News @ M-Media
Tag: malaysia
  • မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်
    မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်
    မတ် ၁၉၊ ၂၀၁၆
    M-Media
    malay
    – မလေးရှားအစိုးရမှာ နိုင်ငံခြားသားအလုပ်သမားများအတွက် အခွန် (Levy) ကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    ဆောက်လုပ်ရေးလုပ်သားများနှင့် စက်ရုံလုပ်သားများအတွက် Levy မှာ ယခင်က တစ်နှစ်လျှင် ၁၂၅၀ သတ်မှတ်ထားရာမှ ယခုတွင် ၁၈၅၀ အထိ တိုးမြှင့်လိုက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးလုပ်သားများ၏ Levy ကို ယခင် ၄၁၀ နှင့် ၅၉၀ မှ ၆၄၀ အထိ တိုးမြှင့်လိုက်သည်။ ၀န်ဆောင်မှုလုပ်သားများအတွက်မူ တိုးမြှင့်ခြင်းမရှိဘဲ ယခင်သတ်မှတ်ချက်ဖြစ်သော ၁၈၅၀ အတိုင်းသာ ဆက်လက်ထားရှိသည်။
    Levy ကြေးအတွက် ကနဦးအဆိုပြုချက်တွင် ဆောက်လုပ်ရေးနှင့် စက်ရုံလုပ်သားများအတွက် ၂၅၀၀၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးအတွက် ၁၅၀၀၊ ၀န်ဆောင်မှုလုပ်ငန်းအတွက်၂၅၀၀ သတ်မှတ်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များက ဝေဖန်ခဲ့သောကြောင့် ကက်ဘိနတ်က ယခုကဲ့သို့ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
    အဆိုပါ Levy ကြေး ပြောင်းလဲမှုမှာ မတ်လ ၁၈ ရက်နေ့မှစတင်ကာ အသက်ဝင်မည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့အစိုးရက ဖန်တီးပေးထားသော အခြေခံအဆောက်အအုံးများ၊ လိုအပ်ချက်များမှာ ကောင်းမွန်သောကြောင့် ယခုကဲ့သို့ အခွန်မြင့်တက်လိုက်ခြင်းမှာ မျှတသည်ဟု ဖော်ပြထားသည်။
    ထို့ပြင် မတ်လ ၁၂ ရက်နေ့က ကြေငြာထားသည့် နိုင်ငံခြားအလုပ်သမားများ ခေါ်ယူမှု ရပ်တန့်ထားခြင်းမှာ ဆက်လက်တည်ရှိနေပြီဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းမှ ထိုရပ်တန့်မှု ပျက်ပြယ်မည်ဟု ထည့်သွင်းဖော်ပြထားသည်။
    ပြည်ထဲရေးဝန်ကြီးဌာနမှာ အလုပ်ရှင်များအနေဖြင့် နိုင်ငံသားများကို ဦးစားပေး အလုပ်ခန့်ထားရန်နှင့် နိုင်ငံခြားသားများ ခေါ်ယူခြင်းကို နောက်ဆုံးရွေးချယ်မှုအဖြစ် ထားရှိရန် ပြည်တွင်းလုပ်ငန်းရှင်များကို အသိပေးထားသည်။
    Ref: The Star
  • အစားအစာ အလေအလွင့်မဖြစ်ရေး မလေးရှားက မူဝါဒတစ်ခု ချမှတ်မည်
    အစားအစာ အလေအလွင့်မဖြစ်ရေး မလေးရှားက မူဝါဒတစ်ခု ချမှတ်မည်
    မတ် ၁၂၊ ၂၀၁၆
    M-Media
    food waste
    – မလေးရှား စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးရေးအခြေပြု စက်မှုဝန်ကြီးဌာန ၀န်ကြီး အဟ်မဒ် ရှာဘရီ ချီခ်က နိုင်ငံအတွင်းမှာ အစားအစာ အလေအလွင့်မဖြစ်ရေးအတွက် ပိုမိုထိရောက်တဲ့ စီမံကိန်းတစ်ခု ရေးဆွဲဖို့ အစိုးရက အစီအစဉ် ချမှတ်လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
    ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၃၃ ကြိမ်မြောက် ဒေသတွင်းညီလာခံ FAO APRC ရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဘရာဇီးလ်ရဲ့”အစာငတ်မွတ်သူမရှိရ” အစီအစဉ်ကို အတုယူကာ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
    နောက်ပြီး ဆင်းရဲမွဲတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုတို့ကို တိုက်ဖျက်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့အတူ အစိုးရက ပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိနေကာ တစ်ခြားနိုင်ငံတွေကနေလည်း သင်ယူသွားမယ်လို့ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ဘယ်လောက်ပဲ ဆင်းရဲနေပါစေ၊ နိုင်ငံသားတွေ ဆာလောင်မွတ်သိပ်မှု မဖြစ်ဖို့ဟာ အစိုးရရဲ့တာဝန်ပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”
