News @ M-Media

Tag: Local News

  • ထော်လီကွေ့နှင့် ပုဇွန်တောင်အကြား လူစီးကား ရထားများ စတင်ပြေးဆွဲ

    ထော်လီကွေ့နှင့် ပုဇွန်တောင်အကြား လူစီးကား ရထားများ စတင်ပြေးဆွဲ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-media
    10847917_617982851662918_7267332413525515081_n
    – ရန်ကုန်မြစ်တစ်ဖက်ကမ်းမှ ခရီးသည်များ မြို့တွင်းသို့ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားဌာနက ရန်ကုန်မြို့ ပုဇွန်တောင်နှင့် ထော်လီကွေ့အကြား ကမ်းနားလမ်း ရထားလမ်းပိုင်းကို လူစီးကားရထား တွဲ ၂ တွဲဖြင့် စတင်ပြေးဆွဲပေးနေသည်ဟု ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

    RBE (A) နှင့် RBE (B) အဆင့်မြင့် ကားရထား ၂ စီးဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ကာ ပြေးဆွဲပေးခြင်းဖြစ်ပြီး လက်မှတ်ခမှာ တစ်ဦးလျှင် ၁၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

    လက်မှတ်ရောင်းချမှုကို ရထားတွဲပေါ်တွင်ပင် ပြုလုပ်မည်ဖြစ်ကာ RBE (A) ကားရထားမှာ နံနက် ၆ နာရီ မိနစ် ၂၀ တွင် ပုဇွန်တောင်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ပန်းဆိုးတန်း ဘူတာသို့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ RBE (B) ကားရထားမှာ ပန်းဆိုးတန်းဘူတာမှ နံနက် ၇ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ထော်လီကွေ့ဘူတာသို့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

    ခရီးစဉ် တစ်ပိုင်းအတွက် ကြာချိန်မှာ ၂၅ မိနစ်ရှိမည်ဖြစ်ပြီး RBE (A) က ညနေ ၅ နာရီအထိလည်းကောင်း၊ RBE (B) က ညနေ ၄ နာရီ မိနစ် ၂၀ တွင်လည်းကောင်း နောက်ဆုံးထား၍ တစ်နေ့လျှင် ၁၄ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထို့နောက် အဆိုပါ ရထားနှစ်စင်းလုံးမှာ မလွှကုန်းဘူတာတွင် ညအိပ်ရပ်နားမည်ဖြစ်သည်။

    `တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့လို နေ့စဉ် မြို့ထဲကို အလုပ်သွားလုပ်တဲ့သူတွေကတော့ ပိုလွယ်သွားတာပေါ့ဗျာ။ အရင်ကဆို ဘတ်စ်ကားဂိတ်လမ်းလျှောက်ရတယ်၊ ဘတ်စ်ကားစောင့်ရတယ်။ အခုဆိုရင် သင်္ဘောပေါ်ကဆင်းတာနဲ့ ရထားတက်စီးသွားလိုက်ရုံပဲ။ ရထားခကလည်း ၁၀၀ ဆိုတော့ လက်လုပ်လက်စားသမားတွေအတွက် အဆင်ပြေတယ်လေ´ ဟု ပုဇွန်တောင်တွင် အလုပ်လုပ်ကိုင်နေသည့် ဒလဘက်ကမ်းတွင်နေထိုင်သူ ကိုပုံဆိုးက ပြောကြားခဲ့သည်။

    အဆိုပါ ကားရထားများတွင် ဘရိတ်စနစ် ၅ မျိုးပါဝင်ပြီး ခရီးသည်များအတွက် အန္တရာယ်ကင်းအောင် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။

