News @ M-Media

Tag: malaysia

  • လှေဖြင့်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို ယာယီနေထိုင်ခွင့်ပြုမည်ဟု မလေးရှားပြော

    လှေဖြင့်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို ယာယီနေထိုင်ခွင့်ပြုမည်ဟု မလေးရှားပြော

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    စက်တင်ဘာ ၇ ရက်နေ့က နတ်မြစ်ကို ဖြတ်ကူးရန် လှေစောင့်နေသော ရိုဟင်ဂျာ မိန်းကလေးငယ်တစ်ဦး ရေသောက်နေစဉ်

    – မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် လှေနဲ့ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကမ်းခြေစောင့်အဖွဲ့တွေက နှင်ထုတ်သွားမှာမဟုတ်ဘဲ ယာယီ နေရာထိုင်ခင်း စီစဉ်ပေးသွားမယ်လို့ မလေးရှား ရေကြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ ဇူလ်ကီဖလီ အဘူ ဘာကာက ပြောကြားလိုက်ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေအတွင်းမှာ ရိုဟင်ဂျာ ၁၆၀၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။

    အဘူဘာကာကတော့ ဒီလို မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ စက်လှေနဲ့ မလေးရှားကို ၀င်ရောက်လာဖွယ်ရှိတယ်လို့ ရှုမြင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ပြန်လည်နှင်ထုတ်ဖို့ စောစောပိုင်းမှာ စီစဉ်ထားပေမယ့် နောက်ဆုံးမှာတော့ လူသားချင်း စာနာထောက်ထားမှု အကြောင်းအရင်းတွေကြောင့် ဒီလို လုပ်တော့မှာ မဟုတ်ပါဘူး” လို့ သူကဆိုပြီး လတ်တလော ဒုက္ခသည်တွေ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

    လက်ရှိ မလေးရှားမှာ ရိုဟင်ဂျာ တစ်သိန်းကျော်လောက် လိုလှုံနေရပြီး စစ်အာဏာရှင်လက်အောက် ဖိနှိပ်ချုပ်ချယ်ခံရတဲ့ မြန်မာနိုင်ငံက အခြားတိုင်းရင်းသား တော်တော်များများလည်း မလေးရှားမှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေကြပါတယ်။

    မလေးရှားဟာ ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ရေးမထိုးထားပေမယ့် ဒုက္ခသည်တွေကို လက်ခံပေးထားကာ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးနေပါတယ်။

    ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို လက်ခံထားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ ၅၉၀၀၀ လောက်ရှိပြီး အခြားတိုင်းရင်းသားတွေလည်း ဒုက္ခသည်အဖြစ် ရောက်ရှိနေပါတယ်။

    Ref: Alarabiya

  • တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    မွှားရှိ ဆူလ်တန်အီဘရာဟင် ဗလီဝတ်ကျောင်းတော်

    – တရုတ်နိုင်ငံမှ မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ရည်ရွယ်သော ဆောင်ရွက်မှုများကို မလေးရှားရှိ ဂျိုဟိုးပြည်နယ်က လုပ်ဆောင်နေသည်ဟု သိရသည်။

    မလေးရှား ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် စားသုံးကုန်ဆိုင်ရာ ကော်မတီမှ ဥက္ကဌဖြစ်သူ Tee Siew Kiong က ဂျိုဟိုးပြည်နယ်တွင် တရုတ်နိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ရှင်ကျန်းနှင့် ဂန်းဆူပြည်နယ်မှ တရုတ်မွတ်စလင်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာများစွာ ရှိနေသည်ဟု ဆိုသည်။

    “ဘာသာရေးနဲ့ ယဉ်ကျေးမှုရှုထောင့်အရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ တူညီမှုတွေ အများကြီးရှိပါတယ်။ ဗလီတွေရှိတယ်၊ ၀တ်ပြုဆောင်တွေ၊ ဟာလာလ်လက်မှတ်ရ စားသောက်ဆိုင်တွေ၊ ကျွန်းတွေ၊ ကမ်းခြေတွေ၊ ကစားကွင်းတွေလည်းရှိပြီး ကျွန်တော်တို့အကြောင်း ပိုသိချင်တဲ့သူတွေအတွက် ဒါတွေက စွဲဆောင်နိုင်စရာတွေပါပဲ” ဟု Tee Siew Kiong က ပြောကြားခဲ့သည်။

    “ဂန်းဆူပြည်နယ်မှာ လူ ၂၃ သန်းလောက်ရှိပြီး အများစုက မွတ်စလင်တွေပါ။ ရှင်ကျန်းမှာလည်း ၂၅ သန်းရှိပြီး ၆၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပါတယ်”

    တရုတ်နိုင်ငံမှ ခရီးသွားများမှာ မလေးရှားသို့ ဇူလိုင်လအလယ်မှ သြဂုတ်လအထိ၊ ဆောင်းရာသီ၊ တရုတ်နှစ်သစ်ကူး၊ အောက်တိုဘာလတွင် ကျရောက်သည့် အမျိုးသားနေ့ ပိတ်ရက် စသည့်ကာလများတွင် လာရောက်လည်ပတ်လေ့ရှိသည်။

    မလေးရှား ခရီးသွားလာရေး မှတ်တမ်းများအရ ဂျိုးဟိုးသို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ ခရီးသွားပေါင်း ၄.၉ သန်း လာရောက်ပြီး ၁.၈၁၆ သန်းမှာ နိုင်ငံခြားသားများဖြစ်သည်ဟု သိရသည်။

    Ref: Straitstimes

  • မလေးဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အင်ဒိုပိုက်ကျော်ခြင်းအသင်း ဆီးဂိမ်းမှ နှုတ်ထွက်

    မလေးဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အင်ဒိုပိုက်ကျော်ခြင်းအသင်း ဆီးဂိမ်းမှ နှုတ်ထွက်

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – ဆီးမီးဖိုင်နယ်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းအား ဘက်လိုက်သည့် ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် အင်ဒိုနီးရှား အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းမှာ ပြိုင်ကစားနေစဉ် ကွင်းအတွင်းမှာ ထွက်သွားခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ပထမပွဲငယ်၌ မလေးရှားအသင်းက ၂၂-၂၀ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲငယ်ကို ကစားရာတွင် ဆုံးဖြတ်ချက်တစ်ချို့အတွက် နည်းပြ အက်ဆရီ ဆေယမ်မှာ မလေးရှားဒိုင်လူကြီး ရာဒီ ချီမေနှင့် အချေအတင် စကားများခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုရန် အသင်းအား ညွှန်ကြားခဲ့သည်။

    အသင်းတာဝန်ရှိသူများက ဖျောင်းဖြခဲ့သော်လည်း နည်းပြမှာ လက်ခံခဲ့ခြင်း မရှိပေ။

    ထို့နောက် နည်းပြနှင့် အင်ဒိုနီးရှား ပိုက်ကျော်ခြင်း ကစားသမား ၅ ဦးမှာ ပြိုင်ပွဲကျင်းပရာ တီတီဝမ်ဆာ အားကစားရုံမှ ထွက်သွားခဲ့သည်။ ထို့ကြောင့် မလေးရှားမှာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။

    ယခုကဲ့သို့ ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းမှာ ၂၉ ကြိမ်မြောက် ဆီးဂိမ်းတွင် ပထမဆုံးဖြစ်ပွားခြင်းဖြစ်ပြီး ဆီးဂိမ်းအမှတ်တရစာအုပ်တွင် အင်ဒိုနီးရှားနိုင်ငံအလံကို ပြောင်းပြန်ပုံနှိပ်မှုကြောင့် မလေးရှား ဆီးဂိမ်းတာဝန်ရှိသူများ ဝေဖန်ခံခဲ့ရပြီး တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    မလေးရှား အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းမှာ ယနေ့တွင် ထိုင်းအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: CNA

  • ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ Squash ကို တင်ဆောင်လာသည့် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်

    ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ Squash ကို တင်ဆောင်လာသည့် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    မြန်မာအသင်း စီးနင်းလာသည့် ဘတ်စ်ကား

    – ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ၊ ဖိလစ်ပိုင်နဲ့ ထိုင်း Squash အသင်းသားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားနှစ်စီးဟာ ဒီနေ့မနက်မှာ မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    မြန်မာအသင်းကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ထိုင်းအသင်းကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားနောက်ကနေ ခပ်ပြင်းပြင်း ၀င်တိုက်ခဲ့တာဖြစ်ပြီး၊ မြန်မာကစားသမားအချို့ဟာ အသေးစားဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

    ပူထရာဂျာယာက ဟိုတယ်တစ်ခုကနေ ပြိုင်ပွဲကျင်းပမယ့် National Squash Centre ကို အသွားမှာ ဒီလို မတော်တဆ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တွဲပြိုင်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    မော်တော်ယာဉ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရှာဖီ ဒါဝူဒ်က မော်တော်ဆိုင်ကာတစ်စီးဟာ ရှေ့ဆုံးက ဘတ်စ်ကားရှေ့ကနေ ရုတ်တရတ် ဖြတ်သွားတာကြောင့် ယဉ်မောင်းဟာ ဘရိတ်ကို အလျင်အမြန် နင်းလိုက်ရပြီး နောက်ကားက အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “အခင်းဖြစ်ပွားချိန်မှာ ဘတ်စ်ကစား နှစ်စီးဟာ ထိုင်း (၁၃ ဦး)၊ မြန်မာ (၁၀ ဦး)နဲ့ ဖိလစ်ပိုင် (၅ ဦး) ကစားသမားတွေကို တင်ဆောင်ထားပါတယ်” လို့ ဒါဝူဒ်က ပြောကြားခဲ့ပြီး ကစားသမားတွေကို တစ်ခြားကားတွေနဲ့ ပြိုင်ပွဲဝင်မယ့်နေရာကို ရောက်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    Ref: The Star

