News @ M-Media

Tag: malaysia

  • မလေးရှားမှ စွယ်စုံရ ဂန္တ၀င် အနုပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    မလေးရှားမှ စွယ်စုံရ ဂန္တ၀င် အနုပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    မတ် ၂၃၊ ၂၀၁၇
    M-Media

    မလေးရှား၏ စွယ်စုံရ ဂန္တ၀င် အနုပညာရှင် ပီ ရမ်လီ

    – ကမ္ဘာတစ်ဝှမ်း နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့သူတွေကို သူတို့ရဲ့ ပင်မစာမျက်နှာ လိုဂိုမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိတဲ့ Google ဟာ မတ်လ ၂၂ ရက်နေ့မှာတော့ မလေးရှားက နာမည်ကျော် အနုပညာရှင် ပီ ရမ်လီကို ဂုဏ်ပြုခဲ့ပါတယ်။

    ၁၉၂၉ ခုနှစ် ပီနန်မှာ မွေးဖွားခဲ့တဲ့ ပီ ရမ်လီဟာ မင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတပညာရှင်၊ သီချင်းရေးဆရာ စသဖြင့် နယ်ပယ်စုံမှာ ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အရှေ့တောင်အာရှမှာသာမက ဟောင်ကောင်နဲ့ ဂျပန်တို့အထိတောင် ကျော်ကြားခဲ့သူပါ။

    အရွယ်ကောင်း အသက် ၄၄ နှစ်မှာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရပြီး မလေးရှားတစ်နိုင်ငံလုံးက ဒီသတင်းကြောင့် တုန်လှုပ်ကာ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

    “သူ့ရဲ့ အနုပညာအောင်မြင်မှုတွေဟာ မလေးရှားရဲ့ အနုပညာသမိုင်းမှာ အမြဲတမ်း မပျောက်မပျက် တည်ရှိနေမှာ ဖြစ်ပါတယ်” လို့ Google ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    Google ၏ ဂုဏ်ပြုမှု

    မတ်လ ၂၂ ရက်နေ့ဟာ ရမ်လီရဲ့ ၈၈ နှစ်မြောက် မွေးနေ့ဖြစ်ပြီး Google က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မလေးရှားက Google ရဲ့ ပင်မစာမျက်နှာလိုဂိုမှာ ရမ်လီပုံ ကာတွန်းရုပ်ကို ထည့်သွင်းပေးခဲ့ပါတယ်။

    ရမ်လီဟာ ဇာတ်ကားပေါင်း ၆၀ ကျော်လောက် ရိုက်ကူးခဲ့ပြီး သီးချင်းအပုဒ်ရေ ၂၅၀ လောက်ကို ရေးစပ်ခဲ့သူပါ။ သူ့ရဲ့အကျော်ကြားဆုံး ရုပ်ရှင်ကတော့ မလေးလူမျိုးတွေရဲ့ တောဓလေ့ကို အခြေခံရိုက်ကူးထားတဲ့ Nujum Pak Belalang ဖြစ်ပါတယ်။

    Google ကတော့ ဒီလိုဂုဏ်ပြုတာဟာ “မလေးရှား ဂန္တ၀င်အနုပညာရှင်တစ်ဦး အနုပညာမှာ စွယ်စုံပေါက်မြောက်မှုကို မီးမောင်းထိုးပြဖို့နဲ့ ပြည်သူတွေ မမေ့နိုင်တဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာ ပြသဖို့” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် မလေးရှားက အလိုရှိနေသည့် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က အနီရောင်နို့တစ်စာ ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် နီးစပ်လာပြီဖြစ်သည်။

    မလေးရှားရဲတပ်ဖွဲ့မှာ အဆိုပါ သံသယရှိသူများကို ဖမ်းဆီးရန်အတွက် ပြီးခဲ့သည့်လက အင်တာပိုသို့ အကူအညီတောင်းခဲ့သည်။

    “လုပ်ကြံမှုဖြစ်ပွားတဲ့နေ့က လေဆိပ်မှာရှိခဲ့ပြီး အဲဒီကတည်းက ပျောက်သွားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအတွက် အနီရောင်နို့တစ်စာကို ကျွန်တော်တို့ ရရှိခဲ့ပါပြီ။ အင်တာပိုကနေတစ်ဆင့် သူတို့ကို ကျွန်တော်တို့ ရမယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က ယနေ့တွင် ပြောကြားခဲ့သည်။

    အင်တာပို၏ အဆိုပါအနီရောင် နို့တစ်စာမှာ သံယရှိသူများကို ယာယီ ရှာဖွေဖမ်းဆီးထားရန် တောင်းဆိုခြင်းဖြစ်ပြီး လွှဲပြောင်းပေးအပ်ခြင်း မပါဝင်ပေ။

