News @ M-Media
Tag: malaysia
  • ခြစားမှု စွပ်စွဲချက်အတွက် ဖိအားပေးသောကြောင့် ဒုတိယ၀န်ကြီးချုပ် ကို မလေးဝန်ကြီးချုပ်နာဂျစ်ဘ် ထုတ်ပယ်
    ခြစားမှု စွပ်စွဲချက်အတွက် ဖိအားပေးသောကြောင့် ဒုတိယ၀န်ကြီးချုပ် ကို မလေးဝန်ကြီးချုပ်နာဂျစ်ဘ် ထုတ်ပယ်
    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media
    malaysia
    – ခြစားမှုအရှုပ်အထွေးပတ်သက်၍ ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် မလေးရှား ဒုတိယ၀န်ကြီးချုပ် မူဟ်ယစ်ဒင် ယာဆင်ကို ၀န်ကြီးချုပ် နာဂျစ်ဘ်ရာဇတ်က ထုတ်ပယ်လိုက်သည်ဟု သိရသည်။
    အစိုးရကျောထောက်နောက်ခံပြုထားပြီး အကြွေးနွံနစ်သော 1MDB ဖွံ့ဖြိုးရေးကုမ္ပဏီမှာ ၎င်းတို့၏ ဆက်နွယ်နေသည့် ဘဏ်များမှ ၀န်ကြီးချုပ်နာဂျစ်ဘ်၏ ဘဏ်အကောင့်ထဲသို့ ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး လွှဲပေးခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်များက သတင်းထွက်ပေါ်လာခဲ့သည်။
    ဒုတိယ၀န်ကြီးချုပ် မူဟ်ယစ်ဒင် ယာဆင်ကမူ နာဂျစ်ဘ်နှင့် အခြားတာဝန်ရှိသူများက ထိုပြဿနာကို ကောင်းမွန်စွာ စီမံနိုင်ခြင်းမရှိပါက အာဏာရ ညွှန့်ပေါင်းအစိုးရအနေဖြင့် နောက်ထပ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားနိုင်သည်ဟု ယခုတစ်ပတ်တွင် ပြောကြားခဲ့သည်။
    ထုတ်ပယ်ခံလိုက်ရသည့် မူဟ်ယစ်ဒင်၏နေရာကို ညွန့်ပေါင်းအစိုးရအား ဦးဆောင်ဖွဲ့စည်းထားသည့် UMNO ပါတီမှ အဖွဲ့ဝင်များကဲ့သို့ လက်ယာယိမ်း နိုင်ငံရေးသမားဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဇာဟစ်ဒ် ဟာမီဒီနှင့် အစားထိုးခဲ့သည်။
    “တန် ဆရီ မူဟ်ယစ်ဒင်ကို အစားထိုးဖို့ ဆုံးဖြတ်ချက်ဟာ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဆိုတာ မှန်တယ်ထင်တာကို လုပ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ တိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးခဲ့တဲ့ တန်ဆရီ မူဟ်ယစ်ဒင်ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကက်ဘိနက်မှာ မရှိကြတော့တဲ့ ၀န်ကြီးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု နာဂျစ်ဘ်က ယနေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ ချစားမှုပြဿနာ ပေါ်ပေါက်လာပြီးနောက် ထိုကိစ္စအတွက် ဖြေရှင်းပေးရန် ပြည်သူလူထု၏ ဆော်သြတိုက်တွန်းမှုကို မူဟ်ယစ်ဒင်က ထောက်ခံခဲ့သည်။
    Ref: Aljazeera
  • မလေးရှားမှာ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်ဟု အန်ဝါရ် အီဗရာဟင်ပြော
    မလေးရှားမှာ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်ဟု အန်ဝါရ် အီဗရာဟင်ပြော
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    – နိုင်ငံတွင် ၀န်ကြီးချုပ်အသစ်တစ်ယောက် လိုအပ်နေသည်သာမကဘဲ အုပ်ချုပ်ရေးနှင့် စီမံခန်ခွဲရေးတွင် အလုံးစုံသော ပြောင်းလဲမှု လိုအပ်နေသည်ဟု မလေးရှားအတိုက်အခံနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါရ် အီဗရာဟင်က ပြောကြားလိုက်သည်။
    လိင်တူဆက်ဆံမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် အီဗရာဟင်မှာ ၀န်ကြီးချုပ် နာဂျစ်ဘ်ရာဇတ်၏ ချစားမှုစွပ်စွဲချက် ထွက်ပေါ်လာပြီးနောက်  ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် စိုးရိမ်မိသည်ဟုဆိုသည်။
