News @ M-Media
Tag: malaysia
  • မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု
    မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု
    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media
    – မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဘုရင်မင်းမြတ် ဆူလ်တန် အီဗရာဟင် အစ္စမာအီလ်၏ ဒုတိယမြောက် မင်းသမီး တွန်ကူ တွန် အေမီနာဟ် မိုင်မွန်နာဟ် အစ္စကန်ဒရီယာဟာ နယ်သာလန်သား ဒန်းနစ် မိုဟာမက် အဘ်ဒူလာနဲ့ မနေ့က လက်ထပ်ခဲ့ပါတယ်။
    အသက် ၂၈ နှစ်အရွယ်ရှိပြီး ၂၀၁၅ ခုနှစ်က အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်ခဲ့တဲ့ ဒန်းနစ်ဟာ မော်ဒဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ စင်ကာပူက ဘောလုံးအသင်းတစ်ခုမှာ ဈေးကွက်ဆိုင်ရာ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။
    မင်းသမီးကတော့ အသက် ၃၁ နှစ်အရွယ် ရှိနေပြီး ဆူလ်တန် အီဗရာဟင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။
    မင်္ဂလာအခမ်းအနားကို ဘုရင့်နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်တော်ပေါင်း ၁၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
    ဂျိုဟိုးပြည်နယ်ဘုရင်ဟာ မလေးရှားနိုင်ငံမှာ သြဇာညောင်းတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်လည်းရှိကာ မလေးရှားမှာ တစ်ခုတည်းသော ကိုယ်ပိုင်စစ်တပ်ရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။
    Ref: BBC
  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ၏ ဟောပြောပွဲတွင် လူတစ်ချို့က ဆူပူနှောက်ယှက်
    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ၏ ဟောပြောပွဲတွင် လူတစ်ချို့က ဆူပူနှောက်ယှက်
    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media
    – ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချရန် အစီအစဉ်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဦးဆောင်သော ယမန်နေ့ ဆွေးနွေးပွဲတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွာားခဲ့သည်ဟု သိရသည်။
    ကွာလာလမ်ပူမြို့ဆင်ခြေဖုံး ရှားအလမ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲမှာ နာဂျစ်အစိုးရ ရင်ဆိုင်နေရသော ဘဏ္ဍာရေးပြဿနာများကို မီးမောင်းထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ပြီး မိနစ် ၉၀ အကြာ တွင် လူတစ်ချို့မှာ ဖိနပ်များ၊ ပုလင်းများ၊ ထိုင်ခုံများဖြင့် မဟာသီယာအား ပစ်ပေါက်ခဲ့သည်ဟု ပွဲစီစဉ်သူ ဆယဒ် ဆာဒစ် ဆယဒ် အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။
    ထို့ပြင် ထိုသူများမှာ မီးကျည်များလည်း ပစ်လွှတ်ခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာ မိုဟာမက်မှာ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။
    “ဒါဟာ မဟာသီယာနဲ့ အတိုက်အခံတွရဲ့အသံကို တိတ်သွားအောင် လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒီသရဲဘောကြောင်သူတွေကို ကျွန်တော်တို့ ဘယ်တော့မှ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး” ဟု မဟာသီယာဦးဆောင်ကာ မကြာသေးမီက တည်ထောင်ခဲ့သော Bersatu ပါတီမှ လူငယ်ဆိုင်ရာ အကြီးအကဲ ဆယဒ် ဆာဒစ်က ပြောကြားခဲ့သည်။
    အတိုက်အခံခေါင်းဆောင် အဇ်မင်ကလည်း နာဂျစ်မှာ မဟာသီယာ၏အသံ တိတ်သွားစေရန်အတွက် ဂိုဏ်းစတား လုပ်ရပ်ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုလုပ်ရပ်မှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။
    ထိုရုန်းရင်းဆန်ခတ်ဖြစ်မှု၏ နောက်ကွယ်တွင် မည်သူရှိနေသည်ဆိုကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မလေးရှားတွင် နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်လာမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
    ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မဟာသီမှာ နာဂျစ်၏ ငွေကြေးအရှုပ်အရှင်းပြဿနာအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် မဟာသီမှာ နာဂျစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
    Ref: CNA
  • မလေးရှားတွင် UN မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၁ သိန်း ၃ သောင်းကျော် ရှိနေ
    မလေးရှားတွင် UN မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၁ သိန်း ၃ သောင်းကျော် ရှိနေ
    ဇူလိုင် ၂၇၊ ၂၀၁၇
    M-Media
    – ယခုနှစ် မေလ ၃၁ ရက်နေ့အထိ မလေးရှားရှိ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းသူ အရေအတွက်မှာ ၁ သိန်း ၅ သောင်းကျော် ရှိနေပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ဖြစ်ကြသည်ဟု သိရသည်။
    “NU ကဒ်ကိုင်ထားတဲ့သူတွေ (ရိုဟင်ဂျာတွေ) ကို ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လာမယ့် မတ်လ ၁ ရက်နေ့ကစပြီး ၃ နှစ် လုပ်ကိုင်ခွင့်ပြုမယ့် အစီအစဉ်ကို အစိုးရက အကောင်အထည်ဖော်နေပါတယ်။ ဒီရှေ့ပြေးစီမံကိန်းကနေ ပေါ်ထွက်လာမယ့် ရလဒ်ဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံကလာသူတွေအကြားမှာ အလုပ်အကိုင်ပေးနိုင်ရေး မှန်ကန်တဲ့ အနေအထားကို ဖော်ပြမှာ ဖြစ်ပါတယ်”
    ထို့ပြင် အစိုးရအနေဖြင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူများကို ပုဂ္ဂလိကကျောင်းများ၊ အစိုးရမဟုတ်သော ပညာရေးစင်တာများတွင် ပညာသင်ကြားနိုင်ရေး ခွင်ပြုပေးသွားမည်ကာ အစိုးရအနေဖြင့် UN ကဒ် လျှောက်ထားသူများကို လက်ခံခွင့်၊ ပယ်ချခွင့် အာဏာမျိုး မရှိဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်
    “၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲဖြည့်စွက်ချက်တွေကို အခြေခံပြီး ပြောင်းရွှေ့အခြေချတဲ့ နိုင်ငံခြားသားတွေထဲက အရည်အချင်းပြည့်မီသူတွေကို လက်ခံတာ၊ ကဒ်ထုတ်ပေးတာတွေအတွက် UNHCR ကသာ တာဝန်ရှိပါတယ်”
    Ref : Starits Times
  • အထောက်အထားမဲ့ နိုင်ငံခြားအလုပ်သမားများ လာရောက်အဖမ်းခံရန် မလေးရှားကြေငြာ
    အထောက်အထားမဲ့ နိုင်ငံခြားအလုပ်သမားများ လာရောက်အဖမ်းခံရန် မလေးရှားကြေငြာ
    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    – မလေးရှားအစိုးရက ထုတ်ပေးသည့် E-card လျှောက်ထားခြင်းမရှိသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံကြရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် မွတ်စ်တာဖာ အလီက တိုက်တွန်းလိုက်ပြီး သို့မဟုတ်ပါက ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမည်ဟု သတိပေးလိုက်သည်။
    မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ တရားမ၀င်အလုပ်သမားများအတွက် အထောက်အထားအဖြစ် E-card များကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ထုတ်ပေးခဲ့သည်။ အဆိုပါ E-card ကိုင်ဆောင်ထားသူများမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်များကို လျှောက်ထားရမည်ဖြစ်သည်။
    မွတ်စ်တာဖာ အလီက E-card လျှောက်ထားခြင်း မရှိသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ရဲတပ်ဖွဲ့တွင် အလိုအလျောက် လာရောက်အဖမ်းခံပါ ဒဏ်ကြေး ရင်းဂစ် ၄၀၀ သာ ဆောင်ရမည်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတွင် ဖမ်းဆီးခံရလျှင် ရင်းဂစ် ၅၀၀၀ အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း၊ တရားရုံးတွင် ဖြေရှင်းပါက တစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ယမန်နေ့ ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့သည့် APEC Business Travel Card အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
