မေ ၃၊ ၂၀၁၆
M-Media
– ဟာလာနည်းကျ ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးနိုင်ငံများစာရင်းမှာ မလေးရှားနိုင်ငံဟာ ၆ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေတယ်လို့ ခရီးသွားဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Tourist Review Online မှာ ဖော်ပြထားပါတယ်။
မွတ်စလင်ခရီးသွားဈေးကွက်အတွက် ဘယ်လိုစီမံဆောင်ရွက်ပေးလဲဆိုတဲ့ စံနှုန်းသတ်မှတ်ချက်အပေါ် မူတည်ပြီး ကမ္ဘာ့မွတ်စလင်ခရီးသွားအညွှန်းကိန်း (GMTI) အရ နိုင်ငံပေါင်း ၁၃၀ ကျော်ကို အဆင့်သတ်မှတ်ခဲ့ရာမှာ မလေးရှားနိုင်ငံက ဒီလို ထိပ်ဆုံးမှာ ရှိခဲ့တာဖြစ်ပါတယ်။
ဒီအညွှန်းကိန်းကို Master Card ကုမ္ပဏီနဲ့အတူ ဟာလာ ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေတဲ့ CrescentRating ကုမ္ပဏီက စီစစ်သတ်မှတ်တာဖြစ်ပြီး၊ အဲဒီစာရင်းမှာ မွတ်စလင် ၄၈ နိုင်ငံနဲ့ မွတ်စလင်မဟုတ်တဲ့နိုင်ငံ ၄၉ နိုင်ငံ ပါဝင်ခဲ့ပါတယ်။
ယူအေအီးနိုင်ငံကတော့ တူရကီကိုကျော်ပြီး ကမ္ဘာ့မွတ်စလင်ခရီးသွားများ အကြိုက်နှစ်သက်ဆုံး နံပါတ် ၂ နေရာမှာ ရှိခဲ့ကာ အင်ဒိုနီးရှားက အဆင့် ၄ နေရာကို တက်လာခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်အများစုမဟုတ်တဲ့ နိုင်ငံတွေက မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နိုင်ငံတွေထဲမှာ စင်ကာပူက ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ထိုင်ဝမ်နဲ့ ဂျပန်တို့ကလည်း အဆင့်တွေ တက်လာခဲ့ပါတယ်။
မွတ်စလင်ခရီးသွားတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် မွတ်စလင်နိုင်ငံ ၁၀ ခု ကတော့ မလေးရှား၊ ယူအေအီး၊ တူရကီ၊ အင်ဒိုနီးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ မော်ရိုကို၊ ဂျော်ဒန်နဲ့ အီဂျစ်တို့ဖြစ်ကာ၊ မွတ်ဆလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာတော့ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ တောင်အာဖရိက၊ ဟောင်ကောင်၊ ပြင်သစ်၊ ထိုင်ဝမ်၊ ဂျပန်၊ သီရိလင်္ကာနဲ့ အမေရိကန်ပြည်ထောင်စုတို့က ထိပ်တန်းနေရာမှာ ရှိနေပါတယ်။
Ref: IINA