News @ M-Media

Tag: malaysia

  • မလေးရှား အကူအညီပေးရေး သင်္ဘောအုပ်စု ရန်ကုန်တွင် ဆိုက်ကပ်မည်

    မလေးရှား အကူအညီပေးရေး သင်္ဘောအုပ်စု ရန်ကုန်တွင် ဆိုက်ကပ်မည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် လာရောက်မည့် မလေးရှားမှ သင်္ဘောများမှာ မြန်မာအစိုးရ၏ ညွှန်ကြားချက်အတိုင်း ရန်ကုန်တွင် ဆိုက်ကပ်သွားမည်ဟု သိရသည်။

    Food Flotilla သင်္ဘောအုပ်စုမှာ ယခင်က စစ်တွေမြို့တွင် ဆိုက်ကပ်ချင်သော်လည်း မြန်မာအစိုးရက ခွင့်မပြုဘဲ ရန်ကုန်တွင်သာ ဆိုက်ကပ်ရန် ပြောကြားခဲ့သည်။

    အဆိုပါ အကူအညီပေးရေး အစီအစဉ်ကို မလေးရှား အစ္စလာမ်အသင်းအဖွဲ့များဆိုင်ရာ အကြံပေးကောင်စီ (Mapim)၊ Kelab Putra 1Malaysia (KP1M)၊ Turkey Diyanet Vakfi (TDV) နှင့် အာဆီယံဒေသတွင်းမှ အန်ဂျီအို ညွန့်ပေါင်းအဖွဲ့တို့က စီစဉ်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ကို ရန်ကုန်မှာ ဆိုက်ကပ်ခွင့်ပေးတယ်။ ရည်ရွယ်ထားတဲ့ ဦးတည်အုပ်စုတွေကို အကူအညီတွေ ဘယ်လိုပေးပို့မလဲဆိုတာကို သေသေချာချာ ဆွေးနွေးရမှာပါ။ မြန်မာအစိုးရကတော့ သူတို့ ဝေပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို သိပ်မကြိုက်ပါဘူး။ အဓိကအချက်က သူတို့ရဲ့ ရေပိုင်နက်ကို ၀င်ရောက်ခွင့်ပေးလိုက်တာပါ။ ဒါ့ကြောင့် ရန်ကုန်ရောက်မှ ကျွန်တော်တို့ စကားပြောမှာပါ” ဟု Mapim မှ ဥက္ကဌ မိုဟာမက် အဇ်မီ အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ကို လေးစားသည့်အနေဖြင့် ရန်ကုန်တွင်သာ သင်္ဘောများ ဆိုက်ကပ်သွားမည်ဟု ၎င်းက ဆိုသည်။

    မြန်မာအစိုးရမှာ အကူအညီများကို ကုန်းကြောင်းမှတစ်ဆင့် ပေးပို့ချင်နေသည်။

    “ဒုက္ခသည်စခန်းတွေကို အကူအညီ ဖြန့်ဖြူးပေးတာမှာ ကျွန်တော်တို့ ကြည့်လို့ရဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စက ဆွေးနွေးညှိနှိုင်းနေတုန်းပါပဲ”

    ထို့ပြင် မြန်မာအစိုးရမှာ ထိခိုက်ခံစားရသည့် အခြားလူ့အဖွဲ့အစည်းများကိုလည်း ပေးအပ်ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

    “ဒါက ကိစ္စမရှိဘူးဗျ။ ကျွန်တော်တို့က ထိခိုက်ခံစားရတဲ့သူအားလုံးကို အကူအညီ ပေးချင်တာပါ”

    အဆိုပါ အကူအညီပေးရေး သင်္ဘောအုပ်စုမှာ ရန်ကုန်မြို့တွင် ဆိုက်ကပ်ပြီးနောက် မြန်မာနယ်စပ်တွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်မြို့ တက်နဖ်သို့ သွားရောက်မည်ဟုလည်း မိုဟာမက် အဇ်မီက ပြောကြားခဲ့သည်။

    သင်္ဘောများတွင် ဆန်၊ ဆေးဝါးနှင့် ဒုက္ခသည်များအတွက် အရေးပါသည့် အခြေားပစ္စည်း စုစုပေါင်း တန် ၁၀၀၀ ကျော်ကို တင်ဆောင်လာမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကလန်းဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်သည်။

    Ref: The Star

  • UN ကဒ် ကိုင်ထားသည့် ရိုဟင်ဂျာများကို မလေးရှားက တရားဝင်အလုပ်လုပ်ခွင့်ပေးမည်

    UN ကဒ် ကိုင်ထားသည့် ရိုဟင်ဂျာများကို မလေးရှားက တရားဝင်အလုပ်လုပ်ခွင့်ပေးမည်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပေးသည့်ကဒ် ကိုင်ဆောင်ထားသူ ရိုဟင်ဂျာ ၅၆၀၀၀ ခန့်ကို ကျွမ်းကျင်မှု နည်းနည်းသာ လိုအပ်သည့် ကဏ္ဍများတွင် အလုပ်လုပ်နိုင်ရန်အတွက် မလေးရှားက လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။

    ဒုတိယ၀န်ကြီးချုပ်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ ဒါတွတ် ဆရီ ဒေါက်တာ အဟ်မဒ် ဇာဟစ်ဒ် ဟာမီဒီက အစိုးရအနေဖြင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး ထို့နောက်တွင် ယာယီ အလုပ်လုပ်ကိုင်ခွင့်ကဒ် PLKS လျှောက်ထားနိုင်မည်ဟု ယမန်နေ့က ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအစီအစဉ်က အလုပ်အကိုင်ကဏ္ဍများတွင် ဥပဒေဘောင်အတွင်းမှ လူ့စွမ်းအားအရင်းအမြစ်ကို ထပ်မံထည့်သွင်းခြင်းဖြစ်ပြီး ရိုဟင်ဂျာလူ့အဖွဲ့အစည်းအား ၀န်ထုတ်ဝန်ပိုးအဖြစ်မှ အသုံးဝင်သူများအဖြစ် အမြင်ပြောင်းလဲစေလိမ့်မည်ဟုလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    “လေ့လာမှုတွေ လုပ်နေတယ်။ မကြာမီကြေငြာသွားမှာပါ”

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးမှာ ကွာလာလမ်ပူမြို့တွင် ကျင်းနေသည့် ရိုဟင်ဂျာမွတ်စလင်ဆိုင်ရာ အိုအိုင်စီ အထူးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

    Ref: New Straits Times

  • ရိုဟင်ဂျာပြဿနာဖြေရှင်းရေး ကူညီရန် အိုအိုင်စီနိုင်ငံများကို မလေးရှား တိုက်တွန်း

    ရိုဟင်ဂျာပြဿနာဖြေရှင်းရေး ကူညီရန် အိုအိုင်စီနိုင်ငံများကို မလေးရှား တိုက်တွန်း

    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media

    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံနေရမှုကို လုံးဝရပ်တန့်ဖို့အရေး မွတ်စလင်တွေနိုင်ငံတွေက ကူညီဆောက်ရွက်ပေးဖို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာပြုလုပ်တဲ့ အိုအိုင်စီ အထူးအစည်းအဝေးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတာက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေတာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေကို လုံးဝ ရပ်တန့်ရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် IS အကြမ်းဖက်အဖွဲ့အပါအ၀င် အခြား လက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာတွေကို သွေးဆောင်ဖျားယောင်းသွားနိုင်တယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    “IS လို အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒီအခြေအနေကို အမြတ်ထုတ်နိုင်တယ်ဆိုတာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းသိပါတယ်”

    နောက်ပြီး မြန်မာအစိုးရအနေနဲ့ ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ နာဂျစ်က တိုက်တွန်းခဲ့ပြီး အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့၊ ဒုက္ခသည်တွေကို အန္တရာယ်ကင်းစွာ အိမ်ပြန်ခွင့်ပေးဖို့လည်း ဆော်သြခဲ့ပါတယ်။

    “ဒါမျိုးက လက်ရှိမှာ လုပ်ကိုလုပ်ရမှာပါ။ မြန်မာအစိုးရက ‘လူမျိုးတုန်းသတ်ဖြတ်မှု’၊ ‘လူမျိုးစုလိုက် သုတ်သင်မှု’ ဆိုတဲ့ စကားလုံးတွေအတွက် ငြင်းချက်ထုတ်ပါတယ်။ ဘယ်လိုအသုံးအနှုန်းပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေက စောင့်လို့မရတော့ပါဘူး”

    ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် မလေးရှားက ရင်းဂစ် ၁၀ သန်း (ကန်ဒေါ်လာ ၂.၂၅ သန်း) ထပ်မံလှူဒါန်းသွားမယ်လို့လည်း ၀န်ကြီးချုပ်နာဂျစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အောက်တိုဘာ လဆန်းပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်သားတွေဟာ ရိုဟင်ဂျာပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရကတော့ ဒါဟာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ရိုဟင်ဂျာရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိုးကြိတ်ကန်ကျောက် ရိုက်နှက်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် နိုင်ငံတကာက ဝေဖန်သံတွေ ပိုမိုထွက်လာခဲ့ပါတယ်။ အစိုးရကတော့ ဒီလို အပြစ်ကျူးလွန်သူတွေကို အရေးယူထားပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။

    နာဂျစ်က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေတယ်လို့လည်း ဆိုပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက မိမိတို့အနေနဲ့ ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အခန်းကဏ္ဍတစ်ခုကနေ ပါဝင်သွားဖို့ အဆင်သင့်ဖြစ်တာထက်တောင် ပိုနေပြီလို့ ပြောကြားခဲ့ပါတယ်။

    မာဆူဒီဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကိုလာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖိုရှိနေပြီး စနေနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

    အိုအိုင်စီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ် အိုထိုင်မင်ကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှု၊ စနစ်တကျ ညှင်းပမ်းနှိပ်စက်မှုတွေကို လုံးဝရပ်တန့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တရားမ၀င်အလုပ်သမားများအတွက် ယာယီလုပ်ကိုင်ခွင့်လက်မှတ် မလေးထုတ်ပေးမည်

