News @ M-Media

Tag: malaysia

  • မလေးရှားနိုင်ငံ BM တွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ၊ သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသား နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media
    Two Myanmar women brutally murdered
    – မလေးရှားနိုင်ငံ ဘူကစ်မာသာချန်မြို့(BM)  Kampung Setol တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံသားအမျိုးသမီးနှစ်ဦး ရထားလမ်းဘေးတွင် အသတ်ခံရမှုတစ်ခု  ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ဌေးဌေးသန်းဆိုသူအမျိုးသမီးမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ အသက် ၄၁ နှစ်အရွယ်ရှိ သန်း ဟုသာ သိရသည့် အမျိုးသမီးမှာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။

    နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းသွား လမ်းလာတစ်ဦးက အမျိုးသမီးများ၏ အော်သံကိုကြားခဲ့ရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ပြီး ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်ဟု ပြည်နယ် CID အကြီးတန်းအရာရှိ မာဇ်လန် ကေဆာက ပြောကြားခဲ့သည်။

    ထို့ပြင် ယခင်က စက်ရုံအလုပ်သမများဖြစ်ကြပြီး ယခုအခါ အလုပ်လက်မဲ့ဖြစ်နေသည့် ထိုအမျိုးသမီးနှစ်ဦးစလုံးမှာ လမ်းသွားနေရင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ၊ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တန်ဖိုးရှိပစ္စည်းများကို သတ်ဖြတ်သူများက ယူသွားခြင်း မရှိကြောင်း ကေဆာက ပြောကြားခဲ့သည်။

    စုံစမ်း စစ်ဆေးနေမှုများနှင့်ပတ်သက်၍ “အခင်းဖြစ်ပွားပြီး မိနစ် ၃၀ အတွင်းမှာ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာနားမှာရှိတဲ့ ကားမှတ်တိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ မျက်မြင်သက်သေတစ်ဦး၏ ပုံပန်းသဏ္ဍာန်ဖော်ပြမှုမှတစ်ဆင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြသည်ဟု ကေဆာက ထပ်လောင်းပြောကြားခဲ့သည်။

    သံသယရှိသူနှစ်ဦးစလုံးအား လူသတ်မှုပုဒ်မ ၃၀၂ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အခင်းဖြစ်ပွားရာတွင်အသုံးပြုသည့် လက်နက်ကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ ထိုဒေသတွင် နေထိုင်သည်မှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပြီး၊ လူသတ်မှုနှင့် ပက်သက်သည့် သတင်းအချက်အလက်များ ရခဲ့ပါက သတင်းပေးရန် ရဲတပ်ဖွဲ့က ဆော်သြထားသည်။

    Ref: The Star

  • မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (မလေးရှား) မှ ဦးစီး ကျင်းပမည့် သတ္တမအကြိမ် စာပေဟောပြောပွဲ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media
    ဇင်မင်း

    sarpayhalpyawpwae2

    မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (မလေးရှား) မှ ၂၀၀၇ခုနှစ်ကတည်းက နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော မြန်မာ စာပေဟောပြောပွဲများကို ၂၀၁၃ ခုနှစ်တွင်လည်း သတ္တမအကြိမ်မြောက် အဖြစ် ကွာလာလမ်ပူမြို့ (KL) နှင့် ဂျိုဟိုးမြို့ (Johor) များတွင် ကျင်ပရန် စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

    ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် စာပေဟောပြောပွဲကို ဆရာမ စန်းစန်းနွဲ့ (သာယာဝတီ)၊ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) နှင့် ဆရာ ညီမင်းညို တို့အား ဖိတ်ကြားထားပြီး ကွာလာလမ်ပူမြို့နှင့် ဂျိုဟိုးမြို့များတွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည်ဟု သိရသည်။

    ကွာလာလမ်ပူမြို့     ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၁ရက်
    ကျင်းပမည့်အချိန်  —– ၁.၁.၂၀၁၄ (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀နာရီမှ ညနေ ၅နာရီထိ။
    ကျင်းပမည့်နေရာ —— SM ကုန်တိုက် ၆ထပ်ရှိ ဟောခန်း၊ ကိုတာရာယာ ကုန်တိုက်အနီး။

