News @ M-Media

Tag: malaysia

  • မလေးရှားဝန်ကြီးချုပ် ငွေကြေးအရှုပ်တော်ပုံ သက်ဆိုင်သူများ ငြင်းဆို

    မလေးရှားဝန်ကြီးချုပ် ငွေကြေးအရှုပ်တော်ပုံ သက်ဆိုင်သူများ ငြင်းဆို

    ဇူလိုင် ၃၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်၏ ကိုယ်ပိုင်ဘဏ်အကောင့်သို့ အစိုးရပိုင် မလေးရှားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ 1MDB က ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး လွှဲပြောင်းပေးခဲ့သည်ဟု Wall Street ဂျာနယ်၏ ဖော်ပြမှုအား 1MDB က ယနေ့တွင် ငြင်းဆိုလိုက်သည်။

    “ယမန်နေ့အစောပိုင်းက မီဒီယာမှာတက်လာခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး 1MDB မှ ရှင်းရှင်းလင်းလင်းပြောချင်တာက ကုမ္ပဏီဟာ ၀န်ကြီးချုပ်ကို ဘယ်လို ရန်ပုံငွေမှ မပေးခဲ့ပါဘူး။ နောက်ထပ်အကြံပြုလိုတာက မီဒီယာဌာနတွေဟာ အလွန့်အလွန်ကို တာဝန်မဲ့ပြီး
    ကုမ္ပဏီပျက်စီးစေဖို့ တမင်တကာ ကြိုးပမ်းမှုဖြစ်တယ်ဆိုတာပါပဲ” ဟု 1MDB က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    1MDB ကုမ္ပဏီမှာ ၎င်းတို့နှင့် ဆက်စက်နေသာ ကုမ္ပဏီများ၊ အေဂျင်စီများနှင့် ဘဏ်များမှတစ်ဆင့် ၀န်ကြီးချုပ် နာဂျစ်ဘ်၏ အကောင့်ထဲသို့ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းများကို ကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ၎င်း၏ ဘဏ်အပ်ငွေစာရင်း ၅ ခုတွင် အများဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၆၂၀ တစ်ကြိမ်၊ ၆၁ သန်း တစ်ကြိမ်တို့ဖြစ်ကာ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်နေစဉ် ၂၀၁၃ ခုနှစ် မတ်လအတွင်းက လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    1MDB ကုမ္ပဏီမှာ အကြွေး ၁၁.၆ ဘီလီယံရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး နာဂျစ်ဘ်မှာ အဆိုပါကုမ္ပဏီ အကြံပေးဘုတ်အဖွဲ့၏ ဥက္ကဌရာထူးကို ရယူထားသူဖြစ်သည်။ ထိုကုမ္ပဏီကို မလေးရှား ဗဟိုဘဏ်၊ စာရင်းစစ်ချုပ်၊ ရဲတပ်ဖွဲ့နှင့် ပါလီမန်၏ ပြည်သူ့ငွေစာရင်းကော်မတီတို့က သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    စာရင်းစစ်ချုပ်ကမူ ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် ၎င်းတို့ စုံစမ်းစစ်ဆေးမှု ကြားဖြတ်အစီရင်ခံစာကို တင်သွင်းသွားရန် ရှိနေသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးချုပ်ရုံးကလည်း ယနေ့နံနက်ပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နာဂျစ်ဘ်နှင့်ပတ်သက်သည့် ပြောဆိုမှုများမှာ မိမိတို့စီးပွားရေးတွင် ယုံကြည်မှုပျက်ပြားစေရန်၊ အစိုးရအား ဂုဏ်သိက္ခာကျစေရန်နှင့် ဒီမိုကရေစီနည်းကျ
    ရွေးကောက်ထားသည့် ၀န်ကြီးချုပ်အား ဖယ်ရှားရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: Channelnewsasia

  • တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို  မလေးရှားဖမ်းဆီး

    တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို မလေးရှားဖမ်းဆီး

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    kinabalu

    – ဒေသခံတိုင်းရင်းသားများ အထွဋ့်အမြတ်ထားရာ ကင်နာဘာလူတောင်တွင် မဖွယ်မရာ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး မလေးမစားပြုလုပ်ခဲ့သည့် အနောက်တိုင်းသား ၄ ဦးကို မလေးရှားက ဖမ်းဆီးလိုက်ပြီး ထိုထဲမှ တစ်ဦးမှာ ဗြိတိန်အမျိုးသမီးဖြစ်သည်ဟု သိရသည်။

    ၎င်းတို့ လေးဦးအား လေးရက်ကြာ ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က တရားရုံးမှ အမိန့်စာရခဲ့ပြီး အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသည့် မလျော်ကန်သော အပြုအမူကို ပြုလုပ်သည့် စွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု ကင်နာဘာလူတောင်တည်ရှိရာ ဆာဘားပြည်နယ် ရဲမင်းကြီး ဂျလာလွတ်ဒင်း အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။

    နိုင်ငံခြားသား ၁၀ ဦးခန့်မှာ ကင်နာဘာလူတောင်ပေါ်တွင် အင်္ကျီများချွတ်ကာ ဓာတ်ပုံရိုက်ခဲ့ကြပြီး အင်တာနက်စာမျက်နှာပေါ်သို့ မေလ ၃၀ ရက်နေ့တွင် လွှင့်တင်ခဲ့ကြသည်။ ၎င်းတို့ ဓာတ်ပုံရိုက်ပြီး ရက်အနည်းငယ်ကြာ ပြီးခဲ့သည့် သောကြာနေ့က အဆိုပါတောင်၌ ငလျင်လှုပ်ခဲ့ပြီး လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။

    ဖမ်းဆီးခံခဲ့ရသူများမှာ ကနေဒါနိုင်ငံသား နှစ်ဦး၊ ဗြိတိန်အမျိုးသမီး ၁ ဦးနှင့် ဒက်ခ်ျ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ကွာလာလမ်ပူသို့လာရောက်ရန် ပြင်ဆင်နေစဉ် လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ရဲတပ်ဖွဲ့သို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အဘ်ဒူလ်ရဟ်မန်ကမူ ကျန်ရှိသည့် ၆ ဦးကိုလည်း ဆက်လက် ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။

    မလေးရှား၏ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ကို ဒေသခံ ကာဒါဇန် ဒူဆန် လူမျိုးစုများက ၎င်းတို့အဘိုးအဘွားများ၏ ၀ိဥာဉ်များ ကိန်းဝပ်ရာ မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါ နိုင်ငံခြားခရီးသွားများမှာ တောင်ပေါ်တွင် ဆီးများ သွားခဲ့ကြသည်ဟု ဆိုသည်။ ထိုကဲ့သို့ အပြုအမူများက ဒေသခံများကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး အချို့ကမူ ထို မလေးစားသည့် အပြုအမူများကြောင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

    တောင်တက်ခရီးသွားများ ကြိုက်နှစ်သက်ရာ နေရာတစ်ခုဖြစ်သည့် ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ရာတွင် အော်ခြင်း၊ ဟစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် မလေးစားသည့်အပြုအမူများကို မပြုလုပ်ရန် ဧည့်လမ်းညွှန်များက ခရီးသွားများကို သတိပေးလေ့ရှိသည်။

    Ref: BBC

  • ချာ့ခ်ျတွေက မွတ်စ်လင်မ်တွေကို ဘာသာပြောင်းအောင် မလုပ်နိုင်ဟု ကာတာ အခြေစိုက် ပညာရှင်ပြော

    ချာ့ခ်ျတွေက မွတ်စ်လင်မ်တွေကို ဘာသာပြောင်းအောင် မလုပ်နိုင်ဟု ကာတာ အခြေစိုက် ပညာရှင်ပြော

