News @ M-Media

Tag: malaysia

  • ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို မလေးရှား လက်ခံမည်

    ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို မလေးရှား လက်ခံမည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    ref

    – ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ရင်ဆိုင်နေရသည့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် မိမိတို့မှာ ဒုက္ခသည် ၃၀၀၀ ကို လာမည့် ၃ နှစ်အတွင်း လက်ခံသွားမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် တွန် ရာဇတ်က ပြောကြားလိုက်သည်။

    စစ်ပွဲများကြောင့် တိုင်းပြည်မှ ထွက်ပြေးနေရသည့် ဆီးရီးယားပြည်သူများအတွက် မွတ်စလင်အများစုရှိရာ နိုင်ငံများမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။

    ဆီးရီးယားပြည်သူ ၄ သန်းခန့်မှာ ပြီးခဲ့သည့်လေးနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ခက်ခဲကြမ်းတမ်းမှုများနှင့် ဆင်းရဲမွဲတေမှုများဖြင့် ရုန်းကန်နေရသည်။ မလေးရှားမှာ ဆီးရီးယားဒုက္ခသည်များအတွက် အကူအညီများကိုလည်း ယခင်က ပေးအပ်ခဲ့သည်။

    “လူအများစုဟာ နှစ်အတော်ကြာ  စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်။ ငတ်ပြတ်ခဲ့ရတယ်။ ပြီးတော့ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရတယ်။ ဒါ့ကြောင့်ပဲ မလေးရှားက တာဝန်ယူလိုက်တာပါ” ဟု နာဂျစ်ဘ်က ကြာသာပတေးနေ့တွင် အကြိမ် ၇၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားပြည်သူများ၏ ဒုက္ခသုက္ခများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ နည်းလမ်းအသစ်များ လိုအပ်သည်ဟုလည်း နာဂျစ်ဘ်ကဆိုသည်။

    “လူမျိုး၊ ဘာသာကို ကျွန်တော်တို့ ကျော်ကြည့်တဲ့အချိန်၊ မျှော်လင့်ချက်ပျက်သုဉ်းနေတဲ့ ပြောင်းရွှေ့အခြေချသူတွေရဲ့ ပုံရိပ်တွေကို မြင်ရတဲ့အချိန်၊ အသက် ၃ နှစ်အရွယ် အေလန်ကာဒီလေးရဲ့ အလောင်း ကမ်းခြေမှာလာတင်တဲ့ သွေးပျက်ဖွယ်ဓာတ်ပုံကို မြင်ရတဲ့အချိန်တွေမှသာ ကျွန်တော်တို့ဟာ ပိုကောင်းကောင်း ဆောင်ရွက်ကြမှာပါ”

    Ref: TheStar

  • မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး ကွာလာလမ်ပူရှိ ASTRO All Asia Broadcast Centre တွင် သြဂုတ်လ ၂၅ ရက် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တရားဝင်ကြေညာခဲ့သည်။

    “ဟုတ်ပါတယ်။ ကျွန်မ အစ္စလာမ်ကို မနေ့က တရားဝင် ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျွန်မဘ၀ရဲ့ အပျော်ဆုံးနေ့ပါပဲ” ဟု စတေစီ အေအက်ဖ်ဟု အမည်တွင်သည့် ပေါ့အဆိုတော် စထရာစီ အန်ဂီ အေနမ်က ပြောကြားခဲ့သည်။

    ဟိဂျဘ်ဝတ်ဆင်ထားသည့် စထရာစီ ရှာဟာဒါ (အစ္စလာမ်သို့ သက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုနေသော ဗီဒီယိုမှာ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ပြီးနောက် ၎င်း၏သတင်းနှင့်ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။

