ဇန်နဝါရီ ၉၊ ၂၀၁၅
M-Media
– သွေးထွက်သံယိုမှုများနှင့် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သောကြောင့် မကြာသေးမီ လများအတွင်းကပ `အကြမ်းဖက်တိုက်ခိုက်မှု´ နှင့် `ဂျေရုစလင်´ ဟူသည့် စကားလုံးများမှာ သဘောသဘာဝ တူညီခဲ့ကြသည်။ သို့သော်လည်း အခြေအနေများ တည်ငြိမ်သွားသည့်နှင့် မီဒီယာများ၏ အဆိုပါမြို့အား စိတ်ဝင်စားမှုမှာ မှေးမှိန်ပျောက်ကွယ်ခဲ့လေတော့သည်။
မည်သို့ပင်ဖြစ်စေကာမူ အရှေ့ဂျေရုစလင်အား အစ္စရေးက ၄၇ နှစ်ကြာ ကျူးကျော်သိမ်းပိုက်ထားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ဂယက်ရိုက်မှုများက ထိုဒေသတွင် နေထိုင်သည့် ၃ သိန်း ၆ သောင်းသော ပါလက်စတိုင်းပြည်သူများ၏ လူမှုဘ၀များကို ထိခိုက်လျက်ပင် ရှိနေလေသည်။
`လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အကျဉ်းထောင်ကြီးတစ်ခုမှာ နေရသလိုပါပဲ´
ထိုစကားမှာ ပါလက်စတိုင်းလူငယ်များ ပညာရေးတိုးတက်စေရန်အတွက် Dar Issaf alNashashibi စာဖတ်အသင်းကို တည်ထောင်ခဲ့သည့် အဟ်မဒ်က ၎င်းတို့၏ အခြေအနေကို ဖွင့်ဟခဲ့သော စကားပင်ဖြစ်လေ၏။
`အစ္စရေးရဲ့ နောက်ထပ် အစီအစဉ် တစ်ခုက ပါလက်စတိုင်းတွေရဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ပျက်ပြားစေဖို့ မနားမနေကြိုးစားခြင်းပဲ ဖြစ်ပါတယ်´ ဟု ဆိုကာ အရှေ့ဂျေရုစလင်ရှိ လူငယ်များအား မူးယစ်ဆေးစွဲအောင်လုပ်ခြင်းနှင့် ကလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အစ္စရေး၏ လုပ်ရပ်များကို အဟ်မဒ်က ထောက်ပြခဲ့သည်။
ရှိခ် ဂျရာမှ ဒါရ်အစ်ဆာ့ဖ် နက်စ်ဟက်ရှ်ဟီဘီ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေစင်တာရှိ ဂျေရုစလင်၏ တစ်ခုတည်းသော ပြည်သူ့စာကြည့် တိုက်နှင့် ပူးပေါင်း၍ ပါလက်စတိုင်း လူငယ်များအား အသိပညာကြွယ်ဝစေရန်နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အသိပညာပေးရန်အတွက် အသက် ၂၅ နှစ်အရွယ် သွားဆရာဝန် အဟ်မဒ်က လွန်ခဲ့သည့် ၆ လကပင် အဆိုပါ စာဖတ်အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။
လက်ရှိအချိန်၌ ထိုစာဖတ် အသင်းတွင် မတူညီသော အသက်အရွယ်အလိုက် အုပ်စု ၂ ခု ရှိလာခဲ့လေပြီ။ အဓိကအုပ်စုမှာ အသက် ၂၂ နှစ်မှ ၃၀ အကြား လူငယ် ၁၅ ယောက်မှ အယောက် ၂၀ ကြား ပါဝင်သည့် အဖွဲ့ဖြစ်ပြီး၊ အခြားအုပ်စုတစ်ခုမှာတော့ အသက် ၃၀နှင့် အထက် အမျိုးသမီး ၁၀ ဦးပါဝင်သည့် အဖွဲ့ဖြစ်လေသည်။ ထိုမျှမက အဆိုပါ စာဖတ်အသင်း၏ အဖွဲ့ခွဲ တစ်ခုကိုလည်း ရာမာလာတွင် တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။
အဆိုပါ စာဖတ်အသင်းတွင် ပြည်သူများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အမျိုးအစားအလိုက်၊ စာရေးဆရာ အလိုက် စာအုပ်အများအပြား ရှိလေသည်။
ဟီဘရူးတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် ဓာတုဗေဒ ကျောင်းသူ ရီဟမ် အဘူဂိုရှ့်က အဆိုပါ စာဖတ်အသင်းသို့ ဆက်သွယ်ရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ စာဖတ်ခြင်းက လူ့စွမ်းအားမြှင့်တင်ပေးရာ နည်းလမ်းဖြစ်သည်ဟု လူ့အဖွဲ့အစည်းက ရှုမြင်လာစေရေး တိုက်တွန်းအားပေးရန်ဟု ပြောကြားခဲ့သည်။
`ကျွန်မတို့ ပိုင်ဆိုင်တာဆိုလို့ စိတ်နှလုံးသားပဲ ရှိပါတယ်။ အသိပညာပေးခြင်းနဲ့ ဗဟုသုတတွေကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်ပြီး ကျွန်မတို့ ရည်ရွယ်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်´ ဟု အဘူဂိုရှ့်က အနာဂတ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတော်အတွက် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။
အဆိုပါ စာအုပ်အသင်းက မကြာမီရောက်ရှိလာတော့မည့် အနာဂတ်၌ လူလားမြောက်လာကြမည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်အရွယ် လူငယ်လေးများကို ပစ်မှတ်ထားရန် မျှော်လင့်ထား၏။