    နိုင်ငံသားတွေ ဆင်းရဲမွတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ရတဲ့အခါ အကူအညီပေးဖို့အတွက် မလေးရှားမှာ ယာယီလူမှုဖူလုံရေး အစီအစဉ်တွေ ရှိနေပြီး၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေးဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ်။
    ပူထရာဂျာယာ နိုင်ငံတကာ ညီလာခံခန်းမမှာ မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ငါးရက်တာကျင်းပခဲ့တဲ့ အဲဒီ FAO APRC ညီလာခံကို အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၄၆ နိုင်ငံက ကိုယ်စားလှယ် ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာဟာရမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ အနာဂတ်စိုက်ပျိုးမွေးမြူရေးနဲ့ လူငယ်အခန်းကဏ္ဍ စတဲ့ အကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။
    Ref: IINA
  • ၀န်ကြီးချုပ်ဟောင်း မဟာသီကို နိုင်ငံပိုင်ကုမ္ပဏီမှ မလေးရှားဖယ်ရှား
    မတ် ၁၁၊ ၂၀၁၆
    M-Media
    malay
    – မကြာသေးခင်ကာလအတွင်း ၀န်ကြီးချုပ်အပါအ၀င် မလေးရှားအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အား နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ အကြံပေးအဖြစ်မှ ကက်ဘိနတ်က ယနေ့တွင် ဖယ်ရှားလိုက်သည်ဟု သိရသည်။
    မဟာသီယာမှာ လက်ရှိအစိုးရကို မထောက်ခံသောကြောင့် အစိုးရနှင့်ဆက်စပ်သည့်ကိစ္စများတွင် မည်သည့်ရာထူးမှ ရှိတော့မည်မဟုတ်ဟု ၀န်ကြီးချုပ်ရုံးမှ ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် မဟာသီယာ ဦးဆောင်ခဲ့သည် “နိုင်ငံသားများကြေငြာချက်” မှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား ဖြုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အဆိုပါ ကြေငြာချက်က ဆိုသည်။
    Petronas မှာ မလေးရှားအစိုးရ၏ အမြတ်အစွန်းနှင့် ပြည်ပ၀င်ငွေရရှိသည့် တစ်ခုတည်းသော နိုင်ငံပိုင်လုပ်ငန်းဖြစ်သည်။
    Ref : Channelnewsasia
  • မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ
    မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ
    မတ် ၄၊ ၂၀၁၆
    M-Media
    mahathir 2
    – မလေးရှားရှိ နိုင်ငံရေးအဖွဲ့အသီးသီးမှ ခေါင်းဆောင်များမှာ ယနေ့မနက်ပိုင်းတွင် စုပေါင်းကာ ၀န်ကြီးချုပ် နာဂျစ်အား ရာထူးမှ ဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခုကို စတင်ကြေငြာလိုက်ပြီး နိုင်ငံအတွင်း နိုင်ငံရေးတင်းမာမှုများကို အရှိန်မြှင့်လိုက်ခြင်းလည်းဖြစ်သည်။
    နာဂျစ်အစိုးရအား ဆန့်ကျင်သူများ ပါဝင်သည့် အဆိုပါ မဟာမိတ်အဖွဲ့ကို ခြစားမှုနှင့် မတော်မတရား အုပ်ချုပ်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည့် ၀န်ကြီးချုပ်နာဂျစ်အား ဖယ်ရှားရန် ဦးဆောင်တိုက်တွန်းခဲ့သော ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
    ဥပဒေနှင့်ညီညွတ်ပြီး အကြမ်းမဖက်သောနည်းလမ်းဖြင့် နာဂျစ်အား ဖယ်ရှားမည်ဟု ကတိပြုထားသည့် ကြေငြာချက်တစ်ခုကို အခမ်းအနားသို့ တက်ရောက်လာသည့် လူပုဂ္ဂိုလ် ၅၈ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး၊ ၀န်ကြီးချုပ်နှင့် ပတ်သက်သူများ၊ ၎င်းအား ကာကွယ်ပေးသူများကိုလည်း အရေးယူသွားမည်ဟု ထပ်လောင်း ကတိပြုထားသည်။ လက်မှတ်ရေးထိုးသူများတွင် အာဏာရပါတီ၊ အတိုက်အခံနှင့် ထိပ်တန်း အရပ်ဖက်အဖွဲ့အစည်းများမှ ထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။
