News @ M-Media

Tag: LifeStyle

  • ကလေးများကို အစွန်းရောက်အမြင်များ မသင်ပေးမိစေဖို့

    ကလေးများကို အစွန်းရောက်အမြင်များ မသင်ပေးမိစေဖို့

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    chambre ours
    ကမ္ဘာကြီးကို အကောင်းတစ်ခြမ်း၊ အဆိုးတစ်ခြမ်း ခွဲခြားပစ်တဲ့ မီဒီယာဖော်ပြချက်တွေ၊ လိုရာဆွဲ သမိုင်းတွေကို ချင့်ချိန် ယုံကြည်လက်ခံဖို့ လိုအပ်နေပါပြီ။

    ကျွန်တော်ဟာ လက်ျာစွန်းရောက် လူပိန်းကြိုက် စာပေတွေကို ထာဝစဉ် ရှင်းလင်းသိမြင်အောင် တင်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေကို ဦးတည်ပြီး လမ်းမှားစေတဲ့ အရာတွေအပေါ် ပိုပြီး စိတ်ဝင်စားလာပါတယ်။ ကျွန်တော့်သားငယ်လေးက သူ့ပါးစပ်ထဲ ညစ်ညမ်းတဲ့အရာတွေ မထည့်သွင်းအောင် စိုးရိမ်မိချိန် ရှိခဲ့တယ်။ သို့သော် မရှေးမနှောင်းမှာ သူ့ရဲ့အသိထဲ မ၀င်လာစေဖို့လည်း သောကဖြစ်လာရပါတော့မယ်။ လမ်းလျှောက်တတ်စ တွတ်တီးတွတ်တာ အရွယ်မှာ ဒီအတွေးမျိုး ၀င်ရောက်ခြင်းက ဘယ်လောက်စိုးရိမ်စရာကောင်းလိုက်ပါသလဲ။ သေချာပါတယ်။ ကျွန်တော်ကတော့ ကွပ်မျက် သတ်ဖြတ်တဲ့ ရောင်စုံရုပ်ပုံ စာအုပ်တွေကို ထွက်ဝယ်ပေးဖို့ စဉ်းစားမှာ မဟုတ်ဘူး။

    များမကြာသေးမီ အမေရိကန်၊ စိန့်လူးဝစ္စမြို့မှာ အခြေစိုက်ထားတဲ့ စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုက အရွယ်ရောက်ပြီးသူနဲ့ စပ်ကူးမတ်ကူးအရွယ်ကလေးငယ်တွေကို ရည်ရွယ်ပြီး အကြမ်းဖက်ဝါဒ ပုံဖော်စာအုပ် တစ်အုပ် ထုတ်ဝေလိုက်ပြီး၊ “မိဘတွေက ဒီလို အမျိုးအစားတွေကို တောင်းဆိုလို့ပါ။ တကယ်လို့ သူတို့အနေနဲ့ ဒီလိုစာအုပ်မျိုးကို မလိုလားရင် မ၀ယ်ယုံဘဲပေါ့” လို့ ကာကွယ်ချေပသွားပါတယ်။

    သူတို့ရဲ့စာအုပ်စာရင်းကို သာမန်ကာလျှံကာမဟုတ်ဘဲ ကြည့်ရှုလိုက်တဲ့အခါ …

    ဒိုင်နိုဆော …. အပျော်အပြက်ပေါ့။ ကမ္ဘာ့ပြင်ပလောက ……… ပညာတိုးပွားစေပါတယ်။ လက်ဖက်ရည်ဝိုင်းပါတီ အပိုင်း ၁ နဲ့ ၂ ……… အင်း – သိပ်မဟုတ်သလိုပဲ။

    အကြမ်းဖက် လုပ်ရပ်ဆိုးရဲ့သရုပ်မှန်များ …… ဟ ဟ၊ ဒါက ဘယ်လိုလုပ်ပြီး (ကလေးဖတ်) စာအုပ်စာရင်းထဲ ပါဝင်နေရတာလဲ ?

    အဲ့ဒီစာမျက်နှာကို အမေရိကန်အစိုးရက သိသာထင်ရှားစွာ ငွေကြေးထောက်ပံ့ ကူညီထားတာပါ။ ဖိုတိုရှော့ ဂရပ်ဖစ်တွေနဲ့ အံ့မခန်း ပုံဖော်ချက်ရဲ့တစ်ဖက်မှာ “အီရတ်” နဲ့ “အလ်ကိုင်ဒါကွ” လို့ မျက်နှာအုပ် ၀တ်ရုံရှည်ဝတ် အမျိုးသမီး သုံးဦးမှ ဟစ်ကြွေးနေပုံကို မျက်နှာစာအဖြစ် ဖော်ပြထားတယ်။ ဘာမှလည်း ဆက်စပ်မှု မရှိပါဘူး။

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၉/၁၁ အရေးကို တဖွဲ့တနွဲ့ရေးသားထားတဲ့ (ကလေးငယ်များ အတွက် အလွတ်တန်း စာအုပ် ဆိုပြီး) We Shall Never Forget 9/11 – “၉/၁၁ ဖြစ်ရပ်ကို ကျွန်ုပ်တို့ ဘယ်တော့ မမေ့နိုင်” စာအုပ်ရဲ့ ဒုတိယပိုင်းအဖြစ် ထုတ်ဝေထားတာပါ။ ဒီစာအုပ်သစ်မှာ ကလေးငယ်တွေကို  ISIS အကြောင်းမိတ်ဆက်ပေးထားတဲ့ အချပ်ပိုစာမျက်နှာတွေ ပါဝင်နေပါတယ်။ အကြမ်းဖက်သမားများအကြောင်း စာအုပ်တွေမှာ အိုစမာဘင်လာဒင်၊ ဆက်ဒမ်ဟူစိန်၊ မဟ်မူးစ်အဟ်မဒီနီဂျတ် စတဲ့ လူသိများပြီးသားသူတွေအကြောင်းလည်း ထပ်တိုးထည့်သွင်းထားတာ တွေ့ရပါတယ်။

    WSNFIIterror
    “အကြမ်းဖက်သမားများ” ဟု အမည်စဉ်ပြသထားသော ရောင်စုံစာအုပ်များ

    Really Big Coloring Books စာအုပ်တိုက် တည်ထောင်သူ ၀ိန်းဘဲလ်က မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားချက် မဟုတ်ပါကြောင်း အကြောက်အကန် ဆိုပါတယ်။ “ဒီစာအုပ်တွေထဲမှာ လူမျိုးရေးခွဲခြားမှု တစ်ခုမှ မပါပါဘူး။ လူမျိုး သို့မဟုတ် ဘာသာတရားကို ဖော်ပြမထားပါဘူး”။ သူတို့ စကားအတိုင်းပါပဲ – Timothy McVeigh ၊ Theodore Kaczynski စတဲ့ လူဖြူဗုံးခွဲ သမားတွေလည်း ဖော်ပြ ထားပါတယ်။ ကျောထောက်နောက်ခံပေါင်းစုံက အစွန်းရောက်သူတွေပေါ့။

    ဒါပေမယ့် စဉ်းစားကြည့်ပါ။ ဒီစာအုပ်မှာ အခြေခံ ပုံဖော်ထားတာက မုတ်ဆိတ်ထားတဲ့ အာရဗ် အမျိုးသားတွေ ဖြစ်နေပါတယ်။ ထုတ်ဝေသူက စာအုပ်ထဲ ပါဝင် သမျှဟာ အချက်အလက်နဲ့ အမှန်တရားတွေချည်းပါ  (စိတ်ကူးယဉ်ဆိုတာ မပါဘူး)၊ မည်သည့် အရောင်ဆိုးချက်ကိုမျှ မဖန်တီးထား ဘူးလို့ ဆိုပါတယ်။

