News @ M-Media

Tag: M-Media Knowledge

  • Prairie Dog နှင့် Bemoulli’s Principle

    Prairie Dog နှင့် Bemoulli’s Principle

    မတ် ၁၆ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Prairie Dog
    ၁၈ရာစုတုံးက ဆွစ်ဇာလန်သား သင်္ချာနဲ့ ရူပဗေဒပညာရှင် Daniel Bernoulli ဟာ အရည် ၊ အငွေ့တွေနဲ့ ဆိုင်တဲ့ စည်းမျဉ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။

    အရည်/အငွေ့တစ်ခုရဲ့ စီးဆင်းမူအမြန်နှုန်းဟာ အဲဒီ အရည်/အငွေ့ရဲ့ ဖိအားနဲ့ ပြောင်းပြန်အချိုးကျတယ်လို့ ။

    ဆိုတော့ မြန်မြန်စီးဆင်းလေ ဖိအားနည်းလေ ။ စီးဆင်းမှုနှေးလေ ဖိအားများလေပေါ့။

    ဒါကို Bernoulli’s principle လို့ ခေါ်ပါတယ်။

    Bernoulli’s principle ကို လူသားတိုင်းနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာရှင် Daniel Bernoulli မတိုင်ခင်ကတည်းက Prairie Dog တွေဟာ ဒီစည်းမျဉ်းကို နားလည်လို့ လက်တွေ့အသုံးချနေပြီ ဖြစ်ပါတယ်။

    Prairie Dog တွေဟာ မြေအောက် ကျွင်းလှိုင်ခေါင်းထဲမှာနေထိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် ကျွင်းထဲမှာ ကောင်းမွန်တဲ့ လေဝင်လေထွက်စနစ် ရှိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သူတို့ အသက်ရှုကြပ် သေဆုံးကုန်မှာပါ။

    သူတို့ဟာ သူတို့ရဲ့ မြေအောက်ကျွင်းလှိုင်းခေါင်းကို တူးတဲ့အခါမှာ လေဝင်လေထွက် အတွက် လှိုင်ခေါင်းထိပ်၂ဖက်ကို အပေါက် ၂ပေါက် ဖောက်ထားပါတယ်။

    တစ်ပေါက်ရဲ့ တည်နေရာဟာ ကျန်တစ်ပေါက်ရဲ့ တည်နေရာထက် ပိုမြင့်မားပါတယ်။

    ကျွန်တော်တို့သိတဲ့အတိုင်း လေတိုက်ခိုက်မူဟာ အမြင့်ရောက်လေ ပြင်းထန်မြန်ဆန်လေဖြစ်ပြီး၊ အနိမ့်ကိုရောက်လေ လေတိုက်နှုန်းနှေးကွေးလေ ဖြစ်ပါတယ်။

    ဆိုတော့ Prairie Dog တွေရဲ့ ကျွင်းပေါက် ၂ပေါက်ဟာ တစ်ခုနဲ့ တစ်ခု အနိမ့်အမြင့် မတူတဲ့အတွက် အဲဒီ ၂နေရာမှာရှိတဲ့ လေတိုက်နှုန်းတွေဟာ မတူညီပါဘူး။

    အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေတိုက်ခိုက်မူက နှေးကွေးပြီး ၊ အမြင့်ပိုင်းမှာရှိတဲ့ လေတိုက်ခိုက်မူက မြန်ဆန်ပါတယ်။

    ဒါကြောင့် Bernoulli’s principle အရ အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ များပြားပြီး၊ အမြင့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ နည်းပါးနေပါတယ်။

    အရည်/အငွေ့တွေဟာ ဖိအားများရာကနေ ဖိအားနည်းရာဆီ စီးဆင်းသွားလာပါတယ်။ ဒါကြောင့် ဖိအားများတဲ့ အနိမ့်ပိုင်းကျွင်းပေါက်ကနေ လေတွေဝင်လာပြီး အသိုက်လှိုင်ခေါင်း တစ်လျှောက်ဖြတ်သန်းကာ ဖိအားနည်းတဲ့ အမြင့်ပိုင်းကျွင်းပေါက်ကနေ ထွက်သွားပါတယ်။