    ကင်ဂျုံနမ်မှာ VX ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရခြင်းဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကာ လူသတ်မှုနှင့် စွဲချက်တင်ထားသည်။

    ထို့ပြင် ထိုလုပ်ကြံမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံသား ၇ ဦးကို သံသယရှိသူအဖြစ် ကြေငြာထားပြီး ထိုအထဲမှ ၄ ဦးမှာ မြောက်ကိုရီးယားသို့ ပြန်သွားပြီဟု ယုံကြည်ရသည်။

    Ref: Aljazeera

  • အာရပ်ကမ္ဘာမှာ လူသိများလာတဲ့ မလေးရှားက ကာရီ လူငယ်လေး

    အာရပ်ကမ္ဘာမှာ လူသိများလာတဲ့ မလေးရှားက ကာရီ လူငယ်လေး

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ကန်လန်တန်းက ယူစွဖ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ရာမှာ ထူးချွန်မှုကြောင့် ဆော်ဒီအာရေဗျနဲ့ အာရပ်ကမ္ဘာမှာ အခုရက်ပိုင်းအတွင်း ထင်ရှား လူသိများလာခဲ့ပါတယ်။

    ဖခင်ဖြစ်သူက ယူစွဖ်အသက် ၆ နှစ်အရွယ်မှာပဲ သူ့ရဲ့ ကုရ်အာန်ကျမ်းတော်မြတ် အလွတ်ကျက်မှတ်နိုင်မှုစွမ်းရည်၊ အသံသြဇာကောင်းမွန်မှုတို့ကို သတိထားမိကာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကရိုးဏ်ကျကျ ရွတ်ဖတ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သင်ပေးတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ သားဖြစ်သူကို အပ်နှံ
    သင်ယူစေခဲ့ပါတယ်။

    အသက် ၁၃ နှစ်အရွယ်မှာတော့ ‘မကာမတ်’ လို့ခေါ်တဲ့ အသံ အဆွဲအငင် အဖြတ်အတောက်တွေနဲ့ ကုရ်ကျမ်းတော်မြတ်ကို နားဝင်ပီယံရှိအောင် ပုံစံမျိုးစုံနဲ့ ရွတ်ဖတ်မှုဘာသာရပ်ကို ယူစွဖ်တစ်ယောက် သင်ကြားတတ်မြောက်ခဲ့ပါတယ်။

    ယူစွဖ်ကတော့ သူ့ကို့ တွန်းအားပေးခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    သူဟာ နာမည်ကျော် ကုရ်အာန် က၀ိပညာရှင်တွေဖြစ်တဲ့ ရှိခ် မွတ်စ်တာဖာ အစ္စမာအီလ်၊ ရှိခ် အလ်-ရှာဟတ် မိုဟာမက် အန်ဝါရ်၊ ရှိခ် အဟ်မဒ် နိုင်နာနဲ့ ရှိခ် ယာစီရန် အလ်-ရှာကွာဝီတို့ကို အားကျတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ယူစွဖ်ဟာ Sultan Ismail တက္ကသိုလ်မှာ အစ္စလာမ့်ရေးရာတွေကို သင်ယူနေပါတယ်။ မနှစ်က မလေးရှားတက္ကသိုလ်ပေါင်းစုံ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာလည်း သူ့ရဲ့ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှု ဗီဒီယိုတွေကို လွှင့်တင်လေ့ရှိပြီး ဒီဗီဒီယိုကြောင့်ပဲ ဆော်ဒီနဲ့ အာရပ်ကမ္ဘာမှာ ကျော်ကြားလာတာ ဖြစ်ပါတယ်။

    ကုရ်ကျမ်းတော်မြတ်ကို ဌာန်ကရိုးဏ်ကျကျ ရွတ်ဖတ်နိုင်တဲ့ ကာရီဖြစ်ချင်တဲ့ လူငယ်တွေအနေနဲ့ အရင်က ဆရာကြီးတွေရဲ့ နည်းလမ်းတွေကို အတုခိုးတာဟာ မှားယွင်းတဲ့အရာတစ်ခု မဟုတ်ပေမယ့် ကိုယ်တိုင်က စတိုင်အသစ်တွေကို ရှာဖွေဖော်ထုတ်ရမယ်လို့ ယူစွဖ်က ဆိုပါတယ်။

    လက်ရှိမှာ သူဟာ သူ့ရဲ့ ဖတ်ရွတ်မှု နည်းသစ်တစ်ခု ဖော်ထုတ်နိုင်အောင် ကြိုးစားနေပြီး ကမ္ဘာ့ထိပ်တန်း ကာရီတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိနေပါတယ်။

