News @ M-Media

Tag: malaysia

  • ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး

    ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်

    – ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းမှုများက IS အကြမ်းဖက်သမားအတွက် လူသစ်စုဆောင်းရာ ရေခံမြေခံကောင်းဖြစ်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်က သတိပေးပြောကြားလိုက်သည်။

    “အစွန်းရောက်အောင်တွန်းပို့နေရင် သူတို့အနေနဲ့ IS လိုအဖွဲ့မျိုးနဲ့ သွားပေါင်းဖို့ကလွဲလို့ သူတို့မှာ တစ်ခြားရွေးချယ်စရာမရှိမှာကို ကျွန်တော် စိုးရိမ်ပါတယ်” ဟု ၀န်ကြီးက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မီလာဒွန် ရစူလ် အခမ်းအနားအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အနောက်နိုင်ငံများက အကြမ်းဖက်ဝါဒကို အမြတ်ဖြုတ်နေသည့် ယခုအချိန်တွင် စစ်သွေးကြွးများက အီရတ်နှင့် ဆီးရီးယားအပြင်ဖက်တွင် ခြေကုပ်ယူရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်ဟုလည်း ဆိုသည်။

    “ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်းပိုင်းမှာ မဟုတ်ဘူးဆိုရင် ရခိုင်က ရိုဟင်ဂျာဒေသမှာ ဖြစ်မှာပါ”

    ရိုဟင်ဂျာကိစ္စကို ချက်ခြင်းဖြေရှင်းရန်လည်း ဟီရှာမွဒ်ဒင်က တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်ကတော့ သိပ်ရှင်းပါတယ်။ ဒီပြဿနာကို ဆွေးနွေးဖို့အတွက် အိုအိုင်စီအဖွဲ့နဲ့ အစည်းဝေးလုပ်ဖို့ ကက်ဘိနတ်ရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ၀န်ကြီးချုပ်က ရရှိထားပါတယ်”

    Ref : Free Malaysia Today

  • မလေးရှား ကွင်းလယ်လူတစ်ဦး ဖီဖာ၏ အကောင်းဆုံးဂိုးဆုရ ပထမဆုံး အာရှသားဖြစ်လာ

    မလေးရှား ကွင်းလယ်လူတစ်ဦး ဖီဖာ၏ အကောင်းဆုံးဂိုးဆုရ ပထမဆုံး အာရှသားဖြစ်လာ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    malay
    ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆု FIFA Puskas Award ကို ရရှိခဲ့ည့် မလေးရှား ကွင်းလယ်လူ မိုဟာမက် ဖာအစ်ဇ် ဆူဘရီ

    – ၂၀၁၆ ခုနှစ် အကောင်းဆုံးဂိုးအတွက် ဖီဖာမှချီးမြှင့်သော FIFA Puskas Award ဆုကို မလေးရှားဘောလုံးသမား ဖာအစ်ဇ် ဆူဘရီက ရရှိသွားခဲ့ပြီး ထိုဆုအားရရှိသည့် ပထမဆုံး အာရှသားဖြစ်လာခဲ့သည်။

    မလေးရှားလက်ရွေးစင် အလယ်တန်းလူဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ဖာအစ်ဇ်မှာ မလေးရှားဆူပါလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပီနန်အသင်းနှင့် ပါဟန်းအသင်းတို့ ကစားခဲ့သည့်ပွဲတွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းခဲ့သည့် ဂိုးဖြင့် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ပီနန်ကွင်းလယ်လူ ဖာအစ်ဇ်မှာ ပြိုင်ဘက်အသင်း၏ ကွင်းတစ်ဝက်မှရရှိသည့် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွားယူရာ ဘောလုံးမှာ ဂိုးသမား၏ ညာဘက်ထောင့်ကို ဦးတည်ခဲ့ပြီးနောက် ဂိုးနားရောက်သည့်အချိန်တွင် ဘယ်ဘယ်ထောင့်သို့ ဝေ့ကာ ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

    ဖီဖာ၏ ဇကာတင် ၃ ဦးစာရင်းတွင် ဖာအစ်ဇ်၏ ထိုဂိုးက မဲအရေအတွက် ၅၉.၅၄ ရာခိုင်နှုန်း၊ ဘရာဇီးလ်မှ အဇီဗီဒို ဒါဆေးလ်ဗား၏ ဂိုးက ၂၂.၈၆ ရာခိုင်နှုန်၊ ဗင်နီဇွဲလားမှ အမျိုးသမီးဘောလုံးသမား ဒါနီဆူကာ ရော်ဒရီဂက်စ်၏ ဂိုးက ၁၀.၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ် ပထမဆုံး ချီးမြှင့်သည့်အချိန်တွင် ထိုဆုကို ပေါ်တူဂီတိုက်စစ်မှူး ရ်ာနယ်ဒိုက ရရှိခဲ့သည်။