    “ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအဖြစ် တာဝန်ထမ်းဆောင်ဆဲ ၀န်ကြီးချုပ်ဟာ တိုင်းပြည်ရန်ပုံငွေ မလျော်မကန်ပြုမှုအတွက် စုံစမ်းစစ်ဆေး ခံနေရပါတယ်။ ဒီသံတိုင်နောက်နေ ကျွန်တော် စိုးရိမ်မကင်းဖြစ်မိပြီး၊ ကျွန်တော့်တိုင်းပြည်အတွက်လည်း သောကရောက်ပါတယ်” ဟု မစ္စတာအန်ဝါရ်က ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
    အန်ဝါရ်မှာ ၎င်း၏ ပါတီ Keadilan Rakyat မှတစ်ဆင့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး အကြွေးနွံနစ်နေသော အစိုးရကျောထောက်နောက်ခံပြု ဖွံ့ဖြိုးရေးကုမ္ပဏီ 1MDB မှ ၀န်ကြီးချုပ် ရာဇတ်၏ ဘဏ်အကောင့်သို့ ကန်ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းပေးခဲ့သည်ဟူသော စွပ်စွဲချက်များကို ရည်ညွှန်းထားသည်။
    ပါဝင်သည့် အထူးလုပ်ငန်းအဖွဲ့မှာ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။
    အန်ဝါရ်ကမူ အာဏာရ ညွန့်ပေါင်းအဖွဲ့မှာ လက်ရှိ နိုင်ငံ့ရေးရာများကို အပြည့်အ၀ တာဝန်ယူရန် လိုအပ်သည်ဟု ဆိုသည်။
    “သူတို့ရဲ့ချစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အသိဥာဏ်မဲ့မှုနဲ့ အုပ်ချုပ်ရေး ဆိုးဆိုးရွားရွား ညံ့ဖျင်းမှုတွေက မလေးရှားကို ဒီအခြေအနေမျိုးရောက်အောင် ခေါ်ဆောင်လာခဲ့တာပါပဲ။ ဂရိရဲ့ စီးပွားရေး လုံးဝ ပြိုလဲသွားတာဟာ ကျွန်တော်တို့
    ချစ်လှစွာသောတိုင်းပြည်ကြီးလည်း ဒီလိုဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက် ဖြစ်ပါတယ်”
    ထို့ပြင် တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့ကဲ့သို့ နိုင်ငံ၏ အဓိက အသင်းအဖွဲ့များ ပြုပြင်ပြောင်းလဲခြင်း၊ ရွေးကောက်တင်မြှောက်သည့်စနစ် ပြုပြင်ပြောင်းလဲခြင်းတို့အပါအ၀င် နိုင်ငံအတွင်း ပြောင်းလဲရေးလုပ်ငန်းများကို ချက်ခြင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီကို လမ်လွဲစေပြီး
    ပြည်သူလူထု၏အသံများကို ထွက်မရအောင်လုပ်ထားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ အားလုံးကိုလည်း ပြုပြင်ရန် အန်ဝါရ်က တိုက်တွန်းခဲ့သည်။
    Ref: Channelnewsasia
  • တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး
    တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    Untitled-1
    – IS အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူ နိုင်ငံသား နှစ်ဦးကို မြို့တော် ကွာလာလမ်ပူတွင် ဖမ်းဆီးခဲ့သည်ဟု မလေရှားရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
    ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါနှစ်ဦစလုံးမှာ နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။
    သံသယရှိသူ ပထမတစ်ဦးကို ဇူလိုင်လ ၂ ရက် ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ကွာလာလမ်ပူ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် အဆိုပါအမျိုးသားမှာ ဥရောပတွင် IS အဖွဲ့သားများနှင့် ထိတွေ့ခဲ့ပြီး ၎င်းတို့က ကလန်းဗာလီဒေသရှိ ဖျော်ဖြေရေးအဆောက်အဦးများနှင့် မြို့တော်အတွင်းရှိ အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို တိုက်ခိုက်မှုများ ပြုလုပ်ရန်
    ညွှန်းကြားခဲ့သည်ဟု ယုံကြည်ရသည်။
    ဒုတိယမြောက်တစ်ဦးမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဆီးရီးယားတွင် IS အဖွဲ့နှင့် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာရကာ မလေးရှားသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။
    ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းအပြင် အစွန်းရောက်အတွေးအခေါ်များကို ရေးသားထားသော စာရွက်စာတမ်းများ၊ ကိရိယာတန်ဆာပလာ ၀ယ်ယူထားသည့် ဘောက်ချာများကို သိမ်းဆည်းရမိခဲ့သည်။
    မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲကမူ ထိုအဖြစ်အပျက်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး IS ၏ အကြီးတန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် ဒေသခံများမှာ အကြမ်းဖက်တိုက်ခိုက်မှုများ စီစဉ်ရန် အခြေအနေ မြင့်တက်လာမှုကို ရောင်ပြန်ဟပ်စေသည်ဟုလည်း ဆိုသည်။
    Ref: Channelnewsasia
  • တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော
    တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော
    ဇူလိုင် ၇၊ ၂၀၁၅
    M-Media
    malay
    – နိုင်ငံပိုင် ငွေကြေးအရှုပ်အရှင်း ပြဿနာနှင့် ရင်ဆိုင်နေရသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်က မိမိမှာ တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဘဲ ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းပြောကြားလိုက်သည်။
    နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီဖြစ်သော 1MDB မှ ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးကို နာဂျစ်ဘ်က ရယူခဲ့သည်ဟု Wall Street ဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း မလေးရှား နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။
    နာဂျစ်ဘ်ကမူ ထိုသတင်းမှာ “နိုင်ငံရေး အဖျက်အမှောက်လုပ်ခြင်း” ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂျာနယ်အား တရားစွဲဆိုရန် စီစဉ်နေသည်ဟု ဆိုသည်။
    သို့သော်လည်း နာဂျစ်ဘ်မှာ ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံများက ၀န်ကြီးချုပ်အား အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲရေးအတွက် အရေးပေါ်အစည်းအဝေးခေါ်ရန် ပါလီမန်အား တိုက်တွန်းထားကာ နာဂျစ်ဘ်၏ အနာဂတ်အတွက် ဆွေးနွေးချင်နေသည်။
    မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်မှ ကျောင်းသားရေးရာ ကောင်စီကလည်း လက်ရှိအချိန်တွင် နာဂျစ်ဘ်အား ရာထူးမှအနားပေးကာ ၎င်းနှင့်ပတ်သက်သည့် ချစားမှုစွဲချက်များကို စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ ဒုတိယ၀န်ကြီးချုပ် မူဟ်ယစ်ဒင် ယာစင်က တိုင်းပြည်အား ဦးဆောင်ရန် တိုက်တွန်းခဲ့သည်။
    နာဂျစ်ဘ်ကမူ မိမိ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို တွန်းလှန်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေရန် ကြိုးစားသွားမည်ဖြစ်ပြီး UMNO ပါတီခေါင်းဆောင်များ၊ PAS ပါတီမှ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင် ဟာရွန်ဒင်တို့၏ မိမိအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော် ပြည်သူတွေကို သစ္စာမဖောက်ခဲ့ပါဘူး။ အမှန်တရားကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာပါ။ တည်ငြိမ်ကြပါ။ အမှန်တရားဟာ ပြန့်နှံ့လာပါလိမ့်မယ်” ဟု ယမန်နေ့က အခမ်းအနားတစ်ခုတွင် နာဂျစ်ဘ်က ပြောကြားခဲ့သည်။
    ထို့ပြင် အစိုးရနှင့်ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို မမှန်ကန်ကြောင်း ပြသရေးတွင် နိုင်ငံရေး ခံယူချက်များ မတူညီသော်လည်း ပြည်သူများ၊ ခေါင်းဆောင်များအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် စုစုစည်းစည်းရှိကြရန်လည်း တိုက်တွန်းခဲ့သည်။
