News @ M-Media

Tag: malaysia

  • ရခိုင်အကူအညီပေးရေးသင်္ဘော မလေးရှားမှ ထွက်ခွာ

    ရခိုင်အကူအညီပေးရေးသင်္ဘော မလေးရှားမှ ထွက်ခွာ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်သွားသော သင်္ဘောမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က မလေးရှားမှ ထွက်ခွားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်းတို့ဘက်ခြမ်းရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် သဘောတူခဲ့သည်ဟု သိရသည်။

    ဆန်တန်ချိန် ၁၀၀၀၊ အသင့်စားခေါက်ဆွဲခြောက် ၁၂၀၀၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ၊ ဂျုံမှုန်များနှင့် အခြားထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၂၂၀၀ ခန့်ကို တင်ဆောင်သွားသည့် အဆိုပါသင်္ဘောမှာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်မည်ဖြစ်ပြီး တန်ချိန် ၅၀၀ ခန့် ချမည်ဖြစ်သည်။

    ထို့နောက် နောက်ထပ် ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ တက်နက်ဖ်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်သည်။

    “‘ဒါဟာ သမိုင်းဝင် အချိန်တစ်ခုပါ။ မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့ ထိခိုက်ခံစားရမှုတွေကို လစ်လျူမရှုဘူးဆိုတဲ့ ကောင်းမွန်တဲ့ အားထုတ်မှုပါပဲ။ သူတို့ရဲ့ နာကျင်မှုတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေ၊ အသတ်ခံရမှုတွေ၊ အရှင်လတ်လတ် မီးရှို့ခံရမှုတွေကို ကျွန်တော်တို့ ကြားပါတယ်” ဟု မလေးရှာဝန်ကြီးချုပ်နာဂျစ်က အကူအညီပေးရေးသင်္ဘော ထွက်ခွာရာ ကလန်းဆိပ်ကမ်းတွင် ယမန်နေ့က ပြောကြားခဲ့သည်။

    အဆိုပါ အကူအညီပေးရေးလှုပ်ရှားမှုကို မလေးရှားရှိ အသင်းအဖွဲ့များ၊ ဒေသတွင်းနှင့် နိုင်ငံရပ်ခြားမှ အကူအညီပေးရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    စီစဉ်သူများကမူ မိမိတို့၏ အကူအညီပေးရေးအစီအစဉ်မှာ ရခိုင်မြောက်ပိုင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုစလုံးအတွက်ဖြစ်ပြီး တူညီစွာ ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရမှာ စစ်တွေမြို့ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်မပေးဟုလည်း ပြောကြားခဲ့သည်။

    ထို့ကြောင့် အကူအညီပေးရေးအဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ တက်နက်ဖ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးခဲ့ပြီးနောက် ခွင့်ပြုချက်ရခဲ့ပြီဟု ယနေ့မနက်တွင် မလေးရှားက ကြေငြာခဲ့သည်။

    အဆိုပါ အကူအညီပေးရေးသင်္ဘောတွင် ဆရာဝန်များ၊ ဆေးမှူးများ၊ မလေးရှားနိုင်ငံရေးသမားများ အပါအ၀င် စေတနာ့ဝန်ထမ်းပေါင်း ၂၅၀ ကျော် ပါဝင်မည်ဖြစ်သည်။

    Ref: CNA

  • ဆာရာဝပ်မှ နိုင်ငံမဲ့တရုတ်လူမျိုးများကို မလေးက နိုင်ငံသားပေးမည်

    ဆာရာဝပ်မှ နိုင်ငံမဲ့တရုတ်လူမျိုးများကို မလေးက နိုင်ငံသားပေးမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    မလေးရှား ဒုတိယ၀န်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီ

    – ဆာရာဝပ်ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသော တရုတ်လူမျိုးများအား မလေးရှားနိုင်ငံသား ပေးနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု မလေးရှား ဒုတိယ၀န်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီက ယနေ့တွင် ပြောကြားလိုက်သည်။

    နိုင်ငံသားစာရင်းသွင်းရေး ဦးစီးဌာနက ဆာရာဝပ်မှ နိုင်ငံမဲ့ တရုတ်လူမျိုးများကို စာရင်းကောက်ကာ နိုင်ငံသားသတ်မှတ်ချက်များနှင့် ပြည့်မီသူများအတွက် လိုအပ်သော ထောက်ခံချက်များ ပေးသွားမည်ဖြစ်သည်။

    “တော်တော်လေးကြာနေပြီဖြစ်တဲ့ နိုင်ငံမဲ့ တရုတ်လူမျိုးတွေရဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ဆာရာဝပ်မှာမွေးတဲ့သူတွေဆိုတာ ခြွင်းချက်မဲ့ပါပဲ။ ပြည်ထောင်စု ဖွဲ့စည်းပုံအရ တိုင်းပြည်အတွင်းမှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်” ဟု ဟာမီဒီက မလေးရှားရှိ တရုတ်လူမျိုးများနှင့် ပြုလုပ်သော တရုတ်နှစ်သစ်ကူး အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဟာမီဒီမှာ ပြည်ထဲရေ၀န်ကြီးလည်းဖြစ်ပြီး ဆာရာဝပ်ပြည်သူ့စည်းလုံးရေးပါတီအကြီးအကဲ ဒေါက်တာ Sim Kui Hian ၏ တိုက်တွန်းမှုကို ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စကို လျင်လျင်မြန်မြန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ တရုတ်လူ့အဖွဲ့အစည်းနေဖြင့် ကူညီပေးရန်လည်း တိုက်တွန်းခဲ့သည်။

    ဆာရာဝပ်ပြည်နယ်အစိုးရ၏ ၀န်ကြီးဖြစ်သူ Sim Kui Hian မှာ နိုင်ငံမဲ့ တရုတ်လူမျိုးများ၏ ပြဿနာကို ဖြေရှင်းပေးရန်အတွက် ယခင်ကလည်း တောင်းဆိုခဲ့ပြီး ထိုကိစ္စမှာ ကျေးလက်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ဟု ဆိုသည်။ သို့သော်လည်း အရေအတွက် မည်မျှရှိသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

    Ref : Todayonline

  • မလေးရှားပြည်နယ်တစ်ခုက နိုင်ငံခြားတရားဟောဆရာများကို တင်းကြပ်မည်

    မလေးရှားပြည်နယ်တစ်ခုက နိုင်ငံခြားတရားဟောဆရာများကို တင်းကြပ်မည်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    မလာကာဝန်ကြီးချုပ် အီဒရစ် ဟာရွန်

    – အစွန်းရောက်အယူအဆများ သင်ကြားမှုကို တားဆီးရန်အတွက် နိုင်ငံရပ်ခြား တရားဟောဆရာများ ၀င်ရောက်မှု လုပ်ထုံးလုပ်နည်းများကို သုံးသပ် တင်းကြပ်သွားမည်ဟု မလေးရှားရှိ မလာကာပြည်နယ်က ပြောကြားလိုက်သည်။

    “အစွန်းရောက် သင်ကြားမှုတွေကို တားဆီးဖို့ ဒီမှာ တရားလာဟောမယ့် နိုင်ငံရပ်ခြား တရားဟောဆရာတွေအတွက် လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်တွေကို သုံးသပ်မှု၊ ပြောင်းလဲမှုနဲ့ တင်းကြည်မှုတွေ လုပ်သွားမှာပါ။ ကာကွယ်မှုဟာ ကုသမှုထက် ပိုကောင်းတယ်လေ” ဟု မလာကာဝန်ကြီးချုပ် အီဒရစ် ဟာရွန်က ပြောကြားခဲ့သည်။

    ထို့ပြင် စစ်ဖြစ်ပွားနေသော နိုင်ငံများမှာ တရားဟောဆရာများ မလာကာသို့ လာရောက်၍ ပြည်သူများအား သဟဇာတဖြစ်ရေး သင်ကြားမှု လိုအပ်သလားဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

    “ဥပမာအားဖြင့် ဆီးရီးယားက တရားဟောဆရာတွေဟာ ဒီကိုလာပြီး ကျွန်တော်တို့ကို ငြိမ်းချမ်းစွာ ဘယ်လိုနေရမလဲလို့ တရားဟောတယ်။ သူတို့တိုင်းပြည်ကတော့ ၀ရုန်းသုန်းကားဖြစ်နေတယ်။ သူတို့က ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာနေရမလဲဆိုတာ သင်ပေးချင်တာလား။ အမှန်က ကျွန်တော်တို့ဆီက တရားဟောဆရာတွေက အဲဒီကိုသွားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ငြိမ်အေးချမ်းမှုရှိအောင် ဘယ်လိုနေရမလဲဆိုတာ သင်ပေးရမှာပါ”

    ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မလာကာတွင် နိုင်ငံရပ်ခြားမှ တရားဟောဆရာပေါင်း ၁၅၇ ဦးမှာ တရားဟောကြားမှု၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အများစုမှာ အင်ဒိုနီးရှာနိုင်ငံမှဖြစ်ကာ ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ၊ ယီမင်၊ အီရတ်နှင့် ဆီးရီးယားတို့မှလည်း ပါဝင်သည်။

    “ကျွန်တော်တို့ပြည်နယ်မှာ တရားကောင်းကောင်းဟောတတ်သူတွေ။ ပြည်သူတွေကို ကောင်းကောင်းနားလည်သူတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ပညာပြည့်ဝတယ်။ အတွေ့အကြုံရှိတယ်။ လူ့အဖွဲ့အစည်းက အသိအမှတ်ပြုမှုကို ကောင်းကောင်းခံရတယ်။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ငံခြားတရားဟောဆရာတွေကို လိုချင်နေတုန်းပဲ။ သူတို့တွေ (နိုင်ငံခြား တရားဟောဆရာတွေ) ဟာ တိုင်းပြည်ရဲ့ ဥပဒေကို မလေးစားမှာ ကျွန်တော် စိုးရိမ်ပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း စုစည်းမှု၊ ညီညွတ်မှုနဲ့ သဟဇာတဖြစ်စွာ နေထိုင်လာတဲ့ ကျွန်တော်တို့တိုင်းပြည်က အခြားသော အယူဝါဒတွေကို မစော်ကားရဘူးလို့ ကျွန်တော်တို့ တိုင်းပြည်မှာ သတ်မှတ်ချက်ရှိပါတယ်။ နိုင်ငံခြား တရားဟောဆရာတွေက အခြားသူတွေရဲ့ အယူဝါဒတွေ၊ ဘ၀နေထိုင်မှုတွေကို မကောင်းပြောတာမျိုး ရှိနိုင်ပါတယ်” ဟု မစ္စတာ အီဒရစ်က ထည့်သွင်းပြောဆိုခဲ့သည်။

    မလေးရှားနိုင်ငံသားများကို နိုင်ငံရပ်ခြား တရားဟောဆရာများက အစွန်းရောက်အောာင် ဆောင်ရွက်မှုများ ရှိခဲ့ပြီး အထင်ရှားဆုံး အဖြစ်အပျက်တစ်ခုမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည့် ၂၀၀၂ ခုနှစ် ဘာလီ ဗုံးခွဲမှုအတွင်း ဗုံးလုပ်ပေးခဲ့သည့် သင်္ချာပညာရှင် အဇာဟာရီ ဟူစင်ဖြစ်သည်။

    ဟူစင်မှာ အင်ဒိုနီးရှား စစ်သွေးကြွကွန်ယက် Jemaah Islamiyah မှ ခေါင်းဆောင် တရားဟောဆရာ အဘူ ဘာကာရ် ဘရှီးရ်၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ၁၉၈၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ နိုင်ငံပြင်ပတွင် နေထိုင်ခဲ့သည်။

    ၂၀၁၀ ခုနှစ်ကလည်း ဆီးရီးယားတရားဟောဆရာ အိုင်မန် အလ်-ဒက်ဒက်ကို တက္ကသိုလ်ကျောင်းသားများအား လူသစ်စုဆောင်းသော အလ်ကိုင်းဒါ အကြီးတန်းခေါင်းဆောင်ဖြစ်သည်ဟုဆိုကာ နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

    Ref: CNA

  • အထောက်အထားမဲ့ နိုင်ငံခြားသားများ တရားဝင်အလုပ်လုပ်နိုင်ရန် မလေးက E-card ထုတ်ပေးမည်

    အထောက်အထားမဲ့ နိုင်ငံခြားသားများ တရားဝင်အလုပ်လုပ်နိုင်ရန် မလေးက E-card ထုတ်ပေးမည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေရသည့် နိုင်ငံခြား အလုပ်သမားများအတွက် ယာယီ အလုပ်လုပ်ကိုင်ခွင့်ကဒ် (E-card) ကို မလေးရှားက ထုတ်ပေးတော့မည်ဟု သိရသည်။

    လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး မွတ်စ်တာဖာ အလီက အဆိုပါ E-card မှာ တရားဝင် ခရီးသွား အထောက်အထားများနေရာတွင် အစားထိုးရန် ထုတ်ပေးမည့် ယာယီအထောက်အထားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း လ၀ကရုံးများတွင် လျှောက်ထားနိုင်မည်ဟု ဆိုသည်။