    “ဒါဟာ အကောင်းနဲ့အဆိုး အကြောင်းတွေလေ”။

    ဒီအဆိုက အာရဗ်တွေ သို့မဟုတ် မွတ်စ်လင်မ်တွေက အကြမ်းဖက် သမားတွေဖြစ်ကြောင်း ဆယ်စုနှစ် များစွာ မီဒီယာ အများစုမှာ အပြန်တလဲလဲဖော်ပြနေတဲ့ အပ်ကြောင်းထပ် စကားလုံးသာ ဖြစ်နေပါတယ်။ ဒီလို အသိပေးချက်က ရုပ်ရှင်ကနေ စာအုပ်တွေအထိ နေရာတိုင်းမှာ ကလေးတွေဆီ စိမ့်ဝင်စေ ပါတယ်။ ရောင်စုံရုပ်ပုံပါ စာအုပ် တစ်အုပ် ထပ်ထွက်လာလည်း သိပ်တော့ မထူးသွားပါဘူး။

    ကလေးသူငယ်များပင်လျှင် ဒီလို စာအုပ်တွေကို ဖတ်ရှုနေပြီလားဆိုတာ ကျွန်တော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေရဲ့အကြိုက်မျိုး ဖြစ် မနေလို့ပါပဲ။ အကြမ်းဖက်မှု အကြောင်းတွေ၊ စာသားတွေ သိပ်များပြားလွန်းနေတဲ့အပြင် စာအုပ်အဖုံးမှာ Rolling Stone ပုံဖမ်းထားတဲ့  zokhar Tsarnaev ရဲ့ရုပ်ပြောင်ပုံလည်း တွေ့ရတယ်။ ဒါ့အပြင် စာအုပ်အဖုံးပေါ်မှာ “မိဘများမှ ရှင်းပြပေးရန်” ဆိုတဲ့ အကြံပြုစာတန်းလည်း ဖော်ပြထားသေးတယ်လေ။ ဒါကြောင့် ဒီစာအုပ်တွေဟာ လူမျိုးခွဲခြားမှု အမြင်ရှိသူတွေအတွက် ဖြစ်တယ် (ဒီခွဲခြားရေး အမြင်တွေကို နောက် မျိုးဆက်တွေဆီ လက်ဆင့်ကမ်းချင်နေတယ်)လို့ ကောင်းကောင်း သုံးသပ်လို့ ရနေပါပြီ။

    အရွယ်ရောက်ပြီး သူတိုင်း ဒီစာအုပ်တွေထဲကနေ ကောက်ချက်ဆွဲနိုင်တာကတော့ “မွတ်စ်လင်မ်တွေဟာ အကြမ်းဖက်သမားတွေ” ဆိုတာပါပဲ။ အဲ့ – နေပါဦးဗျာ။ မွတ်စ်လင်မ် ဆိုတာ ဘာလဲ ?  စာမျက်နှာတွေကို လှန်လျောကြည့်ရှုလိုက်တဲ့အခါ မုတ်ဆိတ်ပါတဲ့ လူမည်းတွေကို အသားပေးဖော်ပြထားတာကို တွေ့လိုက်ရတယ်။ လူတစ်ဦးက ဗောင်းထုပ်ပေါင်းထားမယ်၊ မျက်နှာကို အ၀တ်ပိုင်းနဲ့ ဖုံးကာထားမယ်(မျက်နှာဖုံးစွပ်ထားမယ်)၊ တစ်ကိုယ်လုံးဖုံးကွယ်တဲ့ ၀တ်ရုံရှည်ကို ဦးစားပေး ၀တ်ဆင်ထားမယ်၊ ထူးခြားတဲ့ စကားလုံးတွေပါဝင်တဲ့ စာအုပ်ကို ကိုင်ထားမယ်ဆိုရင် ဒါဟာ မွတ်စ်လင်မ်ပဲ ဆိုတဲ့အချက်တွေကို တန်းကနဲ မြင်သွားစေပါတယ်။ ဒီလိုပုံသေကားချပ်အမြင်သွင်းမှုတွေအားလုံးကို ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေ၊ အနုပညာဖန်တီးမှုတွေမှာ တွေ့မြင်ဖူးပြီးသားတွေပါ။

    slide-366150-4166216
    စာအညွှန်း မပါတဲ့ ဓါတ်ပုံက မိမိရဲ့အိမ်နီးချင်းကောင်းတစ်ဦးကို  ဘာမဆိုင်ညာမဆိုင် မှားယွင်းစွာ ထင်မြင်သွားစေနိုင်ပါတယ်။

    ဒီစာအုပ်တွေပဲ စိတ်ပျက်စရာကောင်းတာလား ဆိုရင် မဟုတ်ပါဘူး။ “ကျောမခိုင်းခင် ထပ်စဉ်းစားပါ” ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုလည်း ရှိသေးရဲ့။ အီရတ် သို့မဟုတ် ဆီးရီးယားက ISIS အဖွဲ့ဆီ အမေရိကန်လူငယ်တွေ ရောက် မသွားစေဖို့ ရည်ရွယ်ပြီး အဲ့ဒီစာမျက်နှာကို အမေရိကန်အစိုးရက သိသာထင်ရှားစွာ ငွေကြေးထောက်ပံ့ ကူညီထားတာပါ။ ဖိုတိုရှော့ ဂရပ်ဖစ်တွေနဲ့ အံ့မခန်း ပုံဖော်ချက်ရဲ့တစ်ဖက်မှာ “အီရတ်” နဲ့ “အလ်ကိုင်ဒါကွ” လို့ မျက်နှာအုပ် ၀တ်ရုံရှည်ဝတ် အမျိုးသမီး သုံးဦးမှ ဟစ်ကြွေးနေပုံကို မျက်နှာစာအဖြစ် ဖော်ပြထားတယ်။ ဘာမှလည်း ဆက်စပ်မှု မရှိပါဘူး။ ကွန့်မန့်မှာ လူတစ်ဦးက “အကြမ်းဖက်သမားမွေးဖွားပေးတဲ့ မိခင်တွေ” ဆိုပြီး ရေးသားထား တာကိုပင် တွေ့ရပါမယ်။

    အဲ့ဒီစာမျက်နှာက ပရိသတ်များကို ISIS ရဲ့ အကြမ်းဖက်မှုတွေ အသိပေးချင်ပုံရပါတယ်။ ဒါပေမယ့် ပရိသတ်တွေက အစ္စလာမ်အပေါ် တစ်ဖက်သတ်ကြောက်နေတဲ့ လက်ျာ စွန်းရောက်တွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါ့အပြင် အသားညိုပြောင်းရွှေ့အခြေချလာသူတွေ၊ ယှရီအဟ် ဥပဒေ၊ ဟိဂျာဗ်/နိကာ့ဗ် ၀တ်ဆင်ထားသူတွေ၊ ဂျိဟာ့ဒ်ဆိုတဲ့ စကားလုံးတွေကို ပေါင်းစုဖော်ပြထားတယ်။ အဲ့ဒီစာရင်းထဲ ISIS အဖွဲ့ အလံကိုပါ ထည့်သွင်းထားတယ်။ (ဒါဟာ ချက်ခြင်းလက်ငင်း အဆိုးတရားနဲ့ တွဲမြင်လိုက်စေတဲ့ ကြောက်စရာ သင်္ကေတ နမူနာကြီးတစ်ခုပါပဲ။ swastika လို့ခေါ်တဲ့ နာဇီအမှတ်အသားကို သတိရကြသေးပါသလား)

    အထက်ဖော်ပြပါ ရောင်စုံစာအုပ်များမှာ ကြောက်စရာ့ ရည်ရွယ်ချက်တွေ ပါဝင်နေလင့်ကစား “အမှန်ကို ပြောပြပါ။ မကြာခဏ ပြောပြပါ။ ကလေးငယ်တွေကို ပြောပြပါ” ဆိုတဲ့ ဆောင်ပုဒ် တချို့ကိုလည်း ထည့်ရိုက်ထားပါသေးတယ်။ တစ်ချိန်က အကြောင်းရပ်တွေနဲ့ပတ်သက်လို့ ကလေးငယ်တွေဟာ သူတို့ ဆရာဆရာမတွေ ပြောသလို၊ လုပ်ခိုင်းသလို၊ အထပ်ထပ်ရွတ်ဆိုသလို အတုယူစွဲမှတ်သွားမှာ ဖြစ်ပါတယ်။

    သမိုင်းဆိုတာ သင်ကြားရ မခက်ခဲပါဘူး။ ကျွန်တော်တို့ဟာ ဘယ်လို သမိုင်းအမျိုးအစားကို ကလေးတွေဆီ သင်ကြားပေးမလဲ ဆိုတဲ့ အရေးအကြီးဆုံး မေးခွန်းတစ်ခု မေးမြန်း ရပါတော့မယ်။ နေရာအသီးသီးက အဖန် တလဲလဲဖြစ်နေတဲ့ မျိုးဖြုတ်ရှင်းလင်းမှုတွေကို နားလည်အောင် လမ်းဖွင့်တယ်ဆိုပြီး – နိုင်ငံရေး၊ လူမှု စီးပွားရေး အကြောင်းတရားတွေအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုလို ခက်ခဲတဲ့ဘာသာရပ်ကို သင်ကြားပေးမှာလား ?  ဒီလိုသာ သင်ကြားမယ်ဆိုရင် သမိုင်းတစ်ကျော့ပြန်နေခြင်း အပေါ် ကာကွယ်ခြင်းဖြင့် ကမ္ဘာကြီးသာယာစေမယ်လို့ အနိမ့်ဆုံး မျှော်လင့်ချက်လေးတော့ ထားနိုင်ပါလိမ့်မယ်။

    ဒီလိုသာမဟုတ်ဘဲ အမုန်းတရားဝါဒဖြန့်ဖို့ ဘာသာတရားနဲ့ယဉ်ကျေးမှုကို မရိုးအီနိုင်အောင် စော်ကားပြစ်တင်နေတဲ့ သမိုင်းဆိုးတွေကို သင်ကြားသွားတော့မှာလားလို့
    မေးမြန်းရင်း ………။

    xxxxxxxxxxxxxxxxxxxxxxxx

    Sya Taha ရေးသားသော How not to teach children about extremism ကို သြရသ ရေချမ်းမှ ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။

  • ပစ်ပယ် ခွဲခြားမှုများ ခါးစီးခံနေရသည့် တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    ပစ်ပယ် ခွဲခြားမှုများ ခါးစီးခံနေရသည့် တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    လူ့အသိုင်းဝိုင်းအတွင်း ပစ်ပယ်မှုနှင့် ခွဲခြားမှုများကို ခါးစီးခံနေရသည့်  တောင်ကိုရီယားမှ ခင်ပွန်းမဲ့ ဇနီးများနှင့် စွန့်ပစ် ကလေးငယ်များ

    solo mum2

    – ကိုယ်ဝန်နှင့်သူမကို ချစ်သူဖြစ်သူ ထားသွားခဲ့စဉ်က ပက်ဒါဟွန်းမှာ အသက် ၂၅ နှစ်သာ ရှိသေးသည်။ လုပ်ဖော်ကိုင်ဖက်များ၊ မိဘများကို တိမ်းရှောင်ကာ ဆေးရုံတွင် သူမတစ်ယောက်တည်း ထိုကလေးကို မွေးရလေသည်။ မိဘများက ကလေးဖျက်ချရန် တိုက်တွန်းခဲ့သည်ဟု ပက်ကဆိုသည်။ အချို့သော ချွင်းချက်များမှအပ ကလေးဖျက်ချခြင်းမှာ တောင်ကိုရီးယားတွင် တရားမ၀င်ဖြစ်သည်။ သို့သော်လည်း နှစ်စဉ် ကလေးဖျက်ချမှုနှုန်းမှာ ခန့်မှန်းချေ ၃ သိန်းခန့်ရှိလေသည်။

    မီးဖွားပြီးနောက် ထိုကလေးအား ဆိုးလ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ပက်က ထားခဲ့လေသည်။ မွေးကင်းစကလေးများ စွန့်ပစ်ခံရသည်ဟူသော သတင်းများကြောင့် သင်းအုပ်ဆရာ လီဂျွန်ရက်က ဘုရားကျောင်းရှေ့တွင် ကလေးစွန့်ပစ်ရန် သေတ္တာ တစ်ခုထားပေး ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ ကလေးစွန့်ပစ်သူ မိခင် ၅၀၀ ကျော်ရှိလာပြီဖြစ်၏။ လီကမူ မိခင်များအား အကြံဥာဏ်များပေးပြီး ကလေးငယ်များအား ခဏတာ ခိုလှုံခွင့်ပေးထားသည်။

    တာဝန်ယူမှုမရှိ၊ အားကိုးမထိုက်သော မိခင်များဟု ထင်ရသော ပက်ကဲ့သို့ အမျိုးသမီးများမှာ လက်မထပ်ဘဲရသည့် ထိုကိုယ်ဝန်အတွက် လူတောသူတောထဲတွင် ခွဲခြားခြင်းခံရလေသည်။ (ကိုယ်ဝန်ဆောင်ခြင်းကြောင့်) ကုမ္ပဏီ၏သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ပက် အလုပ်ပြုတ်ခဲ့သည်။

    နောက်ဆုံးတွင် ပတ်ကို မိဘများက ပြန်ခေါ်ခဲ့သောကြောင့် ကံကောင်းသူများထဲတွင် ပါဝင်ခဲ့သည်။ မင်္ဂလာမဆောင်ဘဲ ကလေးမွေးပြီး စွန့်ပစ်သွားခြင်း၊ သို့မဟုတ် ထိုကလေးအား နိမ့်ကျစွာရှင်သန်စေသည့် မိခင်များအား တောင်ကိုရီးယား လူ့အဖွဲ့အစည်းက ပြင်းပြင်း ထန်ထန် ပုတ်ခတ်ပြောဆိုကြသည်။ တရားဝင်အိမ်ထောင်မပြုသော မိဘမှ မွေးဖွားလာသည့် ကလေးများကို ကျောင်းတွင်လည်း ၀ိုင်းပယ်ထားကြ၏။

    ကလေးများအနေဖြင့် မိဘများကို လွယ်ကူစွာရှာဖွေနိုင်ရန်နှင့် တရားဝင် မင်္ဂလာမဆောင်သော မိခင်များ ကလေးများစွန့်ပစ်မှုကို တားဆီးရန်အတွက် ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယား အစိုးရက အငြင်းပွားဖွယ် ကလေးမွေးစားမှု ဥပဒေကို ပြဌာန်းခဲ့သည်။

    ခင်ပွန်းမရှိသည့် မိခင်များ ကလေးမွေးဖွားပြီး ၇ ရက်အထိ ကြည့်ရှုစောင့်ရှောက်ခြင်းကို မလုပ်မနေရအဖြစ် ပြဌာန်းထားပြီး ထို့နောက်တွင်မှ ကလေးငယ်အား စွန့်လွှတ်မည်လား ဆက်လက်စောင့်ရှောက်မည်လား ဆုံးဖြတ်ရန် သတ်မှတ်ထားသည်။ ကလေးမွေးဖွားမှုကို တရားဝင်မှတ်တမ်းတင်ရပြီး မွေးစားဖို့ ပေးမည်ဆိုလျှင်ပင် မွေးစားမည့် မိဘများနှင့် ကလေးမိခင် တစ်ခါတစ်ရံ အဘိုးအဘွားတို့နှင့် သဘောတူညီချက်ယူရ၏။