    Ref: Alarabiya

  • IS သံသယရှိသူ ၇ ဦးကို မလေးရှား ဖမ်းဆီး၊ စုစုပေါင်း ၂၅၀ ရှိလာ

    IS သံသယရှိသူ ၇ ဦးကို မလေးရှား ဖမ်းဆီး၊ စုစုပေါင်း ၂၅၀ ရှိလာ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဆာဘားနှင့် ဆီလန်ဂေါပြည်နယ် ပြုလုပ်သော အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် IS သံသယရှိသူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့ စုံစမ်းစစ်ရေးမှူးချုပ် ခါလစ် အဘူ ဘာကာရ်က ပြောကြားလိုက်သည်။

    မလေးရှားနိုင်ငံသား ၂ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးတို့ဖြစ်ပြီး၊ ဖိလစ်ပိုင်တောင်ပိုင်းရှိ IS အဖွဲ့ခွဲနှင့် ပူးပေါင်းရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ IS စစ်သွေးကြွများကို တရားဝမင် ၀င်ရောက်ခွင့်ပေးခဲ့သည့် မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသမီးတစ်ဦး၊ ဖိလစ်ပိုင် ၂ ဦးတို့လည်း ထိုအထဲတွင် ပါဝင်သည်။

    အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက IS မှာ ဖိလစ်ပိုင်တောင်ပိုင်းသို့ စစ်သွေးကြွများကို ပို့ဆောင်ရန်အတွက် ဆာဘားပြည်နယ်ကို အဓိကနေရာတစ်ခုအဖြစ် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်တောင်ပိုင်းသို့ စစ်သွေးကြွများ ပို့ဆောင်ရန်ဆောင်ရွက်မှု၊ သွားရောက်ပူးပေါင်းမှုတို့အတွက် မလေးရှားက ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးမှုမှာ ယခုအကြိမ်သည့် ဒုတိယအကြိမ်ဖြစ်ပြီး ဇန်န၀ါရီလကလည်း သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့သည်။

    ယခုဖမ်းဆီးမှုတွင် ပါဝင်သည့် လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးမှာ ငွေကြေးအတွက်ကြောင့် စစ်သွေးကြွများကို ဖိလစ်ပိုင်တောင်ပိုင်းသို့ သွားရောက်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ၂၀၁၃ ခုနှစ်ကတည်းက မလေးရှားမှာ IS သံသယရှိသူ ၂၅၀ ကို ဖမ်းဆီးထားပြီးဖြစ်သည်။

    Ref: CNA

  • မလေးရှားကြက်တောင်သမား လီချုံဝေ လေးကြိမ်မြောက် All England ချန်ပီယံဖြစ်လာ

    မလေးရှားကြက်တောင်သမား လီချုံဝေ လေးကြိမ်မြောက် All England ချန်ပီယံဖြစ်လာ

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံမှ နာမည်ကြီး ကြက်တောင်ကစားသမား လီချုံဝေမှာ ယမန်နေ့က All England ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်းတွင် ဗိုလ်စွဲကာ ၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့သည်ဟု သိရသည်။

    ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ ရှီယူချီကို ၂၁-၁၂၊ ၂၁-၁၀ ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လီချုံဝေမှာ ပြီးခဲ့သည့် လများအတွင်း ဒဏ်ရာများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘာမင်ဂမ်တွင် ကျင်းပမည့် All England ပွဲစဉ်အမှီ ပြန်ကောင်းလာခြင်းဖြစ်သည်။

    “All England ပြိုင်ပွဲဟာ ကျွန်တော် အနှစ်သက်ဆုံး ပြိုင်ပွဲပါ။ ဘာ့ကြောင့်လည်းဆိုရင် ကျွန်တော် ဒီမှာ လာကစားတဲ့အခါတိုင်း အမိနိုင်ငံမှာ ကစားရသလို ခံစားရပါတယ်။ ဖိုင်နယ်ပွဲမှာ ပရိတ်တွေအများကြီးကို ကျွန်တော် ပထမဆုံး မြင်ဖူးတာပါ။ All England ဟာ ကျွန်တော့ရဲ့ အကြိုက်ဆုံး ပြိုင်ပွဲပါပဲ” ဟု လီချုံဝေက ချန်ပီယံဖြစ်ပြီးနောက် ပြောကြားခဲ့ပြီး နောက်နှစ်တွင်လည်း ပဉ္စမအကြိမ်မြောက် ဆွတ်ခူးရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။

    လီမှာ လက်ရှိချန်ပီယံနှင့် ပြိုင်ဘက်ဟောင်း တရုတ်ကြက်တောင်သမား လင်ဒန်းနှင့် တွေ့ဆုံရန် မျှော်လင့်ခဲ့သော်လည်း စနေနေ့ ဆီမီးဖိုင်းနယ်တွင် လင်ဒန်းမှာ ရှီယူချီကို ရှုံးနိမ့်ခဲ့သည်။

    လီချုံဝေမှာ All England ပြိုင်ပွဲ၌ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်များတွင်လည်း ချန်ပီယံ ဖြစ်ခဲ့ဖူးည်။

    Ref: CNA