    သို့သော်လည်း ကမ်းနားလမ်းရှိ ကွန်တိန်နာကားများသွားသော ကွန်ကရစ်လမ်းမနှင့် ဘေးချင်းယှဉ်လျက်ရှိနေသည့် အဆိုပါ ရထားပြေးဆွဲမှုမှာ အန္တရာယ်များရှိနေသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    `ကွန်တိန်နာသွားတဲ့ ကွန်ကရစ်လမ်းနဲ့ ဘေးချင်းယှဉ်နေပြီး အတားအဆီးလည်း မရှိတဲ့အခါကျတော့ ကားသမားတွေအတွက်ရော၊ ရထားအတွက်ပါ အန္တရာယ်တော်တော်ကြီးပါတယ်။ ပြီးတော့ ပန်းဆိုးတန်း သင်္ဘောဆိပ်ထဲကို ကားတွေဝင်တာရှိတယ်၊ အဲဒီနားမှာ လူကူးဂုံးကျော်တံတားက မပြီးသေးတော့ သင်္ဘောနဲ့လာတဲ့ ခရီးသည်တွေ လမ်းဖြတ်ကူးတာရှိတယ်။ အဲဒီအတွက် အန္တရာယ် ရှိပါတယ်။ အရင်ကလည်း လမ်းဖြတ်ကူးတဲ့ခရီးသည်တွေ ကွန်တိန်နာကားတွေနဲ့ တိုက်မိတာရှိတယ်ဆိုတော့ တာဝန်ရှိသူတွေအနေနဲ့ ဒါလေးတွေကို စဉ်စားပြင်ဆင်ပေးရင် ပိုပြီး အန္တရာယ်ကင်းသွားမယ်ထင်တယ်´ ဟု ပန်းဆိုးတန်း တက္ကဆီဂိတ်တွင် ဂိတ်ထိုးသည့် တက္ကဆီယာဉ်မောင်း ဦးတင်ရွှေက ပြောကြားခဲ့သည်။

    ရန်ကုန်မြစ်ရိုးတစ်လျှောက်ရှိ ဆိပ်ကမ်းများမှ ကုန်ပစ္စည်းများကို ကုန်တင်ရထားများဖြင့် သယ်ယူနိုင်ရန်အတွက် ဓနိတောမှ အလုံအထိ ရှည်လျားသည့် ကမ်းနားလမ်း ရထားလမ်းပိုင်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၈၀ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ကားရထားများကို ထော်လီကွေ့မှ ပန်းလှိုင်လမ်းအထိ တိုးချဲ့ပြေးဆွဲသွားရန် အစီအစဉ်ရှိနေပြီး အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲရန် စီမံကိန်း၏ ရှေ့ပြေးအစီအစဉ်ဖြစ်သည်ဟု မြန်မာ့မီးရထားမှ ပြောကြားခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ကိုးကား ကြေးမုံ

  • ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

    ဇွန် ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    Tin mg oo

    ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် ကျောင်းသားများမှာ အစိုးရ၏ အကြိမ်ကြိမ်နည်းမျိုးစုံ ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဦးမောင်မောင်ဇေယျက ဇူလိုင် ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဆလိုင်းတင်မောင်ဦး၏ စာပေဆုနှင့် ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    “မြန်မာနိုင်ငံမှာ ပြည်သူတွေကို စောင့်ရှောက်တဲ့ ဥပဒေဆိုတာ မရှိသေးပါဘူး။ ဆလိုင်းတင်မောင်ဦးလိုပဲ နောက်ထပ်ကျောင်းသားတွေကို အဲ့လိုအပြစ်တွေ ပေးဦးမလားဆိုတာ မပြောတတ်ပါဘူး။ ဘယ်လိုနိုင်ငံလည်းဆိုတာ ဥပဒေကိုကြည့်ပြီးပြောလို့ရပါတယ်” ဟု ၎င်းကဆိုသည်။

    ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံတွင် ပြည်သူတွေ အတွက် ရေးဆွဲထားသည့် ဥပဒေမပါရှိဘဲ အာဏာရှင်များ အလိုကျဖွဲ့စည်းထားသည့် ဥပဒေသာဖြစ်ကြောင်း၊ ပြည်သူ့အတွက် အကျိုးပြုရေးဆွဲထားတဲ့ ဥပဒေဖြစ်လာအောင် ကျောင်းသားများ၊ နိုင်ငံချစ်ပြည်သူများ၊ နိုင်ငံရေး အကျဉ်းသားများ နှင့် တိုင်းသူပြည်သား များမှ ကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းကို ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

    ဆလိုင်းတင်မောင်ဦးသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် နှစ်နှစ် ဖမ်းဆီးခြင်းခံ ခဲ့ရပြီးနောက်တွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ အရေးအခင်းများ တို့တွင် ပါဝင်ခဲ့သည်။၁၉၇၆ ဇွန်လ ၂၆ ရက်နေ့တွင် စစ်အစိုးရမှ ဆလိုင်းတင်မောင်ဦးအား အင်းစိန်ထောင်တွင် ကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။

    ဆလိုင်းတင်မောင်ဦး၏ ၃၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် ယင်းအခမ်းအနား ကျင်းပရေးကော်မတီမှ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုသောအားဖြင့် ဆလိုင်းတင်မောင်ဦး စာပေဆုအား နှစ်စဉ် ချီးမြှင့်သွားမည်ဖြစ်သည်။

    ထို့အပြင် ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ် စနစ်ပေါ်ထွန်းလာစေရန်၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေးကော်မတီမှ ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

  • ဒုတိယ ဗိုလ်ချူပ်ကြီး တဦးပိုင် မှန်လုံယာဉ်တိုက်ပြီး သေဆုံးခဲ့သူ တနှစ်ကျော်သည့် အထိ လျော်ကြေး မရသေး

    ဒုတိယ ဗိုလ်ချူပ်ကြီး တဦးပိုင် မှန်လုံယာဉ်တိုက်ပြီး သေဆုံးခဲ့သူ တနှစ်ကျော်သည့် အထိ လျော်ကြေး မရသေး

    မတ် ၁၂၊ ၂၀၁၄
    M-Media
    လမင်း

    IMG_20140312_113750

    ရန်ကုန် ။ ။ မြ၀တီမှ ရန်ကုန်သို့ဘားအံမြို့နယ် စစ်ပြန် စစ်မှုထမ်းဟောင်းများ အဖွဲ့လက်အောက်ရှိ အောင်စစ်သည် မှန်လုံယာဉ်ဖြင့် ၁-၄-၂၀၁၃ နေ့တွင် ပြန်လာ ခဲ့သော မလှိုင်ဝင်းမော်သည် ဘားအံမြို့နယ် မိုင်တိုင် ၂၇/၇ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပွဲခြင်းပြီးသေဆုံးခဲ့ပါသည်။ သို့သော်ယနေ့တိုင် လျော်ကြေး တစ်စုံတစ်ရာ မရရှိသည့် အပြင် ယာဉ်တိုက်စဉ်က သူမ ပိုင်ငွေ ၁၅ သိန်းခန့်ပျောက်ဆုံးသွားကြောင်း သူမ၏ မိခင်က မတ်လ ၁၂-ရက်နေ့ တွင် မြန်မာ ဂျာနယ်လစ် ကွန်ယက်ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အခင်းဖြစ်စဉ်မှာ မလှိုင်ဝင်းမော်သည် အောင်စစ်သည်ကား ခုံနံပါတ် (၁)တွင်လိုက်ပါ စီးနင်းခဲ့ပြီး ည ၈ နာရီခန့်တွင် မြ၀တီမှ ရန်ကုန်သို့ မောင်းနှင် လာသော ယာဉ် Canter အဖြူရောင်ယာဉ်သို့တိမ်းရှောင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ခုံနံပါတ် (၁)မှ မလှိုင်ဝင်းမော်သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အောင်စစ်သည်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး Canter မှယာဉ်မောင်းကိုကိုမျိုးကို ဘားအံမြို့ အိန္ဒုရဲစခန်းမှ ဖမ်းဆီးထားသည်။

    “ကျွန်မသမီး အဲလိုဖြစ်တာကို ကော့ကရိတ်က တူလေး ဖုန်းဆက်ပြီးပြောတော့မှသိပြီး လိုက်သွားတော့ ဆေးရုံမှာ သမီးနာမည်ကို မမာလာလို့ ပြောင်းထားပါတယ်။ သမီးလွယ်ထားတဲ့ စလင်း ဘတ်အိတ်ကလည်းမြောင်းဘေးရောက်နေပြီး အထဲက လက်ဝတ်လက်စားတွေ ပိုက်ဆံတွေ ပေါင်းလိုက်ရင် ၁၅ သိန်းလောက်ပျောက်ဆုံးနေတာကိုတွေ့ရတယ်။ သမီး စီးလာတဲ့ကားကို ပိုင်ရှင်ကို စုံစမ်းကြည့်လိုက်တော့ ဒုတိယဗိုလ်ချုပ်ကြီး မင်းသိန်းရဲ့ ကားဖြစ်နေတယ်တဲ့။ အာမခံကြေး ရနိုင်တယ်လို့သိရတဲ့ အတွက်တောင်းတော့ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ နှုတ်နဲ့လာပြီးတော့ မေးတာမျိုးတောင် မရှိခဲ့ပါဘူး။ လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓာတ်ကလေးတော့ရှိသင့်ပါတယ်။ အခုဟာကလျော်ကြေးပေးဖို့ မပြောနဲ့ နှုတ်နဲ့တောင်မမေးဘူး” မိခင်ဖြစ်သူ ဒေါ်သန်းစိန်ကပြောကြားခဲ့သည်။

    ပစ္စည်းဆုံးရူံးမှုကိုရဲစခန်းတွင် တိုင်ချက်ဖွင့်၍ တိုင်ကြားခဲ့သော်လည်း ထူခြားမှု မရှိကြောင်း၊ ကားပိုင်ရှင်က ဗိုလ်ချုပ်ဖြစ်တာကြောင့် ပြန်လှည့်မကြည့် တာလား မေးစရာပါပဲ ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ထိုအမှုဖြစ်ပြီး ၁၀ ရက်အကြာတွင်လည်း ထိုသို့ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးခဲ့ရာ ပစ္စည်းများပျောက်ဆုံးခဲ့သည်။ ထိုနေရာတွင် ဤကဲ့သို့ ဖြစ်ရပ်များ အဖြစ်များကြောင်း သိရသည်။ ဒီလိုဖြစ်ရပ်တွေဖြစ်လေ့ရှိတဲ့ နေရာဆိုတာ ပြည်သူတွေကိုသိစေချင်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းမော်ဆိုသည်။

    ယာဉ်တိုက်မှုဖြစ်စဉ်က ထွက်ပြေးရှောင်တိမ်းနေသူများကို ၁-နှစ်နီးပါးရှိပြီဖြစ်သော်လည်း ယနေ့တိုင်ဖမ်းဆီးမရရှိသေးကြောင်းသိရသည်။ ယာဉ်ပိုင်ရှင်များဘက်မှ လူမှုရေးအရသော် လည်းကောင်း၊ မေတ္တာစိတ်အားဖြင့် လည်းကောင်း တစ်စုံတစ်ရာကူညီမှု မရှိပေးခြင်း မရှိကြောင်းလည်း သေဆုံးသူ မိဘများထံမှသိရှိရသည်။

  • မြူများဆိုင်းနေသောကြောင့် ပန်းဆိုးတန်း-ဒလ ခရီးသည်များ နှောင့်နှေးကြန့်ကြာ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    လမင်း

    1620812_1500231066870034_18843644_n
    ရန်ကုန် ။ ။ ရန်ကုန်မြစ်တွင် နေ့စဉ်ပြေးဆွဲနေလျှက်ရှိနေသော ရန်ကုန်-ဒလ သဘောင်္များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြစ် အတွင်း မြူများဆိုင်းနေသောကြောင့် သဘောင်္များကို နောက်ကျပြေးဆွဲခဲ့ရသောကြောင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့လျက်ရှိခဲ့ပါသည်။