    သင်းအုပ်ဆရာလီကတော့ အဆိုပါကလေးမွေးစားသည့် ဥပဒေက မွေးကင်းစ ကလေးများအား မိခင်များက တရားမ၀င်စွန့်ပစ်ခြင်း တိုးပွားလာရန် တွန်းပို့နေပြီး “ကလေးများကို သတ်သော ဥပဒေ” သာဖြစ်သည်ဟု မှတ်ချက်ပေးခဲ့လေသည်။

    ထိုဥပေဒပြဌာန်းပြီးကတည်းက စွန့်ပစ်သည့် ကလေး အရေအတွက်မှာ လေးဆ တိုးလာသည်ဟု လီကဆိုသည်။ ကလေးများစွန့်ပစ်စဉ်က မိခင်များထားခဲ့သည့် စာများကိုလည်း လီကသိမ်းထား၏။ တစ်ချို့မှာ စိတ်ဓာတ်ကျနေပြီး တစ်ချို့ဆိုလျှင် ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့အထိ ထိုစာများတွင် ရေးသားအသိပေးထားလေသည်။

    လီ၏ ဘုရားကျောင်းမှ မှတ်တမ်းအရ မိခင်လေးဦးတွင် တစ်ဦးမှာ သူတို့၏ ကလေးများကို ပြန်လည်ခေါ်ဆောင်ကြသည်ဟု ဆိုသည်။ ကျန်ရှိနေသာကလေးများ ကိုတော့ နိုင်ငံရပ်ခြားမှ စုံတွဲများကို မွေးစားဖို့ ပေးကြသည်။ နိုင်ငံအတွင်း တွင်တော့ မွေးစားမှုအလွန်နည်းကြ၏။ မိဘမဲ့ကလေးများအား ၀ိုင်းပယ်မှု၊ ပုတ်ခတ်မှုများ တောင်ကိုရီးယားတွင် တွင်ကျယ်နေသောကြောင့်ပင် ဖြစ်ပေသည်။

    Aljazeera သတင်းဌာန၏ 101 East အစီအစဉ်မှ  Solo mums  ရုပ်သံသတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ပြန်ဆိုသည်။

  • LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင် – နှင်းဆီခင်

    successful lifestyle

    – နှစ်ဆယ့်လေးနာရီရှိတဲ့ တစ်ရက်တာတွင် လူတွေဟာပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ ဒေါသတွေ၊ မောဟတွေ နောက်လည်း မုန်းတီးမှုတွေ ဒါမှမဟုတ် အကြင်အနာ တရားနှင့် ချစ်ခြင်းမေတ္တာ၊ပျော်ရွှင်ကြည်နှုးမှုတွေနှင့်ပေါ့။

    လူတိုင်းဟာသူ့ရဲ့သီးခြားခံစားမှုတွေရှိနေတာပေါ့။ တချို့လူနည်းစုတွေကတော့ တစ်ရက်တာကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀ အသုံးချရင်း ကုန်ဆုံးတတ်ကြတယ်လို့ သုတေသန ပညာရှင်တွေက လေ့လာ ဆန်းစစ်ထားကြတယ်။ ယေဘုယျအနေနှင့် လူအများစုကတော့ ခံစားရပေမဲ့ ကြည်နှုးပျော်ရွှင်မှုတွေကို ကိုယ့်ဘာသာ ဖျက်ဆီးပစ်နေကြပါတယ်တဲ့။

    ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မနေ့ကပြုခဲ့မိတဲ့ အမှားတွေကို တမြည့်မြည့်တွေးရင်း ကိုယ့်ကိုကိုယ် အပြစ်တင်မိနေကြသလို မလာသေးတဲ့အတွက် မနက်ဖြန်မှာကြုံရမဲ့ ဒုက္ခတွေနှင့် အခက်အခဲတွေအတွက် သောက ပိုနေကြပြန်ရော။

    ဒါ့အပြင် လတ်တလောကြုံတွေ့နေရတဲ့ အကြောင်းအရာ ဖြစ်ရပ်တွေအပေါ် အသေအချာ ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်း မရှိတာကြောင့် အပူပေါ်အပူဆင့်ပြီး အပျော်လေးတွေ ပျောက်ဆုံးနေကြတယ်။ တစ်နည်းပြော ရရင် စိုးရိမ်စိတ်၊ ပူပန်စိတ်တွေနှင့် လုံးချာလိုက်နေတယ်။

    တကယ်တော့ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတာဟာ တစ်ရက်အတွက် ၂၄ နာရီအပြည့်အ၀ရှိတယ်။ စီစဉ်တကျကိုင်တွယ် အသုံးချမယ်ဆိုရင်တော့ စိတ်ပင်ပန်း လူပင်ပန်းမှုဒဏ်က ကင်းဝေးစွာ တစ်နေ့တစ်နေ့ ကုန်ဆုံးနိုင်မှာတော့ အသေအချာပါပဲ။ အချိန်ကို စနစ်တကျသုံးစွဲတဲ့အခါ အချိန်တွေပိုတွေရလာမှာတော့ အသေအချာပဲပေါ့။

    ဆိုပါစို့ မနက်အိပ်ရာကထဖို့အတွက် နှိုးစက်ပေးပြီးအချိန်သတ်မှတ်ရာမှာ ၁၀မိနစ်လောက်စောပြီး ချိန်ထားပေးပါ။ ဒါဆိုရင် နှိုးစက်အသံကြားကြားချင်း အိပ်ယာကနေ အပြေးအလွှားထဖို့ မလိုတော့ဘူး။ အချိန်ပို ၁၀ မိနစ်အတွင်းမှာ ခြေဆန့်လက်ဆန့်လုပ်ရင်း အသက်ရှုသွင်းထုတ်လေ့ကျင့်နိုင်ပါတယ်။ လက်တွေကို (အိပ်နေတဲ့ အနေအထားမှာ) ခေါင်းနားအထိအပေါ်ဖက်ကို ဆန့်ထုတ်ရင်း အသက်ကိုပြင်းပြင်း ရှုသွင်းရင်းပြီး လက်တွေကို ကိုယ်ခန္ဓာဘေးကို ပြန်ချတဲ့အခါ ခပ်ဖြည်းဖြည်းချင်း ရှုထုတ်နိုင်တယ်။ အချိန်ပို ၁၀ မိနစ်အတွင်း အဲဒိလို အသက်ရှုလေ့ကျင့်ခန်းလုပ်တာဟာ အိပ်နေတာထက်ပိုပြီး ထိရောက်တယ်။ ဒီလိုလေ့ကျင့်မှုက ကိုယ်ခန္ဓာဘေးနံရံကကြွက်သားတွေကို ဆန့်ထုတ်သလိုပါပဲ။

    အဲဒီနောက် ညာဘက်ကိုစောင်းအိပ်လို့ ညာလက်ကို ပခုံးပေါ်တင်ထားပြီး အသက်ပြင်းပြင်းရှုသွင်းတဲ့ အခါ လက်ကိုဦးခေါင်းနားဆီသို့ရောက်အောင် ဆွဲယူပါ။ အဲဒီအခါ ခါးအထိကြွက်သားတွေ ဆန့်ထုတ်သလို ခံစားရမယ့်အပြင် နောက်ကျောကြွက်သားတွေကိုလည်း ဆန့်ထုတ်သလိုဖြစ်လာ ပါတယ်။ လေကိုဝအောင် ရှုသွင်းတာဖြစ်လို့ အဆုတ်တွေ သွက်လက်လှုပ်ရှားလာမယ်။ ပြီးရင်ဘယ်ဘက်ကိုပြောင်းပြီးလုပ်ပါ။ ဘယ်ဘက်မှာရှိတဲ့နှလုံးဟာ သန်မာ လှုပ်ရှားလာနိုင်မှာဖြစ်လို့ အကျိုးဖြစ်ထွန်းမှုရှိပါတယ်။