    ဇူးရစ်ခ်ျတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် FIFA Puskas Award ဆုကို ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုက ဖာအစ်ဇ်အား ပေးအပ်ခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် ဒီလိုအဆင့်မျိုးကို ရောက်လာပြီး ကမ္ဘာအဆင့်ကစားသမားတွေနဲ့ အတူ ရှိနေရမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး” ဟု ဖာအစ်ဇ်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ထိုဆုရရှိမှုမှာ မိမိ၏ ဘောလုံးသမားဘ၀နှင့် မိသားစုအတွက် အဆုံးအဖြတ်ပေးသည့် အချိန်ဖြစ်သည်ဟုလည်း FIFA TV နှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

    “ပထမတော့ ကျွန်တော့် နည်းနည်းတုန်လှုပ်ပေမယ့် အခုတော့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်” ဟု ဖာအစ်ဇ်က ပြောကြားခဲ့ပြီး မိမိကို အားပေးမှုနှင့် မဲပေးမှုများအတွက် မလေးရှား ပရိတ်သတ်များကို ကျေးဇူးတင်သည်ဟုလည်း ဆိုသည်။

    https://www.youtube.com/watch?v=CEja1c_9vqA

    Ref : CNA

  • မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    malay
    ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဘုန်းတော်ကြီး ကေ စရီ ဓမ္မရတ္တနာ

    – ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံးအတွက် သင်္ဘောများဖြင့် မလေးရှားနိုင်ငံမှ အကူအညီများပေးပို့မှု အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ထိုလှုပ်ရှားမှုကို ဆောင်ရွက်နေသည့် အန်ဂျီအိုများက ပြောကြားလိုက်သည်။

    မလေးရှားရှိ အစိုးရမဟုတ်သောအဖွဲ့များ ပူးပေါင်းစီစဉ်သည့် အဆိုပါ အကူအညီပေးရေး သင်္ဘောအုပ်စုကို ဇန်န၀ါရီ ၁၀ ရက်နေ့တွင် စတင်ထွက်ခွာရန် စီစဉ်ထားခဲ့သော်လည်း ထွက်ခွာမည့်နေ့ကို ယခုလကုန်ပိုင်းသို့ ရွှေ့ခဲ့သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်စီစဉ်သူ Putera 1Malaysia Club အဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းတို့မှာ မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက်ရန်အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က စာဖြင့် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း မြန်မာအစိုးရက ခွင့်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း စီစဉ်သူများကမူ ၎င်းတို့အနေဖြင့် ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ဘင်္ဂလားဒေ့ရှ်ဘက်တွက် ဆိုက်ကပ်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့က အကြမ်းဖက်သမားလည်းမဟုတ်ဘူး။ သူတို့ကိုတိုက်ဖို့ သွားမှာလည်းမဟုတ်ဘူး။ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့သွားမှာဗျ။ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ကနေ သူတို့အတွက် ကူညီရေးမှာ သူတို့ပါဝင်လာဖို့ ကျွန်တော်တို့က ခခယယ ပြောနေတာ” ဟု ထိုအစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူ မစ္စတာ အဘ်ဒူလ် အဇစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအကူအညီပေးရေး လှုပ်ရှားမှုကို စီစဉ်သူများကမူ မိမိတို့မှာ ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

    “မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို စိန်ခေါ်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ တိုင်းပြည်ကို စော်ကားဖို့လည်း အစီအစဉ်မရှိဘူး။ ကျွန်တော်တို့ဟာ အာဆီယံမိသားစုဝင်တွေပါ” ဟု MAPIM အဖွဲ့မှ ဥက္ကဌ မစ္စတာ မိုဟာမက် အဇ်မီ အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်သို့ ထိုကဲ့သို့ အကူအညီပေးမည့်အစီအစဉ်ကို ကွာလာလမ်ပူရှိ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ သြဇာကြီးမားသော ဆရာတော် ကေ စရီ ဓမ္မရတ္တနာကလည်း ထောက်ခံခဲ့သည်။

    “လျှို့ဝှက်ထားတာ ဘာမှမရှိဘူး။ အကြမ်းဖက်မှုလည်းမဟုတ်ဘူး။ ဘုန်းကြီးတို့လုပ်နေတာက တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ပါ” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    ယခုအစီအစဉ်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အန်ဂျီအိုအဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်။

    မစ္စတာ အဘ်ဒူလ် အဇစ်ကမူ မိမိတို့တွင် တန်ပေါင်း ၂၀၀၀ ခန့်ရှိသည့် အကူအညီများ အဆင်သင့်ရှိနေပြီး ရခိုင်ပြည်နယ်ရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူ လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref : CNA

  • မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ IS အကြမ်းဖက်သမားကို မလေးရှား ဖမ်းဆီး

    မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ IS အကြမ်းဖက်သမားကို မလေးရှား ဖမ်းဆီး

    ဇန်န၀ါရီ ၄၊ ၂၀၁၇

    M-Media

    malay

    – မြန်မာနိုင်ငံသို့လာရောက်ကာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသည့် IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဟု သံသယရှိသူကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု နိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ အယွဘ်ခန်း မိုင်ဒင် ပစ်ချေးက ပြောကြားလိုက်သည်။

    အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်စလင်များဘက်မှ ရပ်တည်သည့် နိုင်ငံရပ်ခြား IS အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို မြန်မာနိုင်ငံက တိုးမြှင့်ရင်ဆိုင်နေရသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ယခုသံသယရှိသူမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လက ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းကို အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်သည့် လက်နက်ပစ္စည်းများ ပိုင်ဆိုင်မှုဖြင့် ယနေ့တွင် တရားစွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ဒဏ်ငွေကျခံရမည်ဟု အယွဘ်ခန်းက ဆိုသည်။

    ထို့ပြင် အခြားစစ်သွေးကြွများမှာလည်း ရိုဟင်ဂျာပြဿနာကို အသုံးချကာ ၎င်း၏ ခြေရာကို လိုက်နင်းနိုင်သည်ဟု သတိပေးခဲ့သည်။

    “သူဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးစုအတွက် မြန်မာအစိုးရကို တိုက်ခိုက်ဖို့၊ မြန်မာနိုင်ငံမှာ ဂျီဟတ်လုပ်ဖို့ စီစဉ်နေတာပါ”

    လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာမှာ အရှေ့တောင်အာရှအတွင်း ၎င်းတို့၏ ကွန်ယက်ကို ချဲ့ထွင်ရေး အကြမ်းဖက်သမားများအတွက် အသုံးချစရာဖြစ်နေသည်ဟု သတိပေးထားသည်။

    အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ အများစုပါအ၀င် အရှေ့တောင်အာရှမှ မွတ်စလင်များမှာ IS အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်အတွင်း IS မှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။

    “(နိုင်ငံရပ်ခြားက) မွတ်စလင်တွေဟာ IS ဒါမှမဟုတ် အခြားအဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံကိုသွားပြီး ရိုဟင်ဂျာမွတ်စလင်တွေကို ကူညီဖို့ နည်းလမ်းရှာနိုင်ချေ မြင့်မားနေပါတယ်” ဟု အယွဘ်ခန်းက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံသို့သွားရောက်ကာ တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်သူမှာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းသို့ လက်နက်မှောင်ခိုတင်ပို့ရန် စီစဉ်မှုတွင်လည်း ပါဝင်ပြီး ၎င်းအပါအ၀င် IS နှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၇ ဦးကို မလေးရှားက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စက်ရုံအလုပ်သမားဖြစ်သူ ၎င်းမှာ ၂၀၁၄ ခုနှစ်ကတည်းက မလေးရှားသို့ ရောက်ရှိခဲ့ခြင်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆက်သွယ်ကိုရှာနေကြောင်း၊ ပြီးခဲ့သည့်ဇွန်လက မလေးရှား အရက်ဘားတစ်ခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုမှာ IS က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော ဆီးရီးယားအခြေစိုက် မလေးရှားစစ်သွေးကြွ မိုဟာမက် ၀မ်ဒီ မိုဟာမက် ဂျေဒီနှင့် အဆက်အသွယ်ရှိနေကြောင်း အယွဘ်ခန်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • မလေးတွင် နိုင်ငံခြားအလုပ်သမား အတွက် လေဗီကြေးကို အလုပ်ရှင်က ပေးရမည်

    မလေးတွင် နိုင်ငံခြားအလုပ်သမား အတွက် လေဗီကြေးကို အလုပ်ရှင်က ပေးရမည်

    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media

    malay

    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားအလုပ်သမားများအတွက် အခွန် (လေဗီ) ကြေးကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ အလုပ်ရှင်က ပေးဆောင်ရမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက် အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြောကြားလိုက်သည်။

    ယခင်က နိုင်ငံခြားအလုပ်သမားများမှာ ၎င်းတို့၏ လေဗီကြေးအတွက် လုပ်ခလစာထဲမှ ဖြတ်တောက်ခံခဲ့ရပြီး အလုပ်ရှင်များဘက်မှ လုပ်ပေးရမည့်တာဝန်များ (EMC) ဆိုသည့် ပြဌာန်းချက်အသစ်အရ ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

    ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာ အဟ်မဒ် ဇာဟစ်က အဆိုပါ EMC မှာ နိုင်ငံခြားအလုပ်သမား အလုပ်စလျှောက်သည့်အချိန်မှစ၍ သက်တမ်းကုန်ဆုံးပြီး ဇာတိနိုင်ငံသို့ ပြန်သည်အထိ အလုပ်ရှင်ဘက်က လုပ်ပေးရမည့် တာဝန်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အလုပ်ရှင်တွေက ဖြည့်ဆည်းပေးရမယ့် တာဝန်တွေ၊ လိုအပ်ချက်တွေကို ဖော်ပြထားတဲ့ အသိပေးစာတစ်စောင်ကိုလည်း အစိုးရက မကြာခင်မှာ ထုတ်ဖို့ ရှိနေပါတယ်” ဟု ဒေါက်တာ အဟ်မဒ်ဇာဟစ် ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref : The Star