    “နာဂျစ် ရာဇတ် ဦးဆောင်တဲ့ အစိုးရလက်ကနေ မလေးရှားကို ကယ်တင်ဖို့အတွက် ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်ချက်၊ ပါတီ၊ လူကြီး၊ လူငယ် မခွဲခြားဘဲ မလေးရှားနိုင်ငံသားအားလုံး ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါလို့ တိုက်တွန်းပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    လက်မှတ်ရေးထိုးသူ အချို့ကမူ နာဂျစ်အားနှုတ်ထွက်စေရန် ဖိအားပေးခြင်းမျိုးကိုသာ ပိုမိုလိုလားပြီး၊ ဒေါက်တာ မဟာသီယာက မလေးရှား၏ ဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် လမ်းမပေါ်သို့ ထွက်၍ ဆန္ဒပြမှုကို လုပ်ဆောင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုကို ပြည်သူလူထုထောက်ခံရေး ဆော်သြရန် မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် စုရုံးမှုတစ်ခုတွင် ပါဝင်ရန် လက်မှတ်ရေးထိုးသူများက သဘောတူညီခဲ့ကြသည်။
    မလေးရှားအစိုးရက ယနေ့နှောင်းပိုင်းတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုလှုပ်ရှားမှုမှာ မဟာသီယာ၏ ကြံမရာမရဖြစ်မှုကို ဖော်ပြနေကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြည်သူများက ၎င်းတို့ဆန္ဒဖြင့် လက်ရှိအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သောကြောင့် ထိုအစိုးရကို ဖြုတ်ချရန် နောက်ထပ် ရွေးကောက်ပွဲကို စောင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
    Ref: Channelnewsasia
  • မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်
    မလေးဝန်ကြီးချုပ်ဟောင်း အာဏာရပါတီမှ နှုတ်ထွက်မည်
    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media
    mahathir
    – ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို အားပေးထောက်ခံနေသည်ဟု ယူဆသောကြောင့် အာဏာရ UMNO ပါတီမှ နှုတ်ထွက်တော့မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။
    မလေးရှားကို နှစ်အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သည့် မဟာသီယာမှာ နိုင်ငံတွင်းတွင် လေးစားခံရဆုံး၊ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးလည်း ဖြစ်သည်။ နာဂျစ်မှာ နိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ရန်ပုံငွေ ပြဿနာနှင့်ပတ်သက်ကာ ခြစားမှုရှိနေသည်ဟု ပြီးခဲ့သည့် လများအတွင်း စွပ်စွဲခံထားရသည်။
    မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အစီရင်ခံစာအရ ၀န်ကြီးချုပ်နာဂျစ်တွင် အပြစ်မရှိကြောင်း ရှေ့နေချုပ်က ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် ကော်မရှင်အား ကြီးကြပ်သည့်အဖွဲ့က ပြန်လည်အမိန့်ပေးခဲ့သည်။
    “UNMO မှာ နောက်ထပ် ကျွန်တော် ပါဝင်မှာ မဟုတ်တော့ပါဘူး။ အဲဒါက နာဂျစ်ပါတီပါ။ ခြစားမှုမှာ အလိုတူအလိုပါ ဖြစ်နေတဲ့ ပါတီနဲ့ ပတ်သက်ရတဲ့အတွက် ကျွန်တော် ရှက်မိပါတယ်” ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာက ပြောကြားခဲ့သည်။
    သို့သော်လည်း မိမိအနေဖြင့် ပါတီသစ်ထောင်ခြင်း၊ အခြားပါတီများသို့ ၀င်ရောက်ခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Arabnews