    တရားမ၀င်အလုပ်သမားများအတွက် ယာယီလုပ်ကိုင်ခွင့်လက်မှတ် မလေးထုတ်ပေးမည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    မလေးရှားပြည်ထဲရေးဝန်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီ

    – နိုင်ငံအတွင်းရှိနေသည့် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီအလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးသွားမည်ဟု မလေးရှား ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြောကြားလိုက်သည်။

    “ဒီခွင့်ပြုချက်က လက်ရှိ လိုအပ်ချက်ကို အခြေခံပြီး ထုတ်ပေးသွားမှာပါ။ သူတို့ဟာ လုပ်ငန်းအားလုံးမှာ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် အလုပ်ရှင်ရှိတဲ့ အလုပ်သမားတွေပဲ ရမှာပါ” ဟု ယမန်နေ့က ၎င်း သဘာပတိအဖြစ် ဆောင်ရွက်သည့် နိုင်ငံခြားအလုပ်သမားများနှင့် တရားမ၀င် ပြောင်းရွှေ့အခြေချသူများဆိုင်ရာ ကက်ဘိနတ်အစည်းအဝေးပြီးနောက် ဟာမီဒီက ပြောကြားခဲ့သည်။ ၎င်းမှာ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်သည်။

    အဆိုပါ အလုပ်လုပ်ခွင့် လက်မှတ်များ သို့မဟုတ် ကဒ်များမှာ နှစ်စဉ် သက်တမ်းတိုးရမည်ဖြစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားအလုပ်သမားများဆိုင်ရာ ဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

    မလေးရှားတွင် ပါမစ်ကိုင်ဆောင်ထားသည့် အလုပ်သမားများမှာ ၂၀၁၅ ခုနှစ်တွင် ၂.၁ သန်းကျော်ရှိရာမှ ၂၀၁၆ တွင် ၁.၉ သန်းအထိ ကျဆင်းသွားခဲ့ပြီး ထိုကဲ့သို့ နိုင်ငံခြားအလုပ်သမား ၃ သိန်းခန့် ကျဆင်းသွားခင်းက နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုကဏ္ဍတို့တွင် သိသိသာသာ ထိခိုက်မှု ရှိခဲ့သည်ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    သို့သော်လည်း နိုင်ငံခြားအလုပ်သမားများ အဆင့်လိုက်လျှော့ချသွားမည့် အစီအစဉ်ကို အစိုးရက မေ့မထားဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၂၀ ခုနှစ်မှ ၂၀၅၀ ခုနှစ်အတွင်း မလေးကြားအစိုးရမှာ နိုင်ငံ၏ အလုပ်သမားအင်အား၏ ၁၅ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားအလုပ်သမား ထားရှိရန် ပစ်မှတ်ထားနေသည်။

    Ref: freemalaysiatoday

  • မြန်မာနိုင်ငံသားများ အသတ်ခံရမှုကိစ္စအတွက် မလေးရှားက လူ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ

    မြန်မာနိုင်ငံသားများ အသတ်ခံရမှုကိစ္စအတွက် မလေးရှားက လူ ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၇
    M-Media

    – ယခုလအစောပိုင်းတွင် ကွာလာလမ်ပူမြို့ ဆာဒန်းစက်မှုဇုန်အနီးတွင် မြန်မာနိုင်ငံသားများ ဓားခုတ်ခံရမှုနှင့်ပတ်သက်၍ လူ ၂၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရသည်။

    ဆီလန်ဂေါပြည်နယ် စီအိုင်ဒီအကြီးအကဲ ဖဒ်ဇီလ် အဟ်မတ်က ဖမ်းဆီးထားသူများတွင် အသက် ၂၀ မှ ၅၀ အတွင်းရှိပြီး စက်မှုဇုန်တွင် အလုပ်အလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် ဒေသခံများပါဝင်သည်ဟု ပြောကြားခဲ့သည်။

    “လောလောဆယ်တော့ စုံစမ်းစစ်ဆေးနတုန်းပါ။ မကြာခင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်အထိ အသုံပြုတဲ့လက်တွေကို မသိမ်းမိသေးဘူး။ ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုလည်း ဆုံးဖြတ်လို့ မရသေးပါဘူး” ဟု ယမန်နေ့က ဆာဒန်းခရိုင် ရဲဌာနချုပ်တွင် သိမ်းဆည်းရမိသည့် လောင်းကစားစက်များအတွက် ရှင်းလင်းပွဲပြုလုပ်ပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဓားခုတ်ခံရမှုတွင် ဒဏ်ရာရရှိသူ ၂ ဦးမှာလည်း အခြေအနေ တည်ငြိမ်လာပြီဟုလည်း အဟ်မတ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဇန်န၀ါရီ ၆ ရက်န့မှာ မြန်မာအလုပ်သမားများမှာ အလုပ်မှပြန်လာစဉ် လူတစ်စု၏ ဓားဖြင့် ၀ိုင်းခုတ်မှုကို ခံခဲ့ရပြီး ၄ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

    Ref: Freemalaysiatoday