    ဂျိုဟိုးမြို့      ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်
    ကျင်းပမည့်အချိန်  —– ၂၉.၁၂.၂၀၁၃ (တနင်္ဂနွေနေ့)၊ နေ့လည် ၁၂နာရီမှ ညနေ ၇ နာရီအထိ
    ကျင်းပမည့်နေရာ —— Dewan Raya Zaman Saleng Jaya Saleng kulai jaya, Tj mart, Johor

    သတ္တမအကြိမ်မြောက် စာပေဟောပြောပွဲ လက်မှတ်များကို ကွာလာလမ်ပူမြို့များတွင် 012-3489 756၊ 017-2418 500၊ 012-3888 480  ဖုန်းနံပါများနှင့် အောက်ဖော်ပြပါ ကြော်ငြာစာရွက်ပါ (ကိုတာရာယာ) နှင့် ဂျိုဟိုးမြို့မှ မြန်မာစတိုးဆိုင်များတွင် အခမဲ့ရရှိနိုင်ကြောင်း သိရှိရပါသည်။

    စာပေဟောပြောပွဲသို့ ကြွရောက်ကြမည့် ပရိသတ်များအတွက် အစားအသောက်များဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊ ပျော်ရွှင်စရာ အစီအစဉ်အဖြစ် ကံစမ်းမဲများ ဖောက်ပေးသွားမည်ကြောင်း စုံစမ်းသိရှိရပါသည်။

    မလေးရှားနိုင်ငံရှိ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အောက်ပါအတိုင်း နှစ်စဉ် မြန်မာပြည်မှ စာရေးဆရာများကိုဖိတ်ခေါ်၍ စာပေဟောပြောပွဲများကို အောင်မြင်စွာပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
    ပထမအကြိမ် (၂၀၀၇ ခုနှစ်)- ကွာလာလမ်ပူမြို့တွင်
    စာရေးဆရာ ချစ်စံဝင်း၊ ကံချွန်၊ နေ၀င်းမြင့် နှင့် ဆရာမလမင်းအိမ် တိုအားလည်းကောင်း

    ဒုတိယအကြိမ် (၂၀၀၈ ခုနှစ်)- ကွာလာလမ်ပူမြို့တွင်
    စာရေးဆရာ ဖေမြင့်၊ လယ်တွင်းသားစောချစ် နှင့် ဆရာမဒေါ်ကြူကြူသင်း တို့အားလည်းကောင်း

    တတိယအကြိမ် (၂၀၀၉ ခုနှစ်)- ကွာလာလမ်ပူမြို့နှင့် ပီနန်းမြို့များတွင်
    စာရေးဆရာ ချစ်ဦးညို၊ နေ၀င်းမြင့် နှင့် ဆရာမဂျူး တို့အားလည်းကောင်း

    စတုတ္တအကြိမ် (၂၀၁၀ ခုနှစ်)- ကွာလာလမ်ပူမြို့နှင့် ပီနန်းမြို့များတွင်
    စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဟိန်းလတ် နှင့် ဆရာမဒေါ်ခင်ခင်ထူး တို့အားလည်းကောင်း

    ပဉ္စမအကြိမ် (၂၀၁၁ ခုနှစ်)- ကွာလာလမ်ပူမြို့၊ ပီနန်းမြို့နှင့်အီပို့မြို့များတွင်
    စာရေးဆရာ ဦးအောင်သင်း၊ ဦးကျော်ဝင်း၊ ကာတွန်းအော်ပီကျယ် နှင့် ဆရာမနုနုရည်(အင်းဝ) တို့အားလည်းကောင်း