    “သူတို့ (နိုင်ငံခြားအလုပ်သမား) တွေ လာအဖမ်းခံလို့ရပြီး ချက်ခြင်း နယ်နှင်မှာပါ။ ဒါပေမယ့် အဲဒီမတိုင်ခင်တော့ စုံစမ်းစစ်ဆေးခံရပါမယ်။ 3-Plus-1 အစီအစဉ်အရ သူတို့ဟာ ဒဏ်ကြေး ၄၀၀ ပေးရမှာဖြစ်ပြီး ပြီးရင် လေယာဉ်လက်မှတ်ဝယ်ကာ သူတို့မူရင်းတိုင်းပြည်ကို ပြန်ရမှာပါ။ သူတို့ဟာ နောက် ၅ နှစ်အတွင်း မလေးရှားကို
    ထို့ပြင် E-card လျှောက်ထားမှုလုပ်ငန်းကို သက်တမ်းတိုးပေးတော့မည် မဟုတ်ကြောင်း၊ E-card ကုန်ဆုံးရက်ပြီးနောက် နေ့စဉ်လိုလို ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးများကြောင့် ထိန်းသိမ်းရေးစခန်းများ ပြည့်သွားမည်ဟု မျှော်လင့်ကြောင်း၊ ဖမ်းဆီးခံရသူများအား စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုကို အလျင်အမြန်ပြုလုပ်သွားမည်ဖြစ်ပြီး နယ်နှင်ဒဏ်ပေးခြင်းက တရားမ၀င်နေထိုင်သူပြဿနာကို ဖြေရှင်းရေး အထောက်အကူဖြစ်မည်ဖြစ်ကြောင်း အလီက ထည့်သွင်းပြောကြားခဲ့သည်။
    ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း နိုင်ငံခြားအလုပ်သမား ၂၀၀၀ ကျော်နှင့် အလုပ်ရှင် ၄၄ ဦးကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။
    Ref: Malaysiakini
  • အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်
    အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်
    ဇွန် ၂၀၊ ၂၀၁၇
    M-Media
    – အရှေ့တောင်အာရှတစ်ဝှမ်း အကြမ်းဖက်မှု အပါအ၀င် အခြားသော ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှာ ဘော်နီယိုကမ်းရိုးတန်းမြောက်ဖက် ဆူးလူး ပယ်လယ်ပြင်တွင် ပူးပေါင်း စစ်ဆင်ရေးကို စတင်ဆောင်ရွက်နေသည်ဟု သိရသည်။
    “ပင်လယ်ဓားပြ၊ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်ဝါဒနဲ့ ဒေသတွင်းရေပြင်မှာ အခြားသော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေလို ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့အချိန် ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် အာဆီယံစိတ်ဓာတ်နဲ့ ဒီလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ယမန်နေ့က စတင်ခဲ့သည့် အဆိုပါ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားစစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အဆိုပါစစ်ဆင်ရေးမှာ ရေတပ်အခြေပြု စစ်ဆင်ရေးဖြစ်သော်လည်း ကြည်းတပ်နှင့် လေတပ်များကလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။ စစ်ဆင်ရေးစတင်ခြင်းအခမ်းအနားသို့ နိုင်ငံ ၃ နိုင်ငံမှ ၀န်ကြီးများ၊ စစ်ဖက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများနှင့်အတူ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။
    စစ်ဆင်ရေးဌာနချုပ်ဖြစ်သော ရေကြောင်း ကွပ်ကဲရေးဌာန (MCC) ကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတောင်ဘက် တာရာကန် ဆိပ်ကမ်းမြို့တွင် ထားရှိကာ ထိုမြို့ကို အခြေစိုက်၍ စစ်ဆင်ရေး ဆောင်ရွက်မည်ဖြစ်ည်။ အဆိုပါ ဘော်နီယိုကျွန်းမှာ လက်ရှိ မငြိမ်သက်မှုများ ဖြစ်နေသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။
    ထို့ပြင် ကွပ်ကဲရေးစင်တာကို မလေးရှားရှိ တာဝူမြို့၊ ဖိလစ်ပိုင်ရှိ ဘွန်ဂေါမြို့တို့တွင် ဖြန့်ခွဲထားရှိရန်လည်း စီစဉ်နေသည်။
    “ဒီလုပ်ငန်းကို ပင့်ကူအိမ်လို တြိဂံပုံစံ လုပ်ဖို့ ရှိပါတယ်။ အဲဒီ တြိဂံဒေသအတွင်းမှာ ရှိနေတဲ့အရာတိုင်းကို စောင့်ကြည့်သွားမှာပါ” ဟု အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဂါတွတ် နူရ်မန့်ယိုက ပြောကြားခဲ့သည်။
    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် IS ကို သစ္စာခံသည့်အဖွဲ့များက တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည့် လွန်ခဲ့သည့် ၁ လမှစ၍ အရှေ့တောင်အာရှဒေသအတွင်း အစ္စလာမ့်မစ်အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်လာမည်ကို စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။
    Ref: RT