News @ M-Media

Tag: malaysia

  • တရုတ်-မလေးရှား အဆင့်မြင့် ကာကွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းမည်

    တရုတ်-မလေးရှား အဆင့်မြင့် ကာကွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းမည်

    ဧပြီ ၂၄၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်အတွက် မလေးရှားနှင့် တရုတ်နိုင်ငံတို့မှာ အဆင့်မြင့် ကော်မတီတစ်ခုကို ဖွဲ့စည်းတော့မည်ဟု သိရသည်။

    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန်၏ တရုတ်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်စဉ် တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ချန်း ၀မ်ကျွင်းနှင့် တွေ့ဆုံမှုအတွင်း ကော်မတီဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    ဟီရှာမူဒင် ဟူစိန်၏ ကြေငြာချက်တွင် ဖွဲ့စည်းမည့် အဆိုပါကော်မတီမှာ ပိုမိုလက်တွေ့ကြပြီး၊ စနစ်ကျသည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖော်ဆောင်ရန်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ပိုမို ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရန် မလေးရှားကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ် ဇွလ်ကစ်ပ်လီ ကာဆင်နှင့် လေတပ်အကြီးအကဲ ဗိုလ်ချုပ် အာဖန်ဒီ ဘူအန်တို့ကို ညွှန်ကြားထားသည်ဟုလည်း ဟီရှာမူဒင်က ပြောကြားခဲ့သည်။

    “ဆက်ဆံရေးနဲ့ နားလည်မှု တိုးတက်စေဖို့၊ ယုံကြည်မှု ပိုမိုခိုင်မာစေဖို့အတွက် မလေးရှားနဲ့ တရုတ်ဟာ အနာဂတ်မှာ အပြန်အလှန်လည်ပတ်မှုတွေကို မကြာခဏ လုပ်ဆောင်သွားမှာပါ”

    အာဆီယံ ကာကွယ်ရေးဆိုင်ရာ ၀န်ကြီးများအစည်းအဝေး (ADMM) တွင် လာမည့် အာဆီ-တရုတ် ရေတပ် စစ်ရေးလေ့ကျင်မှုကို အာဆီယံ ရေပိုင်နက်များအတွင်း ပြုလုပ်သွားရန် သဘောတူခဲ့သည်ဟု လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    တရုတ်နိုင်ငံသို့ ၎င်း၏ခရီးစဉ်တွင် ဟီရှာမူဒင်မှာ တရုတ် ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ဇီကျီလျန်၊ နိုင်ငံတော်ကောင်စီမှ အတိုင်ပင်ခံပုဂ္ဂိုလ် ယန် ဂျီအဲ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဂိုရှန်ခွင်းတို့နှင့် တွေ့ဆုံခဲ့သည်။

    Ref: CNA

  • မလေးစက်ဘီးအားကစားသမား ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ ဆွတ်ခူး

    မလေးစက်ဘီးအားကစားသမား ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ ဆွတ်ခူး

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    – မလေးရှားမှ စက်ဘီးစီးကစားသမား အဇီဇွလ် ဟက်စနီမှာ ကြာသာပတေးနေ့က ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်ဘီးစီးပြိုင်ပွဲ Track Cycling World Championships တွင် ချန်ပီယံဖြစ်ခဲ့သည်ဟု သိရသည်။

    အသက် ၂၉ နှစ်အရွယ် အဇီဇွလ်ဟက်စနီမှာ ကိုလံဘီယာမှ ဖာဘီယန် ဟာနန်ဒို ပူအာတာ ဇာပါတာနှင့် ချက်နိုင်ငံမှ ဘာဘက် သောမတ်စ်တို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်းဖြစ်သည်။

    ၎င်းမှာ ဘရာဇီးလ်အိုလံပစ် ကြေးတံဆိပ်ဆုရှင်ဖြစ်ပြီး ယခုပြိုင်ပွဲ၌ နောက်ဆုံး ၆ ဦးစာရင်းတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော အာရှသားဖြစ်သည်။ ယခုချန်ပီယံဘွဲ့မှာ ၎င်း၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ဖြစ်ပြီး မလေးရှား စက်ဘီးအားကစားလောကတွင် ပထမဆုံး ကမ္ဘာ့အဆင့် ဆုတံဆိပ်လည်းဖြစ်သည်။

    အဇီဇွလ်ဟက်စနီက မိမိမှာ ကမ္ဘာ့ချန်ပီယံဖြစ်ရန်အတွက် ၁၀ နှစ်လုံးလုံး ကြိုးစားခဲ့ရပြီး ၂၀၁၀ ခုနှစ်က ကိုပင်ဟေဂင်ပြိုင်ပွဲတွင် လက်တစ်ကမ်းအလိုမှ ကမ္ဘာ့ချန်ပီယံဘွဲ့ကို စွန့်လွှတ်ခဲ့ရသည့်အတွက် စိတ်ပျက်ခဲ့ရကြောင်း၊ သို့သော်လည်း ဆက်လက်ကြိုးစားခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါပြီ။ ကျွန်တော်ရဲ့အောင်မြင်မှုကို စောင့်ကြည့်ခဲ့တဲ့၊ ကျွန်တော့်အတွက် ဆုတောင်းပေးခဲ့ကြတဲ့ မလေးရှားပြည်သူအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်”