    ဆဌမအကြိမ် (၂၀၁၂ ခုနှစ်)- ကွာလာလမ်ပူမြို့၊ ဂျိုဟိုးမြို့များတွင်
    စာရေးဆရာ ခင်မောင်ညို (ဘောဂ)၊ ဆရာကျော်ရင်မြင့် နှင့် ဆရာမမစန္ဒာ တို့အားလည်းကောင်း ဖိတ်ကြား၍ နှစ်စဉ်အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    sarpayhalpyawpwae

  • မလေးရှားတွင် ကားတိုက်မှုဖြစ်ပွား မြန်မာ အမျိုးသမီးနှစ်ဦး အပါအ၀င် လူ ၆ ဦးသေဆုံး

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    6 foreigners die in car crash
    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ်ပုန် ပန်ဒန်ဒေသတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ကားတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါကားမှာ Nissan Skyline အမျိုးအစားဖြစ်ပြီး ကွန်ကရစ်အဆီးအတားတစ်ခုအား တိုက်မိခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    သေဆုံးခဲ့သူ ၆ ဦးတွင် ၅ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အသက် ၂၀ အရွယ် ပီပီ၊ ၂၆ နှစ်အရွယ် အက်စတာဆူးနှင့် ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ အရွယ် ဆီဆိုအိုင်လင်း၊ အသက် ၂၆ နှစ်အရွယ် မွန်တီဂျိုနှင့် အသက် ၂၄ နှစ်အရွယ် မေရီဂရေစ့် မာကာရေ့ဂ်ျတို့ဖြစ်ကြသည်။

    အခြား တစ်ဦးမှာ ထိုကားမောင်းသူ အသက် ၄၀ အရွယ် ဗြိတိန်နိုင်ငံသား ဆိုင်မွန် ဂျွန် ဟောလ်ဖြစ်သည်။ ဟောလ်မှာ Leighton Offshore ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျာဖြစ်ပြီး  အမျိုသမီး ၅ ဦးတွင် ၄ ဦးမှာ အချိန်ပိုင်း ဖျော်ဖြေရေး စင်တာတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ အခြားတစ်ဦးမှာ အိမ်အကူလုပ်သားဖြစ်သည်ဟု သိရသည်။

    ထိုကားမှာ ကွန်ကရစ် အတားအဆီး တစ်ခုအား ၀င်တိုက်ပြီးနောက် မီတာအနည်းငယ်လွင့်ထွက်သွားပြီး၊ အရှေ့ဘက် ခရီးသည် ထိုင်ခုံဘက်မှ တံခါးမှာ ပြုတ်ထွက်သွားခဲ့ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကူညီရန်ကြိုးစားခဲ့သော်လည်း မီးအရှိန်မှာ အလွန်ပြင်းသည့်အတွက် မကူညီနိုင်ခဲ့ကြောင်း ကားတိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၂၁ နှစ်ရွယ် ကမာရူလ် ဟာမစ် ဟာနစ်ဖ်က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် မီးသတ်ဌာနနှစ်ခုမှ အရာရှိ ၁၃ ဦး ဦးဆောင်ကာ မီးအား ၁ နာရီကြာ ငြိမ်းသက်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
    Ref: NST

    Pic by Effendy Rashid

  • အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ

    အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ

    နိုဝင်ဘာ-၂၉ ၂၀၁၃
    M-Media
    ဓါတ်ပုံအညွှန်း - ကိုဂျန်ဂွတ် ဖေ့ဘွတ်မှ ကူးယူပါသည်။
    ဓါတ်ပုံအညွှန်း – ကိုဂျန်ဂွတ် ဖေ့ဘွတ်မှ ကူးယူပါသည်။

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲ ယနေ့ သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်ခဲ့ကြပါသည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့ရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” အပါ အစ္စလာမ်သာသနာတခုကို စော်ကားသည့် အသုံးအနှုန်းအများကို ကြေညာဆန္ဒပြခဲ့ခြင်းကြောင့် မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်လုပ်ရှားမှု အနေဖြင့် ရှုံ့ချ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

