News @ M-Media
Tag: malaysia
  • ကင်ဂျုံနမ်အသတ်ခံရမှု သံသယစာရင်းတွင် မြောက်ကိုရီးယား သံအရာရှိတစ်ဦး ပါဝင်လာ
    ကင်ဂျုံနမ်အသတ်ခံရမှု သံသယစာရင်းတွင် မြောက်ကိုရီးယား သံအရာရှိတစ်ဦး ပါဝင်လာ
    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏အစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား သံရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးကို သံသယရှိသူအဖြစ် မလေးရှားက သတ်မှတ်လိုက်ပြီး အခြားတစ်ဦးမှာ မြောက်ကိုရီးယား နိုင်ငံပိုင်လေကြောင်းလိုင်းနှင့် ဆက်နွယ်နေသည်ဟု ပြောကြားခဲ့သည်။
    မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က အဆိုပါ သံသယရှိသူ နှစ်ဦးစလုံးမှာ မလေးရှားတွင် ရှိနေပြီး မေးမြန်းရန်အတွက် ဆင့်ခေါ်ထားကြောင်း၊ သံအရာရှိမှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်က ကွာလာလမ်ပူလေဆိပ်တွင် အဆိပ်ဖြင့် လုပ်ကြံခံရသည့် ကင်ဂျုံနမ်အမှုအတွက် လက်ရှိတွင် အင်ဒိုနီးရှားနှင့် ဗီယမ်နမ်တို့မှ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပြီး သတင်းများကမူ ၎င်းတို့နှစ်ဦးမှာ ဟန်ပြသဘောသာဖြစ်သည်ဟု ဖော်ပြကြသည်။
    သို့သော်လည်း အဘူဘာကာရ်က ၎င်းတိုနှစ်ဦးစလုံးမှာ တိုက်ခိုက်မှုကို သိရှိခဲ့ပြီး၊ အခြားသာ သံသယရှိသူ ၄ ဦးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မလေးရှားမှ လေယာဉ်ဖြင့်ထွက်ခွာကာ ပြုံးယမ်သို့ရောက်ရှိသွားပြီဟု မိမိတို့ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားရဲတပ်ဖွဲ့ကမူ သံသယရှိသူတစ်ဦးမှာ တီဗွီအစီအစဉ်တွင် ပါဝင်ရန်ဟု အယုံသွင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဘူဘာကာရ်က မြောက်ကိုရီးယားမှာ အဆိုပါ အမျိုးသမီးနှစ်ဦး၏ လက်တွင်းသို့ အဆိပ်ထည့်ပေးခဲ့ကြောင်း၊ ထိုအဆိပ်ထည့်ပေးခဲ့သူကို ဖမ်းဆီးထားကာ အခြားသော လူ ၇ ဦးကို ရှာဖွေနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Alazeera
  • ရှရီအာခုံရုံးများ အားကောင်းစေရေး ဆန္ဒထုတ်ဖော်မှု မလေးရှားတွင် ပြုလုပ်
    ရှရီအာခုံရုံးများ အားကောင်းစေရေး ဆန္ဒထုတ်ဖော်မှု မလေးရှားတွင် ပြုလုပ်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ ရှရီအာခုံရုံးများ အားကောင်းစေရန်နှင့် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနိုင်ရန် တင်သွင်းထားသည့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို ထောက်ခံသည့်အနေဖြင့် မလေးရှားပြည်သူ ထောင်ပေါင်းများစွာမှာ ယမန်နေ့က မြို့တော်ကွာလာလမ်ပူတွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။