    Ref: Channelnewsasia
  • မလေးရှားရှိ ဘေးချင်းကပ် ဗလီနှင့် ခရစ်ယာန် ဘုရားကျောင်းတို့ စုပေါင်း ၀ါဖြေပွဲ ကျင်းပ
    မလေးရှားရှိ ဘေးချင်းကပ် ဗလီနှင့် ခရစ်ယာန် ဘုရားကျောင်းတို့ စုပေါင်း ၀ါဖြေပွဲ ကျင်းပ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    malay
    – လူ့အဖွဲ့အစည်းအတွင်း နားလည်မှုများကို မြှင့်တင်သည့်အနေဖြင့် မလေးရှား အရှေ့မြောက်ပိုင်း ဆာရာဝပ်ပြည်နယ် မီရီမြို့တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခုနှင့် ဗလီဝတ်ကျောင်းတော်တစ်ခုတို့ ပူးပေါင်း၍ အစ်ဖ်သာရ်ဝါဖြေပွဲကို ပြုလုပ်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ ဘာသာရေးလူ့အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပြသခဲ့ကြသည်။
    “ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ဒီလို နားလည်လက်ခံမှုကို ခံစားရတာဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဟု ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သည် ဒါတွတ် လီက The Strait Times သို့ ဇူလိုင်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
    လီမှာ မီရီမြို့တွင် ဘေးချင်းကပ်လျက်တည်ရှိသော ဗလီဝတ်ကျောင်းတော်နှင့် ခရစ်ယာန်ဘရားကျောင်းတို့မှ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ပူးပေါင်းကျင်းပသည့် စုပေါင်းဝါဖြေပွဲကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
    သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ စုပေါင်းဝါဖြေပွဲသို့ အင်ဂလိကန်၊ ကက်သလစ်၊ ဘော်နီယို ဧ၀ံဂေလိနှင့် မက်သဒစ် စသည့် ခရစ်ယာန်အသင်းတော်ပေါင်းစုံမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့် မွတ်စလင်များ တက်ရောက်ခဲ့ကြသည်။
    လူတောင်ဘဇားဒေသတွင် ရှိနေကြသည့် အန်နအီမ်း ဗလီဝတ်ကျောင်းတော်နှင့် Good Shepherd ဘုရားကျောင်းတို့မှာ မီတာ ၁၀၀ သာ ကွာဝေးပြီး ခရစ်ယာန်တို့၏ တနင်္ဂနွေ ၀တ်ပြုကိုးကွယ်သည့်အချိန်နှင့် မွတ်စလင်တို့၏ သောကြာနေ့ ၀တ်ပြုမှု အချိန်များတွင် လာရောက်သူများအတွက် တစ်ဖက်နှင့်တစ်ဖက် ကားပါကင်များကို မျှဝေသုံးစွဲကြသည်။
    “ကားပါကင်တွေ မျှဝေသုံးစွဲတာ၊ ပွဲတွေ အတူတူလုပ်ကြတာဟာ ကျွန်တော်တို့ရဲ့ ဘ၀တည်ဆောက်မှုနည်းလမ်း ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့အတွက်တော့ မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ မိသားစုကြီး တစ်ခုပါပဲ” ဟု ရှေ့ဆောင်အီမာမ်တစ်ပါးဖြစ်သူ မိုဟာမက် ဇူလ်ကီဖလီ မိုဟာမက် အဒ်နန်က ပြောကြားခဲ့သည်။
    အဆိုပါ စုပေါင်းဝါဖြေပွဲသို့ တက်ရောက်လာကြသူများမှာ ကိတ်မုန့်များ၊ သစ်သီးဝလံများကို အပြန်အလှန် မျှဝေခဲ့ကြပြီး နောက်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ ၀င်ရောက်ကာ စုပေါင်း ၀ါဖြေခဲ့ကြသည်။
    “ဒီဒေသက ဒီလို အပြန်အလှန် နားလည်လက်ခံမှုဟာ သဘာဝအတိုင်း ဖြစ်လာတာပါ” ဟု သင်းအုပ်ဆရာ ဒေါ်နဲလ် ဂျူတီက ပြောကြားခဲ့သည်။
    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် ၆၀ ရာခိုင်နှုန်းခန့်မှာ အစ္စလာဘာသာဝင်များ ဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင်များမှာ ၉.၁ ရာခိုင်နှုန်းရှိသည်။ ဗုဒ္ဓဘာသာဝင်မှာ ၁၉.၂ ရာခိုင်နှုန်း၊ ဟိန္ဒူ ၆.၃ ရာခိုင်နှုန်းနှင့် အခြားသော တရုတ်ရိုးရာ ဘာသာတရားများစွာလည်း ရှိနေသည်။
    Ref: Onislam