    ………………………………

    Coalition Against Religious Extremism in Myanmar မှ ယနေ့ ၂၉.၁၁.၂၀၁၃ တွင် မလေးရှားရှိ မြန်မာသံရုံး ထံပေးပို့သော Memorandum of Protest ၏ မြန်မာဘာသာပြန်။ 
    ဓါတ်ပုံအညွှန်း - မြန်မာသံရုံးသို့ ပေးပို့သည့်စာအား လက်ခံမည့်သူမရှိသဖြင့် မလေးလူမျိုးခေါင်းဆောင်ကြီး Cikgu Azmi မြန်မာသံရုံး စာပုံးထဲ Memorandum of Protest ပေးပို့နေပုံ
    ဓါတ်ပုံအညွှန်း – မြန်မာသံရုံးသို့ ပေးပို့သည့်စာအား လက်ခံမည့်သူမရှိသဖြင့် မလေးလူမျိုးခေါင်းဆောင်ကြီး Cikgu Azmi မြန်မာသံရုံး စာပုံးထဲ Memorandum of Protest ပေးပို့နေပုံ

    မြန်မာနိုင်ငံ ရှိ ဘာသာရေးအစွန်းရောက်မှုအား ဆန့်ကျင်သည့် မဟာမိတ်အဖွဲ့၏ကန့်ကွက် ဆန္ဒပြပွဲ ထုတ်ပြန်လွှာ

    မြန်မာနိုင်ငံရှိ ဘာသာရေးအစွန်းရောက်မှုအားဆန့်ကျင်သည့်မဟာမိတ်အဖွဲ့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးသို့ ၂၀၁၃-ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉) ရက်နေ့တွင် ဤ ထုတ်ပြန်လွှာ အား ပေးပို့သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်းများမှအစ္စလာမ် ဘာသာအားတိုက်ရိုက် ပေါ်ပေါ်ထင်ထင် စော်ကားခြင်းကို လည်းကောင်း၊ ယင်းသို့စော်ကားမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရ၏ ဆွံ့အ နှုတ်ပိတ်နေမှုကို လည်းကောင်း ကန့်ကွက် ဆန့်ကျင်ထုတ်ပြန်ခြင်း ဖြစ်သည်။

    ပကတိ ဖြစ်ရပ်

    အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ၏ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့လာရောက်လေ့လာ သည် ကို ဆန့်ကျင်သည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာရဟန်းများသည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လမ်းပေါ် ထွက်ကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်း ပြုခဲ့သည်။ ဆန္ဒ ထုတ်ဖော်သည့် ၎င်း ဗုဒ္ဓဘာသာ ရဟန်းများ ကိုင်ဆောင်သော ပိုစတာ တံခွန်များအနက် တစ်ခုတွင် “သားဖောက် နှုန်းမြန်အစ္စလာမ် တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားအားရေး သားထားသည်။ကမ္ဘာ့ဘာသာတရားကြီးတစ်ရပ်အား ဤသို့စော်ကားခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုးအကျည်းတန်သည့် ပြစ်မှုဖြစ်ကြောင်း တစ်ကမ္ဘာလုံး က အကွဲအလွဲမရှိ တစ်သဘောထဲရှိပါသည်။ သို့သော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရသည် ယနေ့တိုင် ကမ္ဘာ့ရာဇဝတ်သားများအား မည်သို့မျှ အရေးယူခြင်းမပြုသည့်အပြင်၊ ၎င်းတစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှု နှင့်ပတ်သက်၍ ဆွံ့အ နှုတ်ပိတ်နေလျှက် ရှိကြောင်းကျွန်ုပ်တို့၏ စောင့်ကြည့် လေ့လာ မှုအရသိရှိရပါသည်။ကျွန်ုပ်တို့ ပြင်းထန်စွာ ကန့်ကွက်သည်