    နောက်လေ့ကျင့်မှုတစ်ခုကတော့ အသက်ရှုသွင်းတဲ့အခါ ခြေထောက်တွေကို ဆန့်ထုတ်ပြီး မြှောက်ထားပါ။ အသက်ရှုထုတ်တဲ့ အခါမှ ဖြည်းဖြည်းချင်းပြန်ချပါ။ ဒီလေ့ကျင့်မှုသုံးမျိုးကို အိပ်ယာမှမထခင် နေ့စဉ် လိုလိုလေ့ကျင့် လှုပ်ရှားမယ်ဆိုရင်တော့ လန်းဆန်းတက်ကြွပြီး ကျန်းမာကြံ့ခိုင်စွာ ရှိနေမယ်ဆိုတာ အသေအချာပဲပေါ့။

    အိပ်ယာကထတဲ့အခါ တိုက်ရိုက်နိုးထတာမျိုးက ကိုယ်ရောစိတ်ပါထိခိုက်တတ်တယ်ဆိုတာ လက်တွေ့ သိသာနိုင်တယ်။ ရပ်နေတဲ့ကားတစ်စီးကို ဂီယာပြင်းပြင်းနှင့်နှိုးလိုက်သလိုမို့ စိတ်လှုပ်ရှားမှု အပြည့်နှင့် နှိုးထလာမှာပါ။

    နှလုံးမှာထိခိုက်ဝေဒနာခံစားရသလို စိတ်ပေါ့ပါးရွှင်လန်းမှုလည်းမရှိဘူး။ ဒါကြောင့် အချိန်ပိုကလေးယူ၊ နားနားနေနေရှိအောင် ကြိုးစားဖို့မမေ့သင့်ပါဘူး။ မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်နှိုးထခြင်းဟာ တစ်နေ့လုံးစိတ်ကြည်လင် လန်းဆန်းဖို့အလားအလာအများကြီးရှိတာကိုး။

    အိပ်ယာကနိုးပြီဆိုတော့ မနက်စာအတွက်စီစဉ်ရပြီပေါ့။ မနက်စာစားရာမှာ ဘာစားတယ်ဆိုတာက ဘယ်လိုပုံစံစားသောက်တယ် ဆိုတာလောက်တော့ အရေးမကြီးလှဘူး။

    မနက်စာကိုဘာပဲစားစား ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့သိပ်ကိုအရေးကြီးတယ်။ ခေါင်းထဲမှာအတွေးတွေအပြည့်နှင့် အစားအသောက်ကို အချိန်ယူစားမနေတော့ဘဲ ကရိုက်ကတိုက်ပြီး စလွယ်စားတတ်တာဟာ အစာချေဖျက်မှု စနစ်ကို ပျက်စီးစေ ရုံသာမက စိတ်ဖိစီး တင်းကျပ်မှုတွေကိုခံစားရမှာတော့ အသေအချာပါ။ ဒါကြောင့် အစားအသောက်ကို အလျင်စလို မစားဘဲ(နည်းနည်းများများ) အစာကြေအောင် အချိန်ယူစားတတ်တဲ့ အကျင့်ရှိဖို့လိုတယ်။ ဒါမှလည်း စားလိုက်သမျှအစားအသောက်တွေဟာ တစ်နေ့တာလှုပ်ရှားရုန်းကန်ဖို့ အားဖြစ်စေ ပါလိမ့်မယ်။ နောက်ပြီး ကြုံတွေ့ရမဲ့ အခက်အခဲတွေ၊ ပြသာနာတွေကို ရဲရဲကြီးရင်ဆိုင်နိုင်မယ့်ခွန်အားကိုပေးတယ်။

    ပုံမှန်လှုပ်ရှားလုပ်ကိုင်ခြင်းဟာ လူရောစိတ်ပါအပင်ပန်းပြေစေတဲ့ သဘော။

    တစ်နေ့မှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်တွေကိုအပြေးအလွှားပြီးအောင်လုပ်နေရသူဟာ စိတ်ဖိစီးမှုတွေတစ်ထမ်းကြီးခံစားရပြီသာမှတ်။ နာရီကိုကြည့်လိုက်တဲ့ အခါ တစ်စုံတစ်ခုလုပ်ဖို့နောက် ကျနေပြီဆိုတာသိလိုက်ရတာနှင့် ကိုယ်ခန္ဓာကြွက်သားတွေဟာ တောင့်တင်းပြီး အထိတ်တလန့်ဖြစ်သွားရော။

    အလုပ်သွား၊ ကျောင်းသွား နောက်ကျပြီဆိုတဲ့အသိ ကိုယ့်ကိုကိုယ်နှိပ်စက်နေတယ်။ ဒါကြောင့် အရာရာကို စနစ်တကျ အချိန်သတ်မှတ်ပြီး ကြိုတင်စီစဉ်တတ်သူဟာ အလောတကြီးလုပ်စရာ လုံးဝမလိုဘူး။ အရာရာကို ခပ်အေးအေးနှင့် တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်တယ်။ အလုပ်၊ ရုံး၊ ကျောင်း စတာတွေကို အချိန်မီရောက်တယ်။ သောကမပိုတာကြောင့် အဲဒီတစ်နေ့တာအတွက် စိတ်ဓာတ်တက်ကြွ လန်းဆန်းနေပြီပေါ့။

    ငွေကိုစနစ်တကျခွဲဝေသုံးစွဲသလို အချိန်ကိုလည်း စီမံဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါဆိုရင် ကိုယ့်မှာဆောင်ရွက်စရာ တစ်ခုခုပေါ်လာတိုင်း “အချိန်မရှိလို့” ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်ခြေပေးဖို့ မလိုတော့ဘူး။ စနစ်ဇယားလှလှနှင့် အချိန်ကိုခွဲဝေသုံးစွဲမယ်ဆိုရင် တစ်နေ့တစ်နေ့မှာ အချိန်ပိုတွေ ရလာမှာဖြစ်လို့ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ဘ၀ တိုးတက်ရာ တစ်ခုခုကို လေ့လာဖို့ အခွင့်အရေးရမှာ အသေအချာပါပဲ။ တစ်ကယ်တမ်းတွေးကြည့်ရင် တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀ မိနစ်) မှာကိုယ်ပိုင် အနားယူပြီး စိတ်လွတ်လပ်ပေါ့ပါးစွာ နေနိုင်ဖို့ ၁၅ မိနစ်လောက် အနည်းဆုံးမရှိသင့်ဘူးလား။ ဒါဆိုရင်လာမယ့်နေ့သစ်တွေအတွက် စိတ်ဓာတ်ခွန်အားအပြည့်နှင့် ရင်ဆိုင်နိုင်မယ်ဆိုတာ လက်တွေ့ခံစားဖူးသူတိုင်းသိမှာပါ။

    တချို့ရှိတယ်။ ဘာလုပ်လုပ် လျင်လျင်မြန်မြန်ကြီးလုပ်တတ်တယ်။ လုပ်ရမယ့်အလုပ်တွေပြီးမှဖြစ်မယ် ဆိုတဲ့အသိစိတ်က တရစပ်နှိုးဆော်နေတာကိုး။ တကယ်တော့ဒါဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ကိစ္စတိုင်းကို စနစ်တကျတွေး အလျင်စလိုကြီးလုပ်စရာမလို (ဖြည်းနှေးရမယ်လို့မဆိုလိုပါ) မှတ်တမ်းကလေး လုပ်သွားပြီး စိတ်ကို တင်းမထားဘဲ အလိုက်သင့်ပြေလျော့ထားဖို့လိုမယ်။ ဒါမှလည်း အလုပ်ကိုပျော်ပျော်ကြီးအပြီးသတ်နိုင်မှာဖြစ်သလို အလုပ်ကြောင့် ၀န်ပိနေတာမျိုး မခံစားရတော့ဘူးပေါ့။ စိတ်ပူတာ၊ စိုးရိမ်သောကတွေ မရှိခြင်းဟာ ကိုယ်ဆောင်ရွက် ရမယ့် ကိစ္စတိုင်းကို အချိန်လုံလုံလောက်လောက်ယူပြီး ခေါင်းအေးအေး ထားဆောင်ရွက်ခြင်းပဲဖြစ်တယ်။