    အဇီဇွလ် ဟက်စနီမှာ မကြာခင်က ပြုလုပ်ခဲ့သည့် ဓနသဟာယအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်၊ ၂၀၀၉ ခုနှစ် ပိုလန် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်၊ ၂၀၁၀ ခုနှစ်တွင် ဒိန်းမတ် ကမ္ဘာ့ချန်ပီယံရှစ်တွင် ငွေတံဆိပ်၊ ၂၀၁၅ ခုနှစ် ပြင်သစ် ကမ္ဘာ့ချန်ပီယံရှစ်တွင် ကြေးတံဆိပ် အသီးသီး ဆွတ်ခူးရရှိထားသည်။

    Ref: The Star

  • မလေးရှားထိန်းသိမ်းရေးစခန်းတွင် နိုင်ငံခြားသားများသေဆုံးမှု များပြား

    မလေးရှားထိန်းသိမ်းရေးစခန်းတွင် နိုင်ငံခြားသားများသေဆုံးမှု များပြား

    မတ် ၃၁၊ ၂၀၁၇
    M-Media

    မလေးရှား ထိန်းသိမ်းရေးစခန်း မြင်ကွင်းတစ်ခု

    – မလေးရှား လူဝင်မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေးစခန်းများတွင် ၂ နှစ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးက အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပြည်သူသို့ ချမပြသောအဆိုပါ အစီရင်ခံစာကို Reuters သတင်းဌာနက ရရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ ရောဂါအမျိုးမျိုးနှင့် သေဆုံးခြင်း၊ မည်သည့်အကြောင်းအရင်းမှန်းမသိဘဲ သေဆုံးခြင်းတို့ ရှိသည်ဟု ဖော်ပြထားသည်။

    ၂၀၀၅ ခုနှစ်တွင် သေဆုံးသူ နိုင်ငံခြားသားအရေအတွက်မှာ ၈၃ ဦးရှိပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။

    သေဆုံးသူ ၁၁၈ ဦး၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံခြားသားများ သေဆုံးမှုမှာ အိမ်နီးချင်းနိုင်ငံများထက် ပိုများနေလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က အစိုးရတာဝန်ရှိသူများမှာ ၎င်းတို့နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် နိုင်ငံခြားသားများ သေဆုံး
    မှုကို Reuters သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    မလေးရှား၏ ယခုအရေအတွက်မှာ အမေရိကန်နှင့်ယှဉ်လျှင် အလွန်များပြားနေပြီး၊ မလေးရှားထက် ပိုမိုကြီးမားပြီး၊ လူပိုများသည့် အမေရိကန်၏ ထိန်းသိမ်းရေးစခန်းများတွက် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားသား ၁၀ ဦးသာ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – မလေးရှားအစိုးရမှာ နိုင်ငံအတွင်း ဆေးလိပ် စတင်သောက်သုံးနိုင်မည့် အသက်အရွယ်ကို ၂၁ နှစ်အထိ မြှင့်တင်ရန်အတွက် စဉ်းစားသွားမည်ဟု ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဟီလ်မီ ယဟ်ယာက ပြောကြားခဲ့သည်။

    ထိုဆောင်ရွက်ချက် အပါအ၀င် ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ထိန်းချုပ်မည့် ဥပဒေမူကြမ်းတစ်ခုကို လာမည့်နှစ်တွင် တင်သွင်းရန် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    “အဆိုပြုချက်တွေကို ဥပဒေရေးရာ တာဝန်ရှိသူတွေ လေ့လာဖို့အတွက် ပေးထားပြီးပါပြီ” ဟု လွှတ်တော်အမတ် နူရူလ် အစ်ဇာဟ် အန်ဝါရ်၏ မေးမြန်းမှုကို ယဟ်ယာက ဖြေကြားခဲ့သည်။

    အန်ဝါရ်က ဆေးလိပ်ငွေ့၏ အကျိုးဆက်ကို ဆေးလိပ်မသောက်သူများ ခံစားနေရမှုအား ကာကွယ်ပေးရေး ဆောင်ရွက်ရန်လည်း အစိုးရကို တိုက်တွန်းခဲ့သည်။

    ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေသစ်တွင် စားသောက်ဆိုင်များကဲ့သို့ နေရာများ၌ စီးကရက်ကြော်ငြာများ ထားရှိခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ရန် လေ့လာနေကြောင်း၊ ၁၉၈၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် အစားအသောက်ထိန်းချုပ်ရေး ဥပဒေအောက်တွင် ပါဝင်သည့် ဆေးရွက်ကြီး ထိန်းချုပ်ရေး
    ဥပဒေမှာ လျော့ရဲနေကြောင်း၊ အစိုးရက ဆေးလိပ်မသောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသော်လည်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများတွင် ဆေးလိပ်သောက်သုံးမှု အလေ့အထကို မလျှော့ချနိုင်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၅ ခုနှစ် စစ်တမ်းများအရ မလေးရှားတွင် ဆေးလိပ်သောက်သုံးသူမှာ ၂၄ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၁ ခုနှစ်နှင့်စာလျှင် ၀.၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