    ကမ္ဘာ့ဘာသာတရားကြီး တစ်ရပ်ဖြစ်သည့် အစ္စလာမ်ဘာသာအားစော်ကားသော တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုး အကျည်းတန် ပြစ်မှုအား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ၏ ဆွံ့အ နှုတ်ပိတ်နေမှုအား။ ကျွန်ုပ်တို့ ပြန်ပြောင်းအမှတ်ရစေသည်ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့်၊ အကြမ်းဖက်မှုတို့ ကို လှုံ့ဆော်သည့် လူမျိုးရေးမုန်းတီးမှု နှင့် ဘာသာရေး မုန်းတီးမှု ကို အားပေးသောကြိုးပမ်းမှုတိုင်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ရှုတ်ချရန် နှင့် ပြစ်မှု အဖြစ်သတ်မှတ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၏ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ဆုံးဖြတ်ချက်အား
    ကျွန်ုပ်တို့တောင်းဆိုသည်
    အစ္စလာမ်ဘာသာအား ပေါ်ပေါ်ထင်ထင်စော်ကားရာတွင် တာဝန်ရှိသည့်သူများအား အမြန်ဆုံးအရေးယူ ရန် နှင့် ရန်လိုမှု၊ အကြမ်းဖက်မှုတို့ကို စေ့ဆော်သည့် လှုံ့ဆော်မှုနှင့် ဘာသာရေးမုန်းတီးမှုတို့ကို ရှေ့တန်းတင် သော မည်သည့်အဖွဲ့အစည်းမျိုး ၏ မည်သည့် လုပ်ရပ်မျိုးကိုမဆို ပိတ်ပင်တားဆီးရန်နှင့် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ရန်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အစိုးရအား၊အစ္စလာမ်ဘာသာ အားစော်ကားသည့် လုပ်ရပ်၊ အစ္စလာမ်ဘာသာအပေါ် ရိုင်းပြသည့် အသုံးအနှုန်းအား ပြန်လည်ရုပ်သိမ်းရန်နှင့်မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စ်လင်မ်များအား တောင်းပန်သည့်ကြေညာချက်အား ကမ္ဘာသိထုတ်ပြန်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
    ၏ ဗုဒ္ဓဘာသာကောင်စီ (သို့) အလားတူအဖွဲ့အစည်းအား၊မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးတင်းမာမှုများနှင့် အုပ်စုဖွဲ့ တင်းမာမှုများအား ရှောင်ရှားနိုင်ရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုံးဖြတ်ချက်နှင့်အညီ၊ ဘာသာတရားအားလုံးအား လေးစားရန် အလို့ငှါ သင့်မြတ်သော မူဝါဒများချမှတ်ရေး အာမခံချက်ပေးရန် အတွက် ပြည်ထောင်
    စုသမ္မတ မြန်မာနိုင်ငံအစိုးရအား၊

    ကျွန်ုပ်တို့ပန်ကြားသည်

    ကမ္ဘာ့ဘာသာကြီးတစ်ရပ်အား စော်ကားမှု အပေါ် မိမိတို့၏ မနှစ်မြို့မှုကို ဖော်ပြရန် ကမ္ဘာ့ပြည်သူများအား။ မြန်မာနိုင်ငံတွင် ဘာသာရေး စော်ကားတိုက်ခိုက်မှု ကို တားဆီး ကာကွယ်ပေးရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအား သတိပေးရန် အာဆီယံ အဖွဲ့ကြီးအား ယင်းသို့သော ရုပ်ဆိုးအကျည်းတန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှု ကိုကန့်ကွက်ရှုတ်ချရန် စစ်မှန်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ်ဘာသာ အပေါ်ထားရှိသည့် မုန်းတီးရေး သဘောထားများ မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေပါက မန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး အား ပြန်လည်သုံးသပ်ရန် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအား

    ကျွန်ုပ်တို့ အာမခံသည်

    အနာဂတ်တွင်မည်သူမဆို၊မည်သည့်ဘာသာတရားကိုမဆို စော်ကားပါက ကျွန်ုပ်တို့ နှုတ်ဆိတ်နေမည်မဟုတ် ကြောင်း။မြန်မာနိုင်ငံတွင် ဘာသာရေး တိုက်ခိုက်သတ်ဖြတ်မှု နှင့် အစ္စလာမ်ဘာသာအား အကြမ်းဖက်မှုများအား ရပ်တန့်စေရန် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတစ်ရပ်ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း။ဗုဒ္ဓဘာသာဝင် လူဦးရေ အများစု ၏ ဘာသာရေးနှိပ်ကွပ်မှုများ ရပ်တန့်စေရန်နှင့် ဘာသာတရားအားလုံးအား လုံခြုံမှုရှိစေရန်မြန်မာနိုင်ငံအား ဖိအားပေးရန်အတွက် အလုံးစုံသော ဘာသာတရားတို့၏ ခေါင်းဆောင်များနှင့် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း။ကျွန်ုပ်တို့အလိုရှိသည်

    ကမ္ဘာတွင်၊ အထူးသဖြင့်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် နှင့် အလုံးစုံသော ဘာသာ ရေးမုန်းတီးရန်လိုမှုများ ရပ်တန့်ရန်။ အစိုးရ မှ အားပေးထောက်ပံ့ထားသော မြန်မာနိုင်ငံရှိ ဘာသာရေးမုန်းတီးမှု အင်အားနှင့် ပတ်သက်၍ ကမ္ဘာမှ အာရုံစူးစိုက်လာရန်နှင့် အကယ်၍ မြန်မာ နိုင်ငံတွင် အခြေအနေ တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိပါ က ကမ္ဘာ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ ကြားဝင် ဆောင်ရွက်မှု ဆုံးဖြတ်ချက်အတွက် တိုက်တွန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

    ပါဝင်သည့် အဖွဲ့အစည်းများ

    Malaysia Consultative Council of Islamic Organizations
    Secretariat for the Ulama Assembly of Asia
    Muslimah Ukhuwwah Association of Malaysia
    TERAS Malay Empowerment Association
    Ulama Association Malaysia , Kuala Lumpur
    Ulama Association of Kedah
    Union of World Rohingya Organizations
    Muslim University Students Movement of Malaysia
    Jama’iy Muslim Ngos Network Perak
    Institute for Community Development and Mobilization , Malaysia
    Rohingya Ulama Council Malaysia
    Burma Muslim Youth Network Malaysia
    Ethnic Rohingya Community Of Arakan Malaysia
    Myanmar Muslim Association Malaysia
    Rohingya Society in Malaysia
    Sejagat Malaysia
    Y.Bhg. Datuk Seri Abdul Hadi Awang – PAS
    Y.Bhg Datuk Raja Kamarul Bahrin Shah – PAS
    Y.Bhg Datuk Mahfuz Omar – PAS
    Y.Bhg Datuk Kamaruddin Jaafar – PAS
    Y.Bhg Datuk Takiyuddin Hassan – PAS
    Dr. Mujahid Yusof – PAS
    Dr. Izani Hussin – PAS
    Dr. Siti Mariah Mahmud – PAS
    Dr. Nik Mazian Nik Mohamad – PAS
    Dr. Mohd Hatta Ramli – PAS
    Ustaz Idris Ahmad – PAS
    Nik Mohamad Abduh Nik Abdul Aziz – PAS
    Nasrudin Hassan – PAS
    Che Rosli Che Mat – PAS
    Khairuddin Aman Razali – PAS
    Wan Hassan Mohd Ramly – PAS
    Khalid Samad – PAS
    Mohamed Hanipa Maidin – PAS
    Siti Zailah Mohd Yusoff – PAS
    Ahmad Baihaki Atiqullah – PAS
    Ahmad Marzuk Shaary – PAS

    လက်မှတ် xxx
    Mohd Azmi Abdul Hamid
    Coordinator

    * * * ရဲရင့်သစ္စာ ဘာသာပြန်ဆိုပါသည်။ * * *

  • အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အစ္စလာမ်ကို စော်ကားသည့် ကိစ္စ မလေးရှား မွတ်စလင်မ်များ ဆန္ဒပြမည်။