    “ဒီအစီအစဉ်က မလေးကျွန်းဆွယ်ထဲမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေအတွက် ဖွင့်ပေးတာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် ကဏ္ဍငါးခုမှာ လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေအတွက်ပါပဲ။ ဒီအစီအစဉ်အောက်မှာ တရားမ၀င် ရွှေ့ပြောင်းလုပ်သား ၄ သိန်းကနေ ၆ သိန်းကြားလောက် အခွင့်အရေးရမှာဖြစ်ပြီး စီးပွားရေးကဏ္ဍတွေမှာ လူ့စွမ်းအားအရင်းအမြစ် ပြတ်လတ်နေမှုကို ဖြေရှင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု အလီက ယမန်နေ့ ဆီလန်ဂေါ လ၀ကရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြာကြားခဲ့သည်။

    E-card ထုတ်ပေးမည့် လုပ်ငန်းခွင် ၅ ခုမှာ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ၀န်ဆောင်မှု၊ ကုန်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့ ဖြစ်သည်။

    မွတ်စ်တာဖာ အလီက ယခု E-card များ ထုတ်ပေးမှုတွင် ကြားခံပွဲစားများ၊ အေးဂျင့်များကို အသုံးပြုတော့မည်မဟုတ်ကြောင်း၊ လျှောက်ထားရာတွင် လျှောက်ထားသူ နိုင်ငံခြားအလုပ်သမားနှင့် ၎င်း၏ အလုပ်ရှင်မှာ လိုအပ်သော စာရွက်စာတမ်းများနှင့် လ၀ကရုံးကို ကိုယ်တိုင်သွားရောက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးပေးစရာမလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေ လျှောက်ထားနိုင်မယ့် အခြေအနေတွေထဲမှာ အဓိကက လက်ရှိ အလုပ်ရှင်ရှိနေတာ၊ ရာဇ၀တ်မှုကင်းရှင်းတာ၊ လုပ်သားခေါ်ယူဖို့ ခွင့်ပြုထားတဲ့ နိုင်ငံတွေက ဖြစ်တာ၊ အလုပ်ရှင်ဆီက ထွက်ပြေးတာမျိုး မရှိတာ၊ ဆေးအောင်ထားတာတွေပဲ ဖြစ်ပါတယ်။ အလုပ်ရှင်တွေအတွက် စည်းကမ်းတွေထဲမှာ ခွင့်ပြုထားတဲ့ လုပ်ငန်း၊ လုပ်ငန်းခွဲဖြစ်တာ၊ KDN နဲ့ လ၀ကက ယာယီပိတ်ထားတဲ့၊ အမည်ပျက်စာရင်းသွင်းထားတဲ့ လုပ်ငန်းမျိုး မဟုတ်တာတွေ ပါဝင်ပါတယ်”

    Ref: Freemalaysiatoday

  • မလေးပြည်သူများအကြား ရေပန်းစားနေတဲ့ တရုတ်နှစ်ကူး နှုတ်ခွန်းဆက်ဗီဒီယို

    မလေးပြည်သူများအကြား ရေပန်းစားနေတဲ့ တရုတ်နှစ်ကူး နှုတ်ခွန်းဆက်ဗီဒီယို

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – ယနေ့မှာ စတင်ကျရောက်တဲ့ တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ မလေးရှား လေကြောင်းလိုင်း Malaysia Airlines က နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းတဲ့ ဗီဒီယိုတစ်ခုကို Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး မလေးရှားနိုင်ငံရဲ့ လူမျိုးစုံ သဟဇာတဖြစ်မှုကို ထင်ဟပ်စေတဲ့ ဒီဗီဒီယိုဟာ နိုင်ငံသားတွေရဲ့ ချီးမွမ်းမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

    ‘မလေးရှား၏ စစ်မှန်သော နှုတ်ခွန်းဆက်စကား’ လို့ အမည်ပေးထားတဲ့ အဲဒီ ဗီဒီယိုကို ဇန်န၀ါရီ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ လွှင့်တင်ခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ တစ်မဟုတ်ချင်း ပြန့်နှံ့သွားခဲ့ပါတယ်။

