News @ M-Media
Tag: malaysia
  • ဒီမိုကရေစီတန်ဖိုးကို ခြိမ်းခြောက်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ခုကို မလေးရှား အတည်ပြု
    ဒီမိုကရေစီတန်ဖိုးကို ခြိမ်းခြောက်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ခုကို မလေးရှား အတည်ပြု
    သြဂုတ် ၁၊ ၂၀၁၆
    M-Media
    malay 3
    – နိုင်ငံရေးသမားများနှင့် ပြည်သူများက ဆန့်ကျင်မှုများရှိနေသော်လည်း မလေးရှားမှာ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေတစ်ခုကို ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။
    ‘အမျိုးသားလုံခြုံရေးကောင်စီ အက်ဥပဒေ’ ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေကို ပြီးခဲ့သည့်ဒီဇင်ဘာလက ၀န်ကြီးချုပ်နာဂျစ်ရာဇတ် အစိုးရမှ ပါလီမန်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဝေဖန်ဆန်းစစ်သူများကမူ အဆိုပါ ကြမ်းတမ်းသည့် ဥပဒေမှာ  တိုင်းပြည်၏ ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး အစိုးရနှင့် သဘောထားမတူသူများအပေါ် နှိမ်နင်းရေး အသုံးပြုလာနိုင်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါဥပဒေက လုံခြုံရေး ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆရသောဒေသတွင် မာရှယ်လောကဲ့သို့ နှိမ်နင်းရေး ဥပဒေများ ထုတ်ပြန်နိုင်သည့် အာဏာကို အစိုးရအားပေးထားပြီး၊ ၀ရမ်းမလိုဘဲ ရှာဖွေဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုများ သိမ်းပိုက်မှုနှင့် ဆန္ဒပြမှုများကို ပိတ်ပင်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
    လေ့လာသူများကမူ ယခု လုံခြုံရေးဥပဒေနှင့် အခြားသော ပြင်းထန်းသည့် ဥပဒေများ ပြဌာန်းမှုမှာ ၀န်ကြီးချုပ်က နိုင်ငံရေးနှင့် တရားရေး စိန်ခေါ်မှုများကို တားဆီးရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • မြန်မာတစ်ဦးအား လုယက်တိုက်ခိုက်သည့် နိုင်ငံသားကို မလေးက ထောင် ၈ နှစ်ချ
    မြန်မာတစ်ဦးအား လုယက်တိုက်ခိုက်သည့် နိုင်ငံသားကို မလေးက ထောင် ၈ နှစ်ချ
    ဇွန် ၂၈၊ ၂၀၁၆
    M-Media
    malay
    – မြန်မာနိုင်ငံသားတစ်ဦးကို လုယက်ရန် ကျူးလွန်မှုနှင့် အပြင်းအထန်နာကျင်စေမှုဖြင့် စားသောက်ဆိုင်လုပ်သားတစ်ဦးအား မလေးတရားရုံးက ထောင် ၈ နှစ်နှင့် ကြိမ်ဒဏ် ၁ ချက် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။
    ပြစ်ဒဏ်ချမှတ်ခံရသူမှာ မလေးနိုင်ငံသား အသက် ၂၉ နှစ်အရွယ် အေရီယာဇွလ်ဖာကာရ် ဇာကာရီယာဆိုသူဖြစ်ပြီး ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်နှင့်ပတ်သက်၍ စက်ရှင်တရားသူကြီး အေဇီယန် အွသ်မန်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    အေရီယာဇွလ်ဖာကာရ်မှ ၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့ မနက် ၇ နာရီ ခွဲတွင် ကွာလာလာမ်ပူမြို့ ချရက်စ်မြို့နယ်ရှိ ဘန်ဒါဆရီ ပါရ်မိုင်ဆူရီတွင် ရှိနေသော ဆိုက်ဘာကဖေးတွင် ဓားပြတိုက် လုယက်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ထိုကျူးလွန်မှုအတွင်း မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို ထိခိုက်နာကျင်စေခဲ့ပြီး ၁၃ ချက် ချုပ်ခဲ့ရသည်။