    M-Media
    မေ ၂၆၊၂၀၁၅
    jasser_auda_gmm_roundtable_20150525_620_413_100
    ၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ Global Movement of Moderates Foundation က ကြီးမှူးကျင်းပတဲ့ မကာစစ်ဒုရှရီအဟ်(တရားတော်အမြင်မြှင့်တင်ရေး) စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။

    မွတ်စ်လင်မ်လူများစုရပ်ဝန်းအတွင်းက ချာ့ခ်ျဘုရားကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်း တွေကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ မွတ်စ်လင်မ်တွေကို ရည်ညွှန်းပြီး “အစ္စလာမ့်ဘောင် အပြင်ရောက်ခြင်း ကိစ္စတွေက အဆောက်အဦတွေကြောင့် မဟုတ်ဘူး၊ယုံကြည်ချက် အယူဝါဒကြောင့် သာဖြစ်တယ်” လို့ ဒိုဟာအခြေစိုက် အစ္စလာမ့် ပညာရှင် ဒေါက်တာ Jaseer Auda က ဆွေးနွေးပွဲစကားဝိုင်းမှာပြောကြားလိုက်ပါတယ်။

    မေလ ၁၇ ရက်နေ့က Kuala Selangor နယ်၊ Puncak Alam က မွတ်စ်လင်မ် လူများစုရပ်ဝန်းထဲ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရေးစီစဉ်မှုကြောင့် ဒေသခံ မွတ်စ်လင်မ် ၃၀၀ မှ ၅၀၀ အကြားလူထုက ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။

    အလားတူစွာပဲ ပြီးခဲ့တဲ့လအတွင်း မွတ်စ်လင်မ် လူများစုရပ်ဝန်းထဲ ချာ့ခ်ျကျောင်းသစ်တစ်ခုရဲ့မျက်နှာစာမှာ လက်ဝါးကပ်တိုင်ပြသထားခြင်းက အစ္စလာမ်ကိုစိန်ခေါ်တာဖြစ်တယ်၊ မွတ်စ်လင်မ်လူငယ်တွေအပေါ် သြဇာသက်ရောက်စေတယ်ဆိုပြီး Pelaling Jaya က TAman Medan နယ်ခံလူ ၅၀ မှ ကန့်ကွက်ခဲ့ကြပါတယ်။

    အပြည်ပြည်ဆိုင်ရာ အစ္စလာမ်သာသနာ့ပညာရှင်များသမဂ္ဂ International Union of Muslim Scholars ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Dr. Jaseer Auda က စားပွဲဝိုင်းဆွေးနွေးပွဲပြီးနောက် သတင်းထောက်များကို ဒီလိုပြောကြားခဲ့ပါတယ်။

    “ကျွန်တော် အီဂျစ်က လာတာပါ။ ကျွန်တော်တို့ဆီ ကနေရာတိုင်းမှာ ဗလီတွေနဲ့ကပ်လျက် ချာ့ခ်ျကျောင်းတွေ ရှိနေကြတာပါပဲ။ ကျွန်တော်တို့ ဒီပုံစံ အတိုင်း နေထိုင်လာကြတာ နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။ ကိုင်ရိုမှာကြီးပြင်းလာသူ တစ်ဦးအနေနဲ့ ဒီအရာကို ပြဿနာတစ်ရပ် အဖြစ် မမြင်ပါဘူး။ ဘာသာကူးပြောင်းခြင်းဆိုတာက သီးသန့်ကဏ္ဍသာဖြစ်ပါတယ်။ လူတွေက မိမိတို့ရဲ့ယုံကြည်ချက် အရသာ ကူးပြောင်း သက်ဝင်ကြတာပါ၊ ဘုရားကျောင်း တည်ဆောက်ခြင်းမတည်ဆောက်ခြင်းနဲပ ဘာမှမသက်ဆိုင်ပါဘူး။ မလေး မွတ်စ်လင်မ်တွေက ၀တ်ပြုနေရာ၊ အလ္လာဟ်ဆိုတဲ့ အမည်နာမ အသုံးပြုမှု၊ စည်းမျဉ်းပြဋ္ဌာန်း ကျင့်သုံးစေရေး စတဲ့ အသေးအဖွဲ ကဏ္ဍများထဲမှာ အာရုံစိုက်လွန်းတဲ့ အပေါ် ကျွန်တော် မှင်သက် အံ့သြသွားရပါတယ်။ အဲ့ဒါတွေအစား ပညာရေး၊ လူထုကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ လူမှုစီးပွားဆိုင်ရာ အဓိကကျတဲ့ပြဿနာတွေကို ပိုမိုအလေးထားသင့်တယ်လို့ သတိပေးလိုပါတယ်။ ဒါ့အပြင် အယူဝါဒ အသီးသီးက အထွဋ်အမြတ်ထားတဲ့ ၀တ်ပြုနေရာတွေကို ဆန့်ကျင်တာဟာ သက်ဆိုင်ရာ ဘာသာဝင်တွေကို စော်ကားရာရောက်နေပါတယ်။ ဘာသာတရားတိုင်း မိမိတို့ရဲ့ဝတ်ပြုနေရာကို လွတ်လပ်စွာ တည်ဆောက်ခွင့်ရှိကြပါတယ်။” ။