    အက်ဥပဒေ ၃၅၅ အတွက် ပြင်ဆင်ချက်ဖြစ်ပြီး PAS ပါတီက တင်သွင်းကာ လာမည့်လ လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။ အဆိုပါ ပြင်ဆင်ချက်အရ အစ္စလာမ့် ရှရီအာတရားရုံးများမှာ မွတ်စလင်များ၏ ဘာသာရေးကိစ္စနှင့် မိသားစုပြဿနာများကို ကိုင်တွယ်ရာတွင် အပြစ်ရှိသူကို ထောင်ဒဏ် နှစ် ၃၀ အထိ၊ ကြိမ်ဒဏ် ၁၀၀ အထိ အပြစ်ပေးနိုင်ကာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၂၀၀၀ အထိ ရိုက်နိုင်မည်ဖြစ်သည်။
    လက်ရှိတွင် ရှရီအာခုံရုံးများ၏ အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်၊ ကြိမ်ဒဏ် ၆ ချက်နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၁၁၀၀ ဖြစ်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်မှုတွင် အများစုမှာ PAS ပါတီကို ထောက်ခံသူများဖြစ်ပြီး ယခုပြင်ဆင်ချက်က အစ္စလာမ့်တရားရုံးများကို အားကောင်းစေကာ၊ မသမာမှုများကို တားဆီးပေးနိုင်မည်ဟု ပြောကြားခဲ့သည်။
    သတိပေးမှုရှိနေ
    မလေးရှားလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များမဟုတ်ဘဲ နိုင်ငံအတွင်း တရားရေးစနစ် နှစ်ခုရှိကာ ဘာသာရေးမစွက်သည့် တရားရုံးများက နိုင်ငံသားရေးရာနှင့် ရာဇ၀တ်မှုကိစ္စများကို ကိုင်တွယ်သည်။ ရှရီအာခုံရုံးမှာ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးနှင့် လူမှုရေးကိစ္စများကို ဆောင်ရွက်သည်။
    ယခုပြင်ဆင်ချက်က တရားမျှတမှု၊ သင့်လျော်မှု မရှိဘဲ၊ မလေးရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
    ညွန့်ပေါင်းအဖွဲ့မှ တရုတ်လူမျိုး နိုင်ငံရေးသမားတစ်ဦးက အဆိုပါပြင်ဆင်ချက်ကို လွှတ်တော်မှ အတည်ပြုပါက ရာထူးမှနှုတ်ထွက်မည်ဟု ပြောကြားခဲ့ပြီး ခရစ်ယာန်အများစုရှိကာ ဆာရာဝပ်ပြည်နယ်မှ အမတ်များက လွှတ်တော်တွင် အဆိုပါ ပြင်ဆင်ချက်ကို ပယ်ချသွားမည်ဟု ပြောကြားခဲ့သည်။
    PAS ၏ ပြင်ဆင်ချက်အား ထောက်ခံမှုကို ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြမှုတစ်ခုကိုလည်း ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၀၀ ခန့် ပါဝင်ခခဲ့သည်။
    မလေးရှားရှိ အစ္စလာမ့် ခုံရုံးများနှင့် ရှရီအာ ဥပဒေများမှာ မွတ်စလင်များအတွက်သာဖြစ်ပြီး မွတ်စလင်မဟုတ်သူများအပေါ် အကျုံးဝင်မှု မရှိပေ။ သို့သော်လည်း အဆိုပါ ခုံရုံများနှင့် တရားစီရင်မှုတွင် အာဏာအလွဲသုံးစားပြုမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
    Ref: Aljazeera
  • ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော
    ကင်ဂျုံနမ်အသတ်ခံရမှု တိုင်းပြည်၏ ဥပဒေကို လိုက်နာရန် မလေးက မြောက်ကိုရီးယားကိုပြော
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ တရားဥပဒေကို လိုက်နာရမည်ဟု မလေးရှားက ပြောကြားလိုက်ပြီး၊ အလောင်းအား ခွဲစိပ်စစ်ဆေးမှု မလုပ်ရန် မြောက်ကိုရီးယား၏ သတိပေးမှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
