News @ M-Media
Tag: malaysia
  • စားသောက်ဆိုင်များတွင် နိုင်ငံခြားသားစားဖိုမှူး မထားရန် မလေးရှား အမိန့်ထုတ်
    စားသောက်ဆိုင်များတွင် နိုင်ငံခြားသားစားဖိုမှူး မထားရန် မလေးရှား အမိန့်ထုတ်
    ဇွန် ၂၂၊ ၂၀၁၈
    M-Media
    – မလေးရှားနိုင်ငံတစ်ဝှမ်းက စားသောက်ဆိုင်တွေအနေနဲ့ နောက်နှစ်ကနေစပြီး ပြည်တွင်းကလူတွေကိုသာ စာဖိုမှူးအဖြစ် ခန့်ထားရမယ်လို့ မလေးရှား လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနက မနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပြီး နိုင်ငံခြား အလုပ်သမားတွေအပေါ် မှီခိုမှု လျှော့ချဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
    “နိုင်ငံသားစားဖိုမှူးတွေပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ ဘာအလျှော့အတင်းမှမရှိဘူး။ ဒီဇင်ဘာ ၃၁ ရက်နေ့ ကနေစပြီး ဒါကိုလိုက်နာဖို့ အသိပေးသွားမှာပါ။ မလိုက်နာဘူးဆိုရင်တော့ အဲဒီအတွက် ဘာမှ မကူညီနိုင်ပါဘူး” လို့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး အမ် ကူလာ ဆီဂါရန်က ပြောကြားခဲ့ပါတယ်။
    မစ္စတာ ဆီဂါရန်ဟာ စောစောပိုင်းက အိန္ဒိယစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (Prisma) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၀န်ကြီးဌာနအနေနနဲ့ အိန္ဒိယမွတ်စလင် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (Presma) နဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ၀န်ကြီးက ပြောပါတယ်။
    ဒိလိုဆောင်ရွက်မှုဟာ စားသောက်ဆိုင်တွေအနေနဲ့ နိုင်ငံခြားလုပ်သားအင်အားအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မှာဖြစ်သလို၊ ဒေသအစားအသောက်တွေရဲ့ အရည်အသွေးကိုလည်း ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မလေးရှားနိုင်ငံ ပီနန်ပြည်နယ်အစိုးရကလည်း ပြည်နယ်အတွင်း စားသောက်ဆိုင်တွေမှာ နိုင်ငံခြားစားဖိုမှူး ခန့်ထားတာကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ခဲ့ပါတယ်။
    ဒါပေမယ့် Prisma ဥက္ကဌ ပီ မူတူးဆွာမိက ၀န်ကြီးဌာနရဲ့ ဒီဆုံးဖြတ်ချက်ကို အံ့အားသင့်မိပြီး စားသောက်ဆိုင်တွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Presma ဥက္ကဌ အယွဘ်ခန်းကလည်း လစာ ၂၅၀၀ အထိ ပေးခဲ့ပေမယ့် မလေးရှားနိုင်ငံသားတွေဟာ စားသောက်ဆိုင်မှာ မလုပ်ချင်ကြကြောင်း၊ စားသောက်ဆိုင်တွေအတွက် ဒေသတွင်းက အလုပ်သမားရှာဖို့ ခက်ခဲကြောင်း ပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • ၀န်ကြီးချုပ်ဟောင်းနာဂျစ် စွဲချက်အများအပြားဖြင့် တရားစွဲခံရမည်ဟု မဟာသီပြော
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    – ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ငွေကြေးအလွဲသုံးစားလုပ်မှု၊ ခြစားမှုတွေအပါအ၀င် စွဲချက်များစွာနဲ့ တရားစွဲဖို့ ရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    နာဂျစ်ဟာ နိုင်ငံပိုင် 1MDB လုပ်ငန်းက ငွေကြေးတွေ အလွဲသုံးစားလုပ်မှုနဲ့ စုံစမ်းစစ်ဆေးမှုကို လက်ရှိမှာ ခံနေရပါတယ်။
    မဟာသီယာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အမှုတစ်ခုကို စုံစမ်းစစ်ဆေးသူတွေက တည်ဆောက်ပြီးပြီလို့ Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး 1MDB လုပ်ငန်းက ငွေတွေကို အလွဲသုံးစားလုပ်မှုမှာ နာဂျစ်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။
    “1MDB နဲ့ပတ်သက်ပြီး သူဟာ လုံးလုံးတာဝန်ရှိပါတယ်။ သူ့ရဲ့လက်မှတ်မပါဘဲနဲ့ ဘာမှ လုပ်လို့ မရပါဘူး။ 1MDB ပါဝင်တဲ့ သဘောတူညီချက်အားလုံးက သူ့ရဲ့လက်မှတ်တွေကို ကျွန်တော်တို့ ရထားပါပြီ။ ဒါ့ကြောင့် သူဟာ တာဝန်ရှိသူပါ”
    အမေရိကန် တရားရေးဌာနက 1MDB ကနေ စုစုပေါင်း ကန်ဒေါ်လာ ၄.၅ ဘီလီယံလောက် အလွဲသုံးစား လုပ်ခံခဲ့ရပြီး အဲဒီအထဲက သန်း ၇၀၀ လောက်ဟာ နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်တွေထဲ ရောက်သွားတယ်လို့ ပြောကြားထားပါတယ်။
    ရွေးကောက်ပွဲအနိုင်ရကာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီးတဲ့နောက် မဟာသီဟာ နာဂျစ်ကို တိုင်းပြည်အတွင်းကနေ မထွက်ခွာဖို့ တားမြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က နာဂျစ်နဲ့ပတ်သက်တဲ့ အဆောက်အဦးတွေမှာ ၀င်ရောက်ရှာဖွေခဲ့ကြပါတယ်။ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း နာဂျစ်နဲ့ သူ့ရဲ့ဇနီး ရိုစ်မာ မန်ဆူရ်တို့ကို ခေါ်ယူ စစ်ဆေး
    ခဲ့ပါတယ်။
    နာဂျစ်ကတော့ သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။
    Ref: Malaysia Kini
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၃၊ ၂၀၁၈
    M-Media
    အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရို
    ပြုံးယမ်လာရန် ကင်၏ဖိတ်ကြားမှုကို ထရမ့် လက်ခံ
    ================
    မနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒေါ်နယ်ထရမ့်ကို ပြုံးယမ်လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ထရမ့်ကလည်း လက်ခံခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။ တွေ့ဆုံပွဲမှာ ကင်က နျူကင်းစင်ရေး ဆောင်ရွက်ဖို့ ထပ်မံကတိပြုခဲ့သလို ထရမ့်ကလည်း မြောက်ကိုရီးယားလုံခြုံရေးအတွက် အာမခံခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ကင်ဟာ သူ့ကို မြောက်ကိုရီးယားကိုလာဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သူကလည်း ကင်ကို သင့်လျော်တဲ့အချိန်ကျရင် အိမ်ဖြူတော်ကို ဖိတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    မလေးရှားက အလှပြင်ဆိုင်များကို ၀င်ရောက်ရှာဖွေကာ လူတစ်ထောင်ကျော် ဖမ်းဆီး
    ===============
    ဇန်န၀ါရီလကနေ မေလအတွင်း ဆီလန်ဂေါ၊ ကွာလာလမ်ပူ၊ ဂျိုဟိုးနဲ့ ပဲရာ့က်တို့က အလှပြင်ဆိုင်တွေကို ၀င်ရောက်ဖမ်းဆီးမှုအတွင်း ပြည့်တန်ဆာလုပ်သူတွေ၊ ဗီဇာအလွဲသုံးစားလုပ်သူ တစ်ထောင်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ထိုင်းအမျိုးသမီးတွေက အများဆုံးဖြစ်ပြီး၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ မြန်မာ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
    Grab တွင် တိုယိုတာက ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ
    ================
    အရှေ့တောင်အာရှက တက္ကစီကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab မှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့အတွက် တိုယိုတာကုမ္ပဏီက သဘောတူခဲ့ပါတယ်။ ဒါဟာ Grab မှာ ကားထုတ်လုပ်မှုလုပ်ငန်းတစ်ခုရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ Grab ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သူတို့ဟာ လက်ရှိ ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Grab ဟာ အရှေ့တောင်အာရှ နိုင်ငံ ၈ နိုင်ငံက မြို့ကြီး ၂၁၇ မြို့မှာ ၀န်ဆောင်မှုပေးနေပါတယ်။
    ကနေဒါဝန်ကြီးချုပ်ကို စော်ကားပြောဆိုခဲ့သည့် အိမ်ဖြူတော်အကြံပေး ပြန်တောင်းပန်
    =============
    ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူအတွက် ငရဲမှာ အထူးနေရာရှိတယ်လို့ ပြောကြားခဲ့မှုကို အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရိုက ပြန်တောင်းပန်လိုက်ပါတယ်။ G7 အစည်းအဝေးမှာ ထရမ့်နဲ့ ထရူဒူတို့အကြား အခွန်ကိစ္စအတွက် မကျေမလည် ဖြစ်ပြီးနောက်ပိုင်း နာဗာရိုက ဒီလိုပြောခဲ့တာပါ။ ဒါပေမယ့် Wall Street ဂျာနယ်ကလုပ်တဲ့ မနေ့က အခမ်းအနားတစ်ခုမှာ နာဗာရိုက ဒီစကားဟာ မပြောသင့်တဲ့စကားဖြစ်ကြောင်း၊ အဲဒီအမှားအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera, Alarabiya
  • တိုင်းပြည်အကြွေးဆပ်ရန် မလေးဘုရင်က ၎င်းအတွက်ကုန်ကျစားရိတ်ကို ၁၀ ရာခိုင်နှုန်းလျှော့ခိုင်း
    တိုင်းပြည်အကြွေးဆပ်ရန် မလေးဘုရင်က ၎င်းအတွက်ကုန်ကျစားရိတ်ကို ၁၀ ရာခိုင်နှုန်းလျှော့ခိုင်း
    ဇွန် ၁၂၊ ၂၀၁၈
    M-Media
    မလေးရှား စည်းမျဉ်းခံဘုရင် ဆူလ်တန် မိုဟာမက် ၅
    – တိုင်းပြည်အကြွေးတင်နေတာကို ဆပ်နိုင်ဖို့အတွက် နန်းစံသက်ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်အထိ သူ့လစာနဲ့ အဆောင်အယောင် ကုန်ကျစားရိတ်တွေကနေ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ မလေးရှားဘုရင် ဆူလ်တန် မိုဟာမက် ၅ က ပြောကြားလိုက်ပါတယ်။
    နန်းတော်ရဲ့ ဘဏ္ဍာထိန်း ၀မ် အဟ်မဒ် ဒါလန် အဘ် အဇစ်က ဘုရင်ကြီးဟာ တိုင်းပြည်ရဲ့ အကြွေးနဲ့ စီးပွားရေးအခြေအနေတွေကို အလွန်စိုးရိမ်နေတယ်လို့ ဒီကနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
    “Tabung Harapan Malaysia ရန်ပုံငွေထူထောင်ပြီး မလေးရှားပြည်သူတွေက ရက်ရက်ရောရော ထည့်ဝင်နေကြတာကို ဘုရင်ကြီးက အရမ်းစိတ်မကောင်းဖြစ်နေပြီး ကျေးဇူးတင်ကြောင်လည်း ပြောကြားခဲ့ပါတယ်”
    ကုန်ကျစားရိတ်ကို ချွေတာဖို့အတွက် အခုနှစ် ၀ါကျွတ်အီးဒ်အထိမ်းအမှတ်ပွဲတော်ကို နန်းတော်မှာမလုပ်ဖို့ ဘုရင်မိုဟာမက်က အမိန့်ထုတ်ခဲ့ပြီး၊ အဲဒီအတွက် ကုန်ကျမယ့်ငွေတွေကို ချို့တဲ့သူတွေထံ ဝေငှသွားမယ်လို့ ဘဏ္ဍာထိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နိုင်ငံရဲ့အကြွေးဟာ ရင်းဂစ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၅၁.၇၀ ဘီလီယံ) ရှိနေတယ်လို့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပြီး ဒီအတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
    မေလ ၂၃ ရက်နေ့မှာ မဟာသီက အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း ဖြတ်တောက်မယ်လို့လည်း ကြေငြာခဲ့ပါတယ်။
    Ref: CNA
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၀၊ ၂၀၁၈
    M-Media
    ကင်ဂျုံအွန် ကိုယ်ပိုင်လေယာဉ်ဖြင့် စင်ကာပူကို ထွက်ခွာလာ
    =================
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တင်ဆောင်လာတဲ့ အထူးလေယာဉ် Ilyushin-62M ဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်ကနေ ဒီနေ့မနက်မှာ စင်ကာပူကို ထွက်ခွာလာတယ်လို့ တောင်ကိုရီးယား သတင်းဌာနက ဖော်ပြပါတယ်။ ကင်ဟာ ဒီနေ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ မနက်ဖြန်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လီရှန်လွန်းကို တွေ့ဆုံမှာပါ။ ထရမ့်နဲ့ ကင်တို့ဟာ ၁၂ ရက်နေ့မှာ ဆန်တိုးဆားက ဟိုတယ်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်ဟာ မေလအတွင်းက တရုတ်နိုင်ငံကို လေယာဉ်နဲ့သွားရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်က အာဏာရပြီးတဲ့နောက်ပိုင်း နိုင်ငံရပ်ခြားကို ပထမဆုံး လေယာဉ်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။
    တိုင်းပြည်၏ကြွယ်ဝမှုများ ပြန်ရအောင် ဆောင်ရွက်မည်ဟု မဟာသီပြော
    =============
    သူတို့ရဲ့ အခုအစိုးရသက်တမ်းအတွင်းမှာ တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို ပြန်လည်ရရှိအောင်၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က Sinar Harian နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ ၀န်ကြီးချုပ်ရာထူးကို ၂ နှစ်သာ ထမ်း
    ဆောင်မယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။ အင်တာဗျူးမှာ သူက ဖြစ်နိုင်ရင် တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အချိန်တိုတိုအတွင်းမှာပဲ ဖြေရှင်းချင်ကြောင်း၊ အကြွေးလျှော့ချမှု၊ တော်ဝင်အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားမှုတွေဟာ သူ့အစိုးရရဲ့ အဓိကလုပ်ငန်းတွေဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဂျော်ဒန်စီးပွားရေးအကြပ်အတည်းကိစ္စ မက္ကာတွင် ဆွေးနွေးမည်
    =================
    ဂျော်ဒန်နိုင်ငံက စီးပွားရေးပြဿနာကို ဆွေးနွေးဖို့အတွက် ဂျော်ဒန်၊ ယူအေအီး၊ ကူဝိတ်နဲ့ ဆော်ဒီတို့ ပါဝင်မယ့် ထိပ်သီးအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဒီကနေ့ ကျင်းပဖို့ ရှိနေပါတယ်။ ဂျော်ဒန်ဟာ နိုင်ငံရပ်ခြား အကူအညီပေါ်မှာ အလွန်အမင်း မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံများကောင်စီက နှစ်စဉ်ရရှိနေတဲ့ ကန်ဒေါ်လာ ၃.၆ ဘီလီယံ အကူအညီ ပြီးခဲ့တဲ့နှစ်ကစပြီး ရပ်တန့်သွားတာကြောင့် အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာပါ။ နိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ တက်လာတာ၊ ၀င်ငွေခွန် တိုးမြှင့်ဖို့ စီစဉ်လာတာတွေကို မကျေနပ်တဲ့အတွက် ပြည်သူတွေဟာ အခုလအစောပိုင်းမှာ ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
    Ref : Aljazeera, CNA