    တကယ်လို့များ သူတို့တွေသာ ကျွင်းပေါက်၂ခုကို အမြင့်တူတူမှာ တည်ဆောက်ထားမယ်ဆို လေဝင်လေထွက်စနစ်ဟာ ဒီလို ကောင်းမွန်နေမှာမဟုတ်ပါဘူး။

    (South Carolina Science Grade 8 , Chapter 12: Gravity, Friction, and Pressure ၊ Pg , 421)
    ( Animal Physiology, Third Edition, by Richard Hill, Gordon Wyse, and Margaret Anderson , Chapter 22 : Induction of Internal Flow by Ambient Currents)

    Fluid Mechanics နဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်မှမဖတ်ရှုဖူးတဲ့ ၊ Bernoulli’s principle အကြောင်း မသင်ကြားခဲ့ရဖူးတဲ့ Prairie Dog တွေဟာ သူတို့ရဲ့ အသိုက်တစ်လျှောတ် လေဝင်လေထွက်ကောင်းမွန်စေရန် ကျွင်းပေါက်၂ခုရဲ့ အမြင့်တွေကို ကွဲပြားစွာ ထားရှိရမယ်ဆိုတာကို ဘယ်လိုများ သိနားလည်နေကြပါလိမ့်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • ရှဥ့်တို့၏ မာယာ

    ရှဥ့်တို့၏ မာယာ

    မတ် ၉ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Ground Squirrel

    သွေးနွေးသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ဟာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

    ဒီအနီအောက်ရောင်ခြည် ဖြာထွက်မူ အပူဓာတ်ကို ထောက်လှမ်းနိုင်သော သတ္တဝါတွေလဲရှိပါတယ်။

    ဥပမာအားဖြင့် ခလောက်မြွေတွေဟာ သားကောင်တွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိသော ထူးရှယ် အာရုံခံ အင်္ဂါ (Pit Organ) ပိုင်ဆိုင်ထားတဲ့ အတွက် ပိန်းပိတ်အောင် မှောင်နေလဲပဲ သားကောင်ကို ရှာဖွေနိုင်စွမ်းရှိနေတာပါ။

    ဒါကြောင့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ ကလ်လီဖိုးနီးယား Ground Squirrel ရှဥ့်တွေရဲ့ အဓိက ရန်သူဟာ ခလောက်မြွေတွေပါပဲ၊

    ခလောက်မြွေတွေဟာ မှောင်မဲနေရင်လဲ ဒီရှဥ့်တွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းပြီး ရှဥ့်တွေကို သတ်စားပစ်ဖို့ ရှာဖွေနိုင်ပါတယ်။

    ဒါပေမဲ့ ဒီရှဥ့်တွေဟာလဲ အံ့ဩစရာ ကောင်းလောက်အောင် ခလောက်မြွေတွေကို ပြန် အရူးလုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာကို University of California , Davis မှ စိတ္တဗေဒ လက်ထောက် ပရော်ဖက်ဆာ ဒေါက်တာ Aaron Rundus နဲ့ အဖွဲ့ဟာ တွေ့ရှိခဲ့ကြပါတယ်။။
    ပုံမှန်အားဖြင့်ဆိုရင် ဒီရှဥ့်တွေရဲ့ အမြှီးဟာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်လောက် အပူဓာတ်ကို မထုတ်လွှတ်ပါဘူး။

    ဒါကြောင့် ခလောက်မြွေတွေအနေနဲ့ အမှောင်ထဲမှာ ဒီရှဥ့်တွေရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ကိုယ်စားပြူတဲ့ အပူဓာတ်ကိုသာ ထောက်လှမ်းမိမှာဖြစ်ပါတယ်။