    ကင်ဂျုံနမ်မှာ ယခုတစ်ပတ်အစောပိုင်းက ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံခဲ့ရပြီး မြောက်ကိုရီးယားမှ သူလျှိုများလွှတ်ကာ သတ်ခိုင်းခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယားကမူ ကင်ဂျုံနမ်၏ အလောင်းကို မူလအတိုင်း ပြန်လိုချင်နေပြီး၊ ရရှိသည့် အချက်အလက်များကိုလည်း ၎င်းတို့အား ပေးစေချင်နေသည်။
    မလေးရှားကမူ လုပ်ထုံးလုပ်နည်းအရ ခွဲစိပ်စစ်ဆေးမှု ပြုလုပ်မည်ဆိုသောကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က မိမိတို့အနေဖြင့် ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မလေးရှားမှာ ရန်လိုသော အင်အားစုများနှင့် ပူးပေါင်းကာ လျှို့ဝှက်ကြံစည်မှု ရှိနေပြီး မိမိတို့အား လှည့်ဖျားရန် စီစဉ်နေကြောင်း၊ မလေးရှားက ထုတ်ပြန်သော အချက်အလက်များကို မိမိတို့က ပယ်ချမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သို့သော် မလေးရှားရဲတပ်ဖွဲ့မှ စစ်ဆေးရေးအရာရှိချုပ် ခါလစ် အဘူ ဘာကာရ်ကမူ မြောက်ကိုရီးယားအနေဖြင့် မလေးရှား၏ ဥပဒေကို လိုက်နာရမည်ဟု တုန့်ပြန်ခဲ့သည်။
    “ကျွန်တော်တို့ မလေးရှားမှာ ဥပဒေရှိတယ်၊ လူတိုင်းက ကျွန်တော်တို့ရဲ့ ဥပဒေ၊ ပြဌာန်းချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ဒီအထဲမှာ မြောက်ကိုရီးယားလည်း ပါပါတယ်” ဟု ခါလစ်က ပြောကြားခဲ့သည်။
    ထို့ပြင် ကင်၏ မိသားစုထံမှ DNA နမူနာယူကာ စုံစမ်းစစ်ဆေးမှု မပြီးမချင်း အလောင်းအား မည်သူ့ကိုမှ ထုတ်ပေးမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNA
  • လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်
    လေယာဉ်ပေါ်မှ ကုရ်အာန်သင်တန်း မလေးကုမ္ပဏီက မေလတွင် စမည်
    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media
    – မလေးရှားရှိ လေယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက တစ်နာရီတွင် ကန်ဒေါ်လာ ၇၅၀၀ ကျသင့်ကာ လေယာဉ်ပေါ်တွင် ပြုလုပ်မည့် ကုရ်အာန်ကျမ်းတော်မြတ် သင်တန်းတစ်ခုကို လာမည့်မေလတွင် စတင်မည်ဟု သိရသည်။
    Elite Jets ကုမ္ပဏီဖြစ်ပြီး ဒါရိုက်တာ နစ် အီလီနာ ဇူရီဇီနီက ထိုအစီအစဉ်အတွက် ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားသူ ၁၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။ ထိုသင်တန်းမှာ ဘာသာရေးကို ခုတုံးလုပ်၍ အကျိုးအမြတ်ရှာခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး သူမကမူ လက်မခံခဲ့ပေ။