  • ဆီးဂိမ်းစာအုပ်တွင် အင်ဒိုအလံ ပြောင်းပြန်ဖြစ်မှုအတွက် မလေးရှား ဝေဖန်ခံနေရ

    ဆီးဂိမ်းစာအုပ်တွင် အင်ဒိုအလံ ပြောင်းပြန်ဖြစ်မှုအတွက် မလေးရှား ဝေဖန်ခံနေရ

    သြဂုတ် ၂၀၊ ၂၀၁၇
    M-Media

    – ဆီးဂိမ်းပြိုင်ပွဲအထိမ်းအမှတ် အမှတ်တရစာအုပ်မှာ အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ရိုက်နှိပ်ထားတဲ့အတွက် မလေးရှားက ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူတွေဟာ ဝေဖန်ခံနေရပါတယ်။

    အနီရောင်နဲ့ အဖြူရောင် ကန့်လန့်ဖြတ်နှစ်စင်းပါဝင်တဲ့ အင်ဒိုအလံကို အမှတ်တရစာအုပ်မှာ ပြောင်းပြန်ရိုက်နှိပ်ထားကာ ပိုလန်နိုင်ငံအလံနဲ့ သွားတူနေပြီး အင်ဒိုနီးရှားပြည်သူတွေက shameonyoumalaysia ဆိုတဲ့ လှုပ်ရှားမှုနဲ့Twitter မှာ မလေးရှားအာဏာပိုင်တွေကို အပြစ်တင်ခဲ့ကြပါတယ်။

    အင်ဒိုနီးရှား အိုလံပစ်ကော်မတီဥက္ကဌ အဲရစ် သိုဟီရ်က ဒီလိုမှားယွင်းမှုဟာ ‘နမော်နမဲ့နိုင်မှု’ ကို ဖော်ပြနေတာဖြစ်ပြီး ဒီစာအုပ်တွေကိုပြန်သိမ်းကာ အသစ်ထုတ်ဝေဖို့ တိုက်တွန်းခဲ့ပါတယ်။

    “မိတ်သဟာယဆိုတာ အားကစားမှာ ကြီးမားတဲ့အမွေအနှစ်ပါ။ ဒါပေမယ့် နိုင်ငံရဲ့အမှတ်သညာကို မှားယွင်းဖော်ပြမှုမှာတော့ ဒီအချက်နဲ့ ကုစားပေးလို့ မရပါဘူး” လို့ သိုဟီရ်က ပြောကြားခဲ့ပါတယ်။

    အဲဒီအမှတ်ရစာအုပ်တွေကို မနေ့ကပြုလုပ်တဲ့ ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အကြီးအကဲတွေကို ဝေငှတာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အလံတစ်ခုသာ ပြောင်းပြန်ဖြစ်နေတာပါ။

    အင်ဒိုနီးရှား အားကစားဝန်ကြီး အီမာမ် နဟ်ရာဝီက ဒီအမှားမျိုးဟာ အရမ်းကို နာကျင်စရာကောင်တဲ့ အမှားမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားကတော့ ဒါဟာ မတော်တဆအမှားမျိုးဖြစ်တယ်ဆိုပြီး ဒီနေ့မှာ အင်ဒိုကို တောင်းပန်ထားပါတယ်။ လူငယ်နဲ့ အားကစားဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်ကလည်း နဟ်ရာဝီနဲ့တွေ့ဆုံကာ တောင်းပန်ခဲ့ပါတယ်။ အကျဉ်းရုံးတွေ့ဆုံပြီးတဲ့နောက်ပိုင်း ၀န်ကြီးနှစ်ယောက်ဟာ လက်ဆွဲနှုတ်ဆက်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

    ခိုင်ရီက ဒီအမှတ်တရစာအုပ်ကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။

    “အမှားအတွက် ကျွန်တော်တို့ အနူးအညွတ် တောင်းပန်ပါတယ်” လို့ မလေးရှားကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အင်ဒိုနီးရှားပြည်သူတွေက သူတို့ရဲ့အလံဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေကို ကိုယ်စားပြုတာဖြစ်ပြီး မလေးရှားအနေနဲ့ တင်မင်တကာလုပ်သာဖြစ်တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ခဲ့ပါတယ်။

    Ref: Aljazeera