    ဒါပေမဲ့ ထူးဆန်းတာက ဒီရှဥ့်တွေဟာ ခလောက်မြွေတွေနဲ့ စတင်ရင်ဆိုင်တွေ့ရှိပြီး တစ်ခဏအတွင်းမှာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကဲ့သို့ အပူဓာတ်ထုတ်လွှတ်နိုင်ရန် အမြှီးကို အပူတိုက်ပြီး မြွေရဲ့ မျက်နှာအနားဆက်တိုက် လှုပ်ရမ်းနေပြလိုက်ပါတယ်။

    အမြှီးကို ဘယ်လိုအပူတိုက်လဲဆိုရင် ရှဥ့်ဟာ သူ့ရဲ့ အမြှီးမှာရှိတဲ့ သွေးကြောတွေကို ချဲ့ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက သွေးပူတွေကို အမြှီးဆီပါ မျှဝေ ပို့ဆောင် ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒါဟာ ခလောက်မြွေကို အံ့အားတသင့်ဖြစ် တုန့်ဆိုင်းသွားစေပါတယ်။ ဘာလို့လဲဆိုရင် သူဟာ နဂိုက ရှဥ့်ရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ထောက်လှမ်းမိပြီး ၊ အခုကျတော့ ချက်ချင်း အမြှီးကိုပါ ထောက်လှမ်းမိသွားပါတယ်။

    ဆိုလိုတာကတော့ သူ့သားကောင်ဟာ ရုတ်တရက်ကြီး အရွယ်အစား ကြီးထွားလာတယ်လို့ သူခံစားလိုက်ရပါတယ်။

    ဒီလို ခလောက်မြွေရဲ့ အံ့အားတသင့် ဖြစ် တုန့်ဆိုင်းမူဟာ ရှဥ့်အတွက် ရန်သူ့ဘေးမှ လွတ်မြောက်ရန် အခွင့်အရေးတွေကို ရသွားစေပါတယ်။

    နောက်ထပ်ထူးခြားမူ တစ်ခုကတော့ ဒီရှဥ့်တွေဟာ အနီအောက်ရောင်ခြည်အပူဓာတ်ကို အာရုံခံနိုင်သော ခလောက်မြွေနဲ့ ရင်ဆိုင်တွေ့မှသာ လှည့်စားရန်အတွက် အမြှီးကိုပါ အပူတိုက် လှုပ်ရမ်းပြတာ ဖြစ်ပြီး ၊ ဒီလို အပူဓာတ်အာရုံခံစွမ်းရည် မရှိသော အခြားသော မြွေအမျိုးအစားတွေနဲ့ ရင်ဆိုင်ရရင်တော့ အမြှီးထိ အပူတိုက်ခြင်း အမူကို မပြုလုပ်ကြပါဘူး။

    အနီအောက် ရောင်ခြည်အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းမရှိသော အခြားသော မြွေအမျိုးအစားတွေကိုတော့ ဒီနည်းလမ်းနဲ့ လှည့်စားလို့ မရမှန်း သူတို့ဟာ နားလည်နေကြပါတယ်။
    ( Ground squirrels use an infrared signal to deter rattlesnake predation by Rundus, Aaron S., Owings, Donald H., Joshi, Sanjay S., Chinn, Erin & Giannini, Nicholas , 2007)

    ဒီရှဥ့်တွေဟာ ခလောက်မြွေတွေကို ပြန်လည် အရူးလုပ်နိုင်ရုံမျှမက ခလောက်မြွေတွေကို အခြားနည်းနဲ့ အသုံးချကြပါသေးတယ်။

    အဲဒါကတော့ သူတို့ဟာ ခလောက်မြွေတွေရဲ့ အရေခွံဟောင်းတွေကို ရှာဖွေပြီး ဝါးစားပါတယ်။ ပြီးတော့ တံတွေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းကြပါတယ်။