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media

    20131125_154658

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲကို လာမည့် သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    မြန်မာနိုင်ငံသို့ OIC ခေါင်းဆောင်များ လာရောက်လေ့လာသည် ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့သည်။ ထိုသို့ကျင်းပရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားများလည်းပါဝင်ခဲ့သည်။ ယင်းစာသားသည် OIC ခေါင်းဆောင်များ လာရောက်လေ့လာမှုကို ဆန့်ကျင်သည့် စာသားမဟုတ်ဘဲ၊ အစ္စလာမ် ဘာသာကို ပြင်းထန်စွာ စော်ကားခြင်းသာ ဖြစ်သည် ဟု မလေးရှားရှိ NGO အဖွဲ့အစည်းအတော် များများ က ခံယူကြသဖြင့် လာမည့်သောကြာနေ့ (၂၉.၁၁.၂၀၁၃) ဝတ်ပြုမှု အပြီး တွင် မလေးရှား နိုင်ငံသားတို့ ထူထောင်ထားသည့် NGO အဖွဲ့အစည်းများမှ ဦးဆောင်ကာ Ampang Park, Kuala Lumpur, Malaysia ရှိ Tabung Haji ဗလီဝတ်ကျောင်းတော်ရှေ့ တွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း ယနေ့ (၂၅.၁၁.၂၀၁၃) မလေးရှား ရှိ လူမှုရေးအဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သော MAPIM(Malaysian Consultative Council of Islamic Organization) မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) ရုံးချုပ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲ ၌ ကြေညာသွားကြောင်း သတင်းရရှိပါသည်။

    sittwe 2013

    အဆိုပါ ဆန္ဒပြပွဲအား မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းများမှ အစ္စလာမ် ဘာသာ အား စော်ကားသည် ကို ဆန့်ကျင်ရှုတ်ချ သည့်အနေဖြင့်ပြုလုပ်မည် ဖြစ်ကြောင်း CAREM အကြီးအကဲတစ်ဦးလည်းဖြစ်၊ MAPIM ဥက္ကဋ္ဌကြီးတစ်ဦး လည်း ဖြစ်သော Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲ အား ငြိမ်းချမ်းစွာပြုလုပ် ရန်နှင့်၊ အခြား ဘာသာသာသနာ၊ လူမျိုး ကို မှ ထိပါးသည့် ပိုစတာများ၊ ကြွေးကြော်သံများ မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာ ဝင်များ အနေဖြင့် မိမိတို့ဘာသာသာသနာ အစော်ကားခံရသည်ပင်ဖြစ်လင့် ကစား၊ အခြားဘာသာသာသနာ အား ပြန်လည် လက်တုန့်ပြန်စော်ကားရန် ခွင့်မပြုကြောင်း၊ မိမိတို့ သာသနာ ရိုင်းပြစွာစော်ကားခံရသည် ကို ကမ္ဘာ သိအောင် ပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့သော ရိုင်းပြစော်ကားမှုမျိုး နောက်ထပ် မပေါ်ပေါက်စေရန် မိမိတို့ CAREM မှ လိုလားကြောင်း လည်း ပြောကြားခဲ့သည်။ ဆန္ဒပြပွဲ အပြီးတွင် ဆန္ဒပြပွဲ ထုတ်ပြန်ချက် (Memorandum of Protest) အား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးသို့ CAREM ကိုယ်စားလှယ် များ မှ သွားရောက်ပေးအပ်မည်ဖြစ်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်၊ အာဆီယံ၊ OIC နှင့် အခြား အဖွဲ့အစည်းများ နှင့် မွတ်စ်လင်မ်နိုင်ငံ များသို့ မိတ္တူပေးပို့ သွားမည် ဖြစ်ကြောင်း Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) ရှုံချသည့် ကြေညာချက်တစ်စောင်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ရက်စွဲကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ Link

    သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ပြန်ခဲ့သည့် CAREM ပူးတွဲကြေညာချက် (Joint Statement) အား ပူးတွဲတင်ပြလိုက်ပါသည်။

    mapim1 mapim2