    Ref : The Malay Mail Online

  • မလေးရှားနယ်စပ်တွင် လူကုန်ကူးစခန်းများနှင့် လူများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာများကို တွေ့ရှိ

    မလေးရှားနယ်စပ်တွင် လူကုန်ကူးစခန်းများနှင့် လူများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာများကို တွေ့ရှိ

    မေ ၂၄၊ ၂၀၁၅
    M-Media

    malay

    – မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံတို့မှ ပြောင်းရွှေ့လာသူများဟု ယူဆရသူများ၏ ရုပ်အလောင်း ရာနှင့်ချီ၍ ပါဝင်သော လူများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို မလေးရှားတွင် တွေ့ရှိခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

    ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိသော နိုင်ငံမြောက်ပိုင်း ပါရ်လစ်ပြည်နယ်ရှိ နေရာနှစ်ခုတွင် မြှုပ်နှံထားသောနေရာ ၃၀ ခန့်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဟု သတင်းများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ပြည်ထဲရေးဝန်ကြီး အဟ်မဒ် ဇာဟစ် ဟာမီဒီက ပါဒန်ဘဆားရ်မြို့ရှိ လူကုန်ကူးစခန်း ၁၇ ခုအနီးတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများအား ထူးဖော်နေသည်ကို အတည်ပြုခဲ့ပြီး တာဝန်ရှိသူများ ရောက်ရှိသည့်အခါ ထိုစခန်းများမှာ စွန့်ပစ်ခံထားရသည်ဟု ထည့်သွင်းပြောကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုသည်။

    The Star သတင်းစာကမူ သောကြာနေ့က တူးဖော်ခဲ့သည့် နေရာတစ်ခုတွင် အလောင်းပေါင်း ၁၀၀ ခန့် တွေ့ရှိခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ ရုပ်အလောင်းများမှာ လူကုန်ကူးမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး မြန်မာနိုင်ငံအနောက်ပိုင်းမှ လူနည်းစု ရိုဟင်ဂျာများ၏ ရုပ်အလောင်းများလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု တာဝန်ရှိသူတစ်ဦးက
    ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံမြောက်ပိုင်းမှာ မြန်မာနိုင်ငံတွင် ငြှင်းပန်းနှိပ်စက်ခံရသောကြောင့် ထွက်ပြေးလာသည်ဟုဆိုသော ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အလုပ်လုပ်ရန် လာသောသူများအား လှေဖြင့်ခေါ်ဆောင်လာသည့် လူကုန်ကူးသူများအတွက် အဓိကလမ်းကြောင်းလည်း ဖြစ်သည်။

    မေလဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်တွင် လူကုန်ကူးစခန်းများနှင့် ရွှေပြောင်းလာသူများကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာများကို တွေ့ရှိခဲ့ရသည်။

