုက်နှင့် ပူးပေါင်း၍ ပါလက်စတိုင်း လူငယ်များအား အသိပညာကြွယ်ဝစေရန်နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အသိပညာပေးရန်အတွက် အသက် ၂၅ နှစ်အရွယ် သွားဆရာဝန် အဟ်မဒ်က လွန်ခဲ့သည့် ၆ လကပင် အဆိုပါ စာဖတ်အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။

    လက်ရှိအချိန်၌ ထိုစာဖတ် အသင်းတွင် မတူညီသော အသက်အရွယ်အလိုက် အုပ်စု ၂ ခု ရှိလာခဲ့လေပြီ။ အဓိကအုပ်စုမှာ အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် ၁၅ ယောက်မှ အယောက် ၂၀ ကြား ပါဝင်သည့် အဖွဲ့ဖြစ်ပြီး၊ အခြားအုပ်စုတစ်ခုမှာတော့ အသက် ၃၀နှင့် အထက် အမျိုးသမီး ၁၀ ဦးပါဝင်သည့် အဖွဲ့ဖြစ်လေသည်။ ထိုမျှမက အဆိုပါ စာဖတ်အသင်း၏ အဖွဲ့ခွဲ တစ်ခုကိုလည်း ရာမာလာတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။

    အဆိုပါ စာဖတ်အသင်းတွင် ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အမျိုးအစားအလိုက်၊ စာရေးဆရာ အလိုက် စာအုပ်အများအပြား ရှိလေသည်။

    ဟီဘရူးတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် ဓာတုဗေဒ ကျောင်းသူ ရီဟမ် အဘူဂိုရှ့်က အဆိုပါ စာဖတ်အသင်းသို့ ဆက်သွယ်ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ စာဖတ်ခြင်းက လူ့စွမ်းအားမြှင့်တင်ပေးရာ နည်းလမ်းဖြစ်သည်ဟု  လူ့အဖွဲ့အစည်းက ရှုမြင်လာစေရေး တိုက်တွန်းအားပေးရန်ဟု ပြောကြားခဲ့သည်။

    `ကျွန်မတို့ ပိုင်ဆိုင်တာဆိုလို့ စိတ်နှလုံးသားပဲ ရှိပါတယ်။ အသိပညာပေးခြင်းနဲ့ ဗဟုသုတတွေကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်ပြီး ကျွန်မတို့ ရည်ရွယ်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်´ ဟု အဘူဂိုရှ့်က အနာဂတ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတော်အတွက် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    အဆိုပါ စာအုပ်အသင်းက မကြာမီရောက်ရှိလာတော့မည့် အနာဂတ်၌ လူလားမြောက်လာကြမည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်အရွယ် လူငယ်လေးများကို ပစ်မှတ်ထားရန် မျှော်လင့်ထား၏။

    `သူတို့မှာ လွတ်မြောက်ဖို့ ဒါမှမဟုတ် ရှင်သန်ဖို့ နေရာ မရှိပါဘူး။ သူတို့မှာ ကစားကွင်းတွေ မရှိဘူး၊ အားကစားလည်းမလုပ်ရပါဘူး။ အပန်းဖြေအသင်းအဖွဲ့တွေလည်း မရှိပါဘူး။ နောက်ပြီး သင်ရိုးညွှန်းတမ်းအပြင် အခြားလှုပ်ရှားမှုမျိုးတွေလည်း မရှိပါဘူး။ နောက်ဆုံး မှာတော့ ဒီလူငယ်လေးတွေဟာ လမ်းမပေါ်ရောက်ကုန်ပါတယ်၊ ပြီးတော့ သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကို စစ်သားတွေ ခဲနဲ့ပေါက်တဲ့နေရာပဲ အသုံးချလိုက်ကြပါတယ်´