    ဒါဟာ မြွေတွေအပါအဝင် အခြားသော သူ့ရဲ့ရန်သူတွေအနေနဲ့ သူ့ခန္ဓာကိုယ်ကနေ ခလောက်မြွေနံ့ ရရှိပြီး ရှောင်ရှားသွားကြစေ ဖို့ဖြစ်ပါတယ်။

    (Bats Sing, Mice Giggle: The Surprising Science of Animals’ Inner Lives By Karen Shanor and Jagmeet Kanwal ; Camouflage , bluff or outmaneuver)

    ဒီရှဥ့်တွေဟာ ကျွန်တော့် အတွက် တွေးစရာတွေ ပေးနေပါတယ်။

    သူတို့ဟာ ဘယ်လိုများ မြွေတွေထဲကမှ ခလောက်မြွေတွေမှာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ သိနေကြပါသလဲ၊

    သူတို့ဟာ သူတို့ရဲ့ အရွယ်အစားကို ရုတ်တရက်ကြီးမားသွားတယ်လို့ ခလောက်မြွေတွေ မှတ်ထင် တုံ့ဆိုင်းသွားအောင် အမြှီးကို ရုတ်တရက်အပူတိုက်ပစ်ရမယ်လို့ ဘယ်လိုများ နားလည်နေကြပါသလဲ

    ရှင်းပါတယ်။ ဒါတွေဟာ အန္တရာယ်ကြုံမှ ဘာလုပ်ရမလဲလို့ စဉ်းစားရာကနေ ရရှိလာတဲ့ အသိမဖြစ်နိုင်ပါဘူး၊ ဒီလိုစဉ်းစားနေရင် သူဟာ ခလောက်မြွေစာဖြစ်သွားပါပြီ။ ဆိုတော့ ဒီအပြုအမူဟာ သူတို့ရဲ့ မွေးရာပါ ထူးဆန်းသော အသိဉာဏ်ရဲ့ ရလဒ်သာ ဖြစ်ပါတယ်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    မတ် ၂ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Rove Beetle
    အရည်မော်လီကျူးတွေဟာ အချင်းချင်း တစ်ခုနဲ့ တစ်ခု ဆွဲကပ်ကြပါတယ်။

    ဒါကြောင့် အရည်တစ်ခုဖြစ်တဲ့ ရေမော်လီကျူးတွေဟာလဲ တစ်ခုနဲ့တစ်ခု ဆွဲကပ် (Cohesion) ကြပါတယ်။

    အလည် မှာရှိတဲ့ ရေမော်လီကျူးတွေဟာ အဖက်ဖက်က အားဟန်ချက်ညီညီ ဆွဲနေတာကို ခံရတဲ့ အတွက် မည်သည့် လားရာ (Direction) ကိုမှ မကပ်သွားပဲ တည်ငြိမ်နေပါတယ်။

    ဒါပေမဲ့ အပေါ်ဆုံး မျက်နှာပြင်က ရေမော်လီကျူးတွေအနေနဲ့ကတော့ သူတို့ရဲ့ အပေါ်ဘက်မှာ သူတို့ကို ဆွဲငင်မဲ့ရေမော်လီကျူးတွေ မရှိပါဘူး၊
    အောက်ဘက်က ရေမော်လီကျူးတွေကသာ သူတို့ကို ဆွဲငင်ပါတယ်။ ဆိုတော့ သူတို့ဟာ အောက်ဘက် ရေမော်လီကျူးတွေဆီသို့ ပိုမိုနီးကပ်လာပါတယ်။

    ဒီလို နီးကပ်သွားတဲ့အတွက် ရေမျက်နှာပြင်ဟာ ကျုံ့သွားပြီး တင်းမာခိုင်ခန့်မူ ရှိသွားပါတယ်။
    ဒါကို ရေရဲ့ မျက်နှာပြင် ဆွဲတင်းအား (Surface Tension) လို့ ခေါ်ပါတယ်။