    Ref: Reuters

  • မြေးဖြစ်သူကို မွတ်စလင်တစ်ယောက်အဖြစ် ပြုစုပြိုးထောင်ပေးခဲ့သည့် မွတ်စလင်မဟုတ်သူ  တရုတ်အဘွားအိုကို မလေးရှားဂုဏ်ပြု

    မြေးဖြစ်သူကို မွတ်စလင်တစ်ယောက်အဖြစ် ပြုစုပြိုးထောင်ပေးခဲ့သည့် မွတ်စလင်မဟုတ်သူ တရုတ်အဘွားအိုကို မလေးရှားဂုဏ်ပြု

    မေ ၁၂၊ ၂၀၁၅
    M-Media

    mother days

    – မိခင် နေမကောင်းဖြစ်ခဲ့ပြီးနောက် ခိုကိုးရာမဲ့နေသော မွတ်စလင်မြေးမလေးအား ဘာသာတရား ကွဲပြားခြားနားမှုကို ဘေးဖယ်ကာ ပြုစုပျိုးထောင်ပေးခဲ့သည့် တရုတ်လူမျိုး အဘွားအိုတစ်ဦးကို မလေးရှားက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။

    “မြေးလေး ဘာသာရေးအသိပညာ ကောင်းကောင်းရဖို့ ကျွန်မဟာ သူ့ကို ဘာသာရေးကျောင်းနဲ့ ကုရ်အာန်အတန်းတွေကို ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ ပြီးတော့ မြေးလေးရဲ့ ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရာတွေကို ကျေပွန်ဖို့လည်း ကျွန်မ သေသေချာချာ ဆောင်ရွက်ပေးပါတယ်” ဟု တန် ဂွမ် နီယို ညိုညာ ပိုပိုက မလေးရှားသတင်းစာတစ်စောင်ဖြစ်သော
    Bernama သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် တရုတ်လူမျိုး ပိုပိုမှာ မလေးရှားအစိုးရမှ မာလာကာတွင်ပြုလုပ်သော အမေများနေ့ အထိမ်းအမှတ်အခမ်းအနား၌ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးမိခင်ဆုကို ရရှိခဲ့သည်။

    သူမက မြေးဖြစ်သူ ဖာဟီရာ နဘီလာ အစ္စဟန်ကို အသက် ၄ လအရွယ်မှ စတင်ကာ ပြုစုစောင့်ရှောက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။ ပိုပိုမှာ ၎င်းကိုယ်တိုင် အစ္စလာမ်ဘာသာဝင်တစ်ဦး မဟုတ်သော်လည်း မြေးဖြစ်သူအား အသက် ၅ နှစ်အရွယ်မှစ၍ နေ့စဉ်ဝတ်ပြုမှု ပြုလုပ်ရန်၊ ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလဆောက်တည်ရန်တို့ အပါအ၀င်
    အစ္စလာမ့်သွန်သင်ချက်များကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ကူညီပေးသည်။

    “သူ့ရဲ့ အယူဝါဒကို ကာကွယ်ပြီး၊ အဲဒီအယူဝါဒကို လက်တွေ့လိုက်နာကျင့်သုံးအောင် တိုက်တွန်းရင်းနဲ့ မြေးမလေးကို လူလားမြောက်အောင် ဆောင်ရွက်ရတာ လွယ်တော့မလွယ်ပါဘူး။ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ တစ်ခါတုန်းက ရွာသူကြီးဟာ ကျွန်မအိမ်ကိုရောက်လာတယ်။ ကျွန်မ မြေးမလေးကို စောင့်ရှောက်ဖို့ တတ်နိုင်မှာမဟုတ်ဘူးဆိုပြီး မိဘမဲ့ဂေဟာကို သွားပို့ဖို
    ပြောပါတယ်။ ဒါပေမယ့် ကျွန်မက ငြင်းခဲ့ပါတယ်” ဟု ပိုပိုက ထပ်လောင်းပြောကြားခဲ့သည်။