    သေစေရန် သို့မဟုတ် အပြစ်အထန်းနာကျင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါဓားပြတိုက်မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၅/၃၉၇ ဖြင့် အေရီယာဇွလ်ဖာကာရ်ကို တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
    ကျူးလွန်သူကမူ မိမိ၏လုပ်ရပ်အတွက် နောင်တရနေကာ အနည်းဆုံးပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားလို ရဲအရာရှိ မိုဟာမက် ဖဒ်ဟ်လီ မိုဟာမက် ဇမ်မရီက အေရီယာဇွလ်ဖာကာရ်မှာ ဖွန်လ ၂၀ ရက်နေ့ သွားရောက်ဖမ်းဆီးရာတွင် ပြန်လည်ခုခံခဲ့သည့်အတွက် ၎င်းမှာ နောင်တရခြင်းမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် တောခုတ်ဓားကိုင်ဆောင်ကာ မြန်မာနိုင်ငံသားအား နာကျင်စေမှုအတွက်လည်း ကြီးလေးသောအပြစ်ပေးရန် တောင်းဆိုခဲ့သည်။
    Ref: The Star
  • မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကူညီရေး သံရုံးဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်းမည်
    မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကူညီရေး သံရုံးဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်းမည်
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    migrant
    – မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးမှာ မလေးရှားအခြေစိုက် မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု သိရသည်။
    မြန်မာသံရုံးမှာ ဇွန်လ ၅ ရက်နေ့မှာ မလေးရှားရှိ မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀ ခန့်နှင့် တွေ့ဆုံခဲ့ပြီး ကော်မတီဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြသည်။
    “တကယ်လို့ ကျွန်တော်တို့ပါဝင်ရင် ကျွန်တော်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အရင်ကထက် ပိုကူညီနိုင်မှာဖြစ်ပြီး မြန်မာသံရုံးကလည်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယုံကြည်အားထားမှုကို ပြန်ရလာနိုင်ပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေအားလုံးက မြန်မာသံရုံးကို ချဉ်နေကြပြီး ကြောက်လည်း ကြောက်နေကြပါတယ်” ဟု ဂျိုဟိုးရှိ ရတနာ့စက္က အခမဲ့ နာရေးကူညီမှုအသင်း၏ ဥက္ကဌဖြစ်သူ ကိုကျော်ဇေလွင်က ပြောကြားခဲ့သည်။
    သီတဂူဆရာတော်အား အားပေးထောက်ခံသည့် အဖွဲ့တစ်ခုမှ အကြီးအကဲဖြစ်သူ ဦးသီဟမောင်မောင်က အဆိုပါ အဖွဲ့အစည်းအသစ်နှင့် ဆက်သွယ်ထားပါက ရွှေ့ပြောင်းလုပ်သားများ ဆေးရုံတက်သည့်အခါ ဆေးကုသစားရိတ်ကို ထက်ဝက်ခန့် လျှော့ချနိုင်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မလေးရှာရှိ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများအရေး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပိုမို ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
    မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန် ဖွဲ့စည်းမည့် အဆိုပါ ကော်မတီတွင် သံအမတ်၊ ဒုတိယသံအမတ်နှင့် စစ်သံမှူးတို့အား ဥက္ကဌ၊ ဒုဥက္ကဌများအဖြစ် အသီးသီးခန့်အပ်ရန် စီစဉ်ထားပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများကမူ ၎င်းတို့၏အဖွဲ့ကို ကိုယ်စားပြု ပါဝင်သွားမည်ဖြစ်သည်။
    ထိုကော်မတီကို တစ်လအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကာ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအရေအတွက်မှာ ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အများစုမှာ တရားမ၀င် သွားရောက်ကြသူများဖြစ်သည်။