    စထရာစီမှာ နိုင်ငံတောင်ပိုင်း ဂျိုဟိုးမြို့ရှိ ဂျိုဟိုးဘာရူးပြည်နယ် အစ္စလာမ့်ရေးရာ ရုံးခန်းတွင် အစ္စလာမ်သို့ တရားဝင် ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ သာသနာ့ဘွဲ့အမည်ကို အွမ်မူ ဆိုင်ယေခါ ဘင်တီ အေနမ်ဟု မှည့်ခေါ်ခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ၎င်း၏ မိဘနှစ်ပါးစလုံးမှာ ဘေးနားတွင် ရှိနေခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ထရာစီမှာ သီချင်းအလ်ဘမ် ၄ ခု ထွက်ရှိထားပြီး ၎င်း၏ အယူဝါဒ ပြောင်းလဲသက်ဝင်မှုနှင့်ပတ်သက်၍ ပရိတ်သတ်များက မေးခွန်းမထုတ်ရန် မျှော်လင့်နေသည်။

    “အရင်က ကျွန်မဟာ ခရစ်ယာန်တစ်ဦးပါ။ အဲဒီအတွက်လည်း ကျွန်မ ဂုဏ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒါက စိတ်နှလုံးသား ကိစ္စပါ။ ပြီးတော့ ကျွန်မဟာ အစ္စလာမ်ကို မြတ်နိုးတွယ်တာမိခဲ့ပါပြီ။ အစ္စလာမ်ကိုလက်ခံဖို့ ကျွန်မရဲ့ နှလုံးသည်းပွတ်ကိုက အဆင်သင့်ဖြစ်နေပါပြီ။ လူတိုင်းက ဒါကို လေးစားမယ်လို့လည်း ကျွန်မ မျှော်လင့်ပါတယ်”

    ကောလဟာလ

    ထရာစီမှာ ကျော်ကြားသည့် အစ္စလာမ်ဘာသာဝင် မင်းသား အကင်မ် အဟ်မဒ်နှင့် ချစ်ကျွမ်းဝင်နေပြီး အဟ်မဒ်နှင့်လက်ထပ်ရန်အတွက် ထိုကဲ့သို့ ဘာသာပြောင်းခြင်းဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းအပေါ် ၎င်းက ငြင်းဆိုခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် ဒါဟာ မမှန်ပါဘူး။ ကျွန်မ အကင်မ်နဲ့ လက်ထပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ လက်ထပ်ချင်လို့ ဘာသာပြောင်းတယ်ဆိုရင် မင်္ဂလာဆောင်ရက် သတ်မှတ်ပြီးမှ လုပ်မှာပေါ့။ မွတ်စလင်တစ်ယောက်ဖြစ်ရတာ တော်တော်တာဝန်ကြီးပါတယ်။ သင်ဖို့လိုတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အခု ကျွန်မရဲ့အာရုံစိုက်မှုက မွတ်စလင်အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လေ့လာသင်ယူဖို့ပါပဲ” ဟု စထရာစီက ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သူမ ရှဟာဒါထွက်ဆိုနေသည်ကို ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခဲ့မှုအတွက် စိတ်ကသိကအောက်ဖြစ်ရသည်ဟု စထရာစီက ဆိုသည်။

    “သတင်းကောင်းကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး ကျွန်မ အစ္စလာမ်ကိုပြောင်းလဲသက်ဝင်တာကို ကျွန်မရဲ့မိသားစုဝင်အချို့က မသိသေးပါဘူး။ ဒီဓာတ်ပုံနဲ့၊ ဗီဒီယိုတွေကို မြင်တဲ့အခါ သူတို့ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒီခဏတာဟာ မြင့်မြတ်တဲ့ အချိန်အခါဖြစ်ပြီး ကျွန်မနဲ့ ဘုရားသခင်ကြားက အထူးကာလလေးပါ။ ဒါ့ကြောင့် တစ်ယောက်ယောက်က ဒါကို ရိုက်ကူးပြီး ကျွန်မရဲ့ သဘောတူညီချက်မရဘဲ ဖြန့်ဝေတာဟာ စိတ်ပျက်စရာပါပဲ။ သစ်လွင်မွတ်စလင်ဖြစ်တဲ့ ကျွန်မ သူ့ကို ခွင့်လွှတ်လိုက်ပါတယ်”

    Ref: Onislam

  • Mercy Malaysia မှ ရခိုင်အပါအ၀င် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေ

    Mercy Malaysia မှ ရခိုင်အပါအ၀င် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေ

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    malay 1
    Mercy Malaysia ၏ ပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများ၌ အတိဒုက္ခရောက်နေကြသူများအား ကူညီရေး ရန်ပုံငွေများ ထည့်ဝင်ကြရန် မလေးရှားအကူအညီပေးရေးအဖွဲ့ Mercy Malaysia က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

    Mercy Malaysia အဖွဲ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရွေ့လျား ဆေးပေးခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နေပြီး အစိုးရကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။

    ၎င်းတို့၏ လေ့လာဆန်းစစ်ရေးအဖွဲ့မှာ အရေးပေါ် အကူအညီများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးသို့လည်း သွားရောက်ခဲ့ကြသည်။

    “အရေးပေါ်အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ လိုအပ်ချက်ဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်” ဟု Mercy Malaysia အဖွဲ့၏ အကြီးအကဲဖြစ်သူ စအစ်ဒ် အလ်ဟုဒ်ဇာရီက ပြောကြားခဲ့သည်။

    မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၃၈ မြို့နယ်တွင် ကျန်းမာရေး အဆောက်အဦး ၂၈၅ ခု ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

    Mercy Malaysia ၏ အရေးပေါ် အကူအညီပေးရေးလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံတွင် သီတင်းပတ် လေးပတ်တာ ကြာမြင့်မည်ဖြစ်သည်။

    စအစ်ဒ်ကမူ ဆန်းစစ်တွက်ချက်မှုများအရ မိမိတို့အဖွဲ့က ဦးတည်ထားသော ဒေသများ၌ အပြည့်အ၀ အကူအညီပေးရေး လုပ်ငန်းစဉ်များတွက် ရန်ပုံငွေမှာ ရင်းဂစ် ၁ သန်းခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။

    Ref: The Star

  • MH17 ပျက်ကျသည့်နေရာမှ ရုရှားလုပ် ဒုံးကျည်ဟု ယူဆရနိုင်သော အစိတ်အပိုင်းများ တွေ့ရှိ

    MH17 ပျက်ကျသည့်နေရာမှ ရုရှားလုပ် ဒုံးကျည်ဟု ယူဆရနိုင်သော အစိတ်အပိုင်းများ တွေ့ရှိ

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားလေကြောင်းလိုင်းမှ MH17 လေယာဉ် ပျက်ကျခဲ့သော ယူကရိန်းအရှေ့ပိုင်းရှိ နေရာတွင် ရုရှားလုပ် BUK ဒုံးကျည်မှ ဖြစ်နိုင်သည့် အပိုင်းအစများကို တွေ့ရှိခဲ့သည်ဟု ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဟော်လန်နှင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးသူများမှာ မြေပြင်မှ ဝေဟင်ပြစ် BUK ဒုံးကျည်မှ ဖြစ်နိုင်သော အရေးပါသည့် အစိတ်အပိုင်း ၇ ခုကို စစ်ဆေးနေသည်ဟု ဟော်လန်ပြည်သူ့ တရားသူကြီး ဖရဒ် ၀က်စတာဘီကီက ဆိုသည်။

    တရားသူကြီးများနှင့် ဟော်လန်ဘေးအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့ OVV မှ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါအပိုင်းအစများမှာ ယူကရိန်းအရှေ့ပိုင်းရှိ အခင်းဖြစ်ပွားရာနေရာ၌ ပြုလုပ်ခဲ့သည့် ယခင်ရှာဖွေရေး လုပ်ငန်းများအတွင်း ရရှိခဲ့ခြင်းဖြစ်ပြီး၊ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် OVV တို့က သိမ်းဆည်းထားသည်ဟု ဖော်ပြခဲ့သည်။

    MH17 ခရီးသည်တင်လေယာဉ်မှာ ယူကရိန်းအစိုးရတပ်များနှင့် ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အချိန် ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံလိုက်ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည် ၂၉၈ ဦစလုံး သေဆုံးသွားခဲ့သည်။

    ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက ရုရှားမှ ထောက်ပံ့ပေးထားသော BUK ဒုံးကျည်ဖြင့် အဆိုပါလေယာဉ်အား ပစ်ချခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော်လည်း ရုရှားနှင့် ခွဲထွက်ရေးသမားများက ထိုစွပ်စွဲမှုကို ငြင်းဆိုခဲ့ကြပြီး ယူကရိန်းစစ်တပ်အား လက်ညှိုးထိုးခဲ့သည်။

    စုံစမ်းစစ်ဆေးသူများကမူ BUK ဒုံးကျည်မှ ဖြစ်နိုင်သည့် အပိုင်းအစများမှာ တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ပြောကြားခဲ့သည်။

    “အဲဒီမှာတွေ့ခဲ့တဲ့ အစိတ်အပိုင်းတွေက ဥပမာအားဖြင့် MH17 ကို ပစ်ချခဲ့တဲ့ BUK ဒုံးကျည်ကလားဆိုတာကို ပြောဖို့ တော်တော်စောနေပါသေးတယ်” ဟု ၀က်စတာ ဘီကီက နိုင်ငံပိုင် NOS သတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူပါဝင်ခဲ့သည်ဆိုသည်ကို ရှာဖွေတွေ့ရှိရန် အမှန်တစ်ကယ် နီးစပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    stream_img

    – အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပျက်အစီး အစိတ်အပိုင်းမှာ လွန်ခဲ့သည့် ၁ နှစ်က ပျောက်ဆုံးသွားခဲ့သော MH370 လေယာဉ်မှ ဖြစ်မည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ကို မလေးရှားက
    စေလွှတ်လိုက်သည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက စေလွှတ်လိုက်ခြင်းဖြစ်ပြီး မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း ထိုကဲ့သို့ စေလွှတ်ကြောင်း အတည်ပြုခဲ့သည်။

    ပြင်သစ် လေယာဉ်ပျက်စုံစမ်းရေးအေဂျင်စီ BEA ကမူ ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပိုင်းအစ တစ်ခုကို လေ့လာမှုများ ပြုလုပ်နေသော်လည်း MH370 မှ ဖြစ်သည်ဆိုသည်ကိုမူ ပြောရန် စောလွန်းနေသောကြောင်း ယမန်နေ့အစောပိုင်းက ပြောကြားခဲ့သည်။

    အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါအပျက်အစီးကို မစစ်ဆေးရသေးဟု ဆိုပြီး ကျွမ်းကျင်သူများကမူ ဓာတ်ပုံများအရ ထိုအစိတ်အပိုင်းမှာ လေယာဉ်တောင်ပံမှ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

    ခရီးသည် ၂၃၉ ဦးနှင့် လေယာဉ်အမှုထမ်းများကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းလာသော အဆိုပါ MH370 လေယာဉ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက အစရှာမရဘဲ ပျောက်ဆုံးသွားခဲ့ပြီး အရပ်ဘက်လေကြောင်းသမိုင်းတွင် ပဟေဠိဖြစ်စရာအကောင်းဆုံး ကိစ္စများမှ တစ်ခုလည်း ဖြစ်သည်။ ထိုလေယာဉ်တွင် လိုက်ပါသွားသူ ခရီးသည်အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

    ဘိုးအင်း ၇၇၇ ဖြစ်သည့် အဆိုပါလေယာဉ်အား ရှာဖွေမှုကို သြစတေးလျနိုင်ငံက ဦးဆောင်ပြုလုပ်နေပြီး အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းတစ်လျှောက်တွင် အာရုံစိုက်ရှာဖွေမှုများ ပြုလုပ်နေသည်။

    AP သတင်းဌာနမှ ယမန်နေ့က ဖော်ပြရာတွင် အိန္ဒိယသမုဒ္ဒရာထဲ၌ တွေ့ရှိခဲ့သော အဆိုပါ အစိတ်အပိုင်းမှာ ဘိုးအင်း ၇၇၇ လေယာဉ်မှ ဖြစ်နိုင်ချေများသည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera