News @ M-Media
Tag: malaysia
  • မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး
    မလေးရှားဆောက်လုပ်ရေးတစ်ခုတွင် မြေပြိုပြီး နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံး
    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media
    – မလေးရှားနိုင်ငံ ပီနန်ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှုကြောင့် မြန်မာတစ်ဦးအပါအ၀င် နိုင်ငံခြားအလုပ်သမား ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    မြို့တော် ဂျော့ဂ်ျတောင်းက ၄၉ ထပ် ကွန်ဒို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေကြီးထဲမြုပ်နေသူ ၁၅ ဦးကနေ ၂၀ လောက်အထိ ရှိပါတယ်။
    ပီနန်မီးသတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြိုကျတဲ့မြေရဲ့ လျှောစောက်ဟာ ၁၀ မီတာလောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
    ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီအထိ အသက်ရှင်သူ ၂ ဦးသာ ရှိသေးပြီး ပီနန်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
    အင်ဒိုနီးရှားနိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၁ ဦးတို့ရဲ့ အလောင်းတွေကို ရရှိထားပြီး မြေကြီးအောက် နစ်မြုပ်နေသူ အများစုဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ရိုဟင်ဂျာတွေလို့ ယုံကြည်ရပြီး မလေးလူမျိုး အလုပ်သမားခေါင်းတစ်ယောက်လည်း ပါဝင်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
    ပြိုကျတဲ့မြေထုဟာ တော်တော်ကြီးတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ခက်ခဲနေပြီး ပျောက်ဆုံးနေသူတွေဟာ အသက်ရှင်ဖို့ အလားအလာနည်းတယ်လို့ ဆိုပါတယ်။
    Ref: CNA
  • မလေးရှားတွင် IS နှင့် ဆက်သွယ်သူများအား ဖမ်းဆီးမှု သိသိသာသာမြင့်တက်
    မလေးရှားတွင် IS နှင့် ဆက်သွယ်သူများအား ဖမ်းဆီးမှု သိသိသာသာမြင့်တက်
    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media
    – ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ IS အဖွဲ့နှင့် အဆက်အသွယ်ရှိသူများအား ဖမ်းဆီးမှု အရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် အဆ ၂၀ များပြားလာပြီး စစ်သွေးကြွများကို နှိမ်နှင်းရန်အတွက် ထောက်လမ်းရေးကွန်ရက်ကို တိုးမြှင့်ခြင်း၊ အွန်လိုင်း ဆက်သွယ်ရေးစောင့်ကြည့်ခြင်းတို့ ပြုလုပ်လာရသည်ဟု သိရသည်။
    ၂၀၁၃ ခုနှစ်က IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွ ၄ ဦးကိုသာ ဖမ်းမိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၅၉ ယောက်၊ ၂၀၁၆ တွင် ၁၀၉ ယောက်ထိ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှ အကြီးအကဲ အယွဘ်ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားခဲ့သည်။
    “ဒီနှစ်အတွင်း အခုအချိန်အထိ သံသယရှိသူ ၈၂ ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ ဒီထက်ပိုများမယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟုက ပစ်ချေးက ဆိုသည်။
    ၂၀၁၃ ခုနှစ်ကစပြီး အကြမ်းဖက်သမားဟု သံသယရှိသူ အယောက် ၃၄၀ ကို မလေးရှားက ထိန်းသိမ်းထားသည်။
    ကုရ်အာန်မှ ကျမ်းချက်များကို မူလသဘောတရားမှ သွေဖည်စွာ ဘာသာပြန်ဆိုသည့် ဆလဖီဂျီဟတ်အယူဝါဒ ပြန့်နှံ့လာခြင်းက လူများအား အစွန်းရောက်ဝါဒကို ပိုမို တွန်းပို့ပေးနေသည်ဟုလည်း ပစ်ချေးက ပြောကြားခဲ့သည်။
    IS အဖွဲ့နှင့် ပူးပေါင်းလာသူများမှာ နယ်ပယ်အမျိုးမျိုးမှဖြစ်ပြီး ပီအိခ်ျဒီလက်မှတ်ကိုင်ဆောင်ထားသူများမှ စစ်တပ်အရာရှိဟောင်းအထိ ပါဝင်နေသည်။
    IS အဖွဲ့သို့ ပူးပေါင်းလာသူများ တဖြည်းဖြည်းများပြားလာကြောင်း စာရင်းဇယားများက ညွှန်ပြနေသော်လည်း
    မလေးရှားနိုင်ငံသည် အကြမ်းဖက်လှုပ်ရှားမှုများကို ဟန့်တားခြင်း၊ စစ်သွေးကြွများ ဖမ်းဆီးခြင်းတို့ကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်ထားသည်။
    Ref: CNA
  • ၀န်ကြီးချုပ်နှုတ်ထွက်ရေး မလေးပြည်သူသောင်းချီ ဆန္ဒပြ
    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media
    – နိုင်ငံပိုင်လုပ်ငန်းမှ ဒေါ်လာ ဘီလီယံနှင့်ချီ အလွဲသုံးစားလုပ်မှုအပေါ် ၀န်ကြီးချုပ်နာဂျစ်ရာဇတ်အား အရေးယူရန်အတွက် ထောင်သောင်းချီသော မလေးရှားနိုင်ငံသားများမှာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    နာဂျစ်မှာ 1Malaysia Development Berhad (1MDB) လုပ်ငန်းမှ ငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲမှုကို ပြီးခဲ့သည့်နှစ်ကတည်းက ခံခဲ့ရပြီး ၎င်းကမူ မည်သည့်အမှားမှ လုပ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။
    ထိုကိစ္စဖြစ်ပွားပြီးနောက် နာဂျစ်မျာ ၎င်းနှင့် သဘောထားကွဲလွဲသူများ၊ မီဒီယာနှင့် တက်ကြွက်လှုပ်ရှားသူများအား နှိပ်ကွပ်မှုကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။
    ထို့ပြင် လူနေမှုစားရိတ်များ ကြီးမြင့်လာခြင်း၊ အခွန်များ များပြားလာခြင်းတို့ကလည်း နာဂျစ်အပေါ် လူထုထောက်ခံမှုကျဆင်းလာပြီး အတိုက်အခံများ၏ ဆော်သြမှုဖြင့် ပြည်သူလူထုက နာဂျစ်နှုတ်ထွက်ပေးရန် တောင်းဆိုလာခဲ့သည်။
    ယမန်နေ့ဆန္ဒပြမှုမှာ အတိုက်အခံမဟာမိတ်အဖွဲ့ Pakatan Harapan (PH) က နာဂျစ်၏ အလွဲသုံးစားပြုမှုကို လူများစု မလေးလူမျိုးများ သိရှိရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သည့် ၂ လတာ ချီတက်ဆန္ဒပြမှု၏ နောက်ဆုံးတစ်ခု ဖြစ်ပြီး ပြည်သူ ထောင်သောင်းချီ ပါဝင်ခဲ့သည်။
    “အရင်ကမရှိခဲ့တဲ့ သူခိုးဝန်ကြီးချုပ်တစ်ယောက် ကျွန်တော်မှာ ရှိလာပြီ။ သူကတော့ ခိုးခိုးပြီး သာသာယာယာနေနိုင်တယ်။ ငါ့မင်းငါ့ချင်းဝါဒကို တိုင်းပြည်ကနေ ဖယ်ရှားဖို့ လိုလာပါပြီ။ နာဂျစ်ရဲ့ ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့ လက်မှာ ရှိပါတယ်။ PH ကို မဲပေးပြီး သူ့ကို ဖြုတ်ချလို့ ရပါတယ်”
    Ref: CNA
  • ယခုနှစ်အတွင်း မလေးရှားက နိုင်ငံခြား တိုက်ခိုက်ရေးသမား ၄၅ ဦးကို ဖမ်းဆီးထား
    ယခုနှစ်အတွင်း မလေးရှားက နိုင်ငံခြား တိုက်ခိုက်ရေးသမား ၄၅ ဦးကို ဖမ်းဆီးထား
    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media
    – ယခုနှစ်အတွင်း လက်ရှိအချိန်အထိ နိုင်ငံခြား တိုက်ခိုက်ရေးသမား စုစုပေါင်း ၄၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အများစုမှာ IS အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေပြီး အီရတ်နိုင်ငံ IS အဖွဲ့ခွဲတွင် တပ်မှူးအဆင့်ရှိသူ အီရတ်နိုင်ငံသား ၃ ဦးနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ယီမင်နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။
    မေလေးရှား အကြမ်းဖက်တိုက်ဖျက်ရေးဌာနက အရှေ့အလယ်ပိုင်းတွင် နယ်မြေများ လက်လွှတ်နေရသည့် IS အဖွဲ့မှာ အခြားနိုင်ငံများသို့ ထိုးဖောက်ဝင်ရောက်ရန် အဖွဲ့ဝင်များအား အမိန့်ပေး ညွှန်ကြားထားသည့် သတင်းများ ရရှိထားသည်ဟုလည်း ဆိုသည်။
    လက်ရှိအချိန်အထိ ၂၀၁၂ ခုနှစ် လုံခြုံရေးဆိုင်ရာပြစ်မှုများ အက်ဥပဒေအရ စစ်သွေးကြွ ၁၃ ဦးကို မလေးရှားက တရားစွဲဆိုထားပြီး၊ နောက်ထပ် ၁၂ ဦးကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေကြောင်းအရ အပြစ်ပေးနိုင်ရန် ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
    `
    သံသယရှိသူ ၁၂ ဦးကိုမူ အကြမ်းဖက်လုပ်ရပ်များ တားဆီးရေး အက်ဥပဒေ စုံစမ်းစစ်ဆေးနေပြီး တစ်ဦးကို ထိန်းသိမ်းထားတာ ၇ ဦးကို လွှတ်ပေးခဲ့သည်။
    Ref : CNA
  • နိုင်ငံအတွင်း လူမျိုး၊ ဘာသာ သဟဇာတဖြစ်မှုကို ဆက်ထိန်းရန် မလေးဘုရင်များ တိုက်တွန်း
    နိုင်ငံအတွင်း လူမျိုး၊ ဘာသာ သဟဇာတဖြစ်မှုကို ဆက်ထိန်းရန် မလေးဘုရင်များ တိုက်တွန်း
    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media
    မလေးရှား၏ ၁၅ ယောက်မြောက် ပြည်ထောင်စုဘုရင်အဖြစ် ထမ်းဆောင်မည့် ကလန်တန်းပြည်နယ်ဘုရင် ဆူလ်တန် မိုဟာမက် ၅
    – အစ္စလာမ်သာသနာ ခေါင်းစဉ်အောက်မှာ ‘လိုအပ်တာထက်ပိုတဲ့ ဆောင်ရွက်မှုတွေ’ ပြုလုပ်နေတယ်လို့ မလေးရှားနိုင်ငံ ပြည်နယ်အသီးသီးက ဘုရင်တွေက ပြောကြားလိုက်ပြီး နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု၊ ဘာသာရေးသဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    အစ္စလာမ်ဘာသာဝင် ၆၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နဲ့ ဟိန္ဒူဘာသာဝင်တော်တော်များများရှိတဲ့ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်း ဘာသာရေးသည်းမခံနိုင်မှုတွေကို တွေ့လာရတာကြောင့် လူနည်းစုတွေက စိုးရိမ်မှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပြီးတဲ့နောက်ပိုင်း ဘုရင်တွေရဲ့ ဒီတိုက်တွန်းမှု  ထွက်လာတာပါ။
    ပြည်နယ် ၉ ခုမှာ စည်းမျဉ်းခံအဖြစ် ရှိနေတဲ့ ဘုရင် ၉ ပါးက လက်မှတ်ရေးထိုးထားပြီး မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မလေးရှားဟာ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတဲ့ အခြေခံဥပဒေစည်းမျဉ်းကို ပြည်သူတွေက အလေးထားဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။
    “အခုနောက်ပိုင်း လူတစ်ချို့ရဲ့ လိုတာထက်ပိုတဲ့ လုပ်ရပ်တွေက မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတွေက ပြည်သူတွေကြားထဲမှာ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို ပျက်ဆီးစေနိုင်ပါတယ်။ အစ္စလာမ်နဲ့ဆက်နွယ်သယောင်ယောင် အစ္စလာမ်အမည်ခံပြီး လုပ်ဆောင်နေတဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို သဟဇာတဖြစ်မှုအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ်လို့ ဘုရင်မင်းမြတ်တွေက ခံစားရပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ရှိနေတဲ့ ဘုရင်တွေရဲ့ အစည်းအဝေးမတိုင်ခင်မှာ ဒီကြေငြာချက် ထွက်ပေါ်လာတာဖြစ်ပြီး သာမန်အားဖြင့် တိုင်းရေးပြည်ရေး၊ လူ့အဖွဲ့အစည်းကိစ္စတွေမှာ ၀င်မပါတတ်တဲ့ မလေးဘုရင်တွေရဲ့ ရှားရှားပါးပါး ထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။
    တောင်ပိုင်း ဂျိုဟိုးပြည်နယ်နဲ့ မြောက်ပိုင်း ပဲရ်လစ်ပြည်နယ်မှာ မွတ်စလင်သီးသန့် အ၀တ်လျှော်ဆိုင်ဆိုပြီး လုပ်လာတာကို ကြေငြာချက်မှာ ထည့်သွင်းဖော်ပြကာ ဝေဖန်ထားပါတယ်။
    “မလေးရှားရဲ့ လူမျိုးစုံ၊ ဘာသာစုံဝါဒအပေါ် စည်းလုံးညီညွတ်မှုဟာ လက်ရှိ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်” လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ကွာလာလမ်ပူမှာ လွန်ခဲ့တဲ့ ၄ နှစ်လောက် ကျင်းပလာခဲ့တဲ့ ဘီယာပွဲတော်ကို ဘာသာရေးသဘောထားတင်းမာသူတွေ ကန့်ကွက်မှုကြောင့် အာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ပိတ်ပင်ခဲ့ပြီး၊ ရုပ်ရှင်တွေ၊ သီချင်းတွေပေါ်မှာ ဆင်ဆာဖြတ်တာတွေလည်း အခုနောက်ပိုင်းမှာ တိုးလာပါတယ်။
    ဂျိုးဟိုးပြည်နယ်ဘုရင်ကတော့ သူ့ပြည်နယ်အတွင်းမှာ မွတ်စလင်သီးသန့် အ၀တ်လျှော်ဆိုင်ဖွင့်တဲ့ ခွဲခြားမှုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အားလုံးအတွက် ဖွင့်ပေးဖို့တောင်းဆိုခဲ့ကာ မလိုက်နာရင် ဆိုင်ပိတ်သိမ်းဖို့အထိ ပြည်နယ်အစိုးရကို ပြီးခဲ့တဲ့လမှာ အမိန့်ပေးထားပါတယ်။
    Ref: CNA