    လူမှုဖူလှုံရေး ပြတ်တောက်ခြင်း

    အရှေ့ဂျေရုစလင် မြူနီစီပယ်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ မိုဟာမက် အဘူကဖ်က ၎င်းတို့အဖွဲ့အနေဖြင့် အနုပညာစင်တာများ၊ အပန်းဖြေအသင်းအဖွဲ့များ စသဖြင့် လူ့အဖွဲ့အစည်းတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ကြိုးစားသည့်အခါ အရှေ့နှင့် အနောက်ဂျေရုစလင်အကြား ဘက်ဂျက်ခွဲဝေမှုတွင် ကြီးမားသည့် ခြားနားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဂျေရုစလင်ရှိ ၇၅.၃ ရာခိုင်နှုန်းသော ပါလက်စတိုင်းများမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူ ၃၆ ရာခိုင်နှုန်းမှာလည် ၁၂ နှစ်တက်ရမည့် အခြေခံပညာရေးကို အောင်မြင်ပြီးဆုံးခြင်း မရှိကြ။ အရှေ့ဂျေရုစလင်တွင် ကျောင်းထွက်မှုရာခိုင်နှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး အနောက်ဂျေရုစလင်တွင်တော့ ၁ ရာခိုင်နှုန်းသာရှိသည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက အရှေ့ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီးကတည်းက ဂျေရုစလင် မြူနီစီပယ်မှာ ဒေသအတွင်း၌ စာသင်ကျောင်းများ၊ ဆေးခန်းများအပါအ၀င် အရေးပါသည့် အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံနိုင်ခြင်းမရှိတော့ဟု အစ္စရေးရှိ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ BTselem က ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

    ထို့ပြင် မြို့တွင်းရှိ မိလ္လာစနစ်၊ လမ်းများ၊ လူသွားလမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စရေး၏ အနောက်ဂျေရုစလင်တွင် ရှိနေပြီး ပါလက်စတိုင်း လူ့အဖွဲ့အစည်းကတော့ ထိုအရာများကို ဆုံးရှုံးနေလေ၏။

    ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလ်-မက်ဒီစ် အန်ဂျီအိုအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ အီဆမ် ဂျွေဟမ်က အရှေ့ဂျေရုစလင်တွင် မူးယစ်ဆေးစွဲနေသူနှင့် ရောင်းဝယ်ဖောက်ကားနေသူ ၂၀၀၀၀ ခန့် ရှိနေကာ အသက် ၁၇ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်ဟု ပြောခဲ့သည်။

    `စီလ်ဝမ်၊ ရွှာအက်ဖ်၊ အလ်တူရ်တို့က မူလတန်းကျောင်းတွေကို ကျွန်တော် သွားရောက် လည်ပတ်ခဲ့ပြီး ကလေးတွေကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးကို ဘယ်ကနေရတယ်၊ ဘယ်သူ့ဆီကနေ ရတယ်ဆိုတာကို အတိအကျကို ပြောပါတယ်။ ပေါ်ပေါ်တင်တင်ပဲ သူတို့ရောင်းကြတယ်။ ဥပမာအားဖြင့် ပြောရရင် အစ္စရေးရဲတပ်ဖွဲ့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေမှာပါ။ မူးယစ်ဆေး သုံးစွဲနိုင်အောင် လုပ်ထားခြင်းက သူတို့အတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေကို ရတာကြောင့် အစ္စရေးအစိုးရက ဒါကို တားဖို့ မကြိုးစားပါဘူး။ ဆေးစွဲနေတဲ့သူဟာ သူတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကာကွယ်ဖို့ မကြိုးစားတော့ဘူးလေ။ ဒီကိစ္စထက် ပိုပြီး ပူပန်ရမယ့် ပြဿနာတွေ သူတို့မှာ ရှိနေတာကိုး´ ဟု ပါလက်စတိုင်းပြည်သူများ နလန်မထူနိုင်ရေး အစ္စရေး၏ ဆင်ကြံကြံနေမှုကို ဂျွေဟမ်က ယခုကဲ့သို့ ဖွင့်ဟခဲ့လေ၏။

    ref:Al Arabiya News
    လေးမောင် ဘာသာပြန်ဆို တင်ပြသည်။

  • ကိုယ်လက် လှုပ်ရှားမှုသည် ဆေးကောင်း တစ်လက်

    ကိုယ်လက် လှုပ်ရှားမှုသည် ဆေးကောင်း တစ်လက်

    ဇန်နဝါရီ ၅ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင် ရေးသည်။
    Family-exercise1
    ဆေးပညာရှင်တွေရဲ့ ဆေးပညာပေး ဆောင်းပါးတော်တော် များများကို လေ့လာကြည့်တဲ့အခါ ရောဂါဘယ မျိုးစုံအတွက် လမ်းညွှန်တစ်ခု အနေနှင့် ကိုယ်လက် လှုပ်ရှားမှုဟာ မပါမဖြစ် ပါဝင်လေ့ရှိတယ်။ ပြောစရာတော့ ရှိတာပေါ့။ ဒီကနေ့ခေတ် လူငယ်လူရွယ်တွေဟာ မိုးလင်းက မိုးချုပ်သွားလာ လှုပ်ရှားနေကြတာချည်းမို့ အထူး သီးသန့်အနေနှင့် ကိုယ်လက်လှုပ်ရှားဖို့ လိုသေးရဲ့လားလို့။

    မှန်တယ်။ ပညာသင်ယူနေသူ၊ လုပ်ငန်းခွင်ဝင်နေသူ လူငယ်တော်တော် များများဟာ သွားလာ လှုပ်ရှားနေကြတာပဲကိုး။ ဒါပေမယ့် အဲဒါက တစ်စုံတစ်ခုသော ရည်ရွယ်ချက် အတိုင်းဇောနှင့် သွားလာနေကြတာလေ။ ဆိုပါစို့ ကျောင်းချိန်မှီဖို့၊ အလုပ်ခွင်ကို အချိန်မီရောက်ဖို့ဆိုတဲ့ စိတ်ကကြီးစိုးနေတာမို့ စိတ်အေးလက်အေးတော့ မရှိဘူးပေါ့။ ကိုယ်ပိုင် ကားမောင်းလို့ (စီးလို့) သွားလာနိုင်သူတွေက လွဲပြီး ကျန်တဲ့သူတွေဟာ ရထား၊ ကားစီးဖို့ တက်သုတ်ရိုက်ကြတာရချည်းပါပဲ။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက လှုပ်ရှားနေသလို စိတ်အာရုံကလည်း တည်ငြိမ်အေးချမ်းမှု မရှိတာတော့အမှန်ပဲ။ ယာဉ်ကြောပိတ်လို့ ရုံး၊ ကျောင်း နောက်ကျရချည်ရဲ့ဆိုတဲ့ သောကစိတ် ကလည်းနှိပ်စက်ပြန်ရော။

    ဒီတော့လည်း အသက်ငယ်ငယ်နှင့်ပင်ပဲ ရုပ်ရည်က အိုစာသွားတာ မဆန်းဘူးပေါ့။ ရှိသေးတယ်။ သွားလာနေရင်းကပဲ ကိုယ့်စိတ်နှင့် မတွေ့တဲ့အဖြစ်အပျက် အကြောင်းအရာတွေအတွက် ဒေါသက ငယ်ထိပ်တက်တဲ့ အထိဖြစ်ရပြန်တယ်။ လူငယ် သဘာဝမို့ ထစ်ကနဲဆို လူရှေ့ကဒေါသက အရင်ဦးနေ တတ်တာကိုး။

    ဖြစ်သင့်တာကတော့ အလုပ်ခွင်ကပြန်လာတဲ့ အခါ၊ ဒါမှမဟုတ် ကျောင်းတို့ သင်တန်းတို့က ပြန်လာပြီးတဲ့အခါမှာ ကိုယ်ပိုင် အချိန်လေးနည်းနည်း ယူပြီးတော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခွင့်ရနိုင်ပါတယ်။ တစ်နေကုန်မှာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်လာခဲ့ သမျှလျော့ပါး သက်သာသွားသလို လက်တွေ့ခံစားရမှာပါ။ အသက်ကို ခပ်ပြင်းပြင်းရူသွင်းပြီး ခပ်ဖြည်းဖြည်း ရှု ထုတ်တာဟာ သာမန်ပဲလို့ ထင်ရပေမယ့် ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်တာမို့ အမြဲမပြတ်လုပ်သင့်တယ်။ လူရော စိတ်ပါအပန်းဖြေ သလို ဖြစ်သွားတဲ့အပြင် စိတ်ဖိစီးမှုတွေ၊ တင်းကျပ်မှုတွေ သိသိသာသာကြီးလျော့ပါး သွားစေပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်ဆိုတာ ဝန်ပိစေတဲ့ဆောင်ရွက်မှု မဟုတ်ပါဘူ။ လူငယ်၊ လူလတ်နှင့် လူကြီး စသူတွေ အားလုံးအတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ လူငယ်လူလတ်တွေ အတွက်ကတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်တကူးတက ယူစရာမလိုပါဘူး။ တစ်နေ့တစ်နေ့ ရုန်းကန် သွားလာနေရတာတွေနှင့် လိုတာထက် ပိုနေပါပြီလို့ တချို့ကဆိုကြတယ်။

    ဒါပေမယ့် လူငယ်လူလတ်တွေကို အလုပ်သွား၊ ကျောင်းသွားစရာလည်းမလိုသလို မည်မည်ရရ တာဝန်မရှိတော့တဲ့ သက်ကြီးပိုင်းတွေမှာတော့ အချိန်ပိုတွေ ရှိနေတတ်တာတော့အမှန်ပဲ။ ဒီတော့ အဲဒီသက်ကြီးပိုင်း အများစုဟာ မြေးထိန်းရင်း အချိန်ကုန်ကြသလို သစ်ပင်စိုက်၊ ပန်းပင်ရေလောင်း၊ သတင်းစာဖတ်၊ ဂျာနယ်ဖတ်ရင်း အချိန်တွေကိုကုန်ဆုံးကြရတယ်။ သက်ကြီးပိုင်း အမျိုးသားတစ်ချို့ကတော့ ရွယ်တူမိတ်ဆွေ အပေါင်းအသင်းတွေနှင့် လက်ဖက်ရည် ဆိုင်ထိုင်ကြတာပေါ့။ တချို့ကျပြန်တော့ နေရမဲ့ အချိန်တိုတိုလေးမှာ ကြံ့ခိုင် ကျန်းမာဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ အလေးထားကြတယ်။ အနည်းဆုံးပြောရရင် လမ်းလျှောက်ဖြစ်တယ်။ စုပေါင်းကိုယ်လက် လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေလည်း အရေအတွက် မသေးလှဘူး။ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို တည်ဆောက်နိုင်တယ်လို့ဆိုရမယ်။

    တချို့နိုင်ငံတွေမှာရှိကြတဲ့ သမားတော်ကြီးတွေက သူတို့လက်အောက်က ဆရာဝန်တွေကို လေ့ကျင့် သင်တန်းပေးကြတာကတော့ လူနာတွေကို သင့်လျော်မှန်ကန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ တိုက်တွန်းခိုင်းတယ်။ နောက်ပြီး ဆေးပညာဘွဲ့ကြို သင်တန်းတွေမှာလည်း အားကစားနှင့် ကိုယ်ကာယလှုပ်ရှားမှုတွေရဲ့တန်ဖိုးကို နားလည် သိရှိအောင် သင်ရိုးညွှန်းတန်း တစ်ခုအဖြစ် ပြဌာန်းထားတယ်။ ဒါမှလည်း ဘွဲ့ရ ဆရာဝန်တွေဟာ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုမဲ့ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကို ရှင်းလင်းပြနိုင်ပြီး လေ့ကျင့်ဖို့ တိုက်တွန်းနိုင်ကြမှာပါ။

    တကယ်တော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံဆိုတာ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေ စားသုံးဖို့ တစ်ခုတည်းနှင့် မလုံလောက်ပါဘူး။ သင့်တင့်တဲ့ ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေကိုပါ တွဲဖက်ပြီးဆောင်ရွက်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်က အခြေခံလူတန်းစားနှင့် အလွှာစုံကသိပြီး လိုက်နာကျင့်ကြံဖို့ အရေးကြီးပါတယ်။ ဘဝအတွက် လမ်းညွှန်ပေးတဲ့ အစီအစဉ်ကောင်းတွေကို နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားအစီအစဉ် စတာတွေကို အားထားနိုင်ပါတယ်။

    ကမ္ဘာတစ်ဝှန်းက ကျွမ်းကျင် ပညာရှင်တွေက အဆိုပြုကြတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ဆေးတစ်မျိုးပါပဲတဲ့။ အမှန်တော့ လူတစ်ယောက်ဟာကြံ့ခိုင် သန်စွမ်းဖို့ အလေးထားရင် သက်ရှည် ကျန်းမာပြီးနေပျော်တဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်တယ်။ ဆေးပညာရှင်တွေရဲ့လမ်းညွှန်မှုအရ အများပြည်သူတွေဟာ ကျန်းမာစေမယ့် နည်းလမ်းကောင်းတွေကို နားလည် သိရှိနိုင်သလို လက်တွေ့ကျင့်ကြံဆောင်ရွက်ဖို့လည်း အရေးကြီးပြန်တယ်။ ဒါဟာရောဂါဘယတွေ အတွက် ကာကွယ်ပြီးသားဖြစ်နေတယ်ဆိုတဲ့ အသိ စိတ်ဓာတ်ရှိဖို့လည်းလိုတယ်။

    ကျန်းမာကြံ့ခိုင်ဖို့ရည်ရွယ်ပြီး ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုး (တစ်မျိုးထက်ပိုပြီး) ပုံမှန်ဆောင်ရွက်ခြင်းဟာ စိတ်လက်ပေါ့ပါးကြည်လင်တယ်၊ သွက်လက်ဖျက်လတ်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။ ဒါဟာလူကြီး၊ လူငယ်မရွေး ခံစားနိုင်တဲ့အကျိုးကျေးဇူးတွေပဲပေါ့။ နောက်ပြီး ရောဂါဘယတွေအတွက် ကြိုတင် ကာကွယ်ထားသလိုဖြစ်နေတာမို့ ဆေးဝါးပုံမှန် သုံးစွဲရတာတွေ (အရင်ကထက်) လျော့ပါးသွားပါလိမ့်မယ်။

    ကိုယ်လက်လှုပ်ရှားမှုတစ်နေရာကို လုပ်မယ်လို့ ရည်ရွယ်ရင်ပေါ့။ အချိန်များများ စားစားပေးဖို့ မလိုပါဘူး။ တစ်ရက်မှာရှိတဲ့ မိနစ်ပေါင်း ၁၄၄၀ မှာမိနစ် ၃၀ လောက်ကလေးပေးရင် လုံလောက်ပါပြီ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ရင်တောင်မှ လမ်းလျှောက်တာ၊ အသက်ရူလေ့ကျင့်ခန်း လုပ်တာလောက်ကပဲ ကျန်းမာ သန်စွမ်းဖို့ အထောက်အကူပြုနေတယ်လေ။

    အသက်အရွယ်မရွေး၊ လမ်းလျှောက်ရင်း သဘာဝအလှတရားတွေကို ခံစားခွင့်ရနိုင်တာ ကြီးမားတဲ့ ဆုလာဘ်တစ်ခုလို့ ဆိုရမှာပါ။ ရင်ထဲက ဖိစီး တင်းကျပ်မှုတွေ ကြက်ပျောက် ဌက်ပျောက်ဖြစ်သွားမှာတော့ အသေအချာပါပဲ။ ဒီတော့ သီတင်းတစ်ပတ်မှာ တစ်ရက်ကို မိနစ်၃၀ လောက်ကလေး လှုပ်ရှားလေ့ကျင့်ခြင်းဟာ အကောင်းဆုံးဆေးဝါး တစ်ခုပါလို့ ပညာရှင်တွေက တညီတစ်ညွတ်တည်း အဆိုပြုထားကြပါတယ်။

    တစ်စုံတစ်ယောက်ဟာအကြောင်းကြောင်းကြောင့် ကျန်းမာရေး ချို့ယွင်းလာတဲ့အခါ ဟိုးတုန်းက ကျန်းမာပျော်ရွှင်ခဲ့တဲ့ ဘဝလေးကို တမ်းတမ်းတတဖြစ်မိတတ်စမြဲပါ။ ဒီတော့ လက်ရှိ အသက်အရွယ်နှင့် အခြေအနေမှာ အကောင်းဆုံး လေ့ကျင့်ဆောင်ရွက်ဖို့ကို အလေးထား ဆင်ခြင်ရင်းပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြရအောင်ပါ။

    နှင်းဆီခင်

  • နေထိုင်မှု ဘ၀ပုံစံများ

    နေထိုင်မှု ဘ၀ပုံစံများ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    LIFESTYLE word on arrow pointer
    နေ၀င်က နေထွက် တစ်နေ့တာဘ၀ကို လူတိုင်းဟာ ပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ တချို့ကပညာ၊ တချို့ကတော့ ဥစ္စာ၊ ကျန်တဲ့အချို့ကတော့ ဘ၀နှင့်ပေါ့။ ဒါကလည်း အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ခေါင်းစဉ်လည်း ကွဲပြားသွားတတ်တာကိုး။ ပညာပြီးပညာဆိုသလို လေ့လာဆည်းပူးနေကြသူတွေထဲမှာ ကိုယ်တိုင်စိတ်ပါလက်ပါရှိပြီး အားတတ်သရော ဖတ်မှတ်လေ့လာသူတွေရှိကြသလို၊ လူကြီးမိဘနှင့် အုပ်ထိန်းသူတွေရဲ့အလိုကျ စာပေပညာကို သင်ယူနေကြသူတွေလည်း အများအပြားပါပဲ။

    အရွယ်လတ်ပိုင်းမှာကျပြန်တော့လည်း စီးပွားရေးကြိုးပမ်းနေကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တချို့လူငယ် လူလတ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ၀န်ပိသလိုခံစားရပြီး စိတ်ဝင်တစားလည်း မရှိသလို ပျင်းရိဖင့်နွဲ့ပြီး နေတတ်သူတွေလည်း ပမာဏမနည်းလှပါဘူး။ အသက်အရွယ် အိုမင်းလို့ ဇရာကို ချဉ်းကပ်လာပြန်တော့လည်း စိတ်ပျိုကိုယ်နုရင်း သွက်လတ်ဖျက်လတ်မှု အပြည့်နှင့်ဘ၀ကို ကျော်ဖြတ်ကြသူတွေကို တွေ့မြင်နိုင်သလို လောကဓံရဲ့ အထိုးအနှက်နှင့် ဇရာဖိစီးတဲ့ဒဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေကိုလည်း ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အရွယ်သုံးပါးမှာ ရှိနေကြတဲ့လူတွေရဲ့ နေ့စဉ်ဖြတ်သန်းပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတာတော့အမှန်။

    ဆိုပါစို့ သက်ကြီးပိုင်းတွေ။ ယေဘုယျအနေနှင့်ကတော့ အသက် (၆၀) ကျော်တာနှင့် ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေဟာ အလိုလိုရပ်စဲပြီးသား (နိုင်ငံ့ဝန်ထမ်းတွေ) ဖြစ်သွားရော။ တစ်ခုရှိတာက ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ သက်တမ်းရှည်ရှည်တာဝန်ထမ်းဆောင်ခွင့်ရတာ (ခြွင်းချက်ပေါ့လေ) သက်ကြီးပိုင်း တော်တော်များများကတော့ မြေးထိန်းရင်း အချိန်ကုန်ဆုံးလေ့ရှိကြတယ်။ မြေးအနှစ်လို့ ဆိုထားတာမို့ ကိုယ့်ရင်သွေးတွေရဲ့ မျိုးဆက်သစ်မြေးတွေကို တုန်နေအောင် ချစ်တတ်ကြသလို၊ ပြုစုစောင့်ရှောက်ဖို့လည်း ၀န်မလေးတတ်ကြပါဘူး။

    တချို့ သက်ကြီးရွယ်အိုတွေကျပြန်တော့ မှီခိုအားကိုးရာအနေနှင့် သားသမီးတွေရဲ့အရိပ်ကိုခိုရင်း မြေးထိန်းဖြစ်ကြသည်ပဲပေါ့။ တချို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်၊ စိုက်ပျိုးကြရင်း ဘ၀ကို ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးကြပြန်တယ်။ သတင်းစာ၊ ဂျာနယ်တွေ အချိန်ယူပြီးဖတ်၊ နောက်ပြီး ကိုယ့်လိုသက်တူရွယ်တူတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆွေးနွေးကြ ငြင်းခုံကြပေါ့။ တရားဘာဝနာကို အားသန်သူတွေကလည်း တရားစခန်းတွေဝင်၊ သာသနာအကျိုးကို သယ်ပိုးရင်း အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူကြတယ်။ သာသနာရေး၊ လူမှုရေး ကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူတွေလည်း အများသား။ သူတို့အနေနှင့်ကလည်း သားသမီးတာဝန်တွေက ကျွတ်လွတ် ပြီးဆုံးသွားပြီမို့ စိတ်အေးလက်အေး ရှိသွားပြီလေ။

    ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ကျန်းမာပျော်ရွှင်စွာ ကုန်ဆုံးချင်ကြတဲ့ သက်ကြီးပိုင်းတွေကတော့ ကိုယ်လက်လှုပ်ရှား သွားလာတာကို အထူးအလေးထားပြီး ကျန်းမာကြံ့ခိုင်မှုကို ရယူကြတယ်။ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ လူနာတွေကို နည်းမှန်လမ်းမှန် ကိုယ်လက်လှုပ်ရှားနိုင်အောင် ညွှန်ပြဖို့အတွက် ဆေးပညာရှင်တွေ (ဆရာဝန်) ကို အဓိက သင်ကြားလေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီအခါ အာဟာရတစ်ခုတည်းသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းရဲ့ အရေးပါ ထိရောက်ပုံကိုပါ လူနာတွေမှတ်သားလိုက်နာကြရပါတယ်။

    လူငယ်၊ လူလတ်တွေအဖို့ ပညာရေး၊ စီးပွားရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကြရပါတယ်။ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတော်တော်များများပဲပေါ့။ အဲဒီအခါ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းမှုတွေကို မေ့ထားခဲ့ကြတယ်။ အချိန်ကြာလာတာနှင့်အမျှ စိတ်ဖိစီးတင်းကျပ်မှုတွေကို ခံစားရင်းထွက်ပေါက်မရှိဘဲ နေ့စဉ်ဘ၀ကို ကုန်ဆုံးဖြစ်တယ်။ အမှန်တော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ ဆေးဝါးဆိုတာ မမေ့သင့်ဘူး။ နောက်ပြီး သက်ရှည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပဲဆိုတာလည်း ဂရုပြုသင့်တယ်။ တကယ်တမ်းပြောရရင် တက်ကြွဖျတ်လတ်တဲ့လူငယ် လူလတ်တွေကို ပိုင်ဆိုင်ထားသူတိုင်းဟာ တစ်နေ့မှာ နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားနိုင်ခွင့်ရအောင် အချိန်ယူလေ့ရှိကြတယ်။ အဲဒီအခါ လူရော စိတ်ပါကြည်လင်လန်းဆန်းသလို ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း စိတ်လက်ပေါ့ပါးစွာထမ်းဆောင်နိုင်ကြတယ်။

    အချိန်ပိုမရှိပါဘူးလို့ ဆိုတဲ့သူတွေအတွက် တစ်ပတ်မှာလေးရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက် ကလေးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာပဲဆိုဆို လုပ်နိုင်အောင် ကြိုးစားကြည့်သင့်တယ်။ ရရှိလာမဲ့ အကျိုးဆက်က ကြိုးစားထားတာနှင့် မတန်အောင် ရရှိနိုင်တာကိုတော့ လက်တွေ့ဆောင်ရွက်သူတိုင်းသိမှာပါ။

    လမ်းလျှောက်တယ်ဆိုတာ ကြံ့ခိုင်ကျန်းမာဖို့အတွက်ချည်း ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်လူငယ်ပိုင်းတွေဟာ သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို စိတ်လွတ်လပ်မှုရှိရှိ အသုံးချခြင်းတစ်မျိုးလို့ ဆိုနိုင်တယ်။ ကြည့်လေ … ဖိအားတွေ၊ တင်းကြပ်မှုတွေများတဲ့ လုပ်ငန်းခွင်ကအပြန်မှာ လမ်းဘေးဝဲယာရဲ့ သဘာဝအလှတရားတွေကို လမ်းလျှောက်ရင်း ခံစားနိုင်သည်ပဲ။ ဒါဟာလည်း ကြည့်လိုက်ရင် သာမန်အသေးအဖွဲလို့ ထင်ရပေမဲ့ သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကို တအားကြီးအထောက်အကူပြုတာကိုး။

    ဆိုပါစို့ … ရေတွင်းများလို့ပေါ့။ တစ်နေ့လုံး ခပ်သုံးထားသမျှ ရေတွေဟာ တစ်တွင်းလုံး နီးပါးခန်းနေပြီ။ ဒါကိုအချိန်တော်တော်ကြာကြာ (တစ်ညလုံးနီးပါး) အနားပေးထားတဲ့အခါ မိုးလင်းလာရင် ရေတွေပြန်ပြီး ပြည့်လာသလိုပါပဲ။ ဒီလိုပါပဲ တစ်နေ့တာလုံး အသုံးချထားရတဲ့ အင်အားတွေကို အနားပေးတဲ့အခါ လူရောစိတ်ပါ လန်းဆန်းပြီး လာမယ့်နေ့သစ်တွေ အတွက် အားသစ်တွေပြန်ပြီး ပြည့်လာစမြဲပဲပေါ့။ အသက်အရွယ်မရွေး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေကို​​ ရှာကြံပြီး နေတတ်ထိုင်တတ်မယ် ဆိုရင်ပေါ့။ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မယ်။ မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနှင့် အဆင်ပြေလိုက်လျောမှုရှိတဲ့အခါ ဘ၀နေထိုင်မှုပုံစံဟာ ငြီးငွေ့စရာကောင်းမယ် မဟုတ်တော့ပါဘူး။ အမြဲတမ်းမဟုတ်သည့်တိုင် ဘ၀ရဲ့အစိတ်အပိုင်း တော်တော် များများဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်တွေနှင့် ပြည်လျှံနေမှာပေါ့လို့ ………

    နှင်းဆီခင်