    ဒီလို ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် တစ်ချို့သော ရေထက် ပိုမိုသိပ်သည်းတဲ့ အရာဝတ္ထုတွေ ၊ သက်ရှိတွေဟာ ရေပေါ်မှာ မနစ်မြုပ်ပဲ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

    မတူညီသော အရည်တွေမှာ မတူညီသော မျက်နှာပြင်ဆွဲတင်းအား တန်ဖိုးတွေရှိပါတယ်။

    ဥပမာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ဆပ်ပြာရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။ ဒီလိုပါပဲ ပြဒါးရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။

    ဒါဆို တကယ်လို့များ မျက်နှာပြင် ဆွဲတင်းအားမတူညီသော အရည် ၂ခု ရောလိုက်ရင် ဘာများဖြစ်မလဲ၊

    ဒီလိုဆိုရင် ဆွဲတင်းအားမြင့်တဲ့ နေရာက အရည်တွေဟာ ဆွဲတင်းအားနည်းရာ အရည်နဲ့ ဝေးရာကို ပြေးသွားပါတယ်။  ဒါကို Marangoni Effect လို့ ခေါ်ပါတယ်။

    ဒီဖြစ်စဉ်ကို လေ့လာဆည်းပူး ဖြန့်ဝေခဲ့သူ အီတလီ ရူပဗေဒပညာရှင် Carlo Marangoni ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည်ပါ။

    အခု ကျွန်တော်တို့ Rove Beetle (Stenus bipunctatus) ပိုးကောင်လေးတွေရဲ့ ရန်ရှောင်နည်းကို ကြည့်ရအောင်ပါ။

    ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် Rove Beetle ပိုးကောင်တွေဟာ ရေပေါ်လမ်းလျှောက်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် သူတို့ဟာ ရေပေါ်မှာ တစ်စက္ကန့်ကို ၂-၃ စင်တီမီတာ နှုန်းလေးနဲ့ ဖြေးဖြေးလေး လမ်းလျှောက် တာပါ။

    ဒါပေမဲ့ တကယ်လို့ သူတို့ဟာ ရန်သူရဲ့ အန္တရာယ် တစ်စုံတစ်ရာကို သင်္ကာမကင်းဖြစ် သတိထားမိလိုက်တာနဲ့ တစ်ပြိုက်နက် သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ထုတ်လိုက်ပါတယ် ။

    ဒီ Stenusin ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာ ကျရောက်ရာနေရာက ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကို လျှော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။

    ဆိုတော့ ဒီပိုးကောင်တွေရဲ့ စအိုရှိရာ ခန္ဓာကိုယ်နောက်ဘက်က ရေဟာ မျက်နှာပြင်ဆွဲတင်းအား နည်းသွားပါပြီ၊ ခန္ဓာကိုယ်အရှေ့ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကတော့ နဂိုအတိုင်း အားကောင်းဆဲပါ။

    ဒီအခါမှာ မျက်နှာပြင်တင်းအား မတူညီသော အရည် ၂ခု ရောနေတဲ့ အခြေအနေဖြစ်သွားပြီ ဖြစ်တဲ့အတွက် Marangoni Effect ဟာ ဖြစ်တည်လာပါပြီ ။

    ( Insect edited by Wikipedians ,Produced by Pedia Press GmbH, Boppstrasse 64 , Mainz, Germany , Pg . 19)

    မျက်နှာပြင်တင်းအားများတဲ့ ရေတွေဟာ ပိုးကောင်ရဲ့ ခန္ဓာကိုယ်နောက်ဘက်က မျက်နှာပြင်တင်းအားနည်းတဲ့ ရေတွေထံမှ အဝေးကို ထွက်ပြေးကုန်ပါတယ်။ ထွက်ပြေးတဲ့ ရေနဲ့အတူ ပိုးကောင်လဲ ပါလာတာပေါ့။

    ဒီအမြန်နှုန်းဟာ တစ်စက္ကန့်ကို ၄၅-၇၀ စင်တီမီတာကြားရှိပါတယ်။ ပိုးကောင်အနေနဲ့ နဂိုရှိရာနေရာကနေ မြန်ဆန်တဲ့နှုန်းနဲ့ ထွက်ပြေးနိုင်ပြီပေါ့ ။