`သူတို့မှာ လွတ်မြောက်ဖို့ ဒါမှမဟုတ် ရှင်သန်ဖို့ နေရာ မရှိပါဘူး။ သူတို့မှာ ကစားကွင်းတွေ မရှိဘူး၊ အားကစားလည်းမလုပ်ရပါဘူး။ အပန်းဖြေအသင်းအဖွဲ့တွေလည်း မရှိပါဘူး။ နောက်ပြီး သင်ရိုးညွှန်းတမ်းအပြင် အခြားလှုပ်ရှားမှုမျိုးတွေလည်း မရှိပါဘူး။ နောက်ဆုံး မှာတော့ ဒီလူငယ်လေးတွေဟာ လမ်းမပေါ်ရောက်ကုန်ပါတယ်၊ ပြီးတော့ သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကို စစ်သားတွေ ခဲနဲ့ပေါက်တဲ့နေရာပဲ အသုံးချလိုက်ကြပါတယ်´
လူမှုဖူလှုံရေး ပြတ်တောက်ခြင်း
အရှေ့ဂျေရုစလင် မြူနီစီပယ်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ မိုဟာမက် အဘူကဖ်က ၎င်းတို့အဖွဲ့အနေဖြင့် အနုပညာစင်တာများ၊ အပန်းဖြေအသင်းအဖွဲ့များ စသဖြင့် လူ့အဖွဲ့အစည်းတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ကြိုးစားသည့်အခါ အရှေ့နှင့် အနောက်ဂျေရုစလင်အကြား ဘက်ဂျက်ခွဲဝေမှုတွင် ကြီးမားသည့် ခြားနားချက်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဂျေရုစလင်ရှိ ၇၅.၃ ရာခိုင်နှုန်းသော ပါလက်စတိုင်းများမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ပါလက်စတိုင်းပြည်သူ ၃၆ ရာခိုင်နှုန်းမှာလည် ၁၂ နှစ်တက်ရမည့် အခြေခံပညာရေးကို အောင်မြင်ပြီးဆုံးခြင်း မရှိကြ။ အရှေ့ဂျေရုစလင်တွင် ကျောင်းထွက်မှုရာခိုင်နှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး အနောက်ဂျေရုစလင်တွင်တော့ ၁ ရာခိုင်နှုန်းသာရှိသည်။
၁၉၆၇ ခုနှစ် အစ္စရေးက အရှေ့ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီးကတည်းက ဂျေရုစလင် မြူနီစီပယ်မှာ ဒေသအတွင်း၌ စာသင်ကျောင်းများ၊ ဆေးခန်းများအပါအ၀င် အရေးပါသည့် အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံနိုင်ခြင်းမရှိတော့ဟု အစ္စရေးရှိ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ BTselem က ၎င်းတို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် မြို့တွင်းရှိ မိလ္လာစနစ်၊ လမ်းများ၊ လူသွားလမ်းများ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စရေး၏ အနောက်ဂျေရုစလင်တွင် ရှိနေပြီး ပါလက်စတိုင်း လူ့အဖွဲ့အစည်းကတော့ ထိုအရာများကို ဆုံးရှုံးနေလေ၏။
ပြည်သူ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလ်-မက်ဒီစ် အန်ဂျီအိုအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ အီဆမ် ဂျွေဟမ်က အရှေ့ဂျေရုစလင်တွင် မူးယစ်ဆေးစွဲနေသူနှင့် ရောင်းဝယ်ဖောက်ကားနေသူ ၂၀၀၀၀ ခန့် ရှိနေကာ အသက် ၁၇ နှစ်အရွယ် ကလေးများပင် ပါဝင်နေသည်ဟု ပြောခဲ့သည်။
`စီလ်ဝမ်၊ ရွှာအက်ဖ်၊ အလ်တူရ်တို့က မူလတန်းကျောင်းတွေကို ကျွန်တော် သွားရောက် လည်ပတ်ခဲ့ပြီး ကလေးတွေကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးကို ဘယ်ကနေရတယ်၊ ဘယ်သူ့ဆီကနေ ရတယ်ဆိုတာကို အတိအကျကို ပြောပါတယ်။ ပေါ်ပေါ်တင်တင်ပဲ သူတို့ရောင်းကြတယ်။ ဥပမာအားဖြင့် ပြောရရင် အစ္စရေးရဲတပ်ဖွဲ့၊ စစ်တပ်နဲ့နီးတဲ့ နေရာတွေမှာပါ။ မူးယစ်ဆေး သုံးစွဲနိုင်အောင် လုပ်ထားခြင်းက သူတို့အတွက် အကောင်းဆုံး အကျိုးကျေးဇူးတွေကို ရတာကြောင့် အစ္စရေးအစိုးရက ဒါကို တားဖို့ မကြိုးစားပါဘူး။ ဆေးစွဲနေတဲ့သူဟာ သူတို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကာကွယ်ဖို့ မကြိုးစားတော့ဘူးလေ။ ဒီကိစ္စထက် ပိုပြီး ပူပန်ရမယ့် ပြဿနာတွေ သူတို့မှာ ရှိနေတာကိုး´ ဟု ပါလက်စတိုင်းပြည်သူများ နလန်မထူနိုင်ရေး အစ္စရေး၏ ဆင်ကြံကြံနေမှုကို ဂျွေဟမ်က ယခုကဲ့သို့ ဖွင့်ဟခဲ့လေ၏။
ref:Al Arabiya News
လေးမောင် ဘာသာပြန်ဆို တင်ပြသည်။
Leave a Reply
You must be logged in to post a comment.