    “၇း၁၅-နာရီ လောက်ကစပြီး မမြင်ရတော့လောက်အောင်ကို မြူတွေဆိုင်းနေတယ်။ သမ္မာန်တွေ တောင်သွားလို့ မရဘူး တချို့သမ္မာန်တွေကသွားကြတယ် ဘာမှမမြင်ရတော့ သွားတော့ အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ၁ နာရီလောက် နားလိုက်ရတော့ ခရီးသည်တွေပုံသွားတယ်။ ခရီးသည်တွေ အဆင်ပြေသွားအောင်လို့ သဘောင်္ကို ခါတိုင်းနှစ်စီး ဆွဲရာကနေ သုံးစီးပြေးဆွဲ ခဲ့ပါတယ်။ အရင်ကမိနစ် နှစ်ဆယ်ကို  တစ်စီးထွက်တယ် အခုအခက်အခဲကြောင့် ဆယ်မိနစ်ကို တစ်စီး ထွက်ပေးခဲ့ရတယ်။ အခုလိုမြူဆိုင်းတာက နှစ်တိုင်း လိုလိုဖြစ်နေကြပါ ဖေဖော်ဝါရီနဲ့ မတ်လမှာ အဖြစ်များပါတယ်”ဟု ပန်းဆိုးတန်း ဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောကြားခဲ့ပါသည်။

    ပန်းဆိုးတန်းနှင့် ဒလသို့ နေ့စဉ်သဘောင်္နှစ်စီး ပြေးဆွဲပြီး တစ်ခေါက်လျှင်ခရီးသည် ၄၀၀ နှင့် ၅၀၀ ကြားပြေးဆွဲလျက် ရှိပါသည်။ တစ်နေ့လျှင် အခေါက်ရေ ၄၆ ခေါက်ပြေးဆွဲလျှက်ရှိပြီး ခရီးသည် ၂၇၀၀၀ သွားလာနေကြောင်း သိရှိရပါသည်။

  • လယ်သမားအရေး ဆောင်ရွက်သူ ၃ ဦး ထောင်ထဲ၌ အစာငတ်ခံဆန္ဒပြ

    ဒီဇင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ

    myint-myint-aye
    ပေါင်းတည်။ ။ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ အသင်းဖွဲ့ဆိုင်ရာ ဥပဒေ ၁၆ တို့ဖြင့် တရားစွဲဆိုခံထားရသည့် မိတ္ထီလာပြည်သူ့ အကျိးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ္တိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင်၊ နတ်တလင်းပြည်သူ့ အကျိုးဆောင်ရွက်ကွန်ရက်မှ ကိုသန့်ဇင်ထက် တို့သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ပေါင်းတည်ထောင်တွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

    ထိုသုံးယောက်အား ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်းသိမ်းယူခံထားရသည့် လယ်ယာမြေ ဧက ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့သည့် တောင်သူများကိုအားပေး ကူညီမှုဖြင့် ဇွန် ၁၁ ရက်တွင် ဖမ်းဆီးခဲ့ခံရခြင်းဖြစ်သည်။

    ၎င်းတို့ကိုဖမ်းဆီးထားသည်မှာ ၆ လကျော်ရှိပြီဖြစ်ပြီး အမိန့်ချခြင်းမရှိသေးဘဲ ကြန့်ကြာနေသောကြောင့် ယခုလိုဆန္ဒပြသခြင်းဖြစ်သည်။ “လျှောက်လွှဲချက်တွေပြီးရင် အမြန်ဆုံးအမိန့်ချရမယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ် မှာတော့ လျှောက်လွှဲချက်ကြားနာပြီး တစ်လနီးပါးကြာသွားပြီ၊ အမိန့်မချသေးဘူး” ဟု ၎င်းတို့၏အကျိုးဆောင်ရှေ့နေ ဦးရဲလင်းနိုင်ကပြောခဲ့သည်။

    “မြို့နယ်က စွဲချက်တင်သင့်ကြောင်း ချပေးတဲ့အမိန့်ကို တိုင်းတရားရုံးကပြင်ဆင်ချက်ပေးထားတယ်၊ အမိန့်ချမပေးခဲ့ဘူး အချိန်ဆွဲထားတယ်၊ ဒီလိုမျိုးအချိန်အကြာကြီးဆွဲထားတာဟာ တမင်ညှင်းပန်းရာကျတဲ့အတွက် အချုပ်ထဲမှာ သုံးယောက်လုံး အစာငတ်ခံ ဆန္ဒပြသွားမယ်” ဟု ဒီဇင်ဘာလ ၁၀ ရက်ရုံးချိန်းတွင် တရားရင်ဆိုင်နေရသူများက ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- မိတ္ထီလာပြည်သူ့ အကျိးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး (Photo-Internet)