    Ref: mmtimes
  • မွတ်စလင်များအနေဖြင့် အစ္စလာမ့်ပုံရိပ်အမှန်ကို ပြသရမည်ဟု မလေးရှားဒုဝန်ကြီး ပြော
    မွတ်စလင်များအနေဖြင့် အစ္စလာမ့်ပုံရိပ်အမှန်ကို ပြသရမည်ဟု မလေးရှားဒုဝန်ကြီး ပြော
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    malaysia 2
    – အစ္စလာမ်ကြောက်ရောဂါကို အမြစ်ဖြတ်ဖို့အတွက် မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်ရဲ့ ပုံရိပ်မှန် ပြသရမယ်လို့ မလေးရှား ဒုဝန်ကြီးချုပ် ဒေါက်တာ အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
    “အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပါ၊ အစ္စလာမ်မှာ ရန်သူမရှိပါဘူး။ ရာဇ၀တ်မှုတွေမှာ ပါဝင်ကျူးလွန်တဲ့ လူတစ်ယောက်နှစ်ယောက်ကြောင့်သာ အစ္စလာမ်ကြောက်ရောဂါ ဖြစ်နေတာပါ” လို့ ကွာလာလမ်ပူမှာရှိတဲ့ စတာပက်ခ်မြို့နယ်က မဒ်ရာဆာစာသင်ကျောင်းတစ်ခုမှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ၀ါဖြေပွဲအခမ်းအနားအတွင်း ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။
    နောက်ပြီး အစ္စလာမ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံအတွင်း ဘာသာရေးသဟဇာတဖြစ်မှုကို ရှာဖွေကြဖို့လည်း အဟ်မဒ် ဇာဟစ်က တိုက်တွန်းခဲ့ပါတယ်။
    “အစ္စလာမ်မှာ အဓိကကျတာက ကိုယ့်ကျင့်တရားမြင့်မားဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ဖို့ပါ။ အဲဒါတွေမရှိဘူးဆိုရင်တော့ ရလဒ်ကလည်း ကောင်းမှာမဟုတ်ပါဘူး”
    Ref : IINA
  • ပဋိပက္ခများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား စုံစမ်းရန် မလေးရှားတောင်းဆို
    ပဋိပက္ခများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား စုံစမ်းရန် မလေးရှားတောင်းဆို
    မေ ၅၊ ၂၀၁၆
    M-Media
    malaysia
    – နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအားလုံး အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲတွေမှာ အရပ်သားတွေနဲ့ အရပ်ဘက်ပစ္စည်းတွေကို ကာကွယ်ပေးရမယ့်အပေါ် ချိုးဖောက်မှုအားလုံးကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
    မလေးရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဆီတီ ဟဂ်ျဂျာ အဒ်နင်က အဖွဲ့ဝင်နိုင်ငံတွေမှာ စစ်ရာဇ၀တ်မှုနဲ့ အခြားသော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေကို သူတို့ပေးထားတဲ့ ကတိက၀တ်တွေအတိုင်း တာဝန်ခံနိုင်စေဖို့ သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေနဲ့ခုံးရုံးတွေကို ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေတဲ့အပေါ် တာဝန်ခံမှုရှိစေဖို့ မလေးရှားက လုံးဝတောင်းဆိုလိုက်ပါတယ်” လို့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး မူကြမ်းရေးဆွဲရေးအတွက် အင်္ဂါနေ့မှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အဒ်နင်က ပြောခဲ့တာပါ။
    လုံခြုံရေးကောင်စီကနေ စစ်မြေပြင်တွေမှာ ဆေးရုံဆေးခန်းတွေ၊ ဖျားနာသူတွေနဲ့ ဒဏ်ရာရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို အင်္ဂါနေ့က တစ်ညီတစ်ညွှတ်တည်း ချမှတ်နိုင်ခဲ့ပါတယ်။
    Ref: IINA