News @ M-Media

Tag: M-Media Knowledge

  • ငါးရှဥ့်တို့၏ အံ့ဖွယ် ဗီဇသိစိတ်စွမ်းရည်

    ငါးရှဥ့်တို့၏ အံ့ဖွယ် ဗီဇသိစိတ်စွမ်းရည်

    ဇူလိုင် ၂၆၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    eel_life_cycle_800
    ဥရောပငါးရှဥ့်မတွေနဲ့ မြောက်အမေရိကငါးရှဥ့်မတွေဟာ သူတို့ဥဥတော့မယ်ဆိုရင် သူတို့ ပျော်ရွှင်စွာ နေထိုင်တဲ့ ရေချိုမြစ်တွေကို စွန့်ပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ထိဆက်နေတဲ့ Sargasso ပင်လယ်ဆီကို ခရီးနှင်ဖို့ တောင်ဘက်ကိုကူးသွားကြတယ်။

    အဲဒီပင်လယ်က တော်တော်လေး လှိုင်းဒဏ်သက်သာပြီး သူတို့ သားလောင်းလေးတွေကောင်းကောင်း အရွယ်ရောက်ဖွင့်ဖြိုးနိုင်အောင်ကြွယ်ဝတဲ့ အစာအဟာရလဲ ရှိတယ်လေ။

    ပြီးရင်တော့ ဒီငါးရှဥ့်မတွေဟာ အဲဒီပင်လယ်မှာ ဥဥပြီး အဲဒီပင်လယ်မှာပဲ သေဆုံးကြတယ်။

    ထူးဆန်းတာက ဥကနေပေါက် အရွယ်ရောက်လာတဲ့ ငါးရှဥ့်လေးတွေဟာ သူတို့မိခင်တွေရဲ့ ဌာနေကို ပြန်ကြတာပဲ။ မြောက်ဘက်ကို ပြန်ခရီးနှင်တာပေါ့။
    ဒီငါးရှဥ့်လေးတွေက ဘယ်လိုများသူတို့မိဘတွေရဲ့ဌာနေကိုသိကြပါလိမ့်။

    သူတို့လဲ တစ်ခါမှနေဖူးတာမဟုတ် ၊ သူတို့မိဘတွေကလဲခေါ်သွားပေးဖူးတာ မဟုတ်ပဲလေ။

    ဒါပေမဲ့လည်း တကယ်ကိုပဲ သူတို့လေးတွေဟာ မိုင်ထောင်ချီ ခရီးကိုဖြတ်ကျော်ပြီး သူတို့မိဘတွေရဲ့ ဌာနေဆီကို ရောက်ရှိလာခဲ့တယ်။ မိဘက ဥရောပဆို သူတို့က
    ဥရောပဆီပြန်ရောက်တယ်၊ဒီလိုပဲ မိဘက မြောက်အမေရိက ကဆို သူတို့လဲ မြောက်အမေရိကကို ပြန်ရောက်တယ်။

    သူတို့ ဘယ်လိုများသိကြပါလိမ့်။

    သူတို့လဲ တစ်ချိန်မှာ မိဘဖြစ်ဖို့ ဥဥရမယ်ဆိုရင် တစ်ခါပြန် သူတို့မိခင်တွေ ရဲ့ ပုံစံအတိုင်း Sargasso ပင်လယ် ဆီ သွားကြပြန်ရဲ့။

    ( The Wonders of Nature , Volume 1 By Vance Ferrell , Pg.62)

  • Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်

    Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်

    ဇွန် ၉ ၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    . female_cardinal
    အပင်အမြင့်တွေပေါ်မှာ နေထိုင်လေ့ရှိတဲ့ Jumping Spider ပင့်ကူတွေဟာ အခြားပင့်ကူတွေလို ပင့်ကူမျှင်အိမ် ဆောက်ပြီး လာရောက်ကပ်တွယ်တဲ့ သားကောင်ကို ဖမ်းစားတာ မဟုတ်ပါဘူး။
    .
    သူတို့က သားကောင်ကို ခုန်အုပ်ပြီးဖမ်းစားတာပါ။
    .
    ဒီပင့်ကူတွေရဲ့ ခုန်နိုင်စွမ်းအား ဘယ်လောက်ရှိလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်အလျှားထက် အဆ ၄၀ ပိုဝေးတဲ့ နေရာထိရောက်အောင် တစ်ချက်တည်းနဲ့ ခုန်နိုင်တာပါ။ အမြင့်ကနေ လှမ်းခုန်ဖမ်းတာ ဖြစ်တဲ့အတွက် မြေပြင်ကို မတော်တဆကျသေသွားမှာ စိုးရိမ်စရာပါ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထင်ထားတာထက် ပိုလည်ပါတယ်။ မခုန်ခင်ကတည်းက အသက်ကယ် ပိုးကြိုးမျှင်ကို ခန္ဓာကိုယ်မှာ ပတ်ပြီးမှ ခုန်တာပါ။
    (The Jumping Spider By Alice B. McGinty , Pg . 4)
    .
    သူတို့ရဲ့ Jumping Skill ကို မြင်သာအောင် လူတစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြောမယ်ဆို ဒါဟာ အရပ်၆ပေရှိတဲ့ လူက တစ်ချက်တည်းနဲ့ ပေ ၂၄၀ အဝေးကို ရောက်သွားအောင် ခုန်လိုက်တဲ့ သဘောပါပဲ။
    .
    တစ်ချို့ မျိုးစိတ်တွေဆို ခုန်နိုင်စွမ်းအားက သူတို့ ခန္ဓာကိုယ်အလျှားထက် အဆ ၁၀၀ ကျော်ရှိပါသတဲ့ ။
    (101 Amazing Facts about Spiders and other arachnids By Jack Goldstein : Record Breakers , No. 5)
    .
    ဒါ့အပြင်သူတို့ရဲ့ မျက်စိဟာ ၃၆၀ ဒီဂရီကို ထောက်လှမ်းနိုင်ပါတယ်။ ဆိုလိုတာက တစ်ချိန်ထဲမှာ ရှေ့ကော၊ဘေးကော၊ နောက်ကော ထောက်လှမ်းနိုင်ပါတယ်။
    (The Eye in History By Frank Joseph Goes , Pg. 65)
    . The Jumping Spider
    ပုံအောက်ဆုံးမှာ ပုရွက်ဆိတ်ဘယ်နှစ်ကောင် မြင်ပါသလဲ။
    .
    တကယ်တော့ သစ်ရွက်အောက်က အကောင်ဟာ ပုရွက်ဆိတ်မဟုတ်ပါဘူး။
    .
    Ant-Mimic Jumping Spider မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။
    .
    သူဟာ ပုရွက်ဆိတ်တွေကို စားဖို့ ပုရွက်ဆိတ်တွေ သူ့ကိုပင့်ကူလို့ သတိမထားမိအောင် ပုရွက်ဆိတ် ဟန်ဆောင်နေတာဖြစ်ပါတယ်။
    .
    ဒီ ပင့်ကူမှာ ခြေ ၈ချောင်းပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်မှာကခြေ ၆ချောင်းပဲ ပါပါတယ်။ ဒီတော့ ပင့်ကူက သူ့ခြေ၂ချောင်းကို ဦးခေါင်းရှေ့ကို ဆန့်ထုတ်လိုက်ပြီး ပုရွက်ဆိတ်တွေရဲ့ ဦးမျှင်၂ခုဟန် ဟန်ဆောင် ဖန်တီးထားတာပါ။
    (Jumping Spiders: Gold-Medal Stalkers By Sandra Markle , Pg. 16)

  • ဉာဏ်သုံးငှက်များ

    ဉာဏ်သုံးငှက်များ

    မေ၊ ၁၈ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    New Caledonian
    ကျွန်တော်တို့ရဲ့လက်မဝင်နိုင်တဲ့ သစ်ခေါင်းပေါက်ငယ်လေးထဲက ပိုးကောင်တွေကို ကျွန်တော်တို့ ဘယ်လိုဖမ်းမလဲဗျ ။

    အင်း၊ အမြန်ဆုံးနည်းလမ်းကတော့ ချိတ်ရှည်တစ်ချောင်းနဲ့ ကလော်ထုတ်ရမှာပေါ့။

    ဟုတ်ပါတယ်။ New Caledonian ကျီးကန်းတွေရဲ့ နှုတ်သီးမဝင်နိုင်တဲ့ သစ်ခေါင်းထဲက ပိုးကောင် ဖမ်းစားနည်းကလဲ ဒီအတိုင်းပါပဲ။