    “ကျဆင်းမှုဟာ သိပ်နည်းတာကြောင့် (ဆေးလိပ်မသောက်ရေး လှုပ်ရှားမှု) ဟာ မအောင်မြင်ဘူးလို့ ကျွန်တော် ၀န်ခံပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    Ref: Todayonline

  • မလေးဘုရင်တစ်ပါး၏ တန်ဖိုးနည်းအိမ်ယာစီမံကိန်း ပြည်သူများ စိတ်ဝင်စားမှုများပြား

    မလေးဘုရင်တစ်ပါး၏ တန်ဖိုးနည်းအိမ်ယာစီမံကိန်း ပြည်သူများ စိတ်ဝင်စားမှုများပြား

    မတ် ၂၄၊ ၂၀၁၇
    M-Media

    တန်ဖိုးနည်းအိမ်ယာစီမံကိန်း ပုံစံငယ်

    – ပြည်နယ်အတွင်းက အခြေခံလူတန်းစားတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့အတွက် မလေးရှား ဂျိုဟိုးဘာရူးပြနယ်ရဲ့ ဘုရင် ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါဟာ တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတစ်ခုကို စတင် အကောင်အထည်ဖော်လိုက်ပါတယ်။

    မလေးရင်းဂစ် ၁ သိန်း (ကန်ဒေါ်လာ ၂၂၆၀၀) လောက်နဲ့ ဘန်ဂလို ဒါမှမဟုတ် လုံးချင်း နှစ်ထပ်တိုက်ကလေး ပိုင်ဆိုင်နိုင်မယ့် ဒီစီမံကိန်းဟာ ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ အိုးပိုင်အိမ်ပိုင်ဖြစ်ရေး အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တော့မှာပါ။

    စီမံကိန်းကို Johoreans’ Dream House လို့ အမည်ပေးထားပြီး ဗုဒ္ဓဟူးနေ့မှာ စတင်ကြေငြာခဲ့ကာ ကြာသာပတေးနေ့လည်အထိ လျှောက်ထားသူပေါင်း ၂၆၅၀၀၀ လောက်အထိ ရှိလာပါပြီ။

    ဒီစီမံကိန်းအတွင်းမှာ ဘန်ဂလိုနဲ့ လုံးချင်း ၂ ထပ်တိုက်တွေ အပါအ၀င် အိမ်ယာပေါင်း ၁၈၄၀ လောက် ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ စကွဲယားပေ ၁၁၀၀ ကျယ်ဝန်းပြီး အခန်း ၃ ခန်းပါဝင်မယ့် ဒီ အိမ်ယာကို ၀ယ်ယူမယ့်သူဟာ ၀င်ငွေနည်းသူ ဖြစ်ရမှာဖြစ်ပြီး၊ လက်ရှိမှာ အိမ်ပိုင်ဆိုင်သူ မဖြစ်ရပါဘူး။

    ဆူလ်တန် အီဘရာဟင်ကတော့ အိမ်ယာ မပိုင်ဆိုင်သေးတဲ့ သူတွေရဲ့ အခက်အခဲကို ဖြေရှင်းချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီအစီအစဉ်ဟာ သူ့ရဲ့ ၅၉ နှစ်မြောက် မွေးနေ့အတွက် ဂျိုဟိုးပြည်သူတွေကို လက်ဆောင်ပေးတာလို့လည်း ဆိုပါတယ်။

    “ဒီအိမ်တွေကို အရည်အသွေးကောင်းအောင် ကျွန်တော် လုပ်သွားမှာပါ။ အိမ်အမိုးက တန်းတွေအတွက် သစ်သားကို အသုံးပြုမှာမဟုတ်ဘဲ စတီးကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ တံခါးကိုလည်း ဈေးပေါတဲ့ ကြိတ်သား ထည့်မှာမဟုတ်ဘဲ ပိုပြီး အကြမ်းခံတဲ့ပစ္စည်းကို သုံးမှာပါ” လို့ ဘုရင်က ပြောပါတယ်။

    အရည်အသွေးညံ့ဖျင်းပြီး အရှက်ရစေမယ့် အိမ်မျိုးကို ဆောက်ပေးမှာ မဟုတ်ဘဲ ပြည်သူတွေ ကျေနပ်တာကို လိုချင်တယ်လို့လည်း ဆူလ်တန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စီမံကိန်းကို ဆူလ်တန် အီဘရာဟင် ဖောင်ဒေးရှင်းနဲ့ Bank Rakyat တို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်ယာဆောက်မယ့်နေရာမှာ ဆိုင်ခန်းတွေ၊ အခြားသော စီးပွားရေး အဆောက်အဦးတွေလည်း ထည့်သွင်းသွားမှာဖြစ်ကာ ဒါတွေကို ရောင်းချမှုကနေ ရမယ့်ငွေကြေးကိုတော့ အိမ်ယာအတွက် ထည့်သွင်း
    သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: CNA