    အခြားသူများလည်း ဂုဏ်ပြုခံရ

    ပိုပိုအပြင် မလေးရှားအစိုးရ၏ အမေများနေ့ အခမ်းအနား၌ အခြားသော အမျိုးသမီးများမှာလည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုနှင့် မိခင်စိတ်ဓာတ်တို့အတွက် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

    အဆိုပါအခမ်းအနားသို့ ၀န်ကြီး အီဒရစ် ဟာရွန်၊ မလေးရှား အမျိုးသမီး၊ မိသားစုဖွံ့ဖြိုးရေးနှင့် သက်သာချောင်ချိရေးကော်မတီ ဥက္ကဌ လာတီဖာအိုမာရ်တို့ တက်ရောက်ခဲ့ကြပြီး အသက် ၇၃ နှစ်အရွယ် ရိုကိုင်ယဟ် အလ်ဝီ၊ အသက် ၅၉ နှစ်အရွယ် အာရ် ကာလီယာနီတို့မှာလည်း ဂုဏ်ပြုဆု ချီးမြှင့်ခံရသူများတွင် အပါအ၀င်ဖြစ်ခဲ့သည်။

    ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိသည့် သားဖြစ်သူအား ယခုအချိန်ထိ ပြုစုစောင့်ရှောက်ပေးနေသည့် အသက် ၁၀၁ နှစ်အရွယ် အဘွားအိုတစ်ဦးမှာလည်း ဂုဏ်ပြုခံခဲ့ရသည်။

    “ကျွန်မသားဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ ၀န်ထုတ်ဝန်ပိုး မဖြစ်ပါဘူး။ သူ ရင်ခွင်ပိုက်အရွယ်ကတည်းက ကျွန်မ ရေချိုးပေးတယ်၊ ထမင်းကျွေးတယ်၊ အ၀တ်အစားတွေ ၀တ်ပေးပါတယ်။ သားကို ကျွန်မ တစ်သက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ။ ကျွန်မ သူ့ကို သိပ်ချစ်ပါတယ်” ဟု အဆိုပါအဘွားအိုက ပြောကြားခဲ့သည်။

    လူဦးရေ ၂၆ သန်းနီးပါးရှိသော မလေးရှားတွင် မလေး၊ တရုတ်နှင့် အိန္ဒိယလူမျိုးများမှာ အဓိက လူမျိုးစုများဖြစ်ကြပြီး အစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်သူ မလေးလူမျိုးများမှာ စုစုပေါင်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်း ရှိသည်။

    အစ္စလာမ်တွင် မိဘများအား သားသမီးတို့က ဂုဏ်ပေးအလေးထားရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ သြ၀ါဒတော်များမှတစ်ဆင့် အတိအကျ သွန်သင်ထားသည်။

    တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) လက်ထက်က သာဝကကြီးတစ်ပါးမှာ အလ္လာဟ်အရှင်မြတ်ပြီးနှင့် တမန်တော်မြတ်ပြီးလျှင် မည်သူ၏ တာဝန်ဝတ္တရားအား ကျေပွန်ရမည်နည်းဟု မေးမြန်းရာ ကိုယ်တော်က

    “အသင်၏ မိခင်၊ အသင်၏ မိခင်၊ အသင်၏ မိခင်အပေါ် ကောင်းမွန်စွာဆက်ဆံပြီး ၎င်း၏ ၀တ္တရားအား ကျေပွန်ပါ။ ပြီးနောက် အသင်၏ ဖခင်၊ ဆွေမျိုးနီးစပ်တို့နှင့် အခြားသူများအား ကောင်းမွန်စွာဆက်ဆံပြီး ၎င်းတို့၏ တာဝန်ဝတ္တရာများအား ကျေပွန်ပါ” ဟု မိန့်ကြားတော်မူခဲ့သည်။ (ဘူခါရီကျမ်း၊ သြ၀ါဒတော်အမှတ် ၅၉၇၁)

    Ref: Onislam