    ခန္ဓာကိုယ်အလျှား ၅မီလီမီတာတောင်မရှိတဲ့ Rove Beetle တွေအတွက် အလွန်ကို မြန်ဆန်တဲ့ ထွက်ပြေး နှုန်းဖြစ်ပါတယ်။ အရွယ်အစားအရ နှိုင်းယှဉ်ပြောရမယ် ဆိုရင် လူတစ်ယောက်ဟာ တစ်နာရီကို ၃၇၃-၅၅၉ မိုင်ကြား ပြေးသွားနိုင်တဲ့ ပုံစံပါ။

    (Extraordinary Animals: An Encyclopedia of Curious and Unusual Animals By Ross Piper ၊ Pg , 138)

    ဒီပိုးကောင်တွေဟာ Surface Tension ကို နားလည်နိုင်ပါသလား ???

    ဒီပိုးကောင်တွေဟာ Marangoni Effect ကို နားလည်နိုင်ပါသလား။ ???

    အန္တရာယ်ကြုံတွေ့စဉ်မှာ Marangoni Effect ဖြစ်တည်ပြီး အလျှင်အမြန်ထွက်ပြေးနိုင်စေရင် ခန္ဓာကိုယ် အနောက်ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအား (Surface Tension) ကို လျှော့ချပစ်ဖို့ သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ပစ်ရမယ်လို့ သူတို့ဘယ်လိုသိနေပါသလဲ ။ ??? ဒါဟာ အန္ဓရာယ် ကြုံမှ ဘာလုပ်ရမလဲ စဉ်းစားရင်း သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

    Stenusin ဓာတုဗေဒပစ္စည်းဟာ ရေမျက်နှာပြင် ဆွဲတင်းအားကို လျှော့ချပစ်နိုင်တယ် လို့ကော သူတို့ ကြိုတင်သိနိုင်ပါသလား။ ???

    ———————-

    **M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • မျက်လုံးတု ဖားများ

    မျက်လုံးတု ဖားများ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်
    falseyedfrog
    Physalaemus nattereri ဆိုတဲ့ တောင်အမေရိကမှ ဖားတွေ၊ သူတို့ အေးဆေးထိုင်နေပုံက ထုံးစံအတိုင်း တင်ပါးက အောက်စိုက် ၊ ခေါင်းက အထက်မှာ ။

    ဒါပေမဲ့ သူတို့ရဲ့ ရန်သူ (ဥပမာ မြွေတစ်ကောင်ပေါ့) က ရှေ့တည့်တည့်ကို ရောက်လာရင် ဘယ်လိုလုပ်လိုက်လဲ သိလား

    ခုန်ပြီး တင်ပါးကို မြွေဘက်လှည့်ပေးလိုက်တယ်။ ခေါင်းကို အောက်စိုက်ပြီး တင်ပါးကို ထောင်ပေးလိုက်တယ်။

    မျက်စိတစ်မှိတ်အတွင်းမှာ ကြောက်စရာသွင်ပြင်ကို မြွေဟာ မြင်တွေ့လိုက်ရတယ် ။

    မြွေကို ခေါင်းအကြီးကြီး ၊ နှာခေါင်း ၊ ပါးစပ်နဲ့ အနက်/အပြာရောင် မျက်လုံးကြီးတွေနဲ့ ဘာမှန်းမသိတဲ့ သတ္တဝါကြီး တစ်ကောင်ဟာ စိုက်ကြည့်နေတဲ့ ပုံ။

    အမှန်တော့ ဒီဖားတွေရဲ့ တင်ပါးဘက်ခြမ်းမှာ မျက်လုံးသဏ္ဍာန် အမှတ်ရာကြီး ၂ခုရှိနေတယ်လေ၊ ပြီးတော့ သူ့ရဲ့ အရေပြားမှာ အနက်၊ အပြာ၊ အညို ၊ မီးခိုး ၊ အဖြူ စတဲ့ အရောင်စုံ အစက်တွေ ပါဝင်တယ်။

