News @ M-Media

တိုင်းပြည်အကြွေးဆပ်ရန် မလေးဘုရင်က ၎င်းအတွက်ကုန်ကျစားရိတ်ကို ၁၀ ရာခိုင်နှုန်းလျှော့ခိုင်း

ဇွန် ၁၂၊ ၂၀၁၈
M-Media

မလေးရှား စည်းမျဉ်းခံဘုရင် ဆူလ်တန် မိုဟာမက် ၅

– တိုင်းပြည်အကြွေးတင်နေတာကို ဆပ်နိုင်ဖို့အတွက် နန်းစံသက်ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်အထိ သူ့လစာနဲ့ အဆောင်အယောင် ကုန်ကျစားရိတ်တွေကနေ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ မလေးရှားဘုရင် ဆူလ်တန် မိုဟာမက် ၅ က ပြောကြားလိုက်ပါတယ်။

နန်းတော်ရဲ့ ဘဏ္ဍာထိန်း ၀မ် အဟ်မဒ် ဒါလန် အဘ် အဇစ်က ဘုရင်ကြီးဟာ တိုင်းပြည်ရဲ့ အကြွေးနဲ့ စီးပွားရေးအခြေအနေတွေကို အလွန်စိုးရိမ်နေတယ်လို့ ဒီကနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

“Tabung Harapan Malaysia ရန်ပုံငွေထူထောင်ပြီး မလေးရှားပြည်သူတွေက ရက်ရက်ရောရော ထည့်ဝင်နေကြတာကို ဘုရင်ကြီးက အရမ်းစိတ်မကောင်းဖြစ်နေပြီး ကျေးဇူးတင်ကြောင်လည်း ပြောကြားခဲ့ပါတယ်”

ကုန်ကျစားရိတ်ကို ချွေတာဖို့အတွက် အခုနှစ် ၀ါကျွတ်အီးဒ်အထိမ်းအမှတ်ပွဲတော်ကို နန်းတော်မှာမလုပ်ဖို့ ဘုရင်မိုဟာမက်က အမိန့်ထုတ်ခဲ့ပြီး၊ အဲဒီအတွက် ကုန်ကျမယ့်ငွေတွေကို ချို့တဲ့သူတွေထံ ဝေငှသွားမယ်လို့ ဘဏ္ဍာထိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရဲ့အကြွေးဟာ ရင်းဂစ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၅၁.၇၀ ဘီလီယံ) ရှိနေတယ်လို့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပြီး ဒီအတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

မေလ ၂၃ ရက်နေ့မှာ မဟာသီက အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း ဖြတ်တောက်မယ်လို့လည်း ကြေငြာခဲ့ပါတယ်။

Ref: CNA