    သူတို့ဟာ သစ်ကိုင်းစွန်းတွေကို ချိုးယူပါတယ်။ ပြီးရင် ချိတ်ပုံစံဖြစ်အောင် ကွေးပြီး ပိုးကောင်တွေကို ကလော်ထုတ် ဖမ်းတာပါ။

    သူတို့တွေ ဒီနည်းလမ်းကို ဘယ်လိုများသိနေကြပါလိမ့်။ လူတွေ လုပ်တာ မြင်ဖူးကြလို့လား၊ ဒါမှမဟုတ် သူတို့ရဲ့ ကျီးမိဘတွေက သင်ကြားပေးထားလို့လား ။

    ဒီမေးခွန်းကို အဖြေပေးဖို့အတွက် ၂၀၀၅ ခုနှစ်မှာ အောက်စဖို့တ်တက္ကသိုလ် မှ Ben Kenward နဲ့ အဖွဲ့က လက်တွေ့စမ်းသပ်မူ ပြုလုပ်ခဲ့ပါတယ်။

    သူတို့ဟာ ဥမှပေါက်ခါစ New Caledonian ကျီးကန်းငယ် လေးကောင်ကို အောက်စဖို့တ်တက္ကသိုလ်သို့ ယူငင်ပြီး အပြင်နဲ့ လုံးဝထိတွေ့မူ မရှိအောင် ထားပြီး စောင့်ကြည့်မူပြုလုပ်ခဲ့ကြပါတယ်။

    သူတို့ တွေ့မြင်လိုက်ရတာကတော့ ကျီးကန်းငယ်လေးတွေဟာ ၇၉ရက်သားအရွယ် မတိုင်မီအတွင်းမှာ အလိုလို ဒီလိုချိတ်လက်နက် ဖန်တီး အသုံးပြုမူကို ပြသလိုက်တာပါပဲ။

    (The Oxford Handbook of Comparative Cognition By Thomas R. Zentall and Edward A. Wasserman , Pg . 769)
    Woodpecker Finch
    ဒါဖြင့် ဒီကျီးကန်းတွေ ဘာကြောင့်များ ချိတ်လက်နက် ပြုလုပ်တတ်နေကြပါလိမ့်။ ?????

    တကယ်တော့ ဒီကျီးကန်းတွေတင် မကဘူး။ Woodpecker Finch ငှက်ပုတီး တွေဟာလဲ အင်းဆက်တွေကို ကလော်ထုတ်ဖို့ သစ်ကိုင်းကောက်တွေ အသုံးပြုတတ်ကြတယ်။
    (Animal Behavior: How and Why Animals Do the Things They Do [3 volumes]: How and Why Animals Do the Things They Do , By Ken Yasukawa , Pg . 135 )

    ငှက်တစ်ကောင်အနေနဲ့ သစ်ပင်တစ်ပင်ရဲ့ သစ်ခေါက်ကြား အောက်မှာပုန်းနေတဲ့ အင်းဆက် ၊ ပင့်ကူ စတာတွေကို ဖမ်းဖို့ဆိုရင် ဒီသစ်ခေါက်ကို ခွါမှဖြစ်မှာပေါ့။
    သူ ခွါတတ်ပါ့မလား၊

    Brown-headed Nuthatch ငှက်တွေကတော့ ခွါတတ်တယ်။ သူတို့ဟာ သစ်ခေါက်အပိုင်းအစတစ်ခုကို ရှာလာပြီး အင်းဆက်ပုန်းနေတဲ့ သစ်ခေါက်ကြားထဲ သပ်အဖြစ် ထိုးထည့်ကာ ဆွဲလှန်ခွါပြီး ဖမ်းတတ်ကြတယ်။

    ( The Young Birder’s Guide to Birds of Eastern North America , By Bill Thompson, III, Julie Zickefoose , Pg . 181 )
    Brown-headed Nuthatch