    အန္တရာယ် ကြုံတဲ့ အခါမှာ ဒီအရောင်တွေကို ချက်ချင်းချိန်ညှိပြီး ကြောက်စရာ သွင်ပြင် ဖြစ်အောင် လုပ်လိုက်တာပါ။

    သူတို့ကို False-eyed Frog တွေလို့လဲ ခေါ်တယ်။

    ရန်သူအများစုဟာဒီအသွင်အပြင်ကို မြင်လိုက်ရုံနဲ့ ချက်ချင်း ကြောက်လန့်ထွက်ပြေးသွားကြတယ်။

    (The False-Eyed Frog Posted by Alpha Omega Institute on Sep 28, 2011 in Creation Nuggets)

    ဒီဖားတွေရဲ့ တင်ပါးဘက်မှာ ကြောက်စရာ မျက်လုံးတုကြီး ဘယ်သူ တပ်ဆင်ပေးထားပါလိမ့်။

    ———————-

    **M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • ငါးမျှားကြသော ငါးများ

    ငါးမျှားကြသော ငါးများ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Decoy Scorpionfish

    လူတွေ ငါးမျှားကြတယ်၊ ငါးတစ်ချို့ဟာလဲ ငါးမျှားကြတယ်။

    Decoy Scorpionfish (Iracundus signifer) ငါး တွေ ၊ သူတို့ ဗိုက်ဆာလာပြီဆိုရင် သူတို့ရဲ့ ကျောရိုးဆူးတောင်ကို ဖွင့်မတ်လိုက်တယ်။
    သူ့ရဲ့ ကျောရိုးဆူးတောင်ဟာ ပါးစပ်၊ မျက်စိနဲ့ ဆူးတောင်ပါဝင်တဲ့ ငါးငယ်တစ်ကောင် အသွင်အပြင် ဖြစ်ပေါ်လာတယ် ၊

    သူဟာ ဆူးတောင်ကို ရှေ့တိုးနောက်ဆုတ် ပုံစံ ရိုက်ခတ်တယ်။ ကူးခပ်နေတဲ့ ငါးငယ်တစ်ကောင်ပုံစံပေါ့။

    ဒီငါးငယ်အတုကို အတုမှန်းသတိမထားမိပဲ စားဖို့ ချဉ်းကပ်လာတဲ့ ငါးတွေဟာ Decoy scorpionfish ရဲ့ အစာဖြစ်ပြီပေါ့ ။

    (Diversity and Adaption in Fish Behaviour By Miles H.A. Keenleyside ,2.4.4.2 Luring , Pg .32)

    Frogfish

    ဒီငါးတင်မဟုတ်ဘူး၊ Frogfish (Antennarius maculatus) ငါး တွေလဲ ငါးမျှားသေးတယ်။ အမယ်၊ သူတို့က ပိုအဆင့်မြင့်တယ် ပြောရမယ်၊ ငါးမျှားတံ အင်္ဂါငယ် (Illicium) နဲ့ မျှားတာကိုး ။

    ဒီအင်္ဂါငယ်ထိပ်ဟာ ရေထဲမှာ ကူးခပ်သွားလာနေတဲ့ ငါးငယ်တစ်ကောင်နဲ့ တူလွန်းနေရဲ့ ၊
    ဒီငါးတုကို စားဖို့လာမဲ့ ငါးတွေ Frogfish ငါးရဲ့ အစာဖြစ်ပြန်ပြီပေါ့။

    (Exploring the World of Aquatic Life By John Dawes and Andrew Campbell , Pg. 157)

    ဒီငါးတွေ ငါးမျှားနည်းစနစ် ဘယ်လိုကြောင့်များ တတ်ကျွမ်းနေရတာလဲ၊