    “လူချမ်းသာတွေအတွက် သူတို့ အငယ်လေးတွေ၊ သူတို့သောက်ဖို့ အရက်တွေကို ကြိုပို့လုပ်ပေးရတဲ့ ၀န်ဆောင်မှု ထက်စာရင် ဘာသာရေးနည်းလမ်းကို ဘာ့ကြောင့် မသုံးရမှာလဲ။ တစ်ခြားကောင်းတာ ရှိသေးလို့လား။ သေပြီးနောက်ဘ၀ဆိုတာ လူချမ်းသာတွေလည်း မြည်းစမ်းရမှာလေ။ မဟုတ်ဘူးလား။ ပုံမှန်ကတော့ လူချမ်းသားတွေကို ကြည့်လိုက်ရင် သာသနာနဲ့ တစ်ခြားစီပါပဲ” ဟု အီလီနာက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    မိမိ၏ ယခုအစီအစဉ်မှာ မလေးရှား၊ ဘရူးနိုင်းနှင့် ဆော်ဒီတို့မှ လူချမ်းသာများအတွက် ရည်ရွယ်ကြောင်း၊ ၎င်းတို့ အလိုရှိရာကို ပို့ဆောင်ပေးခြင်း၊ ဘာသာရေးသင်ခန်းစာ သင်ကြားခြင်း နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောဆိုခဲ့သည်။
    သင်တန်းအတွက် တစ်နာရီလျှင် ကန်ဒေါ်လာ ၇၅၀၀ သတ်မှတ်ထားမှုမှာ ပုံသေမဟုတ်ဘဲ အသုံးပြုသည့် လေယာဉ်နှင့် ထိုင်ခုံနေရာ၊ ခရီးဆုံးအထိ ပျံသန်းချိန်တို့ကို လိုက်၍ ခြားနားမည်ဖြစ်ကြောင်း၊ မိမိတို့ကုမ္ပဏီတွင် လေယာဉ်အစီးပေါင်း ၃၀ ရှိကြောင်း အီလီနာက ဆိုသည်။
    Ref: Today Online
  • မလေးရှားရှိ ဟိန္ဒူဘုရားပွဲတွင် လူ ၁ သန်းခွဲ လာရောက်မည်ဟု ခန့်မှန်းထား
    မလေးရှားရှိ ဟိန္ဒူဘုရားပွဲတွင် လူ ၁ သန်းခွဲ လာရောက်မည်ဟု ခန့်မှန်းထား
    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media
    မလေးရှားရှိ နာမည်ကျော် Batu Caves ဘုရားကျောင်း
    – ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျရောက်မည့် ဟိန္ဒူနှင့် တမီလ်လူမျိုများ၏ Thaipusam ပွဲတော်အတွက် မလေးရှားရှိ နာမည်ကျော် Batu Cave ဟိန္ဒူဘုရားကျောင်းသို့ ခရီးသွားဧည်သည့်ပေါင်း ၁.၅ သန်း လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားသည်။
    အဆိုပါ ပွဲတော်မှာ လူမျိုးစုံဘာသာစုံရှိသော မလေးရှားတွင် ဟိန္ဒူအယူဝါဒနှင့် တမီလ်ယဉ်ကျေးမှုကို ဖော်ကျူးသည် အကြီးအကျယ်ဆုံးနှင့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပွဲတော်ဖြစ်ပြီး နတ်ဘုရားအား လှည့်လည်ခြင်း၊ ဘာသာဝင်များက ဟိန္ဒူဘုရားတစ်ပါးဖြစ်သော မူရူဂန်ဘုရားထံတွင် အာပတ်ဖြေခြင်း၊ ဆုတောင်းခြင်းတို့ကို ပြုလုပ်ကြသည်။
    “မူရူဂန်ဘုရားရှင်ထံကနေ ကောင်းချီးတွေ ရရှိဖို့အတွက် နှစ်တိုင်း ကျွန်တော် ဒီကိုလာပါတယ်။ နှစ်တိုင်းလည်း ကျွန်တော့်လုပ်ငန်းတွေ အောင်မြင်အောင် သူက လုပ်ပေးပါတယ်” ဟု ဟိန္ဒူဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
    ဆီလန်ဂေါပြည်နယ် ဂွမ်ဘက်မြို့တွင်ရှိသည့် အဆိုပါ Batu Cave ဘုရားကျောင်းမှာ အိန္ဒိယနိုင်ငံ အပြင်ဘက်တွင် ဟိန္ဒူများ အထွဋ်အမြတ်ထားရာ နေရာများမှ အကျော်ကြားဆုံး ဘုရားကျောင်းဖြစ်ပြီး Thaipusam ပွဲတော်အတွက် အချက်အခြာနေရာလည်းဖြစ်သည်။
    ယခုနှစ် Thaipusam ပွဲတော်အတွက် အဆိုပါ ဘုရားကျောင်းတစ်ဝိုက်တွင် မလေးရဲတပ်ဖွဲ့က လုံခြုံရေးအင်အား ၂၀၀၀ ခန့် ချပေးထားပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းစေရန် ဆောင်ရွက်ထားသည်။
    Ref: CNA