  • Sea Cucumber တစ်ကောင်၏ ရန်ရှောင်နည်း

    Sea Cucumber တစ်ကောင်၏ ရန်ရှောင်နည်း

    ဧပြီ ၂၀ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Bohadschia_argus
    ရန်သူတွေ လာနေတာ ကျွန်တော် ထောက်လှမ်းသိရှိလိုက်တယ်။ သူတို့တွေ ကျွန်တော့ကို ရန်မရှာသေးဘူး ၊ ပုန်းဖို့ ဘေးမှာ အပေါက်ငယ်လေးတစ်ခုပဲ ရှိတာ စမ်းသပ်မိတယ်။ ကျွန်တော့် ခန္ဓာကိုယ်နဲ့ ဒီတိုင်းဝင်လို့ မဆန့်ဘူး။

    ဘယ်လိုလုပ်မလဲ၊ ??? လွယ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အရည်ဖျော် (Liquefy) ပြီး အရည်အိတ် ခန္ဓာကိုယ်ဖြစ်အောင် လုပ်လိုက်မယ်လေ။ ဒါဆိုရင် ကျွန်တော် ဒီအပေါက်ငယ်လေးထဲ စီးဝင်ပုန်းလို့ရပြီပေါ့။

    ဒါနဲ့ ခင်ဗျားက ကျွန်တော့်ကို မေးမယ်။ တကယ်လို့ ရန်သူတွေဟာ ကျွန်တော် မပုန်းရသေးခင် မြင်သွားပြီး ရန်မူပြီဆိုရင်ကော ဘယ်လိုလုပ်မလဲ၊ လွယ်ပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက အူတွေကို အပြင်ကို ဆွဲထုတ်ပြီး ထားခဲ့လိုက်မယ် ။ဒါဆို ရန်သူဟာ အူတွေကို အံဩတကြီး အာရုံစိုက်မိသွားမယ်လေ။ ဒီအချိန်မှာ ကျွန်တော် ထွက်ပြေးမှာပေါ့။

    “မင်း စိတ်ကူးတွေ ယဉ်ပြီး လျှောက်ပြောနေတာလား” လို့ ခင်ဗျား ကျွန်တော့်ကို မေးမလို့လား။ ဟင့်အင်း၊ ဒါဟာ ကျွန်တော့်ရဲ့ ရန်သူ့ရန်ရှောင်နည်းလမ်း အစစ်အမှန်ကို ပြောပြနေတာပါ။ဘာလို့လဲဆိုရင် ကျွန်တော်က ရေအောက်ထဲက Sea Cucumber ဆိုတဲ့ သတ္တဝါကောင်လေ။

    အရည်ဖြစ်သွားလို့ ခင်ဗျား ကျွန်တော့်ကို စိတ်ပူနေလား၊ စိတ်မပူပါနဲ့ ၊ ကျွန်တော် အလိုရှိတဲ့အချိန်မှာ ချက်ချင်း နဂိုပုံစံဖြစ်အောင် ပြန်လုပ်လို့ရပါတယ်။အူတွေ အပြင်ကို ထုတ်လိုက်လို့ ခင်ဗျား ကျွန်တော့်ကို စိတ်ပူနေလား ၊ စိတ်မပူပါနဲ့ ၊ ၃ပတ်ကနေ ၅ပတ်အတွင်း ကျွန်တော့်ဆီမှာ အူအသစ် ပြန်ဖြစ်တည်လာမှာလေ။

    (Extraordinary Animals: An Encyclopedia of Curious and Unusual AnimalsBy Ross Piper , Pg . 54-55)
    (Sea Cucumbers of British Columbia, Southeast Alaska and Puget Sound By Philip Lambert, Royal British Columbia Museum , Pg 19-20)
    (Encyclopedia Of The Aquatic World Edited by Marshall Cavendish Corporation , Pg 1048)

  • Large Blue ခူကောင်တို့၏ မာယာ

    Large Blue ခူကောင်တို့၏ မာယာ

    ဧပြီ ၁၃ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Large Blue
    အင်္ဂလန်က Large Blue Butterfly ( Maculinea arion) လိပ်ပြာမတွေဟာ သူတို့ရဲ့ ဥတွေကို စမုံဖြူပင် (Thyme Plant) တွေပေါ် ဥဥချတယ်။ ဆိုတော့ ဥကပေါက်လာတဲ့ လိပ်ပြာသားလောင်း ခူကောင်တွေဟာ စမုံဖြူပန်းတွေကို စားတယ်။ ဒီလိုနဲ့ ကာလတစ်ခုကြာလာပြီဆိုရင် သူတို့ဟာ Myrmica ပုရွက်ဆိတ်တွေကို စားတယ်။ တိတိကျကျ ပြောရရင် သူတို့ဟာ ပုရွက်ဆိတ်ဟန်ဆောင်ပြီး ပုရွက်ဆိတ်တွေကို စားတာ။

    ညမှောင်ပျိုးစအချိန်မှာ ခူကောင်တွေဟာ အပင်ပေါ်ကနေ လှိမ့်ချလိုက်တယ်။ Myrmica ပုရွက်ဆိတ်တွေအလာကို စောင့်နေတာ။ ပုရွက်ဆိတ်တွေလာပြီဆိုရင် ဒီခူကောင်တွေအတွက် ဂွင်တည့်သွားပြီ။ သူတို့ဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ကိုယ်ဟန်အနေအထား (Posture) အဖြစ် ပြောင်းလိုက်ပြီး သူတို့ဟာ ပုရွက်ဆိတ်တွေဖြစ်ကြောင်း ပုရွက်ဆိတ်အစစ်တွေကို ယုံကြည်စေတယ် ။

    ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ ဝတ်ရည်ထုတ်အင်္ဂါ (Nectary Organ) တွေကနေ ဝတ်ရည်ချိုတွေ ထုတ်ပြီး ပုရွက်ဆိတ်တွေကို တစ်နာရီကျော်ကျော် ကြာအောင် တိုက်ကျွေးပြန်လေရဲ့ ။ဆိုတော့ ပုရွက်ဆိတ်တွေက ယုံကြည်သွားပြီး ဒီခူကောင်တွေကို သူတို့အသိုက်ဆီ ခေါ်သွားတော့တာပဲ ။

    ပုရွက်ဆိတ်အသိုက်ထဲ ရောက်လာတဲ့ ဒီခူကောင်တွေဟာ ပုရွက်ဆိတ်တွေကို ၉လ ၁၀လကြာအောင် လိမ်လည်ထားတယ်။ သူတို့ ဒီလောက်ကြာအောင် ဘယ်လိုနည်းပညာသုံးပြီး လိမ်လည်ထားနိုင်ပါလိမ့်။

    အသံ နဲ့၊ ဟုတ်တယ်၊ အသံနဲ့ လိမ်လည်ထားတာ။ ဘာအသံလဲ သိလား။ ပုရွက်ဆိတ်ဘုရင်မရဲ့ အသံ။ ဟုတ်တယ်၊ သူတို့တွေဟာ ပုရွက်ဆိတ်ဘုရင်မတွေ အသုံးပြုလေ့ရှိတဲ့ အသံကို တုပ အသံပြုပြီး ပုရွက်ဆိတ်တွေကို လိမ်လည်ထားတယ်။

    ပုရွက်ဆိတ်သိုက်ထဲမှာ အဲဒီခူကောင်တွေဟာ လိပ်ပြာမဖြစ်တစ်ဖြစ်အရွယ် (Pupal Stage) တိုင်အောင် ၉လ-၁၀လ တိုင်တိုင် နေပြီး ပုရွက်ဆိတ်သားလောင်းလေးတွေကို စားသောက်နေတာ ။ ခူကောင်တစ်ကောင်ကို ပုရွက်ဆိတ်သားလောင်း ၂၃၀ ခန့်ထိ ပေါ့။

    သူတို့တွေဟာ လိပ်ပြာအဖြစ် အရွယ်ရောက်လာပြီဆိုတာနဲ့ ပုရွက်ဆိတ်တွေ မရိပ်မိအောင် အသိုက်ကနေ ချက်ချင်းထွက်ခွါသွားတော့တာပဲ။

    ( The Insects: An Outline of Entomology By P. J. Gullan and P. S. Cranston , Pg. 17 )

    တကယ်ပဲ ဖြစ်ရပ်မှန်တွေဟာ ပုံပြင်တွေထက် ပိုဆန်းကျယ်နေလေရဲ့။