    “မလေးရှားရဲ့ သာယာဝပြောမှုဟာ ပြည်သူတွေကနေ စတင်ပါတယ်။ ဒီနှစ် တရုတ်နှစ်သစ်ကူးအတွက် မလေးရှားရဲ့ စစ်မှန်သော နှုတ်ခွန်းဆက်စကားကို မြည်းစမ်းကြည့်ကြပါစို့” လို့ ဗီဒီယိုမှာ သတင်းစကားပေးထားပြီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူမျိုးတွေက တရုတ်နှစ်ကူးရဲ့ ပျော်ရွှင်စရာကောင်းပုံတွေကို မန်ဒရီယန်၊ ကန်တုန်၊ ဟော့ကင်း စတဲ့ တရုတ်ဘာသာစကား အမျိုးမျိုးနဲ့ ပြောကြားခဲ့ကြပြီး ပျော်ရွှင်သော နှစ်ကူးအခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

    မလေးရှားရဲ့ မတူကွဲပြားစွာ ညီညွတ်မှုကို ဒီလို ဖော်ကျူးမှုအတွက် ပြည်သူတွေကလည်း ချီးကျူးတဲ့ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။

    “ကြက်သီးတစ်ဖြန်းဖြန်းထလောက်တဲ့ ဒီလိုကြော်ငြာမျိုးကို ကျွန်မ တစ်ခါမှ မကြည့်ဖူးပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ နှလုံးသားကို သိမ်းယူသွားပြီလို့ ကျွန်မ ထင်ပါတယ်။ လုပ်စမ်းပါ။ မလေးရှားနိုင်ငံသားအားလုံး၊ တရုတ်မဟုတ်တဲ့သူတွေ၊ တရုတ်စကားနည်းနည်းလောက်ပဲ ပြောတတ်တဲ့သူတွေက ဒီလို အံ့သြစရာကောင်းတဲ့ လေယူလေသိမ်းနဲ့ ပြောသွားတာက ကျွန်မကို လုံးဝ တုန်လှုပ်စေပါတယ်” လို့ လန်နီ ကာရေးဆိုတဲ့ Facebook အသုံးပြုသူတစ်ယောက်က ရေးသားခဲ့ပါတယ်။

    မီရှဲလ် တမ်ဆိုသူကတော့ “လေးစားလောက်ဖွယ် ဘာသာစုံကျွမ်းကျင်တဲ့ အရောင်းအသွေးစုံ မလေးပြည်သူတွေရဲ့ ရင်ကိုထိမှန်စေတဲ့ ဒီဆုတောင်းကို နှစ်သက်မိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    https://www.facebook.com/malaysiaairlines/videos/1153572738089251/

    “သိပ်ပြီး ပြည့်စုံတဲ့ သတင်းစကားပါ။ တိုင်းပြည်ရဲ့ အကြီးကျယ်ဆုံး ရတနာတွေဖြစ်တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ညီညွတ်မှုကို မြတ်မြတ်နိုးနိုး ဖော်ကျူးမှုလည်း ဖြစ်ပါတယ်။ မလေးရှားဟာ စစ်မှန်တဲ့ အာရှပါပဲ” လို့ ရေးလာသူကတော့ ဟီရှမ် ဂျူဒီဖြစ်ပါတယ်။

    Facebook အသုံးပြုကြတဲ့ တရုတ်လူမျိုးတော်တော်များများက ဒီဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့သူတွေဟာ သူတို့တွေထက်တောင် တရုတ်စကားပြောစွမ်းရည် မြင့်မားကြတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

    မလေးရှားနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံ သဟဇတဖြစ်စွာ နေထိုင်မှုကြောင့် ကျော်ကြားတဲ့နိုင်ငံဖြစ်ပြီး လူဦးရေ ၂၉.၇ သန်းမှာ မလေးနဲ့ ဘူမိပူထရာလူမျိုးက ၆၀.၃ ရာခိုင်နှုန်း၊ တရုတ်လူမျိုးက ၂၄.၆ ရာခိုင်နှုန်း၊ အိန္ဒိယလူမျိုးက ၇.၁ ရာခိုင်နှုန်း အသီးသီး ရှိကြပါတယ်။

    လူများစုဖြစ်တဲ့ မလေးလူမျိုးတွေဟာ နိုင်ငံအတွင်း လူမျိုးစုငယ်တွေအပေါ် အိမ်ရှင်ဧည့်သည်၊ သားသမီးမိဘ ခွဲခြားထားတာမျိုးမရှိသလို အမျိုးပျောက်မှာ စိုးကြောက်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

    Ref: CNA