    ညအိပ်ယာမ၀င်ခင်ကတည်းက နောက်တစ်နေ့မနက်အိပ်ယာနိုးလာရင် ဆောင်ရွက်ရမဲ့ကိစ္စတွေကို စီမံစဉ်းစားထားတာ သောကပိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။ မိုးလင်းတာနဲ့ ကိုယ့်ရဲ့အစီအစဉ် အတိုင်း ဆောင်ရွက်သွားရုံပါပဲ။ တစ်ခုရှိတာက အိပ်ယာကနိုးလို့ မျက်လုံးဖွင့်လိုက်တာနှင့် ကိုယ်လုပ်ရမဲ့ ကိစ္စတွေက ခေါင်းထဲစုပြုံတိုးဝင်လာ၊ စိတ်ရှုပ်၊ စိတ်ဖိစီးတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါဟာကိုယ့်ဘာသာ စိတ်ပင်ပန်း၊ လူပင်ပန်းအောင်နှိပ်စက်တဲ့ သဘောဖြစ်နေတယ်။ ကြိုတင် စီစဉ်တာနှင့် စိတ်ပူတာဟာ လုံးဝခြားနားတာမို့ ခွဲခြားမြင်ဖို့တော့လိုတယ်လေ။

    လူ့သဘာဝအရ နေ့စဉ်ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညဏ်စိတ်ရှုပ်စရာတွေ ကြုံကြရသည်ပဲပေါ့။ ဒါတွေအတွက် “စိတ်ညစ်လိုက်တာ” လို့ပါးစပ်ကနေခိုညည်း ညည်းနေလို့ အရာခပ်သိမ်းကာပြေလည် သွားမှာမှမဟုတ်တာနော့။ ဒီတော့ ကြုံလာသမျှမှာ အခက်အခဲတွေဆိုတာရှိရင် ထွက်ပေါက်ဆိုတာလည်း မလွဲမသွေရှိမယ် ဆိုတာကို ရဲရဲကြီးယုံကြည်ထားမယ် ဆိုရင်ပေါ့။ အခက်အခဲတွေ၊ ပြသာနာတွေ အတွက် ခေါင်းခဲနေမယ့် အစား၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေးဆတာဟာ နည်းလမ်းကောင်းတစ်ခုပါ။

    အလုပ်ကိစ္စတွေဆောင်ရွက်လို့ပြီးစီးတဲ့အခါ၊ အစားအသောက်စားမယ်လို့ စိတ်ကူးတဲ့အခါ မိနစ်ပိုင်းလောက် ကလေးပဲဖြစ်ဖြစ် စိတ်ရောလူပါ အနားယူလိုက်ပါ။

    ဒါဆိုရင် စိတ်ကြည်လင်လန်းဆန်းသွားမှာသေချာတယ်။ အဲဒီတော့ စိတ်ဖိစီးမှုတွေက ကိုယ့်ကို အလဲထိုး၊ နှိပ်စက်နိုင်မှာ မဟုတ်တော့ဘူး။

    ဘ၀ဆိုတာ အစစအရာရာချောမွေ့အဆင်ပြေနေတတ်တာမျိုးမဟုတ်ဘူး ဆိုတဲ့အသိကို နားလည် လက်ခံထားရင်ပေါ့။ ကြုံပလေ့စေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပစ်လိုက်မယ်ဆိုတဲ့ ခံယူချက် ရှိလာမယ်။ ၂၄ နာရီ ပတ်လုံးစိတ်သောကရောက်နေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီတော့ ဘ၀ကို အလိုက်သင့်ဖြေရှင်းဆောင်ရွက်ရင်း နေပျော်အောင်နေမလား၊ ဒါမှမဟုတ် ၀န်ထုပ် ၀န်ပိုးပိပြီး လေးလံနေတယ်လို့ ယူဆမလား။ ဒါကတော့ စာဖတ်သူရဲ့ ဆန္ဒပေါ့။     ။

    နှင်းဆီခင်

  • အိမ်ထောင်ရှင်လောင်း အားလုံး တက်ရောက်ရမည့် ပညာပေး သင်တန်း ဆော်ဒီတွင် စတင်တော့မည်

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    saudi_family
    – နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမြင့်မားမှုကို လျော့ချရန်ရည်ရွယ်၍ အိမ်ထောင်ပြုမည့်သူတိုင်း မဖြစ်မနေ တက်ရောက်ရမည့် အိမ်ထောင်ရေးနှင့် ပတ်သက်သော ပညာပေး သင်တန်းတစ်ခုကို စတင်တော့မည်ဟု ဆော်ဒီ တရားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    “အိမ်ထောင်သည်ဘ၀အတွက် ဒီအစီအစဉ်ရဲ့အရေးပါမှုကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ပြီးတော့ ဒါဟာ ကွာရှင်းနှုန်းလျော့ချရေးမှာ အကျိုးသက်ရောက်မှုရှိမှာပါ” ဟု ဇနီးမောင်နှံလောင်းများ နေရာချထားရေးအတွက် ဦးဆောင်ဆောင်ရွက်နေသည့် ဖူအဒ် အလ်-ဂျူဂိုင်မန်က လန်ဒန်အခြေစိုက် Asharq al-Awsat သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ သင်တန်းတွင် လေ့ကျင့်ပေးထားသော သင်တန်းဆရာ ၁၀၀၀ မှာ အနာဂတ်မိသားစုဘ၀ တည်ငြိမ်ရေးအတွက်  အိမ်ထောင်သည်ဘ၀တွင် လိုအပ်သော အချက်အလက်များကို သတို့သားလောင်း သတို့သမီးလောင်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်။

    ထိုအစီစဉ်အား မလေးရှုားနိုင်ငံတွင် အကောင်အထည်ဖော်ခဲ့ပြီးနောက် နိုင်ငံအတွင်း ကွာရှင်းမှုနှုန်းမှာ ၃၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

    ဆော်ဒီအာရေဗျနိုင်ငံမှာ ကွာရှင်းမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် လေ့လာမှုများအရ တစ်နေ့လျှင် ကွာရှင်းမှု ၆၆ မှုအထိရှိသည်။ ကွာရှင်းကြခြင်း၏ အဓိက အကြောင်းအရင်းများမှာ ပညာရေးအဆင့်အတန်းကွာဟမှု၊ အလေ့အကျင့်မတူမှုနှင့် အိမ်ထောင်ရေးတာဝန်များကိုနားလည်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ပြင် ဇနီးမောင်နှံနှစ်ဦးအကြား တာဝန်ပျက်ကွက်မှု၊ လစ်လျူရှုမှုနှင့် အငြင်းပွားမှုများကလည်း အိမ်ထောင်ရေးပြိုကွဲမှု၏ အခြားသော အကြောင်းအရင်းများဖြစ်သည်။

    Ref: VoirceofRussia

  • အခွန်ဖြစ်သွားတဲ့ ပြန်အမ်းငွေ (မျိုးမြင့်ချို)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    ရေးသားသူ- မျိုးမြင့်ချို

    1743640_10152004154506267_1366283086_n
    အခွန်ဖြစ်သွားတဲ့ပြန်အမ်းငွေ အမေရိကန်မှာ နှစ်တနှစ်ရဲ့ဆန်းစဦးလတွေဟာ ဝင်ငွေနည်းပြီးမိသားစုကြီးသူတွေ ပြုံးပြုံးကြည်ကြည် ရှိသလို လက်ထဲငွေယားလေးများလည်း ရွှင်တော့ ဝယ်ကြချမ်ြး့ စားကြသောက်ကြ ပြည်တွင်းပြည်ပခရီးတွေ ထွက်ကြနဲ့မို့ စည်စည်ကားကား ရှိလှတယ်။ ဆပ်စရာရှိတာအပြီး ထိုးဆပ် အကြွေးပြတ်ပြီမို့ လကုန်ရက်ဝေဒနာက လွတ်မြောက်ရတဲ့ ပီတိ တဝေဝေနဲ့ပါ။ ကြွေးပူ အရင်သတ် နောင်နှစ် ဒီအချိန်ဆို ကြွေးကင်းပြီဆိုကာ ကြိုပျော်နေနှင့် သူတွေလည်း ဒုနဲ့ဒေးနဲ့ပါ။ ဒီမှာ ကြွေးကင်းသူဆိုတာ ဘုရားချေးလို့ဆိုရမယ်ထင်တယ်။

    စနစ်ကိုက အကြွေးနဲ့ လှည့်နေရတာ မဟုတ်လား။ တကယ့် ငွေသားထက် ကဒ်ပြားပေါ်က နံပတ်တွေ ကိန်းဂဏန်းတွေနဲ့ လည်ပတ်နေရတာ မဟုတ်လား။ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးတင် ကျွန်ဖြစ်သဘောက လန့်စရာပဲ မဟုတ်လား။ ရှင်ဘုရင့်ကြွေးသာ ကိုယ်ဆပ်ရပေမယ့် ကိုယ့်ကြွေးကြ ရှင်ဘုရင်က ဆပ်ရိုးလည်း မရှိဘူးလည်း မဟုတ်လား။  အစိုးရကိုယ်၌က တိုင်းပြည်ကို အကြွေးနဲ့ အငှားချနေရတာ မဟုတ်လား။ တိုင်းပြည်ကို အခွန်ထမ်းပြည်သူတွေ ပခုံးနဲ့ ထမ်းပိုးထားရတာ မဟုတ်လား။ ဒါ့ကြောင့် အခွန်ဒဏ်ပိနေတဲ့ အခွန်ထမ်းပြည်သူတွေ အတွက် အသက်ရှူပေါက်အဖြစ် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အခွန်အမ်း စနစ်လည်းထားရတာ မဟုတ်လား။ အခွန်အမ်းစနစ်အပေါ် ဘဝနဲ့ ဝင်ငွေပေါ်တည်ပြီး အဆိုး/အကောင်းအမြင်တွေတော့ ကွဲကြမှာပါ။ အခွန်အမ်း ပုံစံအကြောင်းပြောကြမယ်ဆို အမေရိကန်စီးပွားလူမှု စနစ်ကြီးတခုလုံးအကြောင်း နှိုက်နှိုက်ချွတ်ချွတ်နဲ့ စနစ်တကျပြောမှရမှာမို့ ကျင်လည်သူတို့အရာလို ချန်ထားပါရစေ။ အခွန်အမ်းစနစ်ကြောင့် ဖြစ်တဲ့ ခံစားမှုနဲ့အတွေးတော့ ကွက်ပြောလို့ရမယ်ထင်လို့ ပြောပါတယ်။

    ဒီမှာ တရားဝင်ဆို ဘယ်လောက်ဖိုး ဘာဝယ်ဝယ် ဘာရောင်းရောင်း အခွန်ဆောင်ရပါတယ်။ ဆိုင်တွေမှာစားရင် စားခွန်က သာမန်ခွန် ထက်ပိုပါတယ်။ ဒေသ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရဆိုပြီး (၃)ထပ် ကွမ်းခွန်ပေးနေရတာပါ။ အခွန်ထမ်း အခွန်ဆောင်စနစ်က လက်ပေါက် စိတ်သလောက် ရှောင်ဖို့ ခက်တယ်ဆိုပေမယ့် ဆီလို အပေါက်ရှာပြီး အခွန်ရှောင်နိုင်တဲ့ လူလတ်တန်းစားနဲ့အထက်လွှာ လူစွမ်းလူနပ်တွေလည်း အများသားပါ။ ဆင်းရဲသားက အခွန်ရှောင်ဖို့ထက် အခွန်ပြန်အမ်းငွေအပေါ် မက်မောစိတ်လေးနဲ့ တစ်ပြားပိုရလည်း တစ်ပြားဖိုး ပို ပြုံးရတဲ့ဘဝတွေပါ။ အခွန်ပြန်အမ်းတာကို အရပ်ပြောပြောရရင် တနှစ်လုံး ခင်ဗျားဆောင်ခဲ့တဲ့ အခွန်ငွေကို ခင်ဗျားကိုပြန်ပေးတာပါ။

    မိသားစုဝင်ငွေထွက်ငွေ သိပ်ကြီး တဘက်စောင်းနင်းဖြစ်လို့၊ အခွန်ဒဏ်က ခင်ဗျားဘဝကို သိပ်ပိလွန်းသွားတယ်လို့ အခွန်တွက်စနစ်ကပြပါမှ နည်းနည်းပါးပါး အပိုလေး ဆောင်းပေးတာပါ။ မြေ သိပ်နိမ့်လွန်းလို့ ချိုင့်ရုံလောက်ကျန်အောင် တနှစ်ခံစာလမ်းပြင်တဲ့ သဘောပါ။ မြေအပြီး ညှိတာ မဟုတ်သလို ဆင်းရဲချမ်းသာဇတုတ်တိုက်တာလည်း မဟုတ်ပါ။ တရားလွန်နိမ့်ရင် လှံအစိုက်ခံရသူတွေ ဘက်က ဘာဖြစ်လာမှာ အိမ်ဖြူတော် ဝေါလ်စထရိနဲ့ ကွန်ဂရက်စ်က သိပါတယ်။ နောက်တချက်က အမေရိကန်ဟာ စားသုံးသူဗဟိုပြုစီးပွားရေးပါ။ ပြည်တွင်းစားသုံးမှု အလွန်ကြီးတဲ့ပြည်ပါ။ မကြီးကြီးအောင်လည်း နည်းပညာ ငွေကြေး ဘဏ်စနစ်စတဲ့ဘက်ပေါင်းစုံနဲ့ လှည့်ချုပ်ထားတာပါ။ လူတွေ ပိုက်ဆံမသုံး သုံးအောင် လုပ်ပေးထားတဲ့စနစ်ပါ။ မသုံးမနေရ အမိန့် ထုတ်မထားပေမယ့် မသုံးရ မနေနိုင်အောင် ချူဆီသွင်းပေးထားတာပါ။ ဘဏ်မှာ တစ်ဦးချင်းငွေစုတာမျိုး၊ ရှိတာလေး ကျစ်ကျစ်ပါအောင် ဆုပ်တာထာမျိုးထက် သုံးရင်သုံး မသုံးရင် လက်နိုင်ခြေနိုင်ကနေ ကြီးနိုင်သမျှကြီးကြီးအထိ စီးပွားရေးလုပ်ငန်း လုပ်စေ့ချင်တာပါ။ လုပ်ဖို့လည်း သူ့အထွာနဲ့သူတွေ အတွက်ဖွင့်ပေးထားတာပါ။

    လူတွေကို ငွေစုစေချင်/ငွေချေးစေချင်တဲ့ အခါ ဘဏ်တိုးနှုန်း အတင်အချ လုပ်ပြီး ဗဟိုဘဏ်ငွေကြေး ပေါ်လစီ ထိန်းညှိမှုတွေနဲ့ ကြောင်းပေးတာ ရှိပါတယ်။ တခါတလေ လူတွေ ပိုက်ဆံ မသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေ မထုတ်ရ၊ မထုတ်ရတော့ ပိတ်တဲ့ စက်ရုံပိတ်၊ လူလျှော့တဲ့စက်ရုံလျှော့၊ လျှော့တော့ အလုပ်လက်မဲ့ပြဿနာနဲ့ အခြားအထွေထွေ (ရာဇဝတ်မှုတွေအပါအဝင်) ပြဿနာစုံကြီးထွား ပြောရရင် လူမှုစီးပွားနဲ့ ဆက်နွယ်တဲ့ အသံဗလံစုံ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တခါ ဘဏ်နဲ့ အစိုးရငွေ တိုက်တွေမှာ ငွေဝင်ငွေထွက် ကသောင်းကနင်းတွေဖြစ်၊ အစိုးရဘတ်ဂျက်ပြဿနာတွေတက်နဲ့  ဂျာအေးသူ့ အမေရိုက် လုံးလည်ချာလည်လိုက်ပြီး တပြည်လုံး ကွိုင်တော့တာပါပဲ။ အမေရိကန်ကွိုင်ရင် တနွယ်ငင် တစင်ပါတွေပါ လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံ တချို့ အရင်းခိုက်၊ တချို့ အဖျားခတ်ခံရတော့ပါ။ အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။

    တခါတခါမှာ ဗဟိုအစိုးရက လူတွေ လက်ထဲရှိတာ မသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေး ခံစားခွင့်တွေ(ယာယီ) တိုးပေးတာမျိုး လုပ်သလို အခွန်ပြန်အမ်းငွေ သာသာ ထိုးထိုးပေးချ လိုက်တာမျိုးတွေ လုပ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ်က လူမှုဖူလုံကြေး အထောက်ပံ့စားနေသူတွေကို ဘာမပြောညာမပြောနဲ့ လူတစ်ယောက် ဒေါ်လာ ၂၅ဝ အသားလွတ် တစ်ကြိမ်ပေးဖူးပါတယ်။ အဲ့သလို တိုးပေး အသားလွတ်ပေးတာတွေရဲ့ ရည်ရွယ်ချက်က လူတွေစိတ်ထဲ “အလကားရတဲ့ ပိုက်ဆံ သုံးလိုက်မဟဲ့” ဆိုကာ ဝယ်ကြခြမ်းကြဖို့ပါ။ ဝယ်မှခြမ်းမှ ဈေးဆိုင်တွေအလုပ်ဖြစ် စက်ရုံတွေမှန်မှန်ထုတ် အလုပ်သမားတွေ မဖြုတ်မလျှော့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေ သိတ်မပေးရ နေ့ဖို့ညစာလေးရှိနေတော့ ရာဇဝတ်တွေကျဆင်း ခြေခင်းလက်ခင်းလေးသာရင် ခရီးတွေဘာတွေထွက် သုံးကြဖြုန်းကြ ဘဏ်တွေငွေဝင်ငွေထွက်မှန် ဘတ်ဂျက်ကိစ္စ အိမ်ဖြူတော်၊ ကွန်ဂရက်စ်၊ ဝေါလ်စထရိနဲ့ ပင်တဂွန်က အငြူအစူနည်းနည်း ကြည်ကြည်ဖြူဖြူ စခန်းသွားရတာပါ။ အိမ်ရှေ့မပူတော့ အိမ်နောက်က လူလည်း အေးအေးလူလူ ချက်ပြုတ် စားသောက်ရုံပေါ့။ အခွန်အမ်းစနစ် ဘာ့ကြောင့်ရှိရသလဲဆိုတော့ အမေရိကန် ရှိနေဖို့ပါ။ မရှိရင် အမေရိကန် မရှိတော့မှာကြာပါပြီ။

    အခွန်ဒဏ်မခံနိုင်တဲ့အဆုံး ဘဝတွေနဲ့ရင်းပြီးပြန်လှန်လို့ အုပ်စိုးသူတွေဘာ လူ့သမိုင်းမှာဖြစ်ခဲ့ကြသလဲဆိုတာ အမေရိကန် အာဏာ ကိုင်ထားသူတွေ ကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့်လည်း အခွန်အမ်း စနစ် စနစ်တကျရှိရတာပါ။ ရှိလို့လည်း နင်းပြားတွေရဲ့ လူထုလက္ခဏာပါတဲ့ အုံကြွမှုတွေကနေ “ကွင်း” ထားနိုင်တာပါ။ နင်းပြားတွေကို တနှစ်တကြိမ်ကြွေးတဲ့ ဆင်းရဲဖြေဆေးပါ။ လူနာဘက်ကကြည့်တော့လည်း ဘာမှ မကုပဲထားတာ ထက်စာရင် ဖြေဆေးလေး အပေးခံရတာ ပိုကောင်းတာပဲ မဟုတ်လား။ အသက်ရှူလေးတော့ နည်းနည်းချောင်တာပဲ မဟုတ်လား။ တကိုယ်လုံး အဆိပ်မပြန့်တော့ အခံရသက်သာတာပဲ မဟုတ်လား။ တနှစ်တကြိမ် အဆိပ်ဖြေဆေး အခွန်ပြန်အမ်းငွေလေးမှီပြီး တက်လမ်းမရှာဘဲ ဘဝအနွမ်းနဲ့နေကြသူတွေလည်း မနည်းမနောရှိပါရဲ့။ အလုပ်လုပ် ငွေအရှာနဲ့ ဓနဥစ္စာ အပြိုင်အဆိုင် မသေးတဲ့ လူ့အဖွဲ့အစည်းမှာ ခြစ်ခြစ်ကုပ်ကုပ် နုံနုံဖျင်းဖျင်းနဲ့ သူများနောက်ကျန်နေရသူတွေ ခမျာ ဘဝလူလုံးတော့ မလှကြရှာဘူးပေါ့။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စားဘဝဟာ တကယ်တော့ မနိုင်၍ သည်းခံရခြင်း သဘောနဲ့ခံမှ ဖြေဆည်ရာရှိကြမှာပါ။

    အဲ့ဒီဘဝအနေမျိုးမှ ကြိုက်တယ်ဆိုလည်း ရွေးကြရုံပဲရှိပါတယ်။ ကျနော်ကတော့ ဆင်းရဲသား မိသားစုတွေ ခနတာ အသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲ ကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါးသူတွေကိုလည်း ငွေလေးဘာလေးပို့မှ၊ လေယာဉ်ခ အကြွေးတွေလည်း တခါတည်း အကျေဆပ်မှ၊ ထိုင်းနဲ့ဗမာပြည်လည်း အလည် ခနပြန်ဦးမှ၊ အကြွေးမရှိလို့ ခရက်ဒစ်လေး တက်လာရင် အိမ်လေးတော့ဝယ်မှ၊ နွေပေါက်ရင် ကလေးတွေ ရှင်ပြုဦးမှ၊ စုံစီနဖာလေးတွေ ဝယ်ဦးခြမ်းဦးမှ၊ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေလည်း လက်ဆောင်ပေးတန်ပေး ကန်တော့တန်ကတော့၊ ကလေးတွေအတွက် အဝတ်အစားနဲ့ ကွန်ပြူတာလေးလည်းဝယ်ပေးဦးမှ၊ ကားဟောင်းခြင်းအလဲ အထပ်လုပ်တန်လုပ် အသစ်လေးဝယ်စီး တန်စီးဦးမှ ဆိုတဲ့ မျှော်လင့်စိတ်ကူးတွေနဲ့ ရွှင်မြူးနေတဲ့ မိသားစုတွေရဲ့ မျက်နှာတွေမြင်ရတာ စိတ်လက်ကြည်သာဖြစ်စရာပါ။ တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေး မစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံး ချေးသုံးပြီး အခွန်ဆောင်သုံးဖို့ပြန်ထုတ်ပေးတဲ့ ကိုယ့်ချွေးနှဲစာပါ။ ချန်ဖို့မသင့်လို့ပြောပါ့မယ်။

    ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။

    မျိုးမြင့်ချို

    ဖေဖော